~“အဲဒီမတိုင်ခင်တုန်းကတော့ `ယန်ရီဇီ` က `ဇီယန်အာမခံဌာန` ကို နေ့တိုင်းလိုလို လာပြီး လေကောင်းလေသန့် ရှူနေကျပါ... ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက် ဘယ်ကြောင့်မှန်းမသိ ရန်တွေဖြစ်ကြပြီး ယန်ရီဇီလည်း လာတာ ကြဲသွားတော့တာပဲ...”
“ရန်ဖြစ်ကြတယ် ဟုတ်လား...”
ဆုမို သည် အတွေးနက်နေသော ပုံစံဖြင့် မေးလိုက်သည်။
“အဲဒါအပြင် တခြား ထူးခြားတာရော ရှိသေးလားဗျ...”
“သြော်... ဟုတ်သားပဲ... အဲဒီတုန်းက သခင်ကြီးမှာ သိုင်းလောက မိတ်ဆွေတွေ အများကြီး ရှိခဲ့တယ်လေ... မိန်းကလေးတစ်ယောက်လည်း ရှိသေးတယ်... တကယ့်ကို အချောအလှလေးဗျာ... သခင်မကြီးကဆို အဲဒီမိန်းကလေးကို ညီမလေးလို့ ခေါ်ပြီး သခင်ကြီးနဲ့ စပ်ပေးချင်နေတာ...”
“သခင်မကြီးက သခင်ကြီးကို တစ်ကြိမ်မက တိုက်တွန်းဖူးတယ်... အဲဒီမိန်းကလေးကို ဆုမိသားစုထဲ ဝင်လာစေချင်တာပေါ့လေ...”
“ကံဆိုးချင်တော့... သခင်ကြီးက ခေါင်းမာလိုက်တာ ကျောက်တုံးကျောက်ခဲ ကျနေတာပဲ... ဘယ်သူ ပြောတာမှ နားမဝင်ဘူး... ဇီယန်ဂိုဏ်းကနေ ပြန်ရောက်ပြီးတဲ့နောက်မှာတော့ သခင်ကြီးက အဲဒီမိန်းကလေးကိုပါ မောင်းထုတ်လိုက်တော့တာပဲ...”
“ကျုပ် ဒီအဘိုးကြီး.. ခုထိ မှတ်မိနေသေးတယ်... အနီရောင်ဝတ်စုံလေးနဲ့ လေထဲမှာ ပျံဝဲနေသလိုပဲ... လူ့ပြည်က လူနဲ့တောင် မတူဘူး... ဒါပေမဲ့ သခင်မကြီးကလည်း နတ်သမီးလေးလို လှတာပါပဲလေ... နှစ်ယောက်စလုံးက သခင်ကြီးနဲ့ လိုက်ဖက်ပါတယ်...”
“...”
ဆုမို ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်သွားသည်။
“တခြားကိစ္စရော ရှိသေးလား...”
“အင်း...”
ဦးလေးဖူ ခေတ္တမျှ စဉ်းစားလိုက်ပြီး အသေးအဖွဲ ကိစ္စလေးတွေကို တရစပ် ပြောပြနေတော့သည်။
စားဝတ်နေရေး ကိစ္စတွေက သိပ်အရေးမကြီးလှ... အရင်ကနှင့် သိပ်မကွာခြားပေ။
အသေးစိတ် အချက်အလက်တွေ ကျတော့လည်း ဦးလေးဖူခမျာ အသက်အရွယ် ရလာပြီဖြစ်၍ သိပ်မမှတ်မိတော့။
အရေးမပါတာတွေကိုပဲ တောင်စဉ်ရေမရ ပြောနေပြီး အရေးကြီးတာ တစ်ခုမှ ပါမလာခဲ့ပေ။
နောက်ဆုံးတွင် ဆုမို က ထပ်ခါတလဲလဲ မေးမြန်းလိုက်မှ ဦးလေးဖူသည် ရုတ်တရက် ပေါင်ကို ဖြောင်းခနဲ ရိုက်လိုက်လေသည်။
“အိုက်ယား... အထူးဆန်းဆုံး ကိစ္စကို ပြောရရင်တော့ တစ်ခုတော့ ရှိသားဗျ... အဲဒီတုန်းက သခင်ကြီး ပြန်ရောက်ပြီးတဲ့နောက် သူ့အခန်းကို ပြုပြင်မွမ်းမံခဲ့ဖူးတယ်...”
“ပြုပြင်မွမ်းမံခဲ့တယ် ဟုတ်လား...”
ဆုမို ကြောင်အသွား၏။
“ဘယ်လို ပြုပြင်ခဲ့တာလဲဗျ...”
“အသေးစိတ်တော့ ကျုပ်လည်း မမှတ်မိတော့ဘူး...”
“ကျုပ် သိတာကတော့... အဲဒီအချိန်တုန်းက သခင်ကြီးက အုတ်တွေ၊ ကြွေပြားတွေကို အခန်းထဲ ခိုးသွင်းခဲ့တယ်... နေ့ဘက်မှာတော့ ပုံမှန်ပါပဲ... ညရောက်ပြီး အစေခံတွေ အကုန်လုံးကို ပြန်လွှတ်ပြီးမှ တံခါးပိတ်ပြီး လုပ်တာ...”
“လနဲ့ ချီပြီး ကြာတယ်ဗျ...”
“ဒါပေမဲ့ အထဲမှာ ဘာတွေလုပ်လဲ ဆိုတာတော့ ကျုပ်လည်း မသိဘူး... အဲဒီတုန်းက သခင်ကြီးက ကျုပ်ကို တံခါးစောင့်ခိုင်းထားတာလေ... တခြား ဘယ်သူ့ကိုမှ အနှောင့်အယှက် မပေးစေနဲ့ ဆိုပြီးတော့...”
“ဒါကြောင့်လည်း ဒီကိစ္စရှိခဲ့တယ် ဆိုတာကို ကျုပ် မှတ်မိနေတာ... သခင်ကြီးက နောက်ပိုင်း ဒီကိစ္စကို ဘာမှ ထုတ်မပြောတော့ ကျုပ်လည်း မမေးရဲပါဘူးလေ...”
ဦးလေးဖူက ပြုံးရင်း ဆက်ပြောသည်။
“ကျုပ်က ဆုမိသားစုကို ပြုစုလာတာ သုံးဆက် ရှိပြီ... သူတို့ တစ်ယောက်စီမှာ ကိုယ်ပိုင် လျှို့ဝှက်ချက်တွေ ရှိကြတာချည်းပဲ... အရမ်း မေးလွန်းရင်လည်း ငြိုငြင်တာပဲ ခံရမှာ...”
ဆုမို နှင့် ယန်ရှောင်ယွင် တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ဦးလေးဖူ၏ နောက်ဆုံးစကားကို သိပ်အာရုံမစိုက်တော့ဘဲ အဓိကအချက်ကိုသာ မေးလိုက်သည်။
“အဖေ အမြဲနေတဲ့ အခန်းပဲလား...”
“ဟုတ်တယ်...”
ဦးလေးဖူ ခေါင်းငြိမ့်လိုက်သည်။
“သခင်ကြီး ဆုံးပြီးကတည်းက အဲဒီအခန်းက အလွတ်ဖြစ်နေတာ... ဒါနဲ့ စကားမစပ်... သခင်လေး မင်္ဂလာဆောင်ပြီးရင် အဲဒီဘက်ကို ပြောင်းနေမလား... ဘာပဲဖြစ်ဖြစ် အဲဒါက အိမ်မကြီး ဆိုတော့ သခင်လေး နေသင့်တဲ့နေရာပဲလေ...”
“အဲဒါကတော့ ထားပါဦးဗျာ...”
ဆုမို ခေါင်းငြိမ့်လိုက်ပြီး အခွင့်ကောင်းယူကာ မေးလိုက်သည်။
“ဦးလေးဖူ... ဒီနှစ်တွေအတွင်းမှာ ဒီကိစ္စတွေကို လာမေးတဲ့လူ ရှိလား...”
ဦးလေးဖူက ယန်ရှောင်ယွင် ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
“ယန်ရီဇီကတော့ မေးဖူးတယ်... ဒါပေမဲ့ အဲဒီတုန်းက ရန်ဖြစ်ပြီးကတည်းက သူလည်း သိပ်မလာတော့ဘူးလေ... ကျုပ်ကလည်း အသက်ကြီးတော့ တစ်ခါတလေ မေ့လွယ်တယ်... သူ မေးရင်တောင် ကျုပ်က ပြောချင်မှ ပြောမှာ...”
ဆုမို ခဏတာ စကားဆွံ့သွားပြီးမှ ခေါင်းကို ညင်သာစွာ ငြိမ့်လိုက်သည်။
“ကောင်းပါပြီ ဦးလေးဖူ... ဒီနေ့ ပြောတဲ့ အကြောင်းအရာတွေကို ဘယ်သူ့ကိုမှ ပြန်မပြောပါနဲ့နော်...”
“ဒါကတော့ စိတ်ချပါ...”
ဦးလေးဖူ ခေါင်းကို တဆတ်ဆတ် ငြိမ့်ပြသည်။
“ကျုပ်ပါးစပ်က လုံပါတယ်... ကဲ... သခင်လေးနဲ့ သခင်မလေးယန်... မနက်စာ သွားစားကြတော့လေ... ဟင်းတွေ အေးကုန်တော့မယ်... ဒီစာအုပ်တွေကို ဒီအတိုင်း ထားခဲ့လိုက်... ကျုပ်ပဲ ရှင်းလိုက်ပါ့မယ်...”
“ကျေးဇူးပါပဲ ဦးလေးဖူ...”
ဆုမို ခေါင်းငြိမ့်လိုက်ပြီး ယန်ရှောင်ယွင် နှင့်အတူ စာကြည့်ဆောင်ထဲမှ ထွက်လာခဲ့သည်။
စာအုပ်များကို တစ်အုပ်ချင်း စီစီရီရီ ပြန်ထပ်နေသော ဦးလေးဖူကို ပြန်လှည့်ကြည့်လိုက်သည့် ဆုမို ၏ မျက်ဝန်းထဲတွင် စဉ်းစားတွေးတောမှု အရိပ်အယောင်များ ယှက်သန်းနေလေသည်။
“ဘာဖြစ်လို့လဲ...”
ယန်ရှောင်ယွင် က အသံတိုးတိုးဖြင့် မေးလိုက်သည်။
ဆုမို ခေါင်းခါလိုက်သည်။
“မနက်စာ အရင်စားလိုက်ကြစို့... ပြီးမှ သွားကြည့်ကြတာပေါ့နော်... အဲဒီတုန်းက အဖေ အဲဒီအခန်းထဲမှာ ဘာတွေများ လုပ်ခဲ့သလဲ ဆိုတာ...”
“ကောင်းပြီလေ...”
ယန်ရှောင်ယွင် သက်ပြင်းချလိုက်သည်။
“နင့်ရဲ့ သံသယက မှန်မယ့်ပုံပဲ... ဦးလေးဆုက တကယ်ကို တစ်ခုခု ချန်ထားခဲ့တာ နေမှာ... ဦးလေးဖူက ဒီလောက် နှုတ်လုံလိမ့်မယ်လို့ ငါ မထင်ထားဘူး... ဒီလောက် နှစ်တွေ ကြာတာတောင် ဘာမှ ထုတ်မပြောခဲ့ဘူးနော်...”
“ဦးလေးဖူက ဆုမိသားစုကို သုံးဆက်တိုင်တိုင် ပြုစုလာခဲ့တာလေ...”
ဆုမို က ပြုံးရင်း ပြောလိုက်သည်။
“ဒီအိမ်မှာ သူ့ကို ဖုံးကွယ်လို့ ရတဲ့ အရာ သိပ်မရှိဘူး... သူ့ပါးစပ်သာ မလုံရင် ဆုမိသားစုရဲ့ လျှို့ဝှက်ချက်တွေက လော့ရှားမြို့မှာ ပျံ့နှံ့နေလောက်ပြီ...”
“အင်း... ဟုတ်ပါရဲ့...”
ယန်ရှောင်ယွင် ရုတ်တရက် ပြုံးလိုက်သည်။
“အဲဒါ ပြောမှ သတိရတယ်... မြို့ထဲက `ရှူ` မိသားစုအကြောင်းလေ... တစ်နှစ်တုန်းက အစေခံမလေး တစ်ယောက်က ပါးစပ်သရမ်းပြီး `သခင်ကြီးက ညဉ့်နက်သန်းခေါင် ကျော်တဲ့အထိ လယ်ထွန်ဖို့ ကြိုးစားနေတာ` လို့ လျှောက်ပြောမိလို့ တစ်မြို့လုံး ရယ်စရာ ဖြစ်သွားသေးတယ်...”
“အဲဒါ ကျွန်တော် သိတာပေါ့...”
ဆုမို တရစပ် ခေါင်းငြိမ့်လိုက်သည်။
“နောက်နှစ်ကျတော့ ရှူမိသားစုမှာ ဝဖြိုးတဲ့ သားယောက်ျားလေး မွေးလာတယ်မလား... နာမည်တောင် `ရှူစန်းကန်` (တတိယကင်းစောင့်ချိန်) လို့ ပေးလိုက်သေးတယ်...”
“ဟား... ဟား... သူ့အဖေက အဲဒီနာမည်ကို ဂုဏ်တောင် ယူနေသေးတာ...”
“မြင်းအိုကြီးက သန်းခေါင်ကျော်ထိ လယ်ထွန်နိုင်တာ ဂုဏ်ယူစရာပေါ့ဗျ...”
“ဟင်...”
ယန်ရှောင်ယွင် ခဏလောက် စဉ်းစားလိုက်သည်။
“ဒါက ပျော်စရာကိစ္စမို့လို့လား...”
“နောက်ကျရင် အစ်မ နားလည်လာမှာပါ...”
“ဘာလို့ အခု နားမလည်ရမှာလဲ...”
“အခုတော့ ကျွန်တော်တို့က မင်္ဂလာမဆောင်ရသေးတော့... မဆင်မခြင် မလုပ်သင့်...”
“ဟွန်း... နင်ကတော့လေ... ဒီအကြောင်းပဲ ပြောနေတော့တာပဲ…”
***