မကြာခင်မှာပင် အကြီးအကဲတစ်ဦး ရောက်ရှိလာခဲ့သည်၊ သို့သော် သူသည် မည်သူ့ကို ရှာမတွေ့ခဲ့ပေ။
လုချန်ရှန်းသည် အဝေးမှ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ သူသည် နင့်မိသားစုမှ လူများက အသိပေးလာမည်ဆိုသည်ကို သိနေခဲ့သည်။
တစ်ခဏအကြာတွင် နင့်မိသားစုမှ လူများ လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး၊ ဖြစ်ပျက်ခဲ့သမျှကို ပြောပြလာခဲ့သည်။
ကန်းယွင်ဂိုဏ်း၏ အကြီးအကဲသည် ခေါင်းတငြိမ်ငြိမ့်ဖြစ်သွားခဲ့ကာ၊ မြို့ပြင်သို့ ဦးတည်သွားတော့သည်။
လုချန်ရှန်းသည် ထိုမြင်ကွင်းကို စောင့်ကြည့်နေခဲ့ပြီး၊ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။ ဤဖြစ်ရပ်မှာ အမှန်ပင် ရင်ဖိုဖွယ်ကောင်းနေခဲ့သည်။ ရွှမ်ထျန်းဂိုဏ်းမှ လူများသည် အလွန်တရာ ရက်စက်လွန်းနေခဲ့ပြီး၊ သူကပင် အသက်အန္တရာယ်ရှိလုနီးပါး ဖြစ်သွားခဲ့သည်။ ထိုအတွေးသည် သူ့အား ကြောက်လန့်တကြား ဖြစ်သွားစေခဲ့သည်။
ဂိုဏ်းသို့ပြန်ရန် စဥ်းစားနေသည့် အချိန်မှာပင် သူသည် ကန်းယွမ်မြို့တစ်မြို့လုံး ပိတ်ဆို့ခံထားရပြီး၊ မည်သူမှ ထွက်သွားခွင့်မရှိဘဲ၊ လူများက စစ်ဆေးမေးမြန်းခံနေရသည်ဆိုသည်ကို တွေ့ရှိလိုက်ရသည်။
မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန်အတွက်၊ သူသည် အရက်ဆိုင်တစ်ဆိုင်ကို ရှာဖွေကာ၊ တန်းအိပ်နေတော့သည်။
သူသည် လိုအပ်သမျှကို လုပ်ခဲ့ပြီးပြီဖြစ်သောကြောင့် မည်သည့်အရာကိုမှ စိုးရိမ်ပူပန်နေရန် မလိုတော့ပေ။
နောက်တစ်နေ့နံနက်ခင်း၌ သူသည် နေ့လည်ပိုင်းတွင် ဖြည်းဖြည်းချင်း နိုးထလာခဲ့သည်။
ဂိုဏ်းမှာလည်း စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီးပြီဖြစ်သည်၊ သူသည် ချင်းယွင်တောင်ထွဋ်ဆီသို့ အေးအေးလူလူ လမ်းလျှောက်သွားနေခဲ့သည်။
လမ်းတစ်လျှောက်တွင် သူသည် တွေ့သမျှ လူတိုင်းကို လိုက်နှုတ်ဆက်နေခဲ့ပြီး၊ တောင်ထွဋ်ဆီသို့ တိုက်ရိုက်မပြန်သွားဘဲ၊ အတွင်းဂိုဏ်းတပည့်များ စုဝေးရာ နေရာဆီသို့ ဦးတည်နေခဲ့သည်။
ယခင်က သူသည် အတွင်းဂိုဏ်းတပည့်များ ရင်ဆိုင်နေရသည့် ကျင့်ကြံရေး ပြဿနာများကို ကူညီဖြေရှင်းပေးမည်ဟု ကတိပေးထားခဲ့ဖူးသည်။
“ စီနီယာအစ်ကို ချန်ရှန်း “
သူ့ကို မြင်လိုက်ရသောအခါတွင် အားလုံးသည် စိတ်အားထက်သန်စွာဖြင့် နှုတ်ဆက်လာကြသည်။
လုချန်ရှန်းမှ စကားစပြောလိုက်သည် “ မင်းတို့အားလုံးရဲ့ ပြဿနာတွေ အကြောင်းကို ငါမေးခဲ့ပြီးပြီ၊ စလိုက်ကြစို့ “
ထို့နောက်တွင် သူသည် နေရာမှာပင် ထိုင်ချကာ၊ သူတို့ကို တစ်ဦးပြီးတစ်ဦး ရှင်းပြပေးနေတော့သည်။
ဓားတာအိုသော်လည်းကောင်း၊ ကျင့်ကြံရေးသော်လည်းကောင်း၊ အဆောင်သော်လည်းကောင်း၊ ဆေးပညာသော်လည်းကောင်း၊ သူသည် လုပ်စရာမရှိသည့် အချိန်တွင်၊ ၎င်းတို့အားလုံးကို ဟိုစပ်စပ် ဒီစပ်စပ် လေ့လာစမ်းသပ်ကြည့်လေ့ရှိသည်။
၎င်းတို့အားလုံးက သူလျှောက်ခဲ့ဖူးသော လမ်းများဖြစ်နေခဲ့သောကြောင့်၊ အဖြေပေးရခြင်းမှာ ထမင်းရေသောက်ရသကဲ့သို့ လွယ်ကူနေခဲ့သည်။
အကယ်၍ လူငယ်များက သန်မာအားကောင်းလာမည်ဆိုပါက၊ ဂိုဏ်းမှာလည်း ပိုမိုအားကောင်းလာမည် ဖြစ်သည်။ ဂိုဏ်း၏ လူငယ်မျိုးဆက်များကို ပြုစုပျိုးထောင်ပေးခြင်းသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။
သူတစ်ဦးတည်း မခုခံနိုင်သော အရာများ ရှိသောကြောင့်၊ သူသည် အစွမ်းထက် ဂိုဏ်းတစ်ခုကို အမြဲလိုအပ်နေခဲ့သည်။
လွန်ခဲ့သော ရက်ပိုင်းခန့်က ဂိုဏ်းခေါင်းဆောင်ကို ရိုက်နှက်ခဲ့သော်လည်း၊ သူသည် ဂိုဏ်းအတွင်းတွင် ပိုမိုအစွမ်းထက်သော ဘိုးဘေးအိုကြီးတစ်ဦး ရှိနေသေးသည်ကို သိနေခဲ့သည်။
လုချန်ရှန်းသည် ညနေပိုင်းမှသာလျှင် မေးခွန်းအားလုံး အဖြေပြန်ပေးခြင်းကို အပြီးသတ်နိုင်ခဲ့သည်။
သူသည် လူတစ်ဦးဦးက သဲလွန်စများ ရှာတွေ့သွားမည်ကို မကြောက်ပေ။ သူသည် စီနီယာအစ်ကို၏ အမြင်ကို သယ်ဆောင်ထားသောကြောင့်၊ အကယ်၍ တစ်စုံတစ်ဦးက မေးခွန်းထုတ်လာခဲ့မည်ဆိုပါက၊ စီနီယာအစ်ကို၏ အမှားသာ ဖြစ်သွားလိမ့်မည် ဖြစ်သည်။
ညအမှောင်ဖြည်းညှင်းစွာ ကျဆင်းလာသည်နှင့်အမျှ၊ လုချန်ရှန်းသည် ခါးထောက်ရင်းဖြင့်၊ ချင်းယွင်တောင်ထွဋ်ပေါ်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်တက်လာခဲ့သည်။
ကျင့်ကြံခြင်း၏ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးများက လုံးဝမပျောက်သွားသေးဘဲ၊ တစ်နေ့ခင်းလုံး ထိုင်ခဲ့ပြီးသည့်နောက်တွင် သူ၏ ကျောအောက်ပိုင်းက အနည်းငယ် နာကျင်နေခဲ့သည်။
သူရောက်လာသည့် အချိန်တွင်၊ လူများဖြင့် ပြည့်နှက်နေသည်ကို သူမြင်တွေ့သွားခဲ့သည်။ ထိုအချိန်မှသာလျှင် သူသည် နင့်မိသားစုက ယနေ့တွင် တောင်ပေါ်သို့ တက်လာမည်ဆိုသည်ကို အမှတ်ရသွားခဲ့သည်။
သူ၏အကြည့်သည် မည်သည့်ဒေါသမှ မရှိဘဲ၊ တိတ်တဆိတ် စောင့်ဆိုင်းကာ၊ ထိုနေရာတွင် ထိုင်နေသည့် မိန်းမပျိုလေးတစ်ဦးအပေါ်သို့ ကျရောက်သွားခဲ့သည်။
“ ငါက အဲ့အကြောင်းကို ဘယ်လိုလုပ် မေ့သွားရတာလဲဟ “
လုချန်ရှန်းမှ စကားပြောလိုက်သည်။
လူတိုင်းလှည့်ကြည့်လာကြသည်။
နင့်ယုရှင်း လှည့်ကြည့်လာခဲ့ပြီး၊ နင့်ယုချန်သည် အရင်ဦးဆုံး ရှေ့ထွက်ကာ၊ စကားပြောလာခဲ့သည် “ စီနီယာအစ်ကို ချန်ရှန်း၊ မင်းက တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ။ အခုမှ ပြန်လာတယ်ပေါ့ “
“ အဟွတ်၊ မင်းက ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ။ အရေးကြီးကိစ္စ ရှိနေလို့ကွ “
“ ခင်ဗျားဆီမှာ အရေးကြီးကိစ္စ ရှိနေတယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ကျွန်တော် နားလည်ပါတယ်၊ ကျွန်တော်နားလည်ပါတယ် “
နင့်ယုချန်သည် ခါးထောက်ထားသော လုချန်ရှန်းကို အပြုံးဖြင့် ကြည့်နေခဲ့သည်။
ထိုအချိန်တွင် နင့်ယုရှင်းမှာလည်း အနားသို့ တိုးကာ၊ စကားပြောလာခဲ့သည် “ စီနီယာအစ်ကို ချန်ရှန်း “
သူမက သူ့ကို အာရုံမစိုက်သော်လည်း၊ ယဥ်ယဥ်ကျေးကျေး စကားပြောလာသေးသည်။
“ ဂျူနီယာညီမလေးနင့်မလား “ “ စီနီယာအစ်ကိုတွေက ဒီမှာ မရှိဘူးလား “ ဟုလုချန်ရှန်းမှ မေးမြန်းလိုက်သည်။
နင့်ယုရှင်းမှ ခေါင်းခါပြလာခဲ့သည် “ စီနီယာအစ်ကိုကြီးကို မတွေ့ရသေးဘူး။ ဒုတိယ စီနီယာအစ်ကိုကတော့ ဆေးခန်းထဲမှာ ဆေးလုပ်နေတဲ့ပုံပဲ၊ အဲ့တာကြောင့် ကျွန်မက သူ့ကို မနှောင့်ယှက်လိုက်ဘူး “
“ အဲ့လိုကိုး “ လုချန်ရှန်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ၊ စကားထပ်ပြောလာခဲ့သည် “ စီနီယာအစ်ကိုကြီးက ကျင့်ကြံရေးဂျပိုးလေ။ သူဘယ်တော့ပြန်လာမလဲဆိုတာကို ပြောလို့မရဘူး။ မနက်ဖြန်မှ ငါသူ့ကို သွားရှာလိုက်မယ်။ မင်းတို့နှစ်ယောက်က နားလိုက်ကြတော့ “
လုချန်ရှန်းသည် စီစဥ်ပေးမည်ဟု ပြောခဲ့သော်လည်း၊ အနီးအနားတွင် ရှိနေသည့် အခန်းလွတ်တစ်ခုကို ပေါ့ပေါ့ပါးပါး လက်ညှိုးထိုးပြလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ချင်းယွင်တောင်ထွဋ်ပေါ်တွင် စီနီယာအစ်ကို သုံးဦးမျှသာ ရှိနေသောကြောင့်၊ နေရာလွတ်များစွာ ရှိနေခဲ့သည်။
နင့်ယုရှင်းသည် ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ မည်သည့်စကားမှ ထပ်မပြောလာတော့ဘဲ၊ လှည့်ထွက်သွားတော့သည်။
ထို့နောက်တွင် နင့်ယုချန်မှ မေးမြန်းလာခဲ့သည် “ စီနီယာအစ်ကို၊ ဒီပစ္စည်းတွေကို ဘယ်နေရာမှာ ထားသင့်လဲ “
“ ဘာပစ္စည်းတွေလဲ “
“ စီနီယာအစ်ကိုကြီး ကြိုက်တဲ့ဟာတွေလေ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူ၏ လက်ကို မြှောက်ကာ သူ၏ ကိုယ်ပိုင်အခန်းကို ညွှန်ပြ၍၊ ပစ္စည်းများကို အထဲသို့ သယ်သွားရန် ပြောလိုက်သည်။
ကြီးမားသော ဧရာမ သေတ္တာကြီးများကို မြင်လိုက်ရသောအခါတွင်၊ သူ၏အပြုံးမှာ နားရွက်များကို တက်ချိတ်လုမတတ်ဖြစ်သွားခဲ့သည်။
ထို့နောက်တင် နင့်ယုချန်မှ စကားထပ်ပြောလာခဲ့သည် “ စီနီယာအစ်ကို၊ ကျွန်တော့်အစ်မကို ဂရုစိုက်ပေးဖို့ အစ်ကို့ကိုပဲ ဒုက္ခပေးရတော့မယ်။ ကျွန်တော်သွားတော့မယ်နော် “
“ ဂျူနီယာညီလေး၊ မင်း ………… “
လုချန်ရှန်းက သူ့ကို စကားပြန်မပြောရသေးခင် အချိန်မှာပင် သူတို့အားလုံး ထွက်ခွာသွားကြသည်။
ဘာတွေဒီလောက်တောင် လောနေရတာလဲဟ
လုချန်ရှန်းသည် များများစားစား တွေးတောမနေတော့ဘဲ၊ သူ၏လက်များကို ပွတ်၍ အခန်းအတွင်းသို့ တန်းဝင်သွားတော့သည်။
ဝိညာဥ်ကျောက်တုံးတို့ဖြင့် ပြည့်နှက်နေသည့် ဧရာမ သေတ္တာကြီးများကို မြင်လိုက်ရသောအခါတွင်၊ သူ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သေတ္တာငါးလုံး ရှိနေခဲ့ပြီး၊ ဝိညာဥ်ကျောက်တုံး တစ်သောင်း ပါဝင်နေခဲ့သည်။ သူ၏လက်ထဲတွင် အဝတ်အိတ်တစ်လုံး ပေါ်လာခဲ့ပြီး၊ သူသည် ဝိညာဥ်ကျောက်တုံး အကုန်လုံးကို အိတ်အတွင်းသို့ ထိုးထည့်နေတော့သည်။
၎င်းတို့အပြင် ဓားသိုင်းပညာရပ်ဆိုင်ရာ စာအုပ်အပြည့်ပါသည့် သေတ္တာတစ်လုံးနှင့် အဖိုးတန် ဓားတစ်ချောင်း ပါဝင်သည့် သေတ္တာတစ်လုံးပါ ရှိနေခဲ့သည်။
သို့ရာတွင် သူသည် ၎င်းတို့အားလုံးကို လျစ်လျူရှုထားခဲ့သည်။ နောက်မှ သူ့စီနီယာအစ်ကို၏ အခန်းအတွင်းသို့ ၎င်းတို့ကို ပစ်ထည့်ရန် အချိန်ရှာရမည် ဖြစ်သည်။
ကိုယ်ပိုင်တပည့်တစ်ဦးအနေဖြင့် သူသည် တစ်လလျှင် ဝိညာဥ်ကျောက်တုံး ဆယ်လုံးသာ ရရှိခဲ့သည်။ တစ်သောင်းသည် သူ့အား အချိန်နှစ်တစ်ရာကို သက်သာသွားစေမည် ဖြစ်သည်။
“နင့်မိသားစုက အချမ်းသာဆုံး မိသားစုဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်တာပဲဟ၊ သူတို့က အရမ်းချမ်းသာကြတယ် “
လုချန်ရှန်းသည် ပိုကြည့်လေလေ၊ ပို၍စိတ်လှုပ်ရှားလေလေ ဖြစ်သွားခဲ့သည်။ ဝိညာဥ်ကျောက်တုံးများနှင့်ဆိုပါက၊ သူသည် ထပ်မံ၍ ကျင့်ကြံနိုင်မည်ဖြစ်ပြီး၊ ဒုက္ခအများအပြားကို လျော့ပါးသွားစေမည် ဖြစ်သည်။
“ တကယ်လို့ စီနီယာအစ်ကိုကြီးကသာ နင့်မိသားစုနဲ့ လက်ထပ်လိုက်မယ်ဆိုရင်၊ သူ့ဘဝတစ်လျှောက်လုံးမှာ အဆုံးမဲ့ ဝိညာဥ်ကျောက်တုံး ထောက်ပံ့မှုကို ရသွားတာပဲ မဟုတ်ဘူးလားဟ “
သူသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။
ထိုစဥ် လုချန်ရှန်းသည် တည်ရှိမှုတစ်ခုကို အာရုံခံမိသွားကာ၊ အပြင်ထွက်လာခဲ့သည်။
ကောင်းကင်ယံတွင် သက်တံ့ရှည်တစ်စင်း ပေါ်ထွက်လာခဲ့ပြီး၊ ကျိုးချင်ယုသည် ဓားပျံကို စီးနင်းကာ ရောက်ရှိလာခဲ့သည်။
“ စီနီယာအစ်ကိုကြီး “
ကျိုးချင်ယုသည် သူ့ကို ကြည့်ကာ၊ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။
သူသည် ယမန်နေ့က ကိစ္စကို သိနေခဲ့သော်လည်း၊ အပြစ်မတင်ဘဲ၊ သတိပေးရုံသာ ပေးလာခဲ့သည်။
“ ဒီရက်ပိုင်းမှာ ကိစ္စတွေ ရှုပ်ထွေးနေတယ်၊ နောင်မှာ အပြင်ထွက်မယ်ဆိုရင် သတိထား “
“ အိုကေလေ “ လုချန်ရှန်းမှ ခေါင်းငြိမ့်ပြလိုက်သည်။
တစ်ချိန်တည်းမှာပင် နင့်ယုရှင်းသည် အသံများကို ကြားသွားကာ၊ အပြင်သို့ ထွက်လာခဲ့သည်၊ သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်းပေါ်ထွက်လာပြီး၊ အဝေးမှ လှမ်းနှုတ်ဆက်လာခဲ့သည်။
“ စီနီယာအစ်ကို ချင်ယု “
“ ဂျူနီယာညီမလေး နင့် “ ကျိုးချင်ယုသည် မျက်နှာသေကြီးဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
နင့်ယုရှင်းမှ စကားစပြောလာခဲ့သည် “ စီနီယာအစ်ကို၊ ကျင့်ကြံရေးကနေ ပြန်ရောက်လာတာလား “
“ ဟုတ်တယ် “
မိန်းမပျိုလေးတစ်ဦး၏ ပျော်ရွှင်၊ စိတ်အားထက်သန်နေသော နှုတ်ဆက်မှုနှင့် ရင်ဆိုင်နေရသည့် အချိန်မှာပင်၊ ကျိုးချင်ယုမှာ အလွန်တရာ တည်ငြိမ်နေခဲ့သည်။ သူသည် သူမကို တစ်ချက်မျှ ငေးကြည့်ကာ၊ ဖြည်းဖြည်းချင်း စကားပြောလိုက်သည်။
“ ဂျူနီယာညီမလေး နင့်က ချင်းယွင်တောင်ထွဋ်မှာ ကျင့်ကြံဖို့အတွက် မိုင်သောင်းနဲ့ချီပြီးတော့ ခရီးထွက်လာခဲ့ရတယ်။ တကယ်လို့ တစ်ခုခု လိုအပ်တယ်ဆိုရင်၊ ချန်ရှန်းကိုသာ မေးလိုက်။ သူက မင်းအတွက် အရာအားလုံးကို သေသေချာချာ စီစဥ်ပေးလိမ့်မယ် “
“ သူ ……. “
“ စောစောနားတော့ “
နင့်ယုရှင်းမှ သူမ၏ ပါးစပ်ကို ဖွင့်ဟလာခဲ့သော်လည်း၊ ကျိုးချင်ယုမှာ သူ၏အိမ်အတွင်းသို့ လှည့်ထွက်သွားခဲ့ပြီဖြစ်ပြီး၊ သူမနှင့် လုချန်ရှန်းတို့သာလျှင် ဤနေရာတွင် ကျန်နေခဲ့သည်။
လုချန်ရှန်းမှာလည်း ခေါင်းကိုက်သွားခဲ့ရသည်။ အစ်ကိုကြီး မင်းက တကယ်ပဲ မိုက်မဲတာလား၊ ဒါမှမဟုတ် ခပ်ကြမ်းကြမ်းလေး ကစားနေတာလားဟ
ကန်းပြည်နယ်က အချမ်းသာဆုံးလူရဲ့ သမီးလေ၊ သူမက အိမ်မှာလည်း ကျင့်ကြံလည်းရနေတာပဲကို၊ ဘာလို့ ဒီကိုလာရမှာလဲဟ
သူမက မင်းအတွက် ရောက်လာတာလေ၊ မင်းက စကားလေး တစ်ခွန်းနှစ်ခွန်းတောင် မပြောပေးနိုင်ဘူးလားဟ
နင့်ယုရှင်းသည် စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ပြီး၊ သူမ၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းမှ စကားစပြောလိုက်သည် “ စီနီယာအစ်ကိုကြီးက အဲ့လိုပါပဲ။ သူက ကျင့်ကြံရေးကို စွဲလမ်းနေပြီးတော့၊ ဓားတာအိုကို သစ္စာရှိနေတာ။ ငါတောင်ပေါ် စရောက်တဲ့ ပထမနှစ်နှစ်တုန်းကဆိုရင်လည်း၊ သူက ငါ့ကို ငါ့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေနဲ့ ထားခဲ့တာ။ နောက်တော့ နေသားကျသွားပါလိမ့်မယ်လေ “
“ ဒါပင်မဲ့ သူက …… “
“ ဂျူနီယာညီမလေး၊ နင်အဲ့လို လုပ်လို့မရဘူးလေ။ ယောကျာ်းတစ်ယောက်ကို ဘယ်လိုအမိဖမ်းရမလဲ ဆိုတာကို နင်သိလား “
“ သူ့ရဲ့ ဗိုက်ကို ဖမ်းရမှာလား “
လုချန်ရှန်း မှင်သက်သွားခဲ့သည် “ ငါတို့ ကျင့်ကြံသူတွေက ဗိုက်ကို ဘာကိစ္စဖမ်းရမှာတုန်း။ သူ့ဆီမှာ စားသောက်ဖို့အချိန်တောင် ရှိလို့လား “
“ အဲ့တာဆိုရင် ကျွန်မက ဘယ်လိုဖမ်းသင့်တာလဲ “
“ ဖမ်းမှရမှာလား “
လုချန်ရှန်းမှာ အနည်းငယ် ဆွံ့အသွားခဲ့ရသည်။
နင့်ယုရှင်းသည် မျက်မှောင်ကြုတ်သွားကာ၊ စကားထပ်ပြောလာခဲ့သည် “ ကျွန်မ ဘာလုပ်သင့်လဲ “
“ သူကြိုက်နှစ်သက်တဲ့ ဟာတွေကို ဖြည့်ဆည်းပေးသင့်တယ် “ လုချန်ရှန်းမှ စိတ်ရင်းအမှန်ဖြင့် ပြောပြပေးလာခဲ့သည် “ သူက ဓားတာအိုကို ရူးသွပ်တယ်လေ၊ အဲ့တာကြောင့် နင်ကလည်း ဓားတာအိုကို ကျင့်ကြံသင့်တယ်လေ။ အဲ့တာဆိုရင် နင်တို့က စကားပြောဖို့အတွက် အကြောင်းပြချက်တစ်ခု ရသွားပြီ မဟုတ်ဘူးလား “
၎င်းကို ကြားလိုက်ရသောအခါတွင် နင့်ယုရှင်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
သူမသည် လုချန်ရှန်းကို ကြည့်လာခဲ့ပြီး၊ ဤလူက သူမ ထင်ထားသလောက် အသုံးမကျဖြစ်ကာ စာရိတ္တဆိုးဝါးနေသည် မဟုတ်ဘူးဆိုသည်ကို နားလည်သွားခဲ့သည်။ အနည်းဆုံး အနေဖြင့် ယခုသူပြောခဲ့သည့် စကားများက အလွန်တရာ ကျိုးကြောင်းသင့်နေခဲ့သည်။
သို့ရာတွင် နင့်ယုရှင်းမှ စကားထပ်ပြောလာပြန်သည် “ ဒါပင်မဲ့ ဓားတာအိုက ကျင့်ကြံရခက်တယ်လေ။ စဖို့အတွက်တောင်မှ ကြိုးစားအားထုတ်မှုနှင့် အချိန်အများကြီး လိုအပ်တယ်၊ ကျွန်မ ….. “
“ အဲ့တာက မှန်ကန်တဲ့ နည်းလမ်းတစ်ခုကို ရှာမတွေ့သေးလို့ပါ။ တကယ်တော့ အဲ့လောက်ကြီးလည်း မခက်ပါဘူးဟ “
“ တော်တော်ကြီးကို ရိုးရှင်းတာလား “
“ လုံးဝမခက်ဘူး “
“ ဒါဆိုရင် ကျွန်မ ဘာလုပ်သင့်လဲ “
“ ငါ့ကိုသာ လာရှာလိုက် “
“ ရှင့်ကိုလား “
နင့်ယုရှင်းသည် အနည်းငယ် မှင်သက်သွားကာ၊ မဝံ့မရဲဖြင့် ပြန်ပြောလာခဲ့သည် “ ဒါပင်မဲ့၊ ရှင် ….. ရှင်အဆင်ပြေပါ့မလား “
ထိုစကားတစ်ခွန်းသည် တောင်တစ်တောင်လုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်။