ကြီးမြတ်သောတရှရှိ ကျင့်ကြံသူများကြားတွင် ရှေးယခင်ကတည်းက တည်ရှိခဲ့သော စကားပုံတစ်ခု ရှိလေသည်။ ဤသည်မှာ စကြဝဠာအဆင့်သို့ မရောက်ရှိသေးသူများသည် ပုရွက်ဆိတ်များသာ ဖြစ်ကြသည်ဟူသော စကားပုံဖြစ်သည်။ သို့သော် အချို့သည် အနည်းငယ် ပိုသန်မာသော ပုရွက်ဆိတ်များဖြစ်ကြ၍ အချို့သည် သာမန် ပုရွက်ဆိတ်များသာဖြစ်သည်။ စကြဝဠာအဆင့်သို့ တက်လှမ်းထားသူတစ်ဦးအနေဖြင့် ကုန်းစွန်းလျန်သည် လူသိများသူတစ်ဦးဖြစ်သည်။ သို့သော် သူနှင့် ရင်ဆိုင်တိုက်ခိုက်နေသူကို မည်သူမျှ မသိကြပေ။ ကုန်းစွန်းလျန်နှင့် ဤအဆင့်အထိ ယှဉ်ပြိုင်နိုင်ခြင်းသည် အလွန်တုန်လှုပ်ဖွယ် ကောင်းပေသည်။
"အဲဒီလူ ဘယ်ကလာမှန်း ကျုပ် မသိပေမယ့် ဒီနေ့တိုက်ပွဲတစ်ခုတည်းနဲ့တင် သူကတော့ ဟိုးလေးတကျော်ကျော် ဖြစ်သွားတော့မှာပဲ"
"ဟို... ဟိုလူက ဒြပ်မဲ့အဆင့်မှာပဲ ရှိသေးတာ" လူတစ်ယောက်က အော်ဟစ်လိုက်သည်။ ကုန်းစွန်းလျန်နှင့် တိုက်ခိုက်နေသူသည် ဒြပ်မဲ့အဆင့် ကျင့်ကြံသူသာဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ ထိတ်လန့်တုန်လှုပ်သွားသည်။
ချူးယွင်ဖန်း၏ အရှိန်အဝါသည် အလွန် ပြင်းထန်၍ ကြောက်မက်ဖွယ်ကောင်းလှသည်။ သို့သော် ဒြပ်မဲ့အဆင့်ဟူသည် စကြဝဠာအဆင့်သို့ မဝင်ရောက်သေးသူဖြစ်သည့်အတွက် ၎င်းတို့ကြားတွင် ကြီးမားသော ခြားနားချက်များ တည်ရှိနေဆဲဖြစ်သည်။ လူအုပ်ထဲရှိ ကျင့်ကြံသူများအနက် စကြဝဠာအဆင့်သို့ ရောက်ရှိသူ မပါဝင်သော်လည်း ၎င်းသည် စစ်မှန်သော စကြဝဠာအဆင့်ကို မြင်တွေ့ဖူးကြသည်။ ၎င်းတို့ ကိုယ်တိုင် ထိုအဆင့်သို့ မရောက်ရှိသေးသော်လည်း စကြဝဠာအဆင့်၏ စွမ်းအင်ကို ကောင်းစွာ သိရှိကြသည်။
ဤအချက်ကြောင့် လူအများအပြားကို မူးမေ့လုနီပါး ခံစားရစေသည်။ ၎င်းတို့ အရှေ့ရှိ မြင်ကွင်းသည် ပုံရိပ်ယောင်တစ်ခုသာဖြစ်ပေလိ်မ့်မည်။ အကယ်၍ ချူးယွင်ဖန်းသည်လည်း စကြဝဠာအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပါက ၎င်းတို့ ဤမျှပြင်းပြင်းထန်ထန် ခံစားနေရမည် မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းသည် ဒြပ်မဲ့အဆင့် ကျင့်ကြံသူသာဖြစ်သည်။ ဒြပ်မဲ့အဆင့် ကျင့်ကြံသူတစ်ဦးသည် စကြဝဠာအဆင့်ကို ယှဉ်ပြိုင်ခြင်းဟူသည် စိတ်ကူးယဉ် အိမ်မက်တစ်ခုသာဖြစ်ပေမည်။
သို့သော် ချူးယွင်ဖန်းက ထိုသို့သော ရယ်ဖွယ်ရာကောင်းသည့် အကြောင်းအရာကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ အကယ်၍ ၎င်းတို့ မျက်စိဖြင့် တပ်အပ်မမြင်တွေ့ခဲ့ရပါက ဤမျှ ရယ်စဖွယ်ရာကောင်းသော အကြောင်းအရာကို ယုံကြည်ကြမည် မဟုတ်ပေ။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်လဲ။ ဒီလူက ဘယ်ကရောက်လာတာလဲ။ ဒြပ်မဲ့အဆင့်က စကြဝဠာအဆင့်နဲ့ တိုက်ခိုက်နေတာလား။ သူက ကောလာဟလတွေထဲက ဘုရင်အဆင့် ပါရမီရှင်များဖြစ်နေမလား" တစ်စုံတစ်ယောက်က တုန်ရီသောအသံဖြင့် ပြောလိုက်သည်။
ဤလောကတွင် ရေတွက်၍မရနိုင်သော ပါရမီရှင်များရှိသော်လည်း ထိုပါရမီရှင်များအကြားတွင်ပင် အဆင့်အတန်းများစွာ ခွဲခြားထားသည်။ ၎င်းအနက် မြို့ဝန်ဘွဲ့ အပ်နှင်းခံရမည့်သူများသည် နောင်တစ်ချိန်တွင် ကြီးမြတ်သောတရှ၏ အရေးပါသော ပုဂ္ဂိုလ်များဖြစ်လာကြမည်ဖြစ်၍ ၎င်းတို့သည် အလွန် ပါရမီထူးသူများဖြစ်သည်။ ၎င်းတို့သည် လီရှန်ယွမ်ကဲ့သို့ လူတစ်သိန်းတွင် တစ်ယောက်သာ ပေါ်ထွန်းနိုင်သည်။ ဂိုဏ်းကြီးဆယ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်များပင် ဤအဆင့်တွင်သာ တည်ရှိကြသည်။
သို့သော် ၎င်းအဆင့်၏ အထက်တွင်မူ ဘုရင်အဆင့် ပါရမီရှင်များရှိကြသည်။ ထိုသို့သော ပုဂ္ဂိုလ်သည် အနာဂတ်တွင် ဘုရင်တစ်ပါးပင် ဖြစ်လာနိုင်သည်။ ကြီးမြတ်သောတရှ၏ နှစ်ပေါင်းများစွာသော သမိုင်းတစ်လျှောက်တွင် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး အနည်းငယ်သာ ပေါ်ထွန်းခဲ့သည်။ ၎င်းတို့ တစ်ဦးချင်းစီသည် ခေတ်သစ်တစ်ခု ရောက်ရှိလာခြင်းကို ကိုယ်စားပြုကြသည်။
ပို၍ မြင့်မားသော ဧကရာဇ်အဆင့် ပါရမီရှင်ဟူသည် ရှေးဟောင်းကာလများတွင်သာ တည်ရှိခဲ့ဖူးသည်။ အနည်းဆုံးလျှင် ယခုအချိန်အထိ မည်သူမျှ မကြားဖူးကြချေ။ ထို့ကြောင့် ဘုရင်အဆင့် ပါရမီရှင်ဟူသည် လောကတွင် အထူးချွန်ဆုံး ပါရမီရှင်အဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။ ထိုအသံကြောင့် လူအများအပြား သတိဝင်လာ၍ ခေတ္တငြိမ်သက်သွားကြသည်။ အကယ်၍ ထိုအကြောင်းအရာသာ မှန်ကန်ပါက ဤလူငယ်သည် အမှန်တကယ် ထူးခြားလှပေသည်။ လူအများအပြား ချက်ချင်းပင် ပုံတူများ ရေးဆွဲ၍ ချူးယွင်ဖန်းနှင့် ကုန်းစွန်းလျန်တို့၏ တိုက်ခိုက်နေသည့် ပုံရိပ်များကို မှတ်တမ်းတင်လိုက်ကြသည်။ ၎င်းတို့သည် ဤသတင်းကို အမြန်ဖြန့်ဝေ၍ မိမိတို့၏ အဖွဲ့အစည်း အသီးသီးဆီ ချူးယွင်ဖန်းနှင့် ပတ်သက်သမျှ အရာအားလုံးကို စုံစမ်းခိုင်းလိုက်ကြသည်။
ထိုအချိန်တွင် ရတနာတစ်ထောင်ခန်းမ ဌာနခွဲ၌ ဝမ်ဆန်ချန်းနှင့် အဘိုးကြီးလီတို့ လက်များ နောက်ပစ်လျက် အဝေးတွင် ပြင်းထန်စွာ တိုက်ခိုက်နေကြသော ချူးယွင်ဖန်းနှင့် ကုန်းစွန်းလျန်တို့ကို ကြည့်နေကြသည်။
"ကုန်းစွန်းလျန်က သံမဏိလှံဂိုဏ်းက ပြုစုပျိုးထောင်ပေးထားတဲ့ အနှိုင်းမဲ့ ပါရမီရှင်ဆိုတာ တကယ်ပဲကို။ သံမဏိလှံဂိုဏ်းရဲ့ အင်အားက ကျုပ်တို့အဖွဲ့အစည်းနဲ့ မယှဉ်နိုင်ပေမယ့် သူတို့လည်း ထိပ်တန်း အင်အားစုတစ်ခုပဲ" အဘိုးကြီးလီက ခေါင်းညိတ်လိုက်သည်။
"တကယ် တုန်လှုပ်စရာကောင်းတာက ချူးယွင်ဖန်းပဲ။ ခင်ဗျား ရွေးချယ်ထားတဲ့လူဆိုတော့ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ချူးယွင်ဖန်းက သူ့ရဲ့ ဒြပ်မဲ့အဆင့် ကျင့်စဥ်နဲ့ ကုန်းစွန်းလျန်ကို ဒီလောက်တောင် ယှဉ်ပြိုင်တိုက်နိုင်တယ်"
သို့သော် အဘိုးကြီးလီက မျက်မှောင်ကြုတ်ကာ ဆက်ပြောလိုက်သည်။
"ဒါပေမယ့် ဒီနည်းလမ်းတစ်ခုတည်းနဲ့ဆိုရင်တော့ ချူးယွင်ဖန်း ရှုံးနိမ့်သွားဖို့ များတယ်။ ကုန်းစွန်းလျန်ရဲ့ လက်ချက်နဲ့ အသေရိုက်ခံရတာတောင် ဖြစ်နိုင်တယ်။ သူ မနည်း တောင့်ခံထားပုံပဲ။ ဒြပ်မဲ့အဆင့်နဲ့ စကြဝဠာအဆင့်ဆိုတာ ကောင်းကင်နဲ့ မြေကြီးလို ခြားနားနေတာ"
"ဟုတ်တယ်၊ တိုက်ပွဲကြာရှည်လာရင် ချူးယွင်ဖန်းအတွက် မကောင်းဘူး။ ဒါပေမယ့် ဒါက ချူးယွင်ဖန်း ထွက်ပေါက်မရှိဘူးလို့ မဆိုလိုဘူး" ဝမ်ဆန်ချန်းက ပြောလိုက်သည်။
"ချူးယွင်ဖန်းက တော်တော်လေး လျှို့ဝှက်ချက် များတဲ့လူ။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း သူ့အကြောင်း အသေးစိတ် အချက်အလက်တွေကို ကျုပ် စုဆောင်းထားပြီးပြီ။ ခိုင်လုံတဲ့ သတင်းတွေအရ သူက လီရှန်ယွမ်ကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်။ ပြီးတော့ တိုက်စစ်ရော ခံစစ်ရော သုံးလို့ရတဲ့ ဆေးမီးဖိုတစ်ခုလည်း သူ့မှာ ရှိသေးတယ်။ ဒါပေမယ့် အခုထိ ဒါတွေကို ထုတ်မသုံးသေးဘူး။ ကျုပ်အထင်တော့ ချူးယွင်ဖန်းက သူ့ခွန်အားကို အကုန် မထုတ်သေးတာပဲဖြစ်မယ်။ သူ တစ်ခုခုကို စောင့်နေပုံရတယ်။ ကျုပ်အမြင်တော့ ရလဒ်က မသေချာသေးပါဘူး"
ဝမ်ဆန်ချန်းသည် ကောင်းကင်ယံတွင် တိုက်ခိုက်နေသော ချူးယွင်ဖန်းကို မျှော်လင့်ချက်များ လင်းလက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ ချူးယွင်ဖန်းသည် ဤအခြေအနေကို ပြောင်းလဲပစ်ရန် မည်သို့သော နည်းလမ်းများ အသုံးပြုမည်ကို သူ သိချင်နေမိသည်။ လူတိုင်း ဆွေးနွေးနေကြစဉ် ချူးယွင်ဖန်းနှင့် ကုန်းစွန်းလျန်တို့၏ တိုက်ပွဲသည် အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိလာသည်။ ချူးယွင်ဖန်း ကုန်းစွန်းလျန်၏ ဖိအားပေးမှုကြောင့် အကျပ်အတည်း ဆိုက်နေဟန်ဖြင့် ဆက်တိုက် ဆုတ်ခွာနေရသည်။
"မင်း ကန့်သတ်ချကို ရောက်သွားပြီပဲ၊ ဒါပေမယ့် ကျုပ်ဘက်က ဘာမှ မလုပ်ရသေးဘူး။ ချူးယွင်ဖန်း ဒီနေ့က မင်း သေရမယ့်နေ့ပဲ"
ကုန်းစွန်းလျန်သည် တိုက်ခိုက်လေ ပို၍ စိတ်လှုပ်ရှားလာသည်။ ဒြပ်မဲ့အဆင့် ကျင့်ကြံသူဖြစ်နှင့် ချူးယွင်ဖန်းကို ဖိနှိပ်တိုက်ခိုက်ရာမှ ထွက်ပေါ်လာသည့် စိတ်ပျက်အားငယ်မှုများ နောက်ဆုံးတွင် လွင့်စင်သွားသည်။ ချူးယွင်ဖန်းတွင် မည်သည့် လှည့်ကွက်များရှိနေပါစေ စစ်မှန်သော ခွန်အားအရှေ့တွင် အရာအားလုံး အသုံးမဝင်ချေ။ ဤသို့တွေးမိသောအခါ ကုန်းစွန်းလျန်၏ စိတ်အမောများ ပြေပျောက်သွားသည်။
"ဒါက နောက်ဆုံး တိုက်ခိုက်မှုပဲ။ ကျုပ် မင်းရဲ့ အသက်ကို နှုတ်ယူပစ်မယ်" ကုန်းစွန်းလျန် အော်ဟစ်လိုက်သည်။ သူ၏ လက်ထဲရှိ ငွေရောင်လှံသည် သွေးဆာနေသော ငွေနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ချူးယွင်ဖန်းဆီ ခုန်အုပ်လာသည်။ ချူးယွင်ဖန်း၏ သွေးများ နေရာအနှံ့ လွင့်စင်သွားမည့် မြင်ကွင်းမျိုး မဖြစ်ပေါ်လာခဲ့ပေ။ ယင်းအစား ချူးယွင်ဖန်း၏ ဦးခေါင်းအထက်တွင် ဆေးမီးဖိုတစ်ခု ပေါ်ပေါက်လာသည်။ ဆေးမီးဖိုသည် လျင်မြန်စွာ လည်ပတ်၍ အသက်အန္တရာယ်ရှိသော လှံချက်ကို ပိတ်ဆို့လိုက်သည်။
"တော်လောက်ပြီ။ ခင်ဗျားက စကြဝဠာအဆင့်မှာ ရှိနေရင်တောင် ဒီလောက်ပါပဲ။ ကျုပ် ခင်ဗျားကို ဘယ်လိုသတ်မလဲဆိုတာ ကြည့်ထားလိုက်"
ချူးယွင်ဖန်း၏ မျက်နှာတွင် ယခင်ကဲ့သို့ ပျာယာခတ်သော အမူအရာများမရှိတော့ဘဲ ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် အစောပိုင်းတွင် ကုန်းစွန်းလျန်ကို လှည့်စားနေခြင်းသာဖြစ်သည်။ ယခင်က စိတ်ဓာတ်ကျနေသည့် အမူအရာများ အဘယ်သို့ ပျောက်ကွယ်သွားသနည်း။
နောက်တစ်ခဏတွင် ချူးယွင်ဖန်း၏ လက်ထဲ၌ နတ်ဖြတ်ဓား ပေါ်ပေါက်လာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်တိုင်းမှ ရွှေရောင် အမွေးအမျှင်များ ထူထပ်စွာ ထွက်ပေါ်လာသည်။ ထိုမှတစ်ဆင့် ချူးယွင်ဖန်းသည် ရွှေရောင် လူသားပုံသဏ္ဌာန်ရှိသည် ဟော့တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
"သေစမ်း"
ကုန်းစွန်းလျန်သည် ထိုအချိန်တွင် အန္တရာယ်ကို သတိပြုမိသွားသည်။ သို့သော် ဓားအလင်းတန်းသည် သူ့ထံ ခုတ်ပိုင်းချလာသည်။ သူ၏ တောက်ပသော ငွေရောင်လှံကို ပစ်လွှတ်လိုက်သဖြင့် ထိုတိုက်ခိုက်မှုကို ပြန်လည် မခုခံနိုင်တော့ပေ။ လှံသည် ချူးယွင်ဖန်း၏ ဓားချက်ဖြင့် ခုတ်ဖြတ်ခံလိုက်ရသည်။ ပြီးနောက် ကုန်းစွန်းလျန်သည်လည်း သွေးများ အန်ထွက်၍ ချက်ချင်းပင် လွင့်ထွက်သွားသည်။
***