မိန်းမပျိုလေးတစ်ဦးသည် အလွန်တရာ စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ရောက်ရှိလာခဲ့သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် ယဲ့တျန်ရီမှာလည်း စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူဇဝေဇဝါ ဖြစ်သွားခဲ့သည်။ တကယ်လို့ ပြဿနာ တစ်ခုခု ရှိတယ်ဆိုရင်၊ အကြီးအကဲတွေ ဒါမှမဟုတ် ဂိုဏ်းခေါင်းဆောင်ဆီကို မသွားဘဲ၊ ဘာလို့ လုချန်ရှန်းဆီ လာနေရတာလဲဟ
သို့ရာတွင် လုချန်ရှန်းကမူ အေးအေးဆေးဆေးဖြစ်နေခဲ့ပြီး၊ မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည် “ ဘာကြီး၊ ပြဿနာ ထပ်ပေါ်လာပြန်ပြီလား။ သူက ငါ့ကို နားခွင့် မပေးတော့ဘူးလား “
“ ??? “ ယဲ့တျန်ရီ အံ့ဩမှင်သက်သွားခဲ့သည်။
အခြေအနေကို ရှင်းပြခဲ့ပြီးသည့်နောက်တွင်၊ အဆိုပါ မိန်းမပျိုလေးသည် ရွှန်းလဲ့တောက်ပနေသော မျက်လုံးများဖြင့် လုချန်ရှန်းကို တိတ်တဆိတ် ကြည့်ရှုနေခဲ့သည်။
အဆိုပါ မိန်းမပျိုလေး၏ အမည်မှာ လော့ရှန်လင်းဖြစ်ပြီး၊ သူမသည် ဂိုဏ်းခေါင်းဆောင်၏ သမီးလည်းဖြစ်သည်။ သူမသည် လုချန်ရှန်းနှင့် အချိန်ဖြုန်းရန်အတွက် ဤနေရာသို့ မကြာခဏ လာလေ့ရှိသည်။
လုချန်ရှန်းမှာလည်း သူမ၏ အကြည့်ကို မြင်တွေ့သွားကာ၊ ကူရာကယ်မဲ့ရာစွာဖြင့် စကားပြန်ပြောလိုက်သည် “ ဂျူနီယာ ညီမလေး၊ စီနီယာအစ်ကိုဆီမှာ ပြဿနာရှိနေတယ်လို့ ပြောခဲ့တယ်မလား “
“ ဟုတ် “
“ ဒါဆိုရင်လည်း၊ သူ့ကို မြန်မြန်လာခိုင်းလိုက်လေ “
“ သူက လမ်းမှာရောက်နေပြီ၊ ကျွန်မက အရင်ဦးဆုံး လာပြောပြတာ “
“ အို့၊ ငါသိပြီ “
လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူ့ထံတွင် ဤဂျူနီယာညီမလေးကို ကိုင်တွယ်နိုင်မည့် မည်သည့်နည်းလမ်းမှ ရှိမနေခဲ့ပေ။
သူမက ဂိုဏ်းခေါင်းဆောင်၏ သမီးဖြစ်နေသောကြောင့်၊ သူမ၏ ဤနေရာသို့ မကြာခဏ လာရောက်လည်ပတ်ခြင်းမှာ လူတော်တော်များများ၏ အာရုံများကို ဆွဲဆောင်နေခဲ့ပြီး၊ သိုသိုသိပ်သိပ် နေချင်သည့် သူ၏သဘောထားနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေခဲ့သည်။
နာမည်ဆိုးထွက်သည်က သူ့အတွက် မထူးဆန်းလှပေ၊ အများဆုံးအနေဖြင့် လူများသည် သူ့အား ဘာမှမဟုတ်တဲ့လူ(သို့) အမှိုက်စသည်ဖြင့် သမုတ်လာကြမည်သာ ဖြစ်သည်။
သူကသာ မကောင်းမှု မကျူးလွန်သေးသရွေ့၊ မည်သူကမှ သူ့ကို အာရုံစိုက်ကြမည် မဟုတ်ပေ။
သို့သော် သူကသာ ဂိုဏ်းခေါင်းဆောင်၏ သမီးဖြစ်သူနှင့် ပတ်သတ်မိမည်ဆိုပါက၊ အခြေအနေမှာ ကွဲပြားသွားမည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် ကူရာကယ်ရာမဲ့နေသကဲ့သို့ ခံစားသွားရတော့သည်။
တစ်ခဏအကြာတွင် တပည့်အများအပြားသည် ပုံရိပ်တစ်ခုကို တွဲကာ သူ့ဆီသို့ လျှောက်လှမ်းလာခဲ့သည်။
အကူအညီပေးခံနေရသည့် လူသည် ချင်းယွင်တောင်ထွဋ်၏ စီနီယာအစ်ကိုဖြစ်သူ ကျိုးချင်ယုပင် ဖြစ်သည်။
သူသည် အရပ်ရှည်ကာ၊ ချောမောနေခဲ့ပြီး၊ အကူအညီ ယူနေရသည့် အချိန်မှာပင် ခမ်းနားထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။
“ စီနီယာအစ်ကို “
ယဲ့တျန်ရီသည် စိုးရိမ်ပူပန်နေသော အမူအရာဖြင့် အလောတကြီး ရှေ့တက်သွားကာ၊ သူ့ကို စစ်ဆေးကြည့်ရှုရန် လက်လှမ်းလိုက်သည်။
သို့ရာတွင် ကျိုးချင်ယုသည် သူ့ကို တွန်းဖယ်ကာ လုချန်ရှန်းဆီသို့သာ တန်းတန်းမတ်မတ် ရောက်ရှိလာခဲ့သည်။
“ ဂျူနီယာညီလေး၊ ငါ့ဆီမှာ ပြဿနာတစ်ခု ထပ်ဖြစ်နေပြန်ပြီ “
“ စိတ်မပူပါနဲ့ “
လုချန်ရှန်းသည် အေးအေးလူလူ ပြန်ပြောလိုက်ကာ၊ ကျိုးချင်ယုကို သူ၏အိမ်အတွင်းသို့ ခေါ်သွားတော့သည်၊ ယဲ့တျန်ရီကမူ နေရာမှာပင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။
“ အဲ့တာက ဘာကိုဆိုလိုတာလဲဟ “ သူသည် လော့ရှန်လင်းကို ကြည့်ကာ မေးမြန်းလိုက်သည်။
လော့ရှန်လင်းမှ ပြောပြလာခဲ့သည် “ စီနီယာအစ်ကို ချန်ရှန်းက သူ့ရဲ့ ပြဿနာကို အဖြေရှာပေးပြီးတော့၊ ကုခွင့်ပေးလိုက်ပါ “
“ သူကလား။ ပြဿနာကို အဖြေရှာတာလား။ ကုသတာလား “ ယဲ့တျန်ရီသည် နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားခဲ့သည် “ အဲ့တာကြီးက ရယ်စရာမကောင်းဘူးလား။ စီနီယာအစ်ကိုက ရူးသွားပြီနဲ့တူတယ် “
ထိုစကားကို ပြောကာ၊ သူသည် အိမ်အတွင်းသို့ ပြေးဝင်သွားရန် ပြင်လိုက်သည်။ မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို သူမသိသော်လည်း၊ အဆိုပါ ဂျူနီယာညီငယ် အကြောင်းတွေးမိသွားသောအခါတွင် သူသည် သူက မယုံကြည်ရဘူးဟုသာ ခံစားနေခဲ့ရသည်။
သို့ရာတွင် လော့ရှန်လင်းသည် မကျေမနပ်ဖြစ်သွားသော လေသံမျိုးဖြင့် ပြန်ပြောလာခဲ့သည် “ စီနီယာအစ်ကို ချန်ရှန်းက အကြိမ်တိုင်းကိုင်တွယ်နိုင်ခဲ့တာချည်းပဲ၊ ပြဿနာဖြစ်လာတာကို တစ်ခါမှ မတွေ့ဖူးပါဘူး “
“ အကြိမ်တိုင်းဆိုတဲ့ စကားက ဘာကိုဆိုလိုတာလဲ “
ယဲ့တျန်ရီ အတွေးနက်သွားခဲ့သည်၊ ငါက ငါ့ရဲ့ ဂျူနီယာ ညီလေးကို တကယ်ကြီး အထင်လွဲနေတာများလား
အလုပ်မလုပ်ဘဲ ပျင်းရိနေတတ်တဲ့ ငါ့ရဲ့ ဂျူနီယာ ညီလေးက ဆေးပညာမှာ တော်တော်ကြီးကို ထူးချွန်နေတာများလား
သူတွေးတောစဥ်းစားနေသည့် အချိန်မှာပင်၊ လုချန်ရှန်းသည် အိမ်ထဲမှ ထွက်လာခဲ့ပြီး၊ အဝေးသို့ ကြည့်ကာ သက်ပြင်းချနေတော့သည်။
“ ဟူးး၊ ငါ့ကို အမြဲစိတ်ပူရအောင်လုပ်တယ်။ ကျင့်ကြံရေးကို အလျင်စလို လုပ်စရာလိုလို့လား။ တကယ်လို့ ငါသာ မရှိဘူးဆိုရင်၊ ဒီတောင်ထွဋ်က အနှေးနဲ့အမြန်ဆိုသလို ကျဆုံးသွားရမှာပဲ “
သူသည် တစ်ခြားအခန်းတစ်ခုဆီသို့ လျှောက်လှမ်းနေရင်းဖြင့် ရေရွတ်ပြောဆိုနေခဲ့သည်။
ယဲ့တျန်ရီမှ အလောတကြီး လှမ်းကြည့်လိုက်ရာ၊ ကျိုးချင်ယုက အိပ်ရာပေါ်တွင် ထိုင်နေလျက်ရှိပြီး၊ ယခင်က ဖြူဖျော့နေခဲ့သည့် သူ၏ အသားအရည်ကလည်း အနည်းငယ် စိုပြေလာသည်ကို မြင်တွေ့သွားခဲ့သည်။
“ စီနီယာအစ်ကို၊ ဘာတွေ ဖြစ်သွားတာလဲဗျ “
“ ဘာမှမဟုတ်ပါဘူး။ ငါက ဓားရည်ရွယ်ချက်ကို ကျင့်ကြံနေတုန်း ကိုယ့်ကိုကိုယ် ဒဏ်ရာရသွားအောင် လုပ်မိသွားတာလေ၊ အဲ့တာကြောင့် ဂျူနီယာညီလေးကို ကြည့်ခိုင်းလိုက်တာ။ သူပြောတာတွေကို လိုက်လုပ်လိုက်တော့ ပြန်ကောင်းလုနီးပါး ဖြစ်နေပြီလေ “
ယဲ့တျန်ရီ အံ့ဩသွားခဲ့သည် “ သူက ဓားတာအိုကို နားလည်တာလား “
မနေ့ကကျတော့ စီနီယာအစ်မရဲ့ အစီအရင်ကို ကူညီပေးတယ်၊ အခုတော့ စီနီယာအစ်ကို့ကို ဓားတာအိုနဲ့ ပတ်သက်ပြီးတော့ အကြံပေးနေတယ်ပေါ့၊ သူက အဲ့တာတွေကို တကယ်ကြီး သိနေတာလားဟ
ကျိုးချင်ယုသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ စကားထပ်ပြောလာခဲ့သည် “ အများကြီး မဟုတ်ပင်မဲ့ သူက တစ်ချို့အရာလေးတွေကိုတော့ နားလည်ထားတယ်လေ “
“ အဲ့လိုဆိုရင်တောင်မှ သူ့ကို ကုသခွင့်ပေးရဲတယ်ပေါ့ “
“ သူက အများကြီး နားမလည်ပင်မဲ့၊ ဂန္တဝင်စာပေတော်တော်များများကို ဖတ်ခဲ့ဖူးတယ်လေ။ ပြဿနာတစ်ခုခု ပေါ်လာတဲ့အချိန်တိုင်းမှာ သူက အဖြေကို စာအုပ်တွေထဲမှာ အမြဲလိုလို ရှာနိုင်ခဲ့တယ် “
ယဲ့တျန်ရီသည် အနည်းငယ် မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။
တစ်ခဏအကြာတွင် လုချန်ရှန်းသည် စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ကာ ရောက်ရှိလာခဲ့သည်။
“ စီနီယာအစ်ကို၊ မင်းကြုံနေရတဲ့ ပြဿနာနဲ့ဆင်တူတဲ့ ဟာကို ငါဒီစာအုပ်ထဲမှာ တွေ့ခဲ့တယ် “
ကျိုးချင်ယု မလှုပ်ရသေးသည့်အချိန်မှာပင်၊ ယဲ့တျန်ရီသည် ၎င်းကို ယူကာ ဂရုတစိုက် စူးစမ်းလေ့လာနေတော့သည်၊ ထို့နောက်တွင် သူသည် မည်သည့်ပြဿနာမှ မရှိဘူးဆိုသည်ကိုသာ မြင်တွေ့လိုက်ရသည်။
“ အဲ့တာက ဒီစာအုပ်ထဲမှာ ရှိနေတယ်ဆိုတာကို မင်းဘယ်လိုသိတာလဲ “ ဟုယဲ့တျန်ရီမှ မေးမြန်းလိုက်သည်။
လုချန်ရှန်းမှ ပြန်ဖြေလာခဲ့သည် “ ဘာမှ လုပ်စရာမရှိတဲ့ အချိန်တွေမှာ စာဖတ်တယ်။ အခါအခွင့်သင့်လို့ အဲ့တာကို တွေ့ခဲ့တာပါဗျာ။ စီနီယာအစ်ကိုက အဲ့အကြောင်းကို ပြောလာခဲ့တော့ မှတ်မိသွားတာလေ “
ကျိုးချင်ယုကမူ စကားမပြောဘဲ၊ စာအုပ်ကို ယူလိုက်ကာ၊ လှန်လျောကြည့်ရှုရင်းဖြင့် ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားခဲ့သည်။ ကျိုးကြောင်းဆီလျော်ကာ၊ သူ့ပြဿနာအတွက် ပြီးပြည့်စုံသော အဖြေကို ရှာတွေ့ပြီဟု ခံစားသွားခဲ့ရသည်။
သို့ရာ၌ ထပ်မံ၍ ကြည့်ရှုလိုက်သောအခါတွင် ဗလာဖြစ်နေသော စာမျက်နှာများကိုသာ မြင်တွေ့သွားခဲ့သည်။
“ ကျန်တဲ့ဟာတွေကရော “
“ မသိဘူးလေ၊ အဲ့တာကို ရှာတွေ့ခဲ့တဲ့အချိန်တုန်းက၊ အဲ့စာမျက်နှာ နည်းနည်းလေးပဲ ရှိနေတာ “ ဟု လုချန်ရှန်းမှ ပြန်ပြောလိုက်သည်။
ထိုအချိန်၌ ယဲ့တျန်ရီသည် သူ၏လက်ချောင်းများက မှင်များနှင့် ပေကျံနေသကဲ့သို့ မည်းနက်နေသည်ကို သတိပြုမိသွားသည်။
“ အဲ့တာက ….. “
“ ရာသီဥတုက စိုထိုင်းလာတော့ မှင်တွေ ပေနေတာ နေမှာပါဗျာ “ ဟုလုချန်ရှန်းမှ ရှင်းပြလာခဲ့သည်။
တစ်ခြားလူများကမူ ထိုအတိုင်းသာ ယုံကြည်သွားကြသည်၊ ယဲ့တျန်ရီတစ်ဦးတည်းကသာလျှင် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေခဲ့ရသည်။
မကြာခင်မှာပင် သူတို့၏ အာရုံများမှာ ကျိုးချင်ယုအပေါ်သို့ ရောက်ရှိသွားခဲ့သည်။
ချင်းယွင်တောင်ထွဋ်၏ စီနီယာတစ်ဦးဖြစ်သည့်အလျောက် သူသည် အလွန်တရာ ထူးခြားသော စွမ်းရည်များကို ပိုင်ဆိုင်ထားခဲ့သည်။ အသက်သုံးဆယ်မပြည့်ခင် အချိန်မှာပင်၊ သူသည် ချီစုစည်းခြင်း အဆင့်သို့ ရောက်ရှိနေပြီး၊ အူတိုင်ဖွဲ့စည်းခြင်းနှင့် သိပ်မဝေးတော့ပေ။
ဂိုဏ်းမှာလည်း သူ့ကို အလွန်တရာ တန်ဖိုးထားနေခဲ့သည်။
ထို့အပြင် သူသည် ဓားတာအိုကို နားလည်တတ်ကျွမ်းထားပြီး၊ ဓားရည်ရွယ်ချက်၏ အဆင့်၆သို့ ရောက်ရှိနေခဲ့ကာ၊ ရာစုနှစ်တစ်ခုတွင် မြင်တွေ့ရခဲသည့် ဓားတာအို ပါရမီရှင်ဆိုသည့် ဂုဏ်သတင်းကိုပင် ရယူထားနိုင်ခဲ့သည်။
သူသည် မိုးပြာတိမ်တိုက်၏ ဓားသမားလေးအဖြစ်ပင် ကျော်ကြားနေခဲ့သည်။
ဓားတာအိုသည် ကျွမ်းကျင်တတ်မြောက်ရန် အလွန်တရာ ခက်ခဲပြီး၊ သာမန်ကျင့်ကြံသူများသည် စတင်လေ့ကျင့်ရန်ပင် အခက်တွေ့နေခဲ့ပြီး၊ လူတော်တော်များများသည် သူတို့၏ ဘဝသက်တမ်းတစ်လျှောက်လုံးတွင် အမြင့်ဆုံးအနေဖြင့် အဆင့်နှစ်အထိသာ ရောက်ရှိခဲ့ကြသည်။
အကယ်၍ လူတစ်ဦးက ဓားရည်ရွယ်ချက်၏ အဆင့်၉ကို နားလည်ထားမည်ဆိုပါက၊ ဒဏ္ဍာရီလာ ဓားနှလုံးသား သန့်စင်မှုကို ရရှိရန် လမ်းပွင့်သွားမည် ဖြစ်သည်။
၎င်းမှာ ဓားကျင့်ကြံသူတိုင်း၏ တစ်သက်တာ အိမ်မက်ဖြစ်သည်။
ယွဲ့ပြည်ထောင်တစ်ခုလုံးကပင် ထိုကဲ့သို့သော ပါရမီရှင်မျိုးကို မွေးမထုတ်ပေးနိုင်ခဲ့ပေ။
ကျိုးချင်ယုမှာလည်း ချွင်းချက်ဟုတ်မနေခဲ့ပေ၊ ကျင့်ကြံရေးအပြင် သူသည် ဓားနည်းစနစ်ကို နားလည်ရန်အတွက် မည်သို့မျှ အနားမယူဘဲ၊ ကြိုးစားအားထုတ်နေလေ့ရှိသည်။
နေ့ရောညပါ မနားမနေ ကြိုးစားနေသောကြောင့် တောင်ပေါ်တွင် တစ်ချိန်လုံးရှိနေသည့် လုချန်ရှန်းကပင် သူ့ကို တစ်လလျှင် နှစ်ကြိမ်ခန့်သာ မြင်တွေ့ရလေ့ရှိသည်။
ထို့အပြင် သူ့ကို ဆက်သွယ်လာသည့် အကြိမ်တိုင်းတွင်လည်း၊ သူဖတ်ခဲ့ဖူးသော စာအုပ်များထဲတွင် သူကြုံတွေ့နေရသည့် ပြဿနာများနှင့် တူညီသော ကိစ္စရပ်များ ရှိ၊ မရှိဆိုသည်ကို မေးမြန်းလေ့ရှိသောကြောင့် သူသည် နေရာမှာပင် အဖြေများကို လုပ်ကြံဖန်တီးခဲ့ရသည်။
မည်သည့်ပြဿနာမှ မရှိတော့ဘူးဆိုသည်ကို မြင်လိုက်ရသောအချိန်၌ လုချန်ရှန်းသည် အခန်းအတွင်းမှ ထွက်သွားရန် ပြင်လိုက်သည်။
ကျိုးချင်ယုမှ အလောတကြီး အော်ပြောလာခဲ့သည် “ ဂျူနီယာညီလေး “
“ ဘာလဲ “
“ နင့် မိသားစုရောက်လာပြီ၊ ကိစ္စတွေကို သွားပြီးတော့ ဖြေရှင်းလိုက်ပါဦး “
“ အိုကေလေ “ လုချန်ရှန်းသည် အေးအေးလူလူ ပြန်ပြောလိုက်ကာ၊ အခန်းအတွင်းမှ ထွက်သွားတော့သည်။
သို့ရာ၌ ကျိုးချင်ယု၏ လေးလေးနက်နက် ဖြစ်နေသော အမူအရာကို မြင်လိုက်ရသောအခါတွင်၊ သူသည် သူ၏ဦးခေါင်းကို ခါရမ်းနေတော့သည်။
“ ဓားတိုက်ခိုက်ရေးက လက်ပါတဲ့ လူတိုင်း လုပ်နိုင်တဲ့ အရာမဟုတ်ဘူးလား။ အဲ့လောက်တောင် ခက်ခဲနေတာလား “
သူသည် နားမလည်နိုင်ဖြစ်နေခဲ့သည်။
အနောက်တွင် ကျန်နေခဲ့သည့် ယဲ့တျန်ရီကမူ သူတို့၏ဂျူနီယာညီလေးကိစ္စအကြောင်းကို ကျိုးချင်ယုနှင့် ဆွေးနွေးပြောဆိုနေခဲ့သည်။
စာကောင်းကောင်းဖတ်ထားကာ၊ အမြင်ကျယ်နေမည်ဆိုလျှင်တောင် ကျင့်ကြံသူတစ်ဦး၏ ပင်မအလုပ်မှာ ကျင့်ကြံခြင်းသာလျှင် ဖြစ်သည်။ ကျင့်ကြံခြင်းသာ မရှိဘူးဆိုပါက၊ မည်ကဲ့သို့ လူအလေးစားခံရတော့မည်နည်း
လော့ရှန်လင်းကမူ လုချန်ရှန်း၏ အနောက်သို့ ပြေးလိုက်သွားခဲ့သည်။
“ စီနီယာအစ်ကို ချန်ရှန်း၊ ဘယ်ကို သွားမလို့လဲ။ ကျွန်မကို စောင့်ပါဦး “
လူများလိုက်မှီလာသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းမှ လျင်မြန်စွာ ပြန်ပြောလိုက်သည် “ ကိစ္စတစ်ခုခု ရှိလို့လား၊ ဂျူနီယာညီမလေးလော့ “
“ အဆင်ပြေပါတယ်၊ စကားနည်းနည်းလောက် ပြောချင်လို့ပါ “
စကားပြောဆိုနေရင်းဖြင့် လော့ရှန်လင်း၏ မျက်လုံးများထဲတွင် ရှက်ရွံ့မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ အို့၊ အချိန်ရမှ ပြောကြတာပေါ့ “
“ အခုကတော့ စီနီယာအစ်ကို ပြောထားလို့ ကန်းယွင်မြို့ကို သွားရဦးမယ် “
“ ဘာသွားလုပ်မှာလဲ “
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ လုပ်စရာတွေ အများကြီး ရှိတယ်လေ။ နင့်ယုရှင်းက ကန်းယွင်မြို့ကို ရောက်လာတယ်လေ။ သူမကို သွားတွေ့ရမယ် “
“ နင့်ယုရှင်းလား။ ကန်းပြည်နယ်က အချမ်းသာဆုံး သူဌေးကြီးရဲ့ သမီးလား “
“ ဟုတ်တယ် “
လော့ရှန်လင်း၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။
နင့်ယုရှင်းသည် ကန်းပြည်နယ်ရှိ အချမ်းသာဆုံး သူဌေးကြီး၏ သမီးဖြစ်ပြီး၊ သူ၏အဖေသည် ချင်းယွင်တောင်ထွဋ်၏ တောင်ထွဋ်သခင်နှင့် အလွန်ရင်းနှီးကာ၊ တပည့်တစ်ဦးနှင့် နင့်ယုရှင်းတို့ကြားတွင် လက်ထက်ပွဲတစ်ခု စီစဥ်ထားခဲ့သည်။
သူက ဒီကို ဘာလာလုပ်တာလဲ။ လက်ထက်ပွဲကိစ္စ ဆွေးနွေးမလို့လား
လော့ရှန်လင်းသည် အကြပ်အတည်းတစ်ခုကို ခံစားလိုက်ရပြီး၊ တစ်ဖက်လူက လုချန်ရှန်းအား သဘောကျသွားမည်ကို စိုးရိမ်ပူပန်သွားကာ၊ စကားထပ်ပြောလိုက်သည်။
“ မဟုတ်ဘူး၊ စီနီယာအစ်ကို ချန်ရှန်း၊ နင်သွားလို့မရဘူး ………. “
သူမ၏ စကားပြောဆိုမှု မပြီးဆုံးသေးခင် အချိန်မှာပင် လုချန်ရှန်းသည် မိုးပြာတိမ်တိုက်ဂိုဏ်း၏ အပြင်ဘက်သို့ ရောက်ရှိနေကာ၊ ကန်းယွင်မြို့ဆီသို့ ဦးတည်သွားနေခဲ့ပြီ ဖြစ်သည်။