ချူးယွင်ဖန်းသာ မရောက်လာခဲ့လျှင် ပေါင်းထိုင်မြို့၏ အခြေအနေသည် မည်သည့်အခါမျှ ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။ အင်အားစုကြီးငါးခုတွင် ခိုင်မာသော အခြေခံအုတ်မြစ်များရှိနေကြသဖြင့် ထူးခြားသည့် အခွင့်အရေးမရှိဘဲ အင်အားငယ်များက ၎င်းတို့ကို ကျော်တက်ရန် မဖြစ်နိုင်ပေ။ ထိုထူးခြားသော အခွင့်အရေးသည် ချူးယွင်ဖန်းဖြစ်သည်။ ထို့ကြောင့် ရွှီသခင်ကြီးသည် အခြေအနေကို သဘောပေါက်သွားသည်နှင့် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ ၎င်းသည် မိမိ၏မိသားစုတစ်ခုလုံးကို ပုံအော၍ လောင်းကြေးထပ်လိုက်ခြင်းလည်းဖြစ်၏။ အကယ်၍ ချူးယွင်ဖန်းသာ ရှုံးနိမ့်သွားပါက ရွှီမိသားစုသည်လည်း ကပ်ဘေးနှင့် ရင်ဆိုင်ရနိုင်သည်။ မည်မျှပင် သဲလွန်စဖျောက်ထားပါစေ၊ အင်အားစုကြီးများ စုံစမ်းစစ်ဆေးလိုပါက ၎င်းတို့ကြားထဲတွင် သစ္စာဖောက်တစ်ဦးရှိနေခြင်းကို ရှာဖွေတွေ့ရှိသွားပေလိမ့်မည်။ သူသည် ထိုသို့သောအခြေအနေမျိုးတွင် ယနေ့ကျင်းပသည့် တည်ခင်းဧည့်ခံပွဲသို့ အလွန်တရာ စိုးရိမ်တကြီးဖြင့် တက်ရောက်ခဲ့ရသည်။
ဤတိုက်ပွဲသည် သူ့အတွက် အလှည့်အပြောင်းများစွာနှင့် ပြည့်နှက်နေခဲ့သည်။ ချူးယွင်ဖန်းက မည်သည့်ပြင်ဆင်မှုမျှ မရှိဘဲ တိုက်ပွဲထဲသို့ တစ်ကိုယ်တည်း ဝင်ရောက်သွားခြင်းကို မြင်ရစဉ် မိမိပင် ထိတ်လန့်သွားခဲ့သည်။ သူသည် နောင်တရလုနီးပါးဖြစ်လာသည်။ ဤချူးယွင်ဖန်းသည် အလွန်အမင်း တုံးအလွန်သူ မဟုတ်လေသလော။ ဤကဲ့သို့သော လူတစ်ယောက်ကို ခစားခြင်းဖြင့် ၎င်းတို့ရွှီမိသားစုဝင်များ လွတ်မြောက်ရာလမ်း ရှိနိုင်ပါ့မလောဟု သူ တွေးပူနေမိသည်။
သို့သော်လည်း နောက်ဆက်တွဲ ဖြစ်ပျက်လာသမျှသည် သူ၏အတွေးများ မှားယွင်းနေကြောင်း အပြည့်အဝ သက်သေနေသည်။ ချူးယွင်ဖန်းသည် တုံးအလွန်းခြင်း မဟုတ်ဘဲ အလွန်အမင်း ရဲရင့်ပြတ်သားခြင်းဖြစ်သည်။ အကြွင်းမဲ့အင်အားနှင့် အကြွင်းမဲ့ ယုံကြည်မှုများ ရှိနေပါက ဤဖြစ်စဥ်သည် သဘာဝကျပေသည်။ ရွှီသခင်ကြီးသည် ယခုအချိန်အထိပင် တုန်လှုပ်ခြောက်ခြားနေဆဲဖြစ်သည်။ ချူးယွင်ဖန်းသည် မိမိအမြဲတမ်း မော့ကြည့်ခဲ့ရသည့် အရေးကြီးပုဂ္ဂိုလ်ကြီးများကို အလွယ်တကူ သတ်ဖြတ်လိုက်နိုင်ခြင်းကို လက်မခံနိုင်သေးပုံပေါ်သည်။
"ပုန်ကန်သူတွေကို နှိမ်နင်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ဗိုလ်မှူးကြီးချူး"
ခေတ္တမှင်သက်ပြီးနောက် ရွှီမိသားစုခေါင်းဆောင်သည် အမြန်သို့ တိုးလာ၍ ဦးညွှတ်လိုက်သည်။
ချူးယွင်ဖန်းက ရွှီသခင်ကြီးကို လှည့်ကြည့်၍ ပြောလိုက်သည်။
"ခင်ဗျားလည်း ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ ကျုပ်ကို သစ္စာမဖောက်ခဲ့ဘူးလေ"
"ကျွန်တော် မရဲဝံ့ပါဘူး"
ရွှီသခင်ကြီး ကျောပြင်မှ ချွေးစေးများ ထွက်လာကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ ချူးယွင်ဖန်းသည် ဤမျှဖိအားပေးနိုင်စွမ်းရှိလိမ့်မည်ဟု သူ မထင်ထားပေ။ ချူးယွင်ဖန်းသည် ထိုကျွမ်းကျင်သူများကို ဟင်းသီးဟင်းရွက်များ ခုတ်ထစ်သကဲ့သို့ သတ်ဖြတ်ခဲ့ခြင်းကို ပြန်တွေးတောမိသောအခါ သူ၏ခန္ဓာက်ုယ်တစ်ခုလုံး အေးစိမ့်သွားသည်။
"မစိုးရိမ်ပါနဲ့၊ ကျုပ်က သတ်ဖြတ်ရတာ ဝါသနာပါတဲ့သူ မဟုတ်ပါဘူး" ချူးယွင်ဖန်းသည် ရွှီသခင်ကြီးကို လှည့်ကြည့်ကာ ပြောလိုက်သည်။
ရွှီသခင်ကြီးသည် စကားမဆိုနိုင်ဘဲ ဆွံ့အသွားသည်။ အကယ်၍ သူသာ ယနေ့ ချူးယွင်ဖန်း၏ စွမ်းအင်ပြသမှုကို မမြင်တွေ့ခဲ့ပါက ဤစကားကို ယုံကြည်ကောင်း ယုံကြည်ပေလိမ့်မည်။ သို့သော် သူ၏သတ်ဖြတ်မှုများကို မြင်တွေ့ခဲ့ပြီးနောက် ဤသို့အဓိပ္ပာယ်မရှိသော စကားကို မည်သို့မျှ ယုံကြည်နိုင်မည်နည်း။
"အခု ပုန်ကန်သူ ခေါင်းဆောင်တွေ အသတ်ခံရပြီဆိုတော့ တခြားအင်အားစုတွေကို သုတ်သင်ဖို့ပဲ ကျန်တော့တယ်။ ကျုပ် မြို့တံခါးတွေ ပိတ်ဖို့နဲ့ ကာကွယ်ရေး အတားအဆီးတွေ ဖွင့်ဖို့ အမိန့်ပေးထားပြီးပြီ" ချူးယွင်ဖန်းသည် လူသတ်ပွဲ ကျင်းပခဲ့သည့် နတ်ဆိုးတစ်ပါးကဲ့သို့ တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒါပေမယ့် ရွှီမိသားစုရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုသေးတယ်။ သူတို့ထဲကနေ တစ်ယောက်မှ လွတ်မသွားအောင် သတိထားပေးပါ။ လွတ်သွားရင် ကျုပ်အတွက်က ကိစ္စမရှိပါဘူး၊ သူတို့အားလုံးက ကျုပ်အတွက် လူပြက်သာသာပဲ။ ဒါပေမယ့် ခင်ဗျားတို့ မိသားစုအတွက်တော့ ကပ်ဘေးတစ်ခု ဖြစ်လာနိုင်တယ်"
ရွှီသခင်ကြီးသည် ဤစကားကို ကြားသောအခါ ထိတ်လန့်သွားပြီးနောက် အလျင်အမြန် ပြန်ပြောလိုက်သည်။
"ကျွန်တော် နားလည်ပါပြီ၊ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်။ အခု ကျွန်တော့်မိသားစုက လက်ရွေးစင်တွေကျင့်ကြံသူအားလုံး ဗိုလ်မှူးကြီးနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ပုန်ကန်သူတွေကို ဖယ်ရှားဖို့ ထွက်လာကြပါပြီ။ အဲဒီလူတွေ ပုန်းအောင်းစရာ နေရာရှိမှာ မဟုတ်ပါဘူး"
ချူးယွင်ဖန်း၏ စကားကို ကြားပြီးနောက် ရွှီသခင်ကြီး ပေါ့ပေါ့တန်တန် မပြုမူဝံ့တော့ပေ။ အမှန်တကယ်ပင် လွတ်မြောက်သွားသည့် သူပုန်များသည် ချူးယွင်ဖန်းအတွက် အရေးမပါပေ။ မိသားစုကြီးလေးခု၏ လက်ရွေးစင်များ စုစည်းနေလျှင်ပင် ချူးယွင်ဖန်းသည် တစ်ယောက်တည်း သုတ်သင်နိုင်စွမ်းရှိသည်။ သို့သော် ရွှီမိသားစုအတွက်မူ ၎င်းသည် ဘေးဒုက္ခတစ်ခုဖြစ်လာပေလိမ့်မည်။ သူသည် ဤလမ်းကို ရွေးချယ်ခဲ့ပြီးပြီဖြစ်သည့်အတွက် ထိုအင်အားစုကြီးများကို အမြစ်ပြတ် သုတ်သင်ရပေလိမ့်မည်။ ရွှီသခင်ကြီးသည် ဤသို့တွေးတောပြီးနောက် စိတ်ပိုင်းဖြတ်လိုက်လေသည်။
ချူးယွင်ဖန်းက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ရွှီမိသားစု၏ ကူညီမှုဖြင့် လွတ်မြောက်သွားသူ အရေအတွက်သည် များစွာ လျော့နည်းသွားပေလိမ့်မည်။ ယခုမှစ၍ ပေါင်းထိုင်မြို့တွင် သူသာလျှင် အဓိက ဆုံးဖြတ်ပိုင်ခွင့်ရှိသူဖြစ်လာပေလိမ့်မည်။ အင်အားစုကြီးငါးခု ပျက်စီးသွားသည်နှင့်အမျှ ၎င်းတို့နောက်သို့ လိုက်ပါခဲ့သည့် အခြားသော အင်အားစုငယ်များသည်လည်း ပျက်သုဉ်းသွားလေသည်။ ပေါင်းထိုင်မြို့တွင် ချူးယွင်ဖန်းနှင့် ပူးပေါင်းနေသည့် ရွှီမိသားစုကဲ့သို့ အင်အားစုငယ်များ သို့မဟုတ် ကြားနေအဖွဲ့အချို့သာ ကျန်ရစ်လေသည်။ ၎င်းတို့သည် စစ်တပ်နှင့် ယှဉ်ပြိုင်ရန် မဖြစ်နိုင်တော့ဘဲ အဆင့်အတန်းချင်း လုံးလုံးလျားလျား ကွာခြားသွားသည်။
"သွားပြင်ဆင်တော့၊ ဒီနေ့ အဲဒီသစ္စာဖောက်တွေ အားလုံးကို ကျုပ် ဖမ်းပစ်မယ်" ချူးယွင်ဖန်းက လက်ဝေ့ယမ်းကာ စစ်တပ်၏ တိုက်ခိုက်မှုတွင် ပူးပေါင်းပါဝင်ရန် ရွှီမိသားစု၏အင်အားစုများကို စုစည်းခိုင်းလိုက်သည်။
ထိုစဉ် အပြင်ဘက်မှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ၎င်းသည် ချူးယွင်ဖန်းထံမှ အကြောင်းကြားစာ ရရှိပြီးနောက် တိုက်ခိုက်ရန် တပ်သားများ ဦးဆောင်လာသည့် ယုချူးယွင်ဖြစ်သည်။ ယခုအခါ အဖွဲ့အစည်း အသီးသီး၏ ခေါင်းဆောင်များ အသတ်ခံလိုက်ရသဖြင့် ၎င်းတို့အားလုံး မည်သို့ ခုခံနိုင်မည်နည်း။ ထို့ကြောင့် အားလုံး အရေးနိမ့်ကာ ဆုတ်ခွာသွားကြသည်။ ကျန်ရှိနေသူများသည် ယုချူးယွင်နှင့် စစ်သားများကို ယှဉ်ပြိုင်နိုင်စွမ်း မရှိကြပေ။
ချူးယွင်ဖန်းသည် လက်ကို နောက်ပစ်လျက် ကောင်းကင်ယံကို နက်ရှိုင်းသော မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။ ထိုအချိန်တွင် အထက်ကောင်းကင်ယံမှ တိုက်ပွဲသည်လည်း ပြီးဆုံးလုနီးပါးဖြစ်နေသည်။ ယီယွင်ယောင်၏ ပန်းထိုးဘောလုံးသည် ဟိုဟိုဒီဒီ ခုန်ပျံနေသည်။ ၎င်းသည် ပေါ့ပါးပုံရသော်လည်း လှုပ်ရှားလိုက်တိုင်း တောင်တစ်လုံး ပြိုကျလာသကဲ့သို့ အလွန်လေးလံ၍ ကြောက်မက်ဖွယ်ကောင်းလှ၏။
ဘောလုံးသည် သွေးမိစ္ဆာဂိုဏ်းခေါင်းဆောင်ကို အဆက်မပြတ် တိုက်ခိုက်နေသည်။ ဂိုဏ်းခေါင်းဆောင်၏ ပတ်ဝန်းကျင်တွင် သွေးလှိုင်းများ လှုပ်ခတ်နေ၍ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် သွေးလှိုင်းလုံးကြီးအသွင် ဖြစ်ပေါ်နေသောကြောင်း မြင်ရသူတိုင်း ထိတ်လန့်နေကြသည်။ ဂိုဏ်းခေါင်းဆောင်၏ ကျင့်စဉ်သည် ယီယွင်ယောင်ထက်ပင် မြင့်မားသည့် ဝါရင့် စကြာဝဠာအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သို့သော်လည်း ယီယွင်ယောင်သည် ဂိုဏ်ခေါင်းဆောင်ကို အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ။ သူမသည် ကောင်းကင်ဘုံ၏ နတ်သမီးတစ်ပါးကဲ့သို့ စူးရှသော အလင်းတန်းများကို အဆက်မပြတ် ထုတ်လွှတ်နေသည်။
"ဟားဟားဟား၊ မင်းက ကြယ်ကြွေကောင်းကင်ဂိုဏ်းရဲ့ တပည့်အရင်းဖြစ်တော့ရော ဘာဖြစ်လဲ။ ကျုပ်အိပ်ရာကို နွေးအောင် လုပ်ပေးဖို့ ကျုပ်နဲ့အတူ ပြန်လိုက်ခဲ့စမ်း" ဂိုဏ်းခေါင်းဆောင်က ထူးဆန်းစွာ ရယ်မောပြီးနောက် ရေတွက်၍မရသော သွေးလှိုင်းလုံးများကို ယီယွင်ယောင်ထံ စေလွှတ်လိုက်သည်။
ယီယွင်ယောင်သည် နှာခေါင်းရှုံ့ပြီးနောက် မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပေါက်ဖွားလာသည်။ ရုတ်တရက်ဆိုသလိုပင် သူမ၏ နောက်ကျောဘက်မှ ကြေးမုံတစ်ချပ် ထွက်ပေါ်လာ၏။ ထိုကြေးမုံသည် သမန်ရိုးကျဆန်သော်လည်း ရှုပ်ထွေးသော အစီအရင်များ၊ မန္တန်များနှင့် ထွင်းထုထားသည်။
၎င်းဖြင့် တိုက်ခိုက်လိုက်သည်နှင့် ပြင်းထန်သော အလင်းတန်းတစ်ခု ပျံ့နှံ့လာသည်။ ထိုအလင်းတန်းများနှင့် ထိမှန်သွားသည့်အခါ သွေးလှိုင်းလုံးများ ချုပ်နှောင်ခံလိုက်ရသည်။ ကြေးမုံမှ ထွက်ပေါ်လာသော အလင်းသည် ပိုပို၍ ပြင်းထန်လာကာ နေမင်းကြီးကဲ့သို့ တောက်ပလာသည်။ အလင်းတန်းများ ညအမှောင်ထုကို ဖောက်ထွက်ကာ ည၏ ညစ်ညမ်းမှုအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ရှေးဟောင်းကြေးမုံမှ ကြောက်မက်ဖွယ် အလင်းတန်းတစ်ခု ထွက်ပေါ်လာ၍ သွေးလှိုင်းလုံးများကို ဖြတ်သန်းကာ ဂိုဏ်းခေါင်းဆောင်ကို တိုက်ရိုက် ထိမှန်သွားလေသည်။
ဘန်း
ဂိုဏ်းခေါင်းဆောင်သည် ၎င်းနှင့် ထိမှန်သွားပြီးနောက် နာကျင်စွာ အော်ဟစ်တော့သည်။ သူ၏ ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသည့် စွန်တစ်ခုကဲ့သို့ လွင့်ထွက်သွား၏။ သူ၏ ကာကွယ်ရေး အစီအရင်များနှင့် သွေးလှိုင်းများအားလုံး ဤအလင်းတန်းအရှေ့တွင် လုံးလုံးလျားလျား အသုံးမဝင်ဘဲ ပွင့်ထွက်သွားကြသည်။ ၎င်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ဂိုဏ်းခေါင်းဆောင်၏ မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှုများ ထင်ဟပ်နေသည်။ ယီယွင်ယောင်တွင် သူ့ကို အပြည့်အဝ ထိန်းချုပ်နိုင်သည့် မှော်လက်နက်မျိုးရှိနေခြင်းကို မယုံကြည်နိုင်ဖြစ်နေသည်။
'ငါ ဒီကနေ အမြန်ထွက်သွားမှဖြစ်မယ်'
ဂိုဏ်ခေါင်းဆောင်သည် ဤနေရာတွင် မည်သို့မျှ ဆက်နေရဲမည်နည်း။ သူသည် အနီရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ထိုအရေးကြီးသည့် အခိုက်အတန့်တွင် အလွန်ကြီးမားသော ဆေးမီးဖိုကြီးတစ်လုံး လေဟာနယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းသည် လေနှင့်အတူ ကြီးထွားလာပြီးနောက် အောက်သို့ ပြုတ်ကျလာသည်။
ဂုဏ်သရေရှိလှသော သွေးမိစ္ဆာဂိုဏ်းခေါင်းဆောင်သည် ၎င်းနှင့် တိုက်ရိုက် ထိမှန်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် ကြွေကျလာသည့် ဥက္ကာခဲတစ်ခုကဲ့သို့ မြေပြင်နှင့် ထိမှန်သွားကာ သေလော ရှင်လောပင် မည်သူမျှ မသိတော့ပေ။
***