ချူးယွင်ဖန်းသည် ရွှေနက်ရောင်ကတ်ပြားဖြစ်သော ဖိတ်စာကို လက်ခံလိုက်ရာ ၎င်းပေါ်တွင် ရတနာတစ်ထောင်ခန်းမဟု ရေးသားထားသည့် ကြီးမားသော စာလုံးများကို သိသာထင်ရှားစွာ မြင်တွေ့လိုက်ရသည်။ နောက်ဆယ်ရက်အကြာတွင် ရတနာတစ်ထောင်ခန်းမမှ လေလံပွဲတစ်ခု ကျင်းပမည်ဖြစ်၍ တည်နေရာသည် ပေါင်းထိုင်မြို့နှင့် မလှမ်းမကမ်းရှိ မြို့ငယ်လေးတစ်ခုဖြစ်ကြောင်း ရေးသားထားသည်။
“ကျွန်တော် မနက်ဖြန်ကျရင် လေလံပစ္စည်းစာရင်းကို လူလွှတ်ပြီး ပို့ခိုင်းလိုက်ပါ့မယ်။ အကယ်၍ ဗိုလ်မှူးကြီး စိတ်ဝင်စားတယ်ဆိုရင် ကြွရောက်ပေးဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့က လေလံပွဲတွေကို ခဏခဏ ကျင်းပလေ့မရှိပါဘူး" ဝမ်ဆန်ချန်းက ဆိုသည်။
“နားလည်ပါပြီ။ ကျုပ် အချိန်ရရင် လာခဲ့ပါ့မယ်။ ဒါပေမယ့် အခုတော့ ကျုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆွေးနွေးရအောင်။ ကျုပ် စုဆောင်းထားတဲ့ထဲက လောလောဆယ် မလိုအပ်တဲ့ ပစ္စည်းတွေကို ရတနာတစ်ထောင်ခန်းမကတစ်ဆင့် ရောင်းချပေးလို့ရပါတယ်။ အဲဒီအစား ခင်ဗျားတို့အဖွဲ့အစည်းဘက်က ကျုပ်ကို ဆေးဖက်ဝင်အပင်တချို့ စုဆောင်းပေးပါ”
ချူးယွင်ဖန်းသည် စာရင်းတစ်ခု ပြုစုလိုက်ရာ ၎င်းအနက် အများစုသည် စစ်တပ်၏ အင်အားကို မြှင့်တင်ပေးနိုင်သည့် ဆေးလုံးများအတွက် လိုအပ်သော ဆေးပင်များဖြစ်ကြသည်။ ထိုဆေးပင်များသည် ရှာဖွေရ မခက်ခဲသော်လည်း လိုအပ်သည့် ပမာဏသည် အလွန်များပြားလှသည်။ တပ်ခွဲတွင် လူအင်အား ၅၀၀ ရှိသဖြင့် တပ်တစ်ခုလုံး၏ ခွန်အားကို မြှင့်တင်လိုပါက အရင်းအမြစ်များစွာ လိုအပ်မည်ဖြစ်သည်။ ဤကိစ္စတွင် ကြီးမြတ်သောတရှ၏ နန်းတွင်းကို အားကိုး၍ မရနိုင်သောကြောင့် ချူးယွင်ဖန်းအနေဖြင့် မိမိကိုယ်ကိုသာ အားကိုးရမည်ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် အင်အားကြီးအဖွဲ့အစည်းများ၏ အိမ်များကို သိမ်းဆည်းပြီးနောက် ရရှိလာသည့် ပိုင်ဆိုင်မှု လေးပုံတစ်ပုံခန့်ကို စစ်သည်များအတွက် အသုံးပြုနိုင်သဖြင့် ချူးယွင်ဖန်းသည် ကိုယ်ပိုင်ငွေကို ထပ်မံသုံးစွဲရန် မလိုတော့ပေ။
ဝမ်ဆန်ချန်းသည် စာရင်းကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။
“နောက်ဆုံးက ပစ္စည်းတွေက ကိစ္စမရှိပါဘူး။ အရေအတွက် နည်းနည်းများပေမယ့် ဆေးပင်တွေက ရှားပါးတာ မဟုတ်လို့ ရှာပေးနိုင်ပါတယ်။ တကယ် အခက်အခဲရှိတာက ခရမ်းရောင်မြက်နုတွေပါ။ ဒါပေမယ့် လာမယ့်လေလံပွဲမှာတော့ ဒီမြက်နုတွေ ပါလာဖို့ ရှိပါတယ်။ ဗိုလ်မှူးကြီး ကိုယ်တိုင်လာကြည့်သင့်ပါတယ်"
ချူးယွင်ဖန်း၏ မျက်လုံးများ တောက်ပသွားသည်။ ခရမ်းရောင်မြက်နုသည် မဟာအသက်ဓာတ်ကျင့်ကြံသူဆေးကို ဖော်စပ်ရာတွင် လိုအပ်သည့် ဆေးပင်ဖြစ်သည်။ တင်းမိသားစုကို သုတ်သင်စဥ်က ဆေးပင်အချို့ကို ရရှိခဲ့သည်။ သို့သော် ထိုအပင်များသည် လီရှန်ယွမ် ပေးပို့ထားသော ဆေးပင်များဖြစ်နိုင်ကြောင်း သူ သတိထားမိသွားသည်။ ပြီးနောက် အင်အားကြီးအဖွဲ့အစည်းများကို နှိမ်နင်းခဲ့သော်လည်း မဟာအသက်ဓာတ်ကျင့်ကြံသူဆေး ဖော်ဆပ်ရန် လိုအပ်သည့် ဆေးပင်အများအပြားကို ရှာမတွေ့ခဲ့ပေ။ ရတနာတစ်ထောင်ခန်းမနှင့် မချိတ်ဆက်မိပါက ချူးယွင်ဖန်းသည် ထိုဆေးပင်များကို ရှာဖွေရန် အချိန်အတော်ကြာမြင့်ပေလိမ့်မည်။
“ခရမ်းရောင် မြက်နုကလွဲရင် ကျန်တဲ့ဆေးပင်တွေအတွက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးသန်းလောက် ကျသင့်ပါလိမ့်မယ်။ ငွေအလုံအလောက် ရှိမယ်ဆိုရင် မနက်ဖြန် ဆေးပင်အားလုံးကို ပို့ပေးနိုင်ပါတယ်" ဝမ်ဆန်ချန်းက တွက်ချက်ပြီးနောက် ပြောလိုက်သည်။ ဝမ်ဆန်ချန်းကဲ့သို့သော ပုဂ္ဂိုလ်မျိုးအတွက် တန်ဖိုးဖြတ်ခြင်းသည် စားသောက်ရသကဲ့သို့ပင် လွယ်ကူသည်။
“ငွေပမာဏက အဆင်ပြေပါတယ်” ချူးယွင်ဖန်း ခေါင်းညိတ်လိုက်သည်။
“ဗိုလ်မှူးကြီး မလိုအပ်တဲ့ ဆေးပင်တွေကိုတော့ ကျွန်တော် လူလွှတ်ပြီး တန်ဖိုးဖြတ်ခိုင်းလိုက်ပါ့မယ်။ ဒါဆိုရင် ကျွန်တော်ကို ပြန်ခွင့်ပြုပါဦး”
ဝမ်ဆန်ချန်းသည် အသေးစိတ် ဆွေးနွေးရန် ယုချူးယွင်နှင့်အတူ ထွက်ခွာသွားသည်။ တစ်ညတာ ပြင်းပြင်းထန်ထန် ညှိနှိုင်းပြီးနောက် ၎င်းတို့အားလုံး သဘောတူညီမှု ရရှိခဲ့ကြသည်။ မလိုအပ်သော ရတနာအားလုံးကို ရတနာတစ်ထောင်ခန်းမသို့ ရောင်းချခဲ့ပြီးနောက် ကျင့်ကြံခြင်းအတွက် အရင်းအမြစ်များ စုဆောင်းရုံသာမကဘဲ ပိုလျှံမှုများပင် ရှိနေသေးသည်။ ချူးယွင်ဖန်းသည် တစ်ညတာအတွင်း ချမ်းသာကြွယ်ဝသွားခဲ့သည်။ အသုံးမဝင်သော သဘာဝရတနာ အမျိုးမျိုးကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများအဖြစ် ပြောင်းလဲလိုက်သောကြောင့် စုစုပေါင်း ဝိညာဉ်ကျောက်တုံး ငါးသန်းခန့် ရရှိခဲ့သည်။ သူသည် ဤမျှများပြားသော ဝိညာဉ်ကျောက်တုံးများကို တစ်ခါမျှ မပိုင်ဆိုင်ခဲ့ဖူးပေ။
ချူးယွင်ဖန်းသည် ဝိညာဉ်ကျောက်တုံး အလုံအလောက်ရှိလာသဖြင့် အစီအစဉ်အမျိုးမျိုးကို အကောင်အထည် ဖော်နိုင်ပြီဖြစ်သည်။ ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာကို ဗြဟ္မာသစ်ပင်ထဲသို့ သွန်းလောင်းလိုက်သောကြောင့် ဝိညာဉ်စွမ်းအင် အလုံအလောက်ရရှိသွားသည့် ဗြဟ္မာသစ်ပင်သည် အံ့ဩဖွယ် အရှိန်အဟုန်ဖြင့် ကြီးထွားလာသည်။ သွေးမိစ္ဆာဂိုဏ်းခေါင်းဆောင်၏ သွေးများနှင့် ပေါင်းစပ်လိုက်သောအခါ နောက်ထပ် ဗြဟ္မာသီးတစ်လုံး ထွက်ပေါ်လာသည်။
ထို့အပြင် ဝိညာဉ်ကျောက်တုံး နှစ်သန်းကိုမူ ဆေးပင်တောင်ကုန်းက စုပ်ယူလိုက်သည်။ ထိုအချိန်တွင် တောင်ကုန်းပေါ်၌ ချူးယွင်ဖန်း ယူဆောင်လာသော ဆေးပင်မျိုးစုံဖြင့် ပြည့်နှက်နေသည်။ ထိုတောင်ကုန်းသည် ဆေးပင်များ ကြီးထွားရန် အသင့်တော်ဆုံး ပတ်ဝန်းကျင်အဖြစ် ပြောင်းလဲနိုင်သော်လည်း ၎င်း၏ လုပ်ဆောင်ချက်များအတွက် ဝိညာဉ်စွမ်းအင်ကို အမှီပြုနေရသည်။ ချူးယွင်ဖန်းသည် ကျန်ရှိသော ဝိညာဉ်ကျောက်တုံး နှစ်သန်းကိုမူ ကျင့်ကြံရန်နှင့် လေလံပွဲတွင် ခရမ်းရောင် မြက်နု ဝယ်ယူရန်အတွက် ချန်ထားလိုက်သည်။
ဤစီစဉ်မှုများ ပြုလုပ်ပြီးနောက် မိမိရရှိခဲ့သော လာဘ်လာဘများ ခဏအတွင်း ကုန်ဆုံးသွားကြောင်း သတိပြုမိသောအခါ သူ ခါးသီးစွာ ပြုံးလိုက်မိသည်။ ကျင့်ကြံခြင်းသည် အလွန် ငွေကုန်ကြေးကျများလှသည်။ အထူးသဖြင့် အချိန်တိုအတွင်း အင်အားကို အဆမတန် တိုးတက်လိုပါက အရင်းအမြစ်များ စုဆောင်းမှု မရှိဘဲ မဖြစ်နိုင်ပေ။ သို့သော် သူ၏ ကျင့်စဥ်များ တိုးတက်လာခြင်းသည်လည်း ဒုံးပျံတစ်စင်း စီးနင်းထားသကဲ့သို့ သိသာထင်ရှားလှသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်မှာ တစ်နှစ်ပင် မပြည့်သေးသော်လည်း သူ၏ ခွန်အားများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
ရတနာတစ်ထောင်ခန်းမ၏ လုပ်ဆောင်ချက်များသည် လျင်မြန်လှသည်။ နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ချူးယွင်ဖန်း မှာယူထားသော ဆေးပင်အားလုံး ရောက်ရှိလာသည်။ ချူးယွင်ဖန်းသည် အချိန်ဆွဲမနေဘဲ စခန်းအတွင်း၌ ဆေးလုံးများ စတင်ဖော်စပ်လိုက်သည်။ တောင်မြစ်ဆေးမီးဖို ရှိနေသဖြင့် ယခင်ကကဲ့သို့ ဆေးလုံးများကို တစ်လုံးချင်း ဖော်စပ်ရန် မလိုတော့ဘဲ တစ်ကြိမ်တည်းနှင့် ဆေးလုံး ရာပေါင်းများစွာကို ဖော်စပ်နိုင်ပြီဖြစ်သည်။
ရက်အနည်းငယ် ကြာမြင့်ပြီးနောက် ဆေးလုံး ထောင်ပေါင်းများစွာ ဖော်စပ်ပြီးစီးသွားခဲ့သည်။ စခန်းအတွင်းရှိ လေထုသည်လည်း သိသိသာသာ ပြောင်းလဲသွားသည်။ ကင်းတပ်မှ စစ်သည်များသည် ယခင်က စစ်တပ်အတွင်း အသက်မွေးရုံမျှသာ လုပ်ဆောင်နိုင်ကြသူများဖြစ်၍ ထိပ်တန်းစစ်တပ်များနှင့် မနှိုင်းယှဉ်နိုင်ပေ။ သို့သော် ချူးယွင်ဖန်း၏ လက်အောက်သို့ ရောက်ရှိလာပြီးနောက် အရာအားလုံး ခြားနားသွားပေသည်။
ချူးယွင်ဖန်းက ၎င်းတို့ကို ဆေးဝါးမျိုးစုံ၊ သိုင်းပညာနှင့် ထူးခြားသော စွမ်းရည်လက်စွဲစာအုပ်များ ထောက်ပံ့ပေးသောအခါ ၎င်းတို့အတွက် တောက်ပသော အနာဂတ်များရှိကြောင်း ရှင်းလင်းသွားသည်။ လူတိုင်းသည် ခွန်အားတိုးတက်စေရန် ရူးသွပ်စွာ လေ့ကျင့်နေကြသည်။ ရက်အနည်းငယ်အတွင်း၌ တပ်တစ်ခုလုံး၏ အင်အားသည် ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။ ဆယ်ရက်အတွင်း အသစ်တစ်ဖန် မွေးဖွားလာသကဲ့သို့ပင် ထင်မှတ်ရစေသည်။ ၎င်းတို့အနက် အများအပြားသည် အမတေအဆင့်နှင့် အထက်သို့ ရောက်ရှိသွားကြ၍ ထူးချွန်သူများသည် ရွှေအမတေပြီးပြည့်စုံအဆင့်သို့ပင် တက်လှမ်းနိုင်ခဲ့ကြသည်။ ဤလူများသည် ကြီးမြတ်သော တရှ၏ ပင်မစစ်တပ်မှ ထိပ်တန်းစစ်သည်များနှင့် ယှဉ်ပြိုင်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာသည်။
ဤစစ်သည်များသည် အတော်ဆုံးဟု မဆိုနိုင်သော်လည်း နှစ်ရှည်လများစွာ ကျင့်ကြံမှုကြောင့် စွမ်းအင်များ စုဆောင်းမိနေကြသူများဖြစ်သည်။ ယခုအခါ ၎င်းတို့၏ စွမ်းအားများကို ထုတ်ဖော်ခွင့် ရရှိသွားသဖြင့် ကျင့်ကြံမှု အရှိန်အဟုန်ဖြင့် တိုးတက်သွားလေသည်။ စခန်းတစ်ခုလုံးသည် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေသည်။ ချူးယွင်ဖန်းအပေါ် ထားရှိသော ၎င်းတို့၏ သစ္စာစောင့်သိမှုနှင့် ကြည်ညိုလေးစားမှုများ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ချူးယွင်ဖန်းသည် ၎င်းတို့ကို ဓားတောင်တက်ခိုင်း၍ ဆီပူအိုးထဲ ဆင်းခိုင်းလျှင်ပင် ဝန်မလေးဘဲ လုပ်ဆောင်ကြမည့် အနေအထားသို့ ရောက်ရှိသွားကြသည်။
မျက်တောင်တစ်ခတ်အတွင်း ဆယ်ရက်တာ ကုန်ဆုံးသွား၍ ရတနာတစ်ထောင်ခန်းမ၏ လေလံပွဲနေ့သို့ ရောက်ရှိလာသည်။ ချူးယွင်ဖန်းသည် တောင်မြစ်ဆေးမီးဖိုကို သိမ်းဆည်း၍ စခန်းမှထွက်လာပြီးနောက် လေလံပွဲ ကျင်းပရာသို့ ထွက်ခွာသွားသည်။ သို့သော် ချူးယွင်ဖန်းသည် ပေါင်းထိုင်မြို့မှ ထွက်ခွာလာသည်နှင့် တစ်ပြိုင်နက်တည်း တစ်စုံတစ်ယောက်၏ စောင့်ကြည့်မှုကို ချက်ချင်း ခံစားလိုက်ရသည်။
***