သူမ ရောက်ရှိနေသည့် ကျင့်စဥ်အထိ ကျင့်ကြံနိုင်သူများထဲအနက် မည်သူမျှ ဂိုဏ်း၏ ကျင့်စဉ်များအတိုင်း အဆင့်ဆင့် လိုက်နာကျင့်ကြံခဲ့သူဟူ၍ မရှိပေ။ လူတိုင်းတွင် ကိုယ်ပိုင် အမွေအနှစ်များနှင့် ကံကြမ္မာ ကြုံကြိုက်မှုများစွာ ရှိကြသည်။ သို့မဟုတ်ပါက ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် တုန်လှုပ်ဖွယ် ကျင့်စဥ်များ ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။ ယီယွင်ယောင်သည် ဤအချက်ကို ကျင့်သားရနေပြီဖြစ်သော်လည်း ချူးယွင်ဖန်း ပေါ့လျော့စွာ ထုတ်ဖော်ပြသလာသည့် အမွေအနှစ်တိုင်းသည် ကမ္ဘာကိုပင် တုန်လှုပ်စေနိုင်သောကြောင့် သူမ အံ့အားသင့်နေမိသည်။ ၎င်းတို့ တစ်ခုချင်းစီတွင် ခိုင်မာသော နောက်ခံသမိုင်းကြောင်းများ တည်ရှိနေသည်။ ထို့အပြင် သူ သင်ကြားပေးခဲ့သည့် ဘုရင်အဆင့် သိုင်းပညာသည် သူမ တစ်သက်တွင် ထိတွေ့ခဲ့ဖူးသမျှ အစွမ်းထက်ဆုံး သိုင်းပညာဖြစ်သည်။ ၎င်းသည် အမှန်တကယ် ထူးခြားဆန်းပြားလွန်းလှသည်။
ဤကဲ့သို့ ဘုရင်အဆင့် သိုင်းပညာများ ပိုင်ဆိုင်ထားသော ဂိုဏ်းများနှင့် အင်အားစုများသည် ၎င်းကို ရတနာသဖွယ် တန်ဖိုးထား စောင့်ရှောက်လေ့ရှိသည်။ တိုက်ရိုက်မျိုးဆက် မဟုတ်ပါက စမ်းသပ်မှုနှင့် အခက်အခဲများစွာကို မဖြတ်ကျော်ဘဲ သင်ယူခွင့်ရရှိမည် မဟုတ်ပေ။ သို့သော်လည်း ချူးယွင်ဖန်းသည် ၎င်းကို အလေးမထားဟန်ဖြင့် ထုတ်ပေးခဲ့သည်။ ဤဖြစ်စဥ်သည် သူမကို အနည်းငယ် ဇဝေဇဝါဖြစ်သွားစေသည်။ ချူးယွင်ဖန်းသည် ဤအင်အားကြီး သိုင်းပညာ၏ တန်ဖိုးကို အမှန်တကယ်ပင် မသိခြင်းလေသလော။ သို့မဟုတ် သူသည် ရည်မှန်းချက် အလွန်ကြီးမားသဖြင့် အောင်မြင်မှုရရှိရန် မည်သည့် နည်းလမ်းကိုမဆို အသုံးပြုတတ်သူဖြစ်လေသလော။
ချူးယွင်ဖန်းသည် နတ်ဘုရားကျင့်စဥ်တိုက်ပွဲကို စိတ်ထဲတွင် မှတ်သားထားခြင်းနှင့်ပတ်သက်၍ သူမ မည်သည့်အခါမျှ သိရှိမည် မဟုတ်ပေ။ ထိုကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသော သိုင်းပညာများ မရေတွက်နိုင်သည်အထိ များပြားလှသဖြင့် ဘုရင်အဆင့် သိုင်းပညာများဟူသည် မပြောပါ့လောက်ပေ။ ၎င်းအနက် ဧကရာဇ်အဆင့် သိုင်းပညာများပင် အမြောက်အမြား ပါရှိနေသည်။ ယီယွင်ယောင် အတွေးထဲ မျောလွင်နေစဉ် ချူးယွင်ဖန်းက သူမထံသို့ ပျံသန်းလာကာ ပြောလိုက်သည်။
"အကူအညီအတွက် ကျေးဇူးတင်ပါတယ်၊ စီနီယာယီ။ စီနီယာသာ မရှိရင် အကျိုးဆက်ကို မှန်းဆလို့ရမှာတောင် မဟုတ်ဘူး၊ ဒီလူတွေက နတ်မစ္ဆာဂိုဏ်းနဲ့ ပူးပေါင်းဖို့ ကြံစည်ခဲ့ကြတာ။ သူတို့ကို ခွင့်လွှတ်ဖို့ မဖြစ်ဘူး"
"ကိစ္စမရှိပါဘူး၊ အသေးအဖွဲလေးပါ"
ယီယွင်ယောင်သည် ဂုဏ်ယူဝံ့ကြွားစွာ မပြုမူခဲ့ပေ။ သူမသည် ကနဦးတွင် ချူးယွင်ဖန်းကို သူမ လက်အောက်သို့ ဆွဲဆောင်ရန် ကြံရွယ်ခဲ့သော်လည်း ယခုအခါ ထိုအတွေးများကို လုံးလုံးလျားလျား စွန့်လွှတ်လိုက်သည်။ ၎င်းသည် မဖြစ်နိုင်သော အတွေးတစ်ခုဖြစ်ကြောင်း သူမ သိရှိသွားသည်။ သာမန် ပါရမီရှင်တစ်ဦးဖြစ်ပါက သူမနှင့် ပူးပေါင်းရန် လိုလားကြမည်ဖြစ်သော်လည်း ချူးယွင်ဖန်းသည် သူတစ်ပါးအောက်တွင် တာဝန်ထမ်းဆောင်မည့်သူမျိုး မဟုတ်ပေ။ ဤကဲ့သို့သော လူမျိုးကို အင်အားသုံး၍ သိမ်းသွင်းခြင်းသည် ရန်ဖွဲ့ခြင်းနှင့် ဆင်တူသောကြောင့် ဆုံးရှုံးမှုများသာ ဖြစ်ပေါ်လာပေလိမ့်မည်။
ယီယွင်ယောင်သည် သူမ သတိမထားမိလိုက်ခင်မှာပင် ချူးယွင်ဖန်းကို အမြင်သစ်ဖြင့် စတင် ကြည့်လာခဲ့သည်။ သူမသည် သူ့ကို သာမန် ထူးချွန်တပည့် တစ်ဦးအဖြစ် မသတ်မှတ်တော့ပေ။ ချူးယွင်ဖန်းသည် အနာဂတ်တွင် အစစ်အမှန်တပည့်ဖြစ်လာရန် ခက်ခဲလိမ့်မည် မဟုတ်ပေ။ ဝမ်ယီဖန်းပင် ချူးယွင်ဖန်းကို တားဆီးရန် ခက်ခဲပေလိမ့်မည်။ လီရှန်ယွမ်သာ ချူးယွင်ဖန်းကို တားဆီးနိုင်မည့် အခွင့်အရေး ရှိကောင်းရှိနိုင်သည်။
"ဒီလူတွေက နတ်မိစ္ဆာဂိုဏ်းနဲ့ ပူးပေါင်းပြီး ကြီးမြတ်တဲ့ တရှကို ဆန့်ကျင်ခဲ့တာ၊ တခြားသူတွေကို သတိပေးတဲ့အနေနဲ့ အမြစ်ပြတ်သုတ်သင်ပစ်ရမယ်" ယီယွင်ယောင်က ပြတ်သားစွာ ပြောလိုက်သည်။
သူမသည်လည်း စစ်ဌာနချုပ်၌ အဖွဲ့ဝင်တစ်ဦးဖြစ်သည့်အတွက် ဤကိစ္စတွင် ငဲ့ညှာစွာ ပြုမူဆောင်ရွက်နေမည် မဟုတ်ပေ။ ယီယွင်ယောင်သည် အရှိန်အဝါကြီးမားသော အမျိုးသမီး ဗိုလ်ချုပ်တစ်ဦးဖြစ်၍ ရာထူးအရဆိုလျှင် ချူးယွင်ဖန်းထက်ပင် မြင့်မားပေသည်။ သူမသည် စစ်မှန်သော ဗိုလ်ချုပ်တစ်ဦးဖြစ်သည်။
"ဟုတ်ကဲ့" ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။
ဤဒေသခံ အင်အားစုများသည် ဥပဒေမဲ့စွာ ပြုမူသည့်အပြင် ကိုယ်ကျိုးအတွက် မိစ္ဆာများနှင့် ပူးပေါင်းခဲ့ကြသည်။ ယခင်က ပေါင်းထိုင်မြို့ရှိ ခေါင်းဆောင်များ၏ သေဆုံးမှုသည်လည်း ၎င်းတို့နှင့် ဆက်စပ်နေပေလိမ့်မည်။ ယခုအခါ ချူးယွင်ဖန်းသည် ပေါင်းထိုင်မြို့၏ အင်အားစုကြီး ငါးခုကို အမြစ်ပြတ် ရှင်းလင်းလိုက်ခြင်းကြောင့် ဝေဖန်မှုအချို့ ဖြစ်ပေါ်လာနိုင်သည်။ ၎င်းတို့၏ ပြစ်မှုများကို ဖော်ထုတ်ကာ သက်သေများ ရှာဖွေနိုင်လေ၊ ထိုလူများ ပြန်လည် ချေပရန် နည်းလမ်းများ လျော့နည်းလာမည်ဖြစ်သည်။
"စိတ်မပူပါနဲ့၊ ကျွန်မကိုယ်တိုင် တော်ဝင်နန်းတော်ကို အစီရင်ခံစာ တင်လိုက်မယ်။ ဝမ်ယီဖန်းလည်း ဖြစ်ရပ်မှန်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး" ယီယွင်ယောင်က တက်ကြွစွာ ပြောလိုက်သည်။
သူမ၏ ကျင့်စဥ်သည် ဝမ်ယီဖန်းထက် သာလွန်နေခဲ့ရာ ယခုအခါ ချူးယွင်ဖန်းထံမှ ဘုရင်အဆင့် သိုင်းပညာပင် ရရှိထားသဖြင့် ဝမ်ယီဖန်းသည် သူမကို ယှဥ်ပြိုင်နိုင်မည် မဟုတ်ပေ။ သိုင်းပညာကို နားလည်သဘောပေါက်သွားသည်နှင့် ယခင်က သူမကို ဖိနှိပ်နိုင်ခဲ့သော ဝမ်ယီဖန်းကိုပင် အလွယ်တကူ သတ်ပစ်နိုင်ပေလိမ့်မည်။ ဘုရင်အဆင့် သိုင်းပညာသည် ထိုမျှအစွမ်းထက်လှသည်။
"ဒါပေမယ့် လီရှန်ယွမ်ကိုတော့ သတိထားရမယ်၊ ကျွန်မ သူ့အကြောင်း ကြားဖူးတယ်၊ သူက ဟွန်ထျန်ဘွဲ့ရထားတဲ့ မြို့ဝန်ဆိုပေမယ့် စိတ်သဘောထားကြီးတဲ့လူ မဟုတ်ဘူး၊ ရှင် သူ့ကို ရန်စထားတဲ့အတွက် သူ့နည်းလမ်းတွေကို သတိထားရမယ်" ယီယွင်ယောင်က ခေတ္တ စဉ်းစားပြီးနောက် အကြံပေးလိုက်သည်။
ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်သည်။ သူသည် လီရှန်ယွမ်ကို မည်သည့်အခါမျှ သတိလက်လွတ် မဆက်ဆံခဲ့ပေ။ လီရှန်ယွမ်၏ ခွန်အားနှင့် အာဏာကို သူ သိရှိထားသည်။ ယခုတစ်ကြိမ် တင်းမိသားစုက သူ့ကို ပစ်မှတ်ထားခြင်းသည်လည်း လီရှန်ယွမ်၏နောက်ကွယ်က သွေးထိုးမှုကြောင့်ဖြစ်သည်။ သို့သော်လည်း ချူးယွင်ဖန်းသည် တင်းမိသားစုကို ဤမျှ ပြတ်သားစွာ သတ်ဖြတ်လိမ့်မည်ဟု လီရှန်ယွမ် ထင်မှတ်ထားမည် မဟုတ်ပေ။ သူ၏ အစီအစဉ်များသည် ချူးယွင်ဖန်း လက်ချက်ဖြင့် ပျက်စီးသွားရသည်။ ချူးယွင်ဖန်းသည် နှစ်တစ်ထောင် သွေးဂျင်ဆင်းကိုပင် လုယူသွားခဲ့သောကြောင့် လီရှန်ယွမ်သည် နှစ်ဆရှုံးနိမ့်သွားသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် ချူးယွင်ဖန်းသည် အလျှော့ပေမည်ဟု မဆိုလိုပေ။ ဤဖြစ်ရပ်များအပြီးတွင် လီရှန်ယွမ်သည် ချူးယွင်ဖန်းအပေါ် အကဲဖြတ်မှုကို အလျင်အမြန် ပြုပြင်ပေလိမ့်မည်။ ထိုအချိန်တွင် ချူးယွင်ဖန်းထံ ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများ ရောက်ရှိလာနိုင်သည်။
"ကျွန်တော် သိပါတယ်၊ ဒါပေမယ့် သိပ်တော့ မစိုးရိမ်ပါဘူး၊ သူက ကျွန်တော့်ထက် စောပြီး ကျင့်ကြံခဲ့ရုံတင်ပါ၊ တကယ်လို့ သူနဲ့ ကျွန်တော်သာ ကျင့်စဥ်တူနေရင် သူ့ကို လက်တစ်ချောင်းတည်းနဲ့တောင် နှိမ်နင်းနိုင်တယ်" ချူးယွင်ဖန်းက ခပ်ပြုံးပြုံး ပြောလိုက်သည်။
သူသည် လီရှန်ယွမ်ကို သတိထား၍ ပြုမူနေသော်လည်း မိမိ၏ယုံကြည်မှုများကို မည်သည့်အခါမျှ မစွန့်လွှတ်ခဲ့ပေ။ လက်ရှိတွင် လီရှန်ယွမ်၏ ပြိုင်ဘက် မဟုတ်သေးသော်လည်း ဤအခြေအနေသည် ထာဝရ တည်မြဲနေမည်ဟု မဆိုလိုပေ။
"ရှင် လီရှန်ယွမ်ကြောင့် ကြယ်ကြွေကောင်းကင်ဂိုဏ်းထဲ ဝင်လာတာကို ကျွန်မ ရိပ်မိပါတယ်၊ သိပ်ကိုလိမ္မာပါးနပ်တဲ့ ဆုံးဖြတ်ချက်ပဲ။ ကြယ်ကြွေကောင်းကင်ဂိုဏ်းရဲ့ ကာကွယ်မှုအောက်မှာ သူ ရှင့်ကို ပစ်မှတ်ထားချင်ရင်တောင် စည်းမျဉ်းတွေထဲကပဲ သူ လှုပ်ရှားနိုင်မှာ။ ဒါပေမယ့် ရှင်သာ တစ်ယောက်တည်းဆိုရင် သူ့ကြံစည်မှုအောက်ကနေ ရှင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
"ကျွန်တော် နားလည်ပါတယ်" ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။
လီရှန်ယွမ်ကဲ့သို့သော လူမျိုးသည် မငြိမ်မသက်ဖြစ်နေသော ခေတ်ကာလတွင် သူရဲကောင်းဖြစ်လာမည့်လူမျိုးဖြစ်ကြောင်း ချူးယွင်ဖန်း သိရှိထားသည်။ ဤကဲ့သို့သော လူမျိုးသည် စည်းမျဉ်းများကို လိုက်နာမည် မဟုတ်ပေ။ သို့သော်လည်း ယခုအခါ ချူးယွင်ဖန်းက ကြယ်ကြွေကောင်းကင်ဂိုဏ်းကို အကာအကွယ်အဖြစ် အသုံးပြုထားသောကြောင့် လီရှန်ယွမ်သည် မဆင်မခြင် မလှုပ်ရှားနိုင်တော့ပေ။ သို့မဟုတ်ပါက တင်မိသားစုကို လာဘ်ထိုး၍ ချူးယွင်ဖန်းကို ပစ်မှတ်ထားခိုင်းမည့်အစား ကိုယ်တိုင် လာရောက် တိုက်ခိုက်ပေလိမ့်မည်။ ချူးယွင်ဖန်းအတွက် ယခုအလိုအပ်ဆုံးအရာသည် အချိန်ဖြစ်သည်။ အချိန်သာရမည်ဆိုပါက သူ၏ ခွန်အားများ အရှိန်အဟုန်ဖြင့် တိုးတက်လာပေလိမ့်မည်။ လီရှန်ယွမ်နှင့် တန်းတူ ရင်ဘောင်တန်းနိုင်ရန် အချိန်အကြာကြာ လိုအပ်မည် မဟုတ်ပေ။ ထိုအခါ လီရှန်ယွမ်ကို ကြောက်ရွံ့ရန် မလိုအပ်ပေ။
"ဘာပဲဖြစ်ဖြစ် ရှင့်ကို ကျေးဇူးကြွေးတစ်ခု တင်သွားပြီ၊ ယွမ်ထျန်းဟွာကို သတ်ဖို့ ကူညီခဲ့ပေမယ့် ဒါက ရှင် ပေးခဲ့တဲ့ ဘုရင်အဆင့် သိုင်းပညာနဲ့ မယှဉ်နိုင်ဘူး။ ကျွန်မ ဝမ်ယီဖန်းကို အချိန်ဆွဲထားပေးမယ်၊ ဒါကြောင့် သူ့အတွက် မစိုးရိမ်နဲ့" ယီယွင်ယောင်က ပြောလိုက်သည်။
"ကျွန်မလည်း သိုင်းပညာ လေ့လာဖို့ ပြန်တော့မယ်၊ ဒီသိုင်းပညာနဲ့ဆိုရင် ကျွန်မရဲ့ တိုက်ခိုက်ရေးစွမ်းရည်တင် မကဘဲ ကျင့်စဥ်ပါ အများကြီး တိုးတက်လာမှာ။ ကျန်တာကတော့ ရှင့်အပေါ်မှာပဲ မူတည်တယ်၊ ရှင့်နဲ့ ဝမ်ယီဖန်းရဲ့ တိုက်ပွဲကို ကျွန်မ မျှော်လင့်နေမယ်"
"ဂရုစိုက်ပါ၊ စီနီယာယီ" ချူးယွင်ဖန်းက နှုတ်ဆက်စကား ပြောလိုက်သည်။
ယီယွင်ယောင်သည် ခေါင်းညိတ်ပြကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီးနောက် ပေါင်းထိုင်မြို့မှ ပျောက်ကွယ်သွားလေသည်။
***