ရတနာတစ်ထောင်ခန်းမသည် စီးပွားရေးနယ်ပယ် အလွန်ကျယ်ပြန့်လှရာ တော်ဝင်နန်းတော်နှင့်ပင် စီးပွားရေး လုပ်ငန်းများ ရှိနေသည်။ ၎င်းသည် ကုန်သည်အဖွဲ့အစည်းများစွာအနက် အကြီးမားဆုံးတစ်ခုဖြစ်၏။ ၎င်း၏ ကွန်ရက်သည် ထူထပ်စွာ ဆက်နွှယ်လျက်ရှိရာ ကျွမ်းကျင်သူ မည်မျှစုဆောင်းထားသည်ကို မည်သူမျှ မသိနိုင်ပေ။ ချူးယွင်ဖန်း ခေတ္တစဉ်းစားပြီးနောက် ရတနာတစ်ထောင်ခန်းမ၏ တမန်တော်နှင့် တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။
"သူ့ကို အထဲဝင်ခိုင်းလိုက်"
မကြာမီတွင် ဇိမ်ခံဝတ်ရုံ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လျှောက်လှမ်းလာကာ ချူးယွင်ဖန်း ရှေ့သို့ ရောက်ရှိလာသည်။
'ဒြပ်မဲ့ကျွမ်းကျင်အဆင့်ပဲ' ချူးယွင်ဖန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် မိမိကိုယ်ကိုယ် ကောင်းစွာ ဖုံးကွယ်ထားသော်လည်း ချူးယွင်ဖန်း၏ အာရုံခံစားမှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။
ဤသို့သော သာမန်တမန်တော်တစ်ဦးပင် ဒြပ်မဲ့ကျွမ်းကျင်အဆင့် ကျင့်ကြံသူဖြစ်နေခြင်းအရ ရတနာတစ်ထောင်ခန်းမ၏ အင်အားသည် အမှန်တကယ် ထိတ်လန့်ဖွယ်ကောင်းလှသည်။
"ကျွန်တော်က ရတနာတစ်ထောင်ခန်းမရဲ့ မဟူရာသံမဏိတမန်တော် ဝမ်ဆန်ချန်းပါ၊ ဗိုလ်မှူးကြီးချူးကို နှုတ်ခွန်းဆက်သပါတယ်" ထိုလူလတ်ပိုင်း အမျိုးသားက ဦးညွှတ်လျက် ပြောလိုက်သည်။
'မဟူရာသံမဏိတမန်ဖြစ်နေတာကိုး' ချူးယွင်ဖန်းက တွေးလိုက်သည်။ "ကမ္ဘာလောက" မှတ်တမ်းများအရ ရတနာတစ်ထောင်ခန်းမအတွင်းရှိ အောက်ခြေအဆင့် အဖွဲ့ဝင်များမှအပ အဆင့်အတန်းတစ်ခုရှိသူများသည် အဆင့်အမျိုးမျိုးရှိ တမန်တော်များဖြစ်ကြသည်။ ၎င်းတို့ကို မဟူရာသံမဏိ၊ ကြေးညို၊ ငွေ၊ ရွှေနှင့် ပလက်တီနမ်ဟူ၍ အဆင့်ခွဲခြားထား၏။ မဟူရာသံမဏိတမန်တော် ရတနာတစ်ထောင်ခန်းမ၏ စီမံခန့်ခွဲမှု အပိုင်းတွင် အနိမ့်ဆုံးအဆင့်ဟု ယူဆနိုင်သော်လည်း ၎င်းတို့သည် တရားဝင် ရာထူးအဆင့်ရှိသူများဖြစ်သဖြင့် ဌာနခွဲအချို့ကို တာဝန်ယူရသူများဖြစ်သည်။
"ဘာကိစ္စနဲ့ ကျုပ်ကို လာရှာတာလဲ လူကြီးမင်းဝမ်" ချူးယွင်ဖန်းက မေးလိုက်သည်။
"မေးလာပြီဆိုတော့လည်း ကျွန်တော် ဘာမှ မဖုံးကွယ်ဘဲ ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့မယ်၊ ဗိုလ်မှူးကြီးချူးနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်လို့ပါ" ဝမ်ဆန်ချန်း၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ဖြတ်သန်းသွားသည်။ အကြောင်းမှာ ချူးယွင်ဖန်းသည် အခြားသူများနှင့် နှိုင်းယှဉ်လျှင် အလွန်နောက်ကျစွာ ပေါ်ထွက်လာသူဖြစ်သောကြောင့်ပင်ဖြစ်၏။
ရတနာတစ်ထောင်ခန်းမ၏ အဆက်အသွယ်များသည် ကြီးမြတ်သောတရှ တစ်ခုလုံးတွင် ပျံ့နှံ့နေ၍ ၎င်းတို့၏ လူများသည် တောရိုင်းဒေသများတွင်ပင် ရှိနေသည်။ ပုံမှန်အားဖြင့် ဂိုဏ်းအသီးသီး၏ အလားအလာရှိသော တပည့်များသည် ရတနာတစ်ထောင်ခန်းမ၏ စောင့်ကြည့်မှုအောက်သို့ ရောက်ရှိတတ်သောကြောင့် အဆက်အသွယ်များ ကြိုတင်ပြုလုပ်ထားတတ်ကြသည်။ သို့သော်လည်း ထူးချွန်တပည့် သို့မဟုတ် နယ်မြေစောင့်ခေါင်းဆောင်ဖြစ်နေပြီဖြစ်သော ချူးယွင်ဖန်းကဲ့သို့ ပုဂ္ဂိုလ်မျိုးအတွက်မူ ရတနာတစ်ထောင်ခန်းမ၌ မည်သည့် ဆက်သွယ်ရေး လမ်းကြောင်းမျှ မရှိခဲ့ပေ။ ၎င်းသည် အလွန်ရှားပါးလှသည်။
သို့သော် ချူးယွင်ဖန်း၏ နောက်ခံကို ပြန်စဉ်းစားကြည့်သည့်အခါ ၎င်းတို့အားလုံး နားလည်သွားကြသည်။ နောက်ဆုံးတွင် သူသည် ကြီးမြတ်သောတရှတွင် မွေးဖွားလာသူ မဟုတ်ဘဲ ခရမ်းရောင်မိုးကြိုးပြည်နယ်၏ ပါရမီရှင်တစ်ဦးဖြစ်သည်။ ဝမ်ဆန်ချန်းကို အမှန်တကယ် တုန်လှုပ်စေသည့် အချက်မှာ သတင်းအချက်အလက်များအရ ချူးယွင်ဖန်းသည် ခရမ်းရောင်မိုးကြိုးပြည်နယ်မှ ထွက်ခွာလာပြီးနောက် အလျင်အမြန် တိုးတက်လာခြင်းဖြစ်သည်။ သူသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းသို့ ဝင်ရောက်ကာ ထိပ်တန်းမျိုးစေ့တပည့် ဆယ်ဦးထဲမှ တစ်ဦးဖြစ်လာခဲ့ရုံမျှမကဘဲ ဆယ်လအတွင်း အတွင်းစည်းတပည့် ပြိုင်ပွဲတွင်လည်း အနိုင်ရရှိကာ နာမည်ကျော်ကြားလာခဲ့သည်။
ဤအောင်မြင်မှုသည် တုန်လှုပ်ဖွယ်ကောင်းလှရာ ပေါင်းထိုင်မြို့၏ စောင့်ရှောက်သူဖြစ်လာပြီးနောက် ချူးယွင်ဖန်း၏ လုပ်ဆောင်ချက်များသည် ဝမ်ဆန်ချန်းကို ပို၍ပင် အံ့အားသင့်စေသည်။ ပေါင်းထိုင်မြို့ကို နှစ်ပေါင်းများစွာ သိမ်းပိုက်ထားသည့် အဓိက အင်အားစု ငါးခုနှင့် မြို့အတွင်းရှိ ထိုအင်အားစုများကို မှီခိုနေသည့် အခြားအင်အားစုများသည် ချူးယွင်ဖန်း၏ အမြစ်ပြတ်သုတ်သင်မှုကို ခံလိုက်ရသည်။ သတင်းအချက်အလက်အားလုံးအရ ချူးယွင်ဖန်းသည် သာမန်လူ မဟုတ်မည်မှာ သေချာသည်။ သူ့ကို နိုင်ငံရေးနှင့် စီမံခန့်ခွဲမှု ကျွမ်းကျင်သူတစ်ဦးအဖြစ်ပင် ဆိုနိုင်သည်။ သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ပေါင်းထိုင်မြို့ကို တာဝန်ယူခဲ့စဥ် စစ်ရေးဖြစ်ပါစေ၊ ပြည်သူအရေးဖြစ်စေ စနစ်တကျ စီမံခန့်ခွဲနိုင်ခဲ့သည်။ သူသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်သည့် အခြားသော ဂိုဏ်းကြီးများရှိ တပည့်များကဲ့သို့ ပျာယာခတ်ခြင်း မရှိခဲ့ပေ။ ဝမ်ဆန်ချန်းသည် ဤအချက်များကြောင့် စောင့်ကြည့်သည့် ကာလကို အလျင်အမြန် အဆုံးသတ်ကာ ချူးယွင်ဖန်းနှင့် အမြန်ဆုံး အဆက်အသွယ်လုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
"ရတနာတစ်ထောင်ခန်းမက ကျုပ်နဲ့ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်မှုမျိုး လုပ်ချင်တာလဲ" ချူးယွင်ဖန်းက မေးလိုက်သည်။
"ကျွန်တော်တို့ အဖွဲ့အစည်းက ကြီးမြတ်တဲ့တရှ တစ်ခုလုံးမှာ ကုန်သွယ်ရေး လမ်းကြောင်းမျိုးစုံ ရှိနေတာကို ဗိုလ်မှူးကြီးချူး ကြားဖူးမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ ရတနာတစ်ထောင်ခန်းမက ကုန်ပစ္စည်း အမျိုးမျိုး ရောင်းချသလို ဝယ်ယူတာလည်း လုပ်ကြပါတယ်၊ ဗိုလ်မှူးကြီး လိုအပ်တာ ရှိရင်လည်း ကျွန်တော်တို့ အမြန်ဆုံး ပို့ဆောင်ပေးနိုင်ပါတယ်" ဝမ်ဆန်ချန်းက ဆိုသည်။
ချူးယွင်ဖန်း၏ မျက်လုံးများ တောက်ပသွားသည်။ ပြည်ထောင်စုမှ ရောက်လာသူဖြစ်သဖြင့် ကြီးမြတ်သောတရှ၏ အချို့သော ကဏ္ဍများ၌ ခေတ်နောက်ကျမှုကို သူ ကျင့်သားမရခဲ့ပေ။ အကယ်၍ ပြည်ထောင်စုတွင်ဆိုလျှင် အော်ဒါမှာလိုက်ရုံဖြင့် မည်သည့် ပစ္စည်းမဆို ရရှိနိုင်၍ ၎င်းသည် သူ့ကို အချိန်ကုန် သက်သာစေသည်။
အတိတ်ကာလများတွင် ကျင့်ကြံသူများစွာသည် ဆေးဖက်ဝင်အပင် အမျိုးမျိုး ရှာဖွေရန် တောင်များ မြစ်များကို ဖြတ်ကျော်ကြရသည်။ ၎င်းဖြင့် အချိန်များစွာ နှောင့်နှေးစေခဲ့၏။ သို့သော် ရတနာတစ်ထောင်ခန်းမကို ကြားခံအဖြစ် အသုံးပြုနိုင်ပါက ချူးယွင်ဖန်း၏ အရေးတကြီး လိုအပ်ချက်ကို ဖြေရှင်းပေးနိုင်ပေလိမ့်မည်။ အထူးသဖြင့် စစ်တပ်၏ အင်အားကို တိုးမြှင့်ရန် ဆေးလုံး အမြောက်အမြား ဖော်စပ်လိုသည့်အခါ ဆေးဖက်ဝင်အပင် အမြောက်အမြား လိုအပ်နေသည်။
"ဒါ့အပြင် ကျွန်တော်တို့က ဆေးဖက်ဝင်အပင်တွေ၊ ရတနာတွေ၊ သိုင်းပညာ လက်စွဲစာအုပ်တွေ စသဖြင့် အကုန်လုံးကို ဝယ်ယူပါတယ်၊ တန်ဖိုးရှိတာ မှန်သမျှ ကျွန်တော်တို့ဘက်က ဝယ်ပါတယ်" ဝမ်ဆန်ချန်းက ဆက်ပြောလိုက်သည်။
"လက်ရှိအချိန် ဗိုလ်မှူးကြီး ပေါင်းထိုင်မြို့ရဲ့ အဓိက အင်အားစုတွေကို ချေမှုန်းထားတာဖြစ်တဲ့အတွက် လက်ရှိ ဗိုလ်မှူးကြီး အသုံးမလိုတဲ့ ပစ္စည်းတွေ အများကြီး ရှိနေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ အဲဒါတွေကို သိမ်းထားမယ့်အစား ကျွန်တော်တို့ အဖွဲ့အစည်းကို ရောင်းချနိုင်ပါတယ်၊ ဈေးနှုန်းပိုင်းကိုလည်း ဗိုလ်မှူးကြီး စိတ်ကျေနပ်အောင် ဆောင်ရွက်ပေးမှာပါ"
ချူးယွင်ဖန်းက အဓိက အင်အားစု ငါးခုကို အမြစ်ပြတ် ချေမှုန်းခဲ့သည်ဟု ပြောဆိုရာတွင် ဝမ်ဆန်ချန်းသည် မည်သည့် ထူးဆန်းသော အမူအရာမျှ မပြသခဲ့ပေ။ ရတနာတစ်ထောင်ခန်းမအတွက်မူ ပေါင်းထိုင်မြို့၏ အင်အားစု ငါးခုသည် နှစ်ခါပြန်ကြည့်ရန်ပင် မထိုက်တန်ပေ။ ဤမြို့တစ်မြို့လုံးတွင် ချူးယွင်ဖန်း တစ်ဦးတည်းသာ ထိုသို့သော ဂုဏ်ပြုမှုကို ရယူရန် အရည်အချင်း ပြည့်မီသူဖြစ်သည်။ ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ ချူးယွင်ဖန်းတွင် အမှန်တကယ်ပင် မလိုအပ်သော အရင်းအမြစ်များစွာ ရှိနေသည်။ ၎င်းတို့သည် အင်အားစုတစ်ခုအတွက် အရေးပါကောင်း ပါနိုင်သော်လည်း သူ့အတွက် အသုံးမဝင်ပေ။ အကယ်၍ ထိုအရာအားလုံးကို ရတနာတစ်ထောင်ခန်းမသို့ လွှဲပြောင်းပေးလိုက်ပါက သူအတွက် အချိန်ကုန် သက်သာစေလိမ့်မည်။
"ကျွန်တော်တို့ အမြင်အရ ဗိုလ်မှူးကြီးချူးရဲ့ အနာဂတ်က အလွန်တောက်ပပြီး အကန့်အသတ်မဲ့တာကြောင့် ကျွန်တော်တို့တွေ ဗိုလ်မှူးကြီးနဲ့ ရေရှည် ဆက်ဆံရေး တည်ဆောက်ချင်ပါတယ်" ဝမ်ဆန်ချန်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
ချူးယွင်ဖန်းသည် ၎င်းအခြေအနေကို နားလည်နိုင်သည်။ သူ၏ အနာဂတ်သည် အကန့်အသတ်မဲ့သောကြောင့် နောက်နောင်တွင် အခြားသော အင်အားစုများစွာသည်လည်း သူနှင့် ပူးပေါင်းဆောင်ရွက်လိုကြမည်ဖြစ်သည်။
"ဒါ့အပြင် ဒါက ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ ဖိတ်စာပါ၊ နောက် ၁၀ ရက်နေရင် ကျွန်တော်တို့ ဌာနခွဲရဲ့ လေလံပွဲတစ်ခု ကျင်းပသွားမှာပါ၊ ကျွန်တော်တို့ အဖွဲ့အစည်းက တန်ဖိုးထားတဲ့ ဧည့်သည်တွေပဲ ဒီဖိတ်စာကို ရရှိတာပါ၊ အရင်က ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ဖူးပေမယ် ဗိုလ်မှူးကြီးက ကျွန်တော်တို့အတွက် ဂုဏ်သရေရှိ ဧည့်သည်တစ်ဦးလို့ ဆိုလို့ရပါတယ်၊ ဒါကြောင့် ဗိုလ်မှူးကြီး အချိန်ပေးပြီး ကြွရောက်လာပေးဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဝမ်ဆန်ချန်းက ဟင်းလင်းပြင်ထဲမှ ဖိတ်စာတစ်စောင်ကို ထုတ်ယူ၍ ချူးယွင်ဖန်းထံ လက်ကမ်းပေးလိုက်သည်။
***