ချူးယွင်ဖန်းသည် ရတနာတစ်ထောင်ခန်းမ၏ ဌာနခွဲရှိရာ မြို့အတွင်းသို့ ဝင်ရောက်ပြီးနောက် ကုန်းစွန်းလျန်သည်လည်း ထိုမြို့အတွင်းသို့ အပြေးအလွှား လိုက်ပါလာသည်။
"ချူးယွင်ဖန်း၊ မင်း ဘယ်သွားမလို့လဲ" ကုန်းစွန်းလျန်သည် သူ၏ငွေရောင်လှံဖြင့် ချူးယွင်ဖန်းကို ချိန်ရွယ်လိုက်သည်။
"ဂုဏ်သရေရှိဧည့်သည်တော်တို့ ဘယ်လိုအငြိုးအတေးပဲရှိရှိ ဒီနေရာမှာတော့ တိုက်ခိုက်လို့မရပါဘူး။ မဟုတ်ရင် ရတနာတစ်ထောင်ခန်းမနဲ့ ရန်ဖွဲ့တဲ့သဘော သတ်မှတ်ခံရပါလိမ့်မယ်။ ဒီအတွက် ရလဒ်ကို ဧည့်သည်တော်တို့ ပေးဆပ်နိုင်မှာ မဟုတ်ပါဘူး"
ထိုအချိန်တွင် ကောင်းကင်ယံမှ အိုမင်းသောအသံတစ်ခု ထွက်ပေါ်လာပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုနှင့် တားဆီးလိုက်လာသောကြောင့် ကုန်းစွန်းလျန်၏မျက်နှာအမူအရာ ချက်ချင်းပင် ပျက်ယွင်းသွားသည်။ ထိုအိုမင်းသောအသံပိုင်ရှင်သည် သူထက် သန်မာသော စကြဝဠာအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။ ထို့ပြင် သူသည် အသံရှင်ပြောခဲ့သည့်အတိုင်း ရတနာတစ်ထောင်ခန်းမကို အမှန်တကယ် ရန်မစဝံ့ပေ။ ကုန်းစွန်းလျန်သာမကဘဲ သူ၏ဂိုဏ်းပင် ရတနာတစ်ထောင်ခန်းမကို ရန်မစရဲကြပေ။
ရတနာတစ်ထောင်ခန်းမသည် စီးပွားရေးလုပ်ငန်းကိုသာ အဓိကထားသည်ဆိုသော်လည်း ချမ်းသာကြွယ်ဝမှုများစွာ ပိုင်ဆိုင်ထားသည့်အတွက် ထိပ်တန်းကျွမ်းကျင်သူအများအပြား ပိုင်ဆိုင်ထားကြောင်း လူတိုင်းသိကြသည်။ ထိုသို့သာမဟုတ်ပါက လောဘတကြီး စောင့်ကြည့်နေသော အင်အားစုများ၏ ဝါးမြိုမှုကြောင့် ပျက်သုဥ်းသွားပြီဖြစ်သည်။ ထို့အပြင် နှစ်ပေါင်းများစွာအတွင်း ရတနာတစ်ထောင်ခန်းမထံမှ ကျေးဇူးခံစားခဲ့ရသည့် ကျွမ်းကျင်သူအရေအတွက်သည်လည်း မနည်းလှပေ။ ထိုလူများသည် ကြီးမြတ်သောတရှ တစ်ခုလုံးတွင် အဆက်အသွယ်များရှိကြသောကြောင့် သံမဏိလှံဂိုဏ်းအနေဖြင့် ၎င်းတို့ကို မည်သို့မျှ ရန်စရဲမည်နည်း။ မိမိကဲ့သို့ မောက်မာသူပင် မည်သည့်အချိန်တွင် ထိန်းသိမ်းရမည်၊ မည်သည့်အချိန်တွင် ရဲတင်းရမည်နှင့်ပတ်သက်၍ သိရှိထားသည်။ သူသာ ဤနေရာတွင် လှုပ်ရှားလိုက်ပါက အပြင်သို့ ကန်ထုတ်ခံရနိုင်ကြောင်း သူ ခံစားလိုက်ရသည်။
"ကျွန်တော်က သံမဏိလှံဂိုဏ်းက ကုန်းစွန်းလျန်ပါ။ ကျွန်တော် မစဥ်စားဘဲ ပြုမူလိုက်မိတာပါ" ကုန်းစွန်းလျန်က လက်သီးဆုပ်၍ တောင်းပန်လိုက်သည်။
ထိုအခါ ကနဦး ဖိအားများ ပျောက်ကွယ်သွားသည်။ ထိုအချိန်မှသာ ချူးယွင်ဖန်းသည် ခဏအတွင်း အရိပ်အယောင်ပင်မတွေ့ရဘဲ ပျောက်ကွယ်သွားကြောင်း ကုန်းစွန်းလျန် သတိထားမိသွားသည်။ ချူးယွင်ဖန်း၏ ရည်ရွယ်ချက်ကို သူနောက်ဆုံးတွင် နားလည်သွားသည်။ သူသည် ဤနေရာတွင် တိုက်ခိုက်ရဲမည်မဟုတ်ကြောင်း ချူးယွင်ဖန်း သိရှိထားသောကြောင့် တမင်သက်သက် ဤသို့ ပြုမူခဲ့ခြင်းဖြစ်သည်။
"ဟမ်း၊ လေလံပွဲက အချိန်ကန့်သတ်ချက်ရှိပါတယ်။ အလွန်ဆုံးရှိလှ ရက်အနည်းငယ်ပေါ့။ လေလံပွဲပြီးသွားရင်တောင် မင်း ဒီမှာပဲ ဆက်ရှိနေနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့" ကုန်းစွန်းလျန်က အံကြိတ်၍ ရေရွတ်လိုက်သည်။
ရတနာတစ်ထောင်ခန်းမ ဌာနခွဲ၏ လေလံပွဲကို စကြဝဠာအဆင့် ကျင့်ကြံသူတစ်ဦးက ဦးစီးကျင်းပနေသည်။ ဤကဲ့သို့သော စီစဉ်မှုသည် အလွန်ပင် ခမ်းနားထည်ဝါလှသည်။ ချူးယွင်ဖန်းပင် အံ့ဩမဆုံးနိုင်ဖြစ်နေသည်။ သူသည် လျှပ်တပြက်အတွင်း ကုန်းစွန်းလျန်ကို အနောက်တွင် ထားရစ်ခဲ့သည်။ ချူးယွင်ဖန်း၏နားထဲတွင် ဆူညံသံများဖြင့် ပြည့်နှက်နေသည်။ တစ်မြို့လုံးသည် အကြီးစား ကုန်သွယ်ရေးပွဲတော်ကြီးသဖွယ်ဖြစ်နေ၍ အရပ်ရပ်မှ နယ်လှည့် သိုင်းသမားများနှင့် ဂိုဏ်းငယ်များမှ သိုင်းသမားများသည် ဆေးလုံးများ၊ ဆေးဖက်ဝင်အပင်များ၊ ရတနာများ၊ မှော်လက်နက်များ စသည်တို့ကို အော်ဟစ်ရောင်းချနေကြသည်။
သို့သော် ချူးယွင်ဖန်းသည် ထိုအရာများကို စိတ်မဝင်စားပေ။ အခြေခံအားဖြင့် အမတေအဆင့်ကျင့်ကြံသူများသာ ပစ္စည်းများ ရောင်းချနေခြင်းဖြစ်သည်။ ရံဖန်ရံခါတွင် ရွှေအမတေပြီးပြည့်စုံအဆင့်အချို့ပင် လာရောက်ရောင်းချနေကြသော်လည်း ချူးယွင်ဖန်းသည် ၎င်းတို့ကို စိတ်မဝင်စားပေ။ ယခုအချိန်တွင် သူ၏ တစ်ခုတည်းသော ရည်မှန်းချက်သည် လေလံပွဲမှ ခရမ်းရောင်မြက်နုကို ရရှိရန်ဖြစ်သည်။
ကုန်းစွန်းလျန်သည် အပြင်ဘက်တွင် သူ့ကို စောင့်နေကြောင်း သူသိသည်။ ချူးယွင်ဖန်းသည် လေလံပွဲပြီးသည်နှင့် ကုန်းစွန်းလျန်၏ ပြင်းထန်သော တိုက်ခိုက်မှုများကို ရင်ဆိုင်ရမည်ဖြစ်သည်။ သို့သော်လည်း ချူးယွင်ဖန်းသည် အနည်းငယ်မျှ ထိတ်လန့်ခြင်းမရှိပေ။ သူသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သည့် နည်းလမ်းများ ပိုင်ဆိုင်ထားသည်။ သူ၏ လက်ရှိအင်အားဖြင့် ဟော့သားရဲအဖြစ် အသွင်ပြောင်းပြီးနောက် ဒြပ်မဲ့ကျွမ်းကျင်အဆင့် ကျင့်ကြံသူအချို့ကိုပင် ရင်ဆိုင်နိုင်သည်။ သို့သော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် စကြဝဠာအဆင့်သို့ မရောက်ရှိသေးသောကြောင့် ခြေလှမ်းတစ်ဝက် စကြဝဠာအဆင့်ဟုသာ သတ်မှတ်နိုင်သည်။
အကယ်၍ သူ၏ ကျင့်စဉ်သာ ဒြပ်မဲ့လေ့လာသူအဆင့်၏ အထွက်အထိပ်သို့ ရောက်ရှိပါက၊ ဟော့သားရဲ အသွင်ပြောင်းလဲသည့်အခါ သူ၏ တိုက်ခိုက်ရေးစွမ်းအင်သည်လည်း စကြဝဠာအဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်မည်ဖြစ်သည်။ အချိန်ကြာကြာ ထိန်းသိမ်းထားနိုင်မည်မဟုတ်သော်လည်း လုံလောက်သော အချိန်ဖြစ်သည်။ ထိုအခါ သူသည် စကြဝဠာအဆင့် ကျင့်ကြံသူများနှင့်ပင် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
ကုန်းစွန်းလျန်သည် အလွန်ရန်လိုနေသော်လည်း သူ၏ ကျင့်စဉ်သည် သွေးမိစ္ဆာဂိုဏ်းခေါင်းဆောင်နှင့် အခြားသူများထက် များစွာနိမ့်ကျနေကြောင်း ချူးယွင်ဖန်း မြင်နိုင်သည်။ သူသည် စကြဝဠာအဆင့်သို့ မကြာသေးမီကမှ ရောက်ရှိထားပုံပေါ်သောကြောင့် ချူးယွင်ဖန်းအနေဖြင့် ထိုသို့သော စကြဝဠာအဆင့် ကျင့်ကြံသူတစ်ဦးကို မကြောက်ရွံ့ပေ။
"ကျန််တဲ့ မဟာအသက်ဓာတ်ကျင့်ကြံသူဆေးလုံးနှစ်လုံးကို ဖော်စပ်ပြီး ဒြပ်မဲ့ကျွမ်းကျင်အဆင့်ကို ရောက်သွားရင် ဘယ်သူက ဘယ်သူ့ကို သတ်မလဲဆိုတာ မသေချာတော့ပါဘူး" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ ရောက်ရှိသွားပါက၊ သူသည် ဟော့သားရဲအဖြစ် အသွင်မပြောင်းဘဲနှင့်ပင် စကြဝဠာအဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်နိုင်စွမ်းရှိလာမည်ဖြစ်သည်။ ထိုသို့တွေးတောပြီးနောက် ချူးယွင်ဖန်းသည် မဆိုင်းမတွဘဲ ဝမ်ဆန်ချန်းကို သွားရောက်ရှာဖွေလိုက်သည်။
"ကြိုဆိုပါတယ် ဗိုလ်မှူးကြီးချူး" ဝမ်ဆန်ချန်းက ချူးယွင်ဖန်းကို နွေးထွေးသော အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
"ခရမ်းရောင်မြက်နုအတွက် ရောက်လာတာပဲဖြစ်ရမယ်။ တိုက်တိုက်ဆိုင်ဆိုင်နဲ့ အခုလာမယ့် လေလံပစ္စည်းက ခရမ်းရောင်မြက်နုပါ။ ကျွန်တော်တို့ဌာခွဲကို အပိုင်းနှစ်ပိုင်း ခွဲထားတာပါ။ ပထမအပိုင်းက ကုန်သွယ်ရေးတွေ့ဆုံပွဲဖြစ်ပြီး၊ ဒုတိယအပိုင်းကတော့ လေလံပွဲပါ"
ဝမ်ဆန်ချန်း၏ လမ်းပြမှုအောက်တွင် ချူးယွင်ဖန်းသည် မြို့လယ်ရှိ အဆောက်အအုံတစ်ခုသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ ထိုအဆောက်အအုံသည် အပြင်ပန်းကြည့်လျှင် သာမန်ရိုးကျဆန်သောကြောင့် အထဲတွင် လေလံရုံရှိနေမည်ဟု မည်သူမျှ သိနိုင်မည်မဟုတ်ပေ။ နေရာသည် အလွန်ထူးခြားလှ၍ မြေအောက်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ ချူးယွင်ဖန်း လေလံရုံထဲသို့ ဝင်သွားသည့်အခါ ဆူညံသံများဖြင့် ပြည့်နှက်နေကြောင်း တွေ့ရှိလိုက်ရသည်။
"အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀၀ တစ်ကြိမ်၊ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀၀ နှစ်ကြိမ်" လေလံခေါ်သူက အော်ဟစ်နေသည်။
"အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၅၀၀၀၀"
မျှော်လင့်ထားသည့်အတိုင်း တစ်စုံတစ်ယောက်က ဈေးခေါ်လိုက်သည်နှင့် ဈေးနှုန်းများ တစ်ဟုန်ထိုး မြင့်တက်လာသည်။ ချူးယွင်ဖန်းသည် ဝမ်ဆန်ချန်းနောက်သို့ လိုက်ပါ၍ ဗီအိုင်ပီအခန်းတစ်ခုသို့ ရောက်ရှိလာသည်။ အခန်းကို အလွန်ရိုးရှင်း၍ သပ်ရပ်လှပစွာ ပြင်ဆင်ထားကြသည်။ မြေအောက်တွင် တည်ရှိသောကြောင့် သဘာဝအလင်းရောင် မရရှိသော်လည်း ပတ်ပတ်လည်တွင် ဆီမီးခွက်များစွာ ရှိနေသည်။ ထိုဆီမီးခွက်များသည် နေ့အလင်းရောင်ကဲ့သို့ လင်းထိန်နေကာ သင်းပျံ့သော ရနံ့များ ထုတ်လွှတ်နေသည်။ ၎င်းသည် သာမန်ဆီမဟုတ်ဘဲ နတ်ဆိုးသားရဲအချို့ထံမှ ထုတ်ယူ၍ အထူးပြုပြင်ထားသော ဆီများဖြစ်သည်။ သာမန်လူတစ်ယောက်သာ ကျင့်ကြံနေစဉ် ဤမီးခွက်များ ထွန်းညှိထားပါက တရားကျင့်ကြံခြင်းအခြေအနေသို့ လွယ်ကူစွာ ရောက်ရှိကာ ကျင့်ကြံမှုနှုန်းများ လျင်မြန်စွာ မြင့်တက်သွားနိုင်သည်။
ယေဘုယျအားဖြင့် အချို့သော မိသားစုများနှင့် ဂိုဏ်းများမှ အထက်လူကြီးများသာလျှင် ဤဆီများကို တစ်နှစ်ပတ်လုံး အသုံးပြုနိုင်ကြသည်။ ရတနာတစ်ထောင်ခန်းမ၏ ကြွယ်ဝချမ်းသာမှုသည် ချူးယွင်ဖန်းကိုပင် အံ့အားသင့်စေသည်။ ဝမ်ဆန်ချန်းသည် ချူးယွင်ဖန်းကို ထိုင်ခုံသို့ ဖိတ်ကာ အသေးစိတ်အချက်အလက်အချို့ ရှင်းပြပြီးနောက် ထွက်ခွာသွားသည်။ သူသည် လေလံတင်နေသော အခြားပစ္စည်းများကို သိပ်စိတ်မဝင်စားသော်လည်း မကြာမီတွင် သူ စိတ်ဝင်စားနေသည့် ခရမ်းရောင်မြက်နု ထွက်ပေါ်လာသည်။
"အားလုံးပဲ၊ အခုအချိန်ကစပြီး ရှားပါးလှတဲ့ ခရမ်းရောင်မြက်နုငါးပင်ကို လေလံတင်မှာ ဖြစ်ပါတယ်" လေလံခေါ်သူက ကြေညာလိုက်သည်။
"ခရမ်းရောင်မြက်နုတွေဟာ ဓာတ်သဘာဝ မျှတပြီး နူးညံ့ပါတယ်။ ဆေးဖက်ဝင်အပင်များစွာရဲ့ ဆေးစွမ်းသတ္တိတွေကို ပေါင်းစပ်ပေးနိုင်စွမ်းရှိပြီး၊ ဆေးတော်တော်များများ ဖော်စပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ အထောက်အကူပြုဆေးပင်မျိုးဆိုပေမယ့် ဆေးပင်က အလွန်ရှားပါးတဲ့ ပစ္စည်းပါ။ ဒီနေ့တော့ ရတနာတစ်ထောင်ခန်းမကနေ ခရမ်းရောင်မြက်နုငါးပင်ကို လေလံတင်သွားမှာပါ"
***