~ဆုမို ခေါင်းကို အသာအယာ ငြိမ့်လိုက်သည်။
ခေါင်းဆောင်ကျန်းနှင့် ခေါင်းဆောင်လီတို့ ပြောလာမည့် စကားများကို သူ ကြိုတင် ခန့်မှန်းထားပြီးသား ဖြစ်ပါ၏။
`သံမဏိသွေး နဂါးလှံ` ဟု ကျော်ကြားသော `ယန်ရီဇီ` သည် အာမခံဌာနအတွက် အားထားရသော သစ်ပင်ကြီးတစ်ပင် ဖြစ်သည်။ သူ့အပေါ် မှီခိုနေသော အာမခံအဖွဲ့မှူးများထဲတွင် သူ့ဂုဏ်သတင်းကို အသုံးချပြီး ကိုယ်ကျိုးရှာလိုသူများလည်း ပါဝင်နေမည်မှာ မလွဲဧကန်ပင်။
ယခုအခါ ထိုသစ်ပင်ကြီး ရုတ်တရက် လဲပြိုသွားပြီ ဖြစ်ရာ... မျောက်အုပ်ကြီး ကစဉ့်ကလျား ထွက်ပြေးရမည့် အခြေအနေ မဟုတ်သေးသော်ငြား... ဒီသစ်ပင်ကို အမှီပြုပြီး အသက်ဆက်နေရသူများအတွက်တော့ သူတို့၏ အနာဂတ် မရေမရာ ဖြစ်သွားသည့်အတွက် စိုးရိမ်ပူပန်မှုများ ရှိလာကြသည်မှာ သဘာဝပင်။
ဒါက လူ့သဘာဝပါပင်။
ဆုမို ဒီလို အခြေအနေမျိုး ဖြစ်လာနိုင်ကြောင်း ကြိုတင် တွေးတောထားပြီးသား ဖြစ်သည်။
သူ့ကို အံ့ဩသွားစေသည်ကတော့ ခေါင်းဆောင်နှစ်ဦး ဖြစ်သည့် ကျန်းနှင့် လီ တို့က သူ့ကို ဒီကိစ္စ လာတိုင်ပင်ခြင်းပင်။
ခဏမျှ စဉ်းစားပြီးနောက် ဆုမို ခေါင်းငြိမ့်လိုက်ပြီး ပြောသည်။
“ဒီကိစ္စအတွက်... ခေါင်းဆောင်နှစ်ယောက်ပဲ ကြားဝင် ဖြေရှင်းပေးဖို့ လိုပါလိမ့်မယ်... အစ်မယွင်က အခုအချိန်မှာ တကယ်ကို စိတ်နဲ့လူနဲ့ မကပ်နိုင်သေးဘူး... ခင်ဗျားတို့ရဲ့ အကူအညီ လိုအပ်ပါတယ်...”
“ဒါပေမဲ့... ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေက စနစ်တကျ ရှိရမယ်... လွန်လွန်ကျွံကျွံ မဖြစ်စေနဲ့... အဓိက ရည်ရွယ်ချက်က အခြေအနေ တည်ငြိမ်ဖို့ပဲ...”
“နောက်ရက်နည်းနည်း ကြာရင် အစ်မယွင် ကိုယ်တိုင် ထွက်လာလိမ့်မယ်... အဲဒီအချိန်ကျရင် လူတွေရဲ့ စိတ်ဓာတ်ကို တစ်ချက်တည်းနဲ့ ပြန်ဆွဲတင်နိုင်မှာပါ...”
ခေါင်းဆောင်ကျန်းနှင့် ခေါင်းဆောင်လီတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ပြိုင်တူ ခေါင်းငြိမ့်လိုက်ကြ၏။
“ခေါင်းဆောင်ဆုရဲ့ အမိန့်အတိုင်းပါပဲ...”
“ကျေးဇူးတင်ပါတယ်ဗျာ...”
ဆုမို ခေါင်းငြိမ့်လိုက်ပြီးနောက် နောက်ပြန်လှည့်ကာ အိမ်ထဲသို့ ဝင်သွားလေသည်။
ကျန်ရစ်ခဲ့သော ခေါင်းဆောင်နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခေါင်းဆောင်လီက အသံတိုးတိုးဖြင့် မေးလိုက်သည်။
“ဘယ်လိုထင်လဲ...”
“ခေါင်းဆောင်ဆုက တကယ့်ကို ဒုခေါင်းဆောင် အတွက် စဉ်းစားပေးတာပဲ... သူ့နေရာကို ကျော်မတက်ဘဲ အာမခံဌာန တစ်ခုလုံးရဲ့ အခြေအနေကို ထိန်းသိမ်းပေးချင်တာ... တကယ်ကို သာမန်လူ မဟုတ်ဘူး...”
ခေါင်းဆောင်ကျန်း သက်ပြင်းချလိုက်သည်။
“ခေါင်းဆောင်ဆု နာမည်ကြီးလာကတည်းက ဇီယန်အာမခံဌာနရဲ့ ဂုဏ်သတင်းက တရိပ်ရိပ် တက်လာတာလေ...”
“အခု ခေါင်းဆောင်ယန်က ရုတ်တရက် ဒီလို ဖြစ်သွားတော့... သံမဏိသွေး အာမခံဌာနကလည်း မကြာခင် ဆု မျိုးရိုးအောက် ရောက်သွားတော့မယ့် ပုံပဲ...”
“အခု မြင်ရသလောက်တော့ ခေါင်းဆောင်ဆုက တကယ်ပဲ နာမည်နဲ့လိုက်အောင် တော်ပါတယ်... ပြီးခဲ့တဲ့ တစ်ခေါက် လာတုန်းကလည်း ထူးခြားနေပြီသား... အခုဆို သူ့ရဲ့ အရည်အချင်းကို ပိုပြီး ယုံကြည်သွားပြီ...”
“ဒါဆို... ငါတို့ ဘာလုပ်ကြမလဲ...”
“အမိန့်အတိုင်းပဲ လုပ်ကြတာပေါ့...”
ခေါင်းဆောင်ကျန်းက ဆက်ပြော၏။
“ရှေ့လျှောက် အရာအားလုံးကို ဒုခေါင်းဆောင်ယန်ကပဲ ဆုံးဖြတ်ပါလိမ့်မယ်...”
“အင်း...”
ခေါင်းဆောင်လီ ခေါင်းငြိမ့်လိုက်သည်။
ခဏတာ ဆွေးနွေးပြီးနောက် သူတို့နှစ်ဦး လှည့်ထွက်သွားကြ၏။
သူတို့ မသိလိုက်သည်မှာ... အတွင်းခန်းမဆောင် နံရံတွင် မှီရပ်နေသော ဆုမိုသည် သူတို့ ပြောသမျှ စကားများကို အကုန်ကြားလိုက်ရပြီး... ခေါင်းကို အသာအယာ ခါယမ်းကာ နောက်ဖေးဝင်းဘက်သို့ ဆက်လက် ထွက်ခွာသွားသည်ကိုပင်။
ဆုမိုသည် ယန်ရှောင်ယွင်၏ အခန်းသို့ သွားလေ့သွားထ သိပ်မရှိသော်လည်း နေရာကိုတော့ သိသည်။
မကြာမီမှာပင် ဆုမို အခန်းရှေ့သို့ ရောက်ရှိသွားသည်။
အစေခံမလေးက သူ့ကို မြင်သည်နှင့် အထဲသို့ အရင်ဝင်ပြီး သတင်းပို့လိုက်သည်။ ထို့နောက်မှ ဆုမိုကို ဝင်ခွင့်ပြု၏။
ယန်ရှောင်ယွင်က အစေခံမလေးကို ထွက်သွားရန် လက်ကာပြလိုက်သည်။ တံခါးပိတ်ပြီးသည်နှင့် သူမက မေးလိုက်သည်။
“ခေါင်းဆောင်ကျန်းနဲ့ ခေါင်းဆောင်လီတို့ နင့်ကို ဘာကိစ္စ လာရှာတာလဲ...”
ဆုမို ချက်ချင်း ပြန်မဖြေသေးဘဲ ယန်ရှောင်ယွင်၏ အခန်းကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
သူမ၏ အိပ်ဆောင်က သာမန်အခန်းများနှင့် မတူဘဲ ထူးခြားနေသည်။ အခန်းကန့်များကို လုံးဝ ဖွင့်ထားသည်။ ပြတင်းပေါက်နားတွင် စာရေးစားပွဲနှင့် စာအုပ်စင် ရှိ၏။ အခြားတစ်ဖက်တွင်မူ ပုဆိန်၊ လှံ၊ ချိတ်၊ ခက်ရင်းခွ စသော လက်နက်များ စီစီရီရီ ရှိနေသည်။
အလယ်ကွက်လပ်က သိပ်မကျယ်ဝန်းသော်လည်း သိုင်းကွက်အနုစိတ်များကို လေ့ကျင့်ရန် လုံလောက်သည်။
ကုတင်နားတွင် စားပွဲနှင့် ထိုင်ခုံများ ရှိသည်။ ဘေးနားတွင် ဗီရိုတစ်လုံး ရှိပြီး နံရံကို မှီလျက် လှံရှည် (၃) လက် ထောင်ထားသည်။
ဒါကို မြင်တော့ ဆုမို ပြုံးလိုက်မိ၏။ ဒါမှ ယန်ရှောင်ယွင်ရဲ့ အခန်းပီသတာပေါ့။
သာမန် မိန်းကလေးတွေရဲ့ အခန်းကို သူ မရောက်ဖူးပေမယ့်... တူရိယာပစ္စည်းတွေ၊ ပန်းချီကားတွေ၊ ပန်းထိုးထားသော အဝတ်တွေ ရှိနေမည်ဟု မှန်းဆကြည့်နိုင်သည်။
စာအုပ်စင်ပေါ်မှာလည်း ဝတ္ထုတွေ၊ ပုံပြင်စာအုပ်တွေ ရှိနေမှာပေါ့။ တစ်ခါတလေ ပြတင်းပေါက်ကို မှီပြီး အိမ်ထောင်ဖက်ကောင်း ရှာရခက်သည့် အကြောင်း ညည်းတွားနေကြမှာပေါ့...
ဒီလို ပုံမှန် အသုံးအဆောင်တွေက ဒီအခန်းထဲက ပုဆိန်တွေ၊ ခက်ရင်းခွတွေနှင့် ယှဉ်လိုက်လျှင် တခြားစီ ဖြစ်နေသည်။
ခေါင်းခါလိုက်ပြီး ဆုမို စိတ်ကူးယဉ်တာကို ရပ်လိုက်၏။ စားပွဲတွင် ဝင်ထိုင်ကာ ရေနွေးတစ်ခွက် ငှဲ့လိုက်ပြီးမှ စကားစပြောသည်။
“အာမခံဌာနထဲက လူတွေ စိတ်လှုပ်ရှားနေကြတယ်... တချို့က ထွက်ဖို့တောင် စဉ်းစားနေကြပြီတဲ့...”
“...”
ယန်ရှောင်ယွင် မျက်မှောင်အနည်းငယ် ကြုတ်သွားသော်လည်း ချက်ချင်း ခေါင်းခါလိုက်၏။
“အဲဒါက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ သဘာဝပါပဲ...”
“ဒါပေမဲ့ အဲဒီ ခေါင်းဆောင်နှစ်ယောက်ရဲ့ အဓိက ရည်ရွယ်ချက်က ကျွန်တော့်ကို လာစမ်းသပ်တာ ဖြစ်လောက်တယ်...”
“ဟေ...”
ယန်ရှောင်ယွင် အံ့ဩသွားသည်။ “ဘယ်လိုမျိုးလဲ...”
“သူတို့ အဓိက သိချင်တာက သူတို့အပေါ် ကျွန်တော့်ရဲ့ သဘောထားပဲ...”
ဆုမို ပြုံးလိုက်၏။
“ဘုရင်ပြောင်းရင် မူးမတ်တွေပါ ပြောင်းလဲတတ်တာ သဘာဝပဲလေ... သံမဏိသွေး အာမခံဌာနထဲက ဝါရင့်အဖွဲ့ဝင်တွေက ဦးလေးယန်နဲ့ လက်တွဲလာတာ နှစ်ပေါင်းများစွာ ကြာပြီ... အာမခံဌာနရဲ့ အတွင်းရေးတွေ၊ အစ်မနဲ့ ဦးလေးယန်အကြောင်းကို ကောင်းကောင်း သိကြတယ်...”
“အခု `ဦးလေးယန် သေဆုံးမှု` နဲ့ အစ်မနဲ့ ကျွန်တော့်ရဲ့ ပတ်သက်မှုအရ... သံမဏိသွေး အာမခံဌာနက ဇီယန်အာမခံဌာနနဲ့ ပိုပြီး နီးစပ်သွားမှာ သေချာတယ်...”
“အဲဒီအချိန်ကျရင် သံမဏိသွေး အာမခံဌာနက ယန် မျိုးရိုး နာမည်ခံထားပေမယ့်... အစ်မက ကျွန်တော့်ရဲ့ ဆု မျိုးရိုးကို ယူလိုက်ရတော့မှာလေ...”
“ဒါကြောင့် ကျွန်တော့်ရဲ့ သဘောထားက အရမ်း အရေးကြီးတယ်...”
“သူတို့မှာ ကိုယ်ပိုင် အမြင်တွေ၊ အတွေးတွေ ရှိကြတယ်... တကယ်လို့ ကျွန်တော်က သူတို့အပေါ် သဘောထား မကောင်းရင်၊ ဒါမှမဟုတ် သူတို့ကို ဆက်မသုံးချင်ဘူး ဆိုရင်... သူတို့ တခြားနေရာကို ပြောင်းရွှေ့ဖို့ လွယ်ကူသွားမှာပေါ့...”
“ခုနက ကျွန်တော့်ရဲ့ တုံ့ပြန်မှုက အဆင်ပြေပါတယ်... အခု သူတို့က ဒုခေါင်းဆောင်ရဲ့ အမိန့်ကို နာခံဖို့ ဆုံးဖြတ်လိုက်ကြပြီ...”
ဒါကို ကြားတော့ ယန်ရှောင်ယွင် သက်ပြင်းချလိုက်သည်။
“သူတို့ခမျာလည်း ခက်ရှာပါတယ်... ဘဝတစ်ဝက်လောက် အာမခံဌာနမှာ မြှုပ်နှံထားတာ... အခုလို ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားတော့ စိတ်လှုပ်ရှားကြမှာပေါ့...”
“ဒါကြောင့် အခု လက်ရှိ အခြေအနေက လူတွေရဲ့ စိတ်ကို တည်ငြိမ်အောင် လုပ်ဖို့ပဲ...”
“အစ်မ အခုချက်ချင်း ထွက်ပြလို့ မဖြစ်သေးဘူး... အခုအချိန်မှာ အစ်မက စိတ်ရှုပ်ထွေးနေတဲ့ ပုံစံ ဖြစ်နေရမယ်... ဒါပေမဲ့ အစ်မရဲ့ သတ္တိကောင်းတဲ့ စိတ်ဓာတ်အရ (၂) ရက် (၃) ရက်လောက် နေရင် ပြန်ပြီး အားတင်းနိုင်သွားပြီလို့ ယူဆလို့ရတယ်...”
“အဲဒီအချိန်ကျရင် ကိစ္စတွေလည်း အတော်အတန် ငြိမ်သက်သွားလောက်ပြီ... အဲဒီကျမှ အစ်မ ထွက်လာပြီး လူတွေကို စုစည်း၊ အင်အားတွေကို ပြန်လည် ဖွဲ့စည်းလိုက်ရင် အားလုံး မျှော်လင့်ထားတဲ့အတိုင်း ဖြစ်သွားမှာပါ... ပြီးရင်တော့ `ဦးလေးယန်` ရဲ့ ရုပ်အလောင်း ပြန်ရောက်လာမယ့်အချိန်ကို စောင့်ရုံပဲ...”
ဆုမိုက စကားကို တစ်ဆက်တည်း ပြောလိုက်ပြီး ရေနွေးနှစ်ခွက် ငှဲ့ကာ တစ်ခွက်ကို ယန်ရှောင်ယွင်အား ကမ်းပေးလိုက်လေ၏။
***