တိတ်ဆိတ်နေသည့် တောင်ထွဋ်ပေါ်တွင် လူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်နေလျက်ရှိသည်။
နင့်ယုရှင်းသည် ရိုးသားသော မျက်နှာထား၊ သံသယတို့ဖြင့် ပြည့်နှက်နေသော မျက်လုံးများနှင့် လုချန်ရှန်းကို ကြည့်နေခဲ့သည်။
“ ရှင်အဆင်ပြေပါ့မလားဆိုတာက ဘာစကားကြီးလဲ။ ကောင်မလေး၊ ဓားနှလုံးသား သန့်စင်မှုဆိုတဲ့ ဆေးလုံးကို ကြားဖူးလား “
“ မကြားဖူးဘူး “
နင့်ယုရှင်းသည် သူမ၏ဦးခေါင်းကို ပြတ်ပြတ်သားသား ခေါင်းခါပြလာခဲ့သည်။
ကန်းပြည်နယ်၏ အချမ်းသာဆုံး သူဌေးကြီးတစ်ဦး၏ သမီးဖြစ်သည့်အလျောက်၊ သူမ အလွယ်တကူ မရရှိနိုင်သည့် ပစ္စည်းဆိုသည်မှာ အလွန်တရာ ရှားပါးလွန်းနေခဲ့သည်။ သို့သော် သူမသည် လုချန်ရှန်းပြောသည့် ပစ္စည်းအကြောင်းကို တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ချေ။
လုချန်ရှန်းသည် ခေါင်းငြိမ့်ပြကာ၊ ဆက်ပြောလာခဲ့သည် “ နင်မကြားဖူးဘူးဆိုတာကို ပုံမှန်ပါပဲ “
“ ရှင်ဘာကိုဆိုလိုတာလဲ “
“ အဲ့တာက ဘယ်သူ့ကိုမှ လက်ဆင့်မကမ်းပေးခဲ့တဲ့ ငါ့ဆရာရဲ့ လျှို့ဝှက်ချက်ပဲ။ သူက ငါ့ရဲ့ စီနီယာအစ်ကို နှစ်ယောက်ကိုတောင် မသင်ပေးဘဲ၊ ငါ့ကိုပဲ သင်ပေးခဲ့တာ။ နင်ကသာ အဲ့ဆေးလုံးတစ်လုံးကို ရမယ်ဆိုရင်၊ နင်က ဓားတာအိုကို နားလည်သွားပြီးတော့ ဓားတာအိုရဲ့ အဆင့်၁ကို ရောက်သွားလိမ့်မယ်လို့ ငါအာမခံတယ် “
“ တကယ်လား “
“ စစ်မှန်တယ်၊ ရိုးသားတယ်၊ ဆေးတစ်လုံးကို ဝိညာဥ်ကျောက်တုံး တစ်သောင်းပဲကျတယ် “
“ တစ်လုံးဝယ်မယ် “
နင့်ယုရှင်းမှ ချက်ချင်းပြန်ပြောလာခဲ့ပြီး၊ သူမ၏လက်ထဲတွင် အိတ်တစ်လုံး ပေါ်လာခဲ့သည်။ ၎င်းမှာ ပစ္စည်းတော်တော်များများကို သိုလှောင်ထားနိုင်သည့် မှော်ရတနာတစ်ခုဖြစ်သည်။
သို့ရာ၌ ထိုလှုပ်ရှားမှုမှာ လုချန်ရှန်းကို မှင်သက်သွားစေခဲ့သည်။ သူသည် သူမကို ဆွဲဆောင်ရန်၊ ညှိနှိုင်းရန်အတွက် စကားလုံးများစွာ ပြင်ဆင်ထားခဲ့ပြီးပြီဖြစ်သော်လည်း၊ ယခုတွင်မူ သူမစရသေးခင် အချိန်မှာပင် သူမမှ သဘောတူလာခဲ့လေသည်။
“ ဝယ်လိုက်ပြီလား။ မစဥ်းစားတော့ဘူးလား “
နင့်ယုရှင်းမှ ခေါင်းခါပြလာခဲ့သည် “ ရှင့်ရဲ့ ဂုဏ်သတင်းက သိပ်မကောင်းဘဲ၊ စိတ်သဘောထားကလည်း နည်းနည်းလေး ထူးဆန်းပြီးတော့ ရှင်နဲ့ ဝေးဝေးနေဖို့ လူတိုင်းက ပြောထားကြတယ်ဆိုပင်မဲ့၊ ရှင့်ရဲ့ စိတ်သဘောထားက အဲ့လောက်ကြီး မဆိုးဘူးလို့ ကျွန်မထင်တယ် “
လုချန်ရှန်း ဆွံ့အသွားခဲ့သည်။ ဘာတွေ ပြောနေတုန်း၊ ငါ့ကို ချီးကျူးနေတာလား၊ ဆူငေါက်နေတာလားဟ
နင့်ယုရှင်းမှ စကားဆက်ပြောလာခဲ့သည် “ တစ်လုံးကို ဝိညာဥ်ကျောက်တုံး တစ်သောင်းပဲလား “
“ တစ်သောင်းပဲလားဆိုတာက ဘာစကားကြီးလဲ “
လုချန်ရှန်းသည် အနည်းငယ် နောင်တရသွားခဲ့သည်၊ သူသည် နင့်ယုရှင်း၏ ငွေကြေးအင်အားကို အထင်သေးနေမိခဲ့ပုံရသည်။
သူသည် စိတ်ခံစားချက်များ အနည်းငယ် ဖြစ်ပေါ်သွားခဲ့သည်၊ လူတွေရဲ့ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေက ချိတ်ဆက်မနေဘူးပဲ
ထို့နောက်တွင် လုချန်ရှန်းသည် ဝိညာဥ်ကျောက်တုံးများကို ယူလိုက်သည်။
နင့်ယုရှင်းသည် စိတ်အားထက်သန်စွာဖြင့် မေးမြန်းလာခဲ့သည် “ အဲ့တာက ဘယ်အချိန်ရမှာလဲ “
“ မနက်ဖြန် မနက်ကျရင် ပို့ပေးမယ် “
“ သဘောတူတယ် “
နင့်ယုရှင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူမသည် သူမ၏ စံပြပုဂ္ဂိုလ်ဖြစ်သော ကျိုးချင်ယုအတွက် မိုင်သောင်းနှင့်ချီ၍ ခရီးထွက်လာခဲ့ရသည်၊ ထို့ကြောင့် ဖြစ်နိုင်သမျှ ကြိုးစားကြည့်မည် ဖြစ်သည်။
နင့်ယုရှန်း ထွက်သွားခဲ့သည့်နောက်တွင် လုချန်ရှန်းသည် သူ့လက်ထဲတွင် ရှိနေသည့် အိတ်ကို ကြည့်ကာ၊ ဆေးမီးဖိုအခန်းဆီသို့ ပျော်ရွှင်စွာ လျှောက်လှမ်းသွားတော့သည်။
သို့သော် ဆေးမီးဖိုအခန်းအတွင်းသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင်၊ သူသည် ယဲ့တျန်ရီက ပေါက်ကွဲသွားသော ဆေးမီးဖိုနှစ်လုံးနှင့် ဘာမှမလုပ်ဘဲ ထိုင်နေသည်ကို မြင်တွေ့သွားခဲ့သည်။
“ စီနီယာအစ်ကို မင်းက ကောင်းကင်ဘုံ မိုးကြိုးကို သန့်စင်နေတာလား “
“ ဘာကို ကောင်းကင်ဘုံ မိုးကြိုးလဲ။ ငါက ငါ့ရဲ့ စီနီယာအစ်ကိုကြီးအတွက် နှလုံးသား သန့်စင်မှုဆေးကို သန့်စင်နေတာ “
“ အဲ့တာဆိုရင် ဆေးမီးဖိုတွေက ဘာလို့ ပေါက်ကွဲသွားရတာလဲ “
ယဲ့တျန်ရီမှ ပြန်ပြောလာခဲ့သည် “ ငါလည်း မသိဘူး၊ သန့်စင်ရေး အဆင့်မှားသွားတာလား၊ ဒါမှမဟုတ် ပါဝင်ပစ္စည်းမှာ ပြဿနာ ရှိနေတာများလားပဲ “
သူသည် ယခုလေးတင် ဖြစ်ပွားခဲ့သည့် လုပ်ငန်းစဥ်ကို အကြိမ်ကြိမ် အခါခါ ပြန်လည်တွေးတောစဥ်းစားနေခဲ့သည်။
သို့သော် လုချန်ရှန်းသည် ၎င်းကို ငေးကြည့်ကာ၊ စကားထပ်ပြောလိုက်သည် “ နှစ်ခုလုံး မှားနေတဲ့ဟာကို။ နှလုံးသား သန့်စင်မှုမြက်က အရေးအကြီးဆုံး ပါဝင်ပစ္စည်းပဲ။ ဗဟိုချက်ကို ဖွဲ့စည်းနေတဲ့ အချိန်မှာ ထည့်ဖို့လိုအပ်တယ်၊ အဲ့လိုမှမဟုတ်ဘူးဆိုရင် ဆေးမီးနဲ့ တိုက်ပြီးတော့ ဆေးမီးဖို ပေါက်ကွဲသွားလိမ့်မယ်။ ပြီးတော့ မင်းရဲ့ မီးကလည်း တော်တော်ကြီးကို များနေတယ် “
“ မင်း ဘယ်လိုသိတာလဲ “ ယဲ့တျန်ရီ အံ့ဩသွားခဲ့သည်။ သူသည် လုပ်ငန်းစဥ်တစ်ခုလုံးကို မြင်တွေ့သွားပုံရကာ၊ မအောင့်ထားနိုင်တော့ဘဲ၊ မေးမြန်းလာခဲ့သည် “ မင်းက ဆေးပညာကိုလည်း သိတာပဲလား “
“ နည်းနည်းပါးပါးပါပဲ “
“ ဒါဆိုရင် မင်း ……… “
“ အို့၊ ကျွန်တော်က ဆေးတိမ်တိုက် တောင်ထွဋ်ဘက်ကို ခဏခဏ လမ်းလျှောက်ထွက်ပြီးတော့၊ တစ်ခါတစ်လေမှာ တောင်ထွဋ်သခင် ပြောတာကို ကြားခဲ့ဖူးလို့ပါဗျာ “
“ မင်းက ဆေးတိမ်တိုက်ဘက်ကို လမ်းလျှောက်ထွက်တယ်လား “
ယဲ့တျန်ရီ အတွေးနက်သွားခဲ့သည်။
ဆေးတိမ်တိုက် တောင်ထွဋ်သည် ဆေးတာအိုကို ကိုယ်စားပြုနေခဲ့သည်။ အကယ်၍ တောင်ထွဋ်သခင်က တံခါးပိတ်ကျင့်ကြံမနေဘူးဆိုပါက၊ သူကိုယ်တိုင် ၎င်းကို လုပ်နေလိမ့်မည် မဟုတ်ပေ။
ထို့အပြင် တစ်ချိန်က ဆေးတိမ်တိုက် တောင်ထွဋ်သခင်သည် သူ၏ စွမ်းရည်ကို သတိပြုမိသွားခဲ့ဖူးသည်၊ သို့သော် သူ၏ဆရာဖြစ်သူသည် သူ့ကို ချင်းယွင်တောင်ထွဋ်ဆီသို့ ဆွဲခေါ်လာခဲ့ခြင်း ဖြစ်သည်။
နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးသည့်နောက်တွင်၊ သူသည် ဆေးပညာဆိုင်ရာ ဆေးကောင်းများစွာကို သန့်စင်ဖော်စပ်နိုင်ခဲ့သည်။
လုချန်ရှန်းကမူ စကားများများစားစား ထပ်မပြောဘဲ၊ ပေါက်ကွဲထားသည့် ဆေးမီးဖိုတစ်လုံးဆီသို့ လျှောက်လှမ်းသွားကာ၊ မျက်နှာပြင်ပေါ်တွင် ရှိနေသည့် ဆေးပြာတစ်ချို့ကို သူ၏လက်ဖြင့် ဖယ်ရှားကာ၊ လှည့်ထွက်သွားတော့သည်။
ယဲ့တျန်ရီကမူ ပါဝင်ပစ္စည်းများကို သံသယတို့ဖြင့် ထုတ်ယူကာ၊ ကြိုးစားကြည့်ရန် ပြင်ဆင်နေတော့သည်။
လုချန်ရှန်းကမူ သူ၏အခန်းအတွင်းသို့ ပြန်ရောက်နေခဲ့ပြီ ဖြစ်သည်။
မည်းနက်နေသော လက်နှစ်ဖက်သည် လက်မအရွယ် ဆေးလုံးတစ်လုံးကို လှိမ့်ထုတ်နေခဲ့သည်။
“ ရတော့မယ် “
သူသည် ၎င်းကို ကြည့်ရင်းဖြင့် စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်နေတော့သည်။
ထို့နောက်တွင် သူသည် လက်စည်းတံဆိပ်တစ်ခုကို ရေးဆွဲလိုက်သည်၊ ကြီးမားသော ဓားချီတစ်ခုသည် အခန်းအတွင်းတွင် ပေါက်ထွက်လာခဲ့သည်။ လေပြင်းများ တိုက်ခတ်ကာ၊ ဓားအရိပ်တစ်ခု လင်းလက်လာခဲ့သည်။
၎င်းမှာ သူ၏မူလ ဓားရည်ရွယ်ချက် ဖြစ်သည်၊ သူသည် ၎င်း၏ အစအနကို ထုတ်ယူလိုက်ကာ၊ ဆေးလုံးအတွင်းတွင် ချိတ်ပိတ်လိုက်သည်။
အရာအားလုံးကို အပြီးသတ်ခဲ့ပြီးသည့်နောက်တွင် သူ၏ ဓားနှလုံးသား သန့်စင်မှုမှာလည်း ပြီးဆုံးသွားခဲ့သည်။
သူသည် နင့်ယုရှင်းထံမှ ဝိညာဥ်ကျောက်တုံးများ ရယူရန်အတွက် ထိုအမည်ကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။
သို့သော် ၎င်းမှာ အလိမ်အညာ ဟုတ်မနေခဲ့ပေ။ ဆေးအတွင်းတွင် သူ၏မူလဓားရည်ရွယ်ချက် အပိုင်းအစတစ်ခု ပါဝင်နေခဲ့ပြီး၊ ၎င်းက နင့်ယုရှင်း၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်သွားခဲ့သည့်နောက်တွင်၊ အားဖြည့်ပေးခံရကာ၊ သူမ၏ ခန္ဓာကိုယ်အတွင်းတွင် အမြစ်တွယ်သွားလိမ့်မည် ဖြစ်သည်။
ထိုနည်းလမ်းဖြင့် သူမသည် ဓားတာအို နားလည်သွားကာ၊ ဓားရည်ရွယ်ချက်၏ အဆင့်၁သို့ ရောက်ရှိသွားမည် ဖြစ်သည်။
သူမက မည်မျှ ဝေးဝေးသွားနိုင်မလဲဆိုသည်ကမူ သူမ၏ ကံကြမ္မာနှင့် စွမ်းရည်အပေါ်တွင် မူတည်နေမည် ဖြစ်သည်။
လုချန်ရှန်းမှာလည်း ထိုနည်းလမ်းကို ကံအားလျော်စွာဖြင့် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းထံတွင် မည်သည့်ဘေးထွက် ဆိုးကျိုးမျှ ရှိမနေခဲ့ပေ။ ၎င်းက သူ့ဓားရည်ရွယ်ချက်၏ အပိုင်းအစလေးတစ်ခုကို စားသုံးလိုက်ခြင်း ဖြစ်သောကြောင့်၊ ၎င်းကို ပြန်လည်ဖြည့်တင်းရန်အတွက် အချိန်တစ်ချို့ယူရမည် ဖြစ်သည်။
သို့ရာတွင် ဝိညာဥ်ကျောက်တုံးများကို လိုအပ်နေသောကြောင့် သူ့ထံတွင် ရွေးချယ်စရာ ရှိမနေခဲ့ပေ။
ကပ်ဘေးတစ်သောင်း အင်မော်တယ် ခန္ဓာကိုယ်သည် စိတ်ဝိညာဥ် ချီ အများအပြား လိုအပ်နေလျက်ရှိပြီး၊ အူတိုင် ဖွဲ့စည်းခြင်းသို့ ရောက်ရှိသွားသည့်နောက်တွင် ၎င်းက ပိုမိုဆိုးရွားလာမည် ဖြစ်သည်။ အကယ်၍ သူကသာ နည်းလမ်းတစ်ခုကို မစဥ်းစားထားဘူးဆိုပါက၊ သူသည် မျောက်နှစ်ရောက်သည့် အချိန်မှ အဆင့်ထိုးဖောက်နိုင်လိမ့်မည် ဖြစ်သည်။
( အလွယ်ပြောရရင်တော့ အချိန်တော်တော်ကြာမှ အဆင့်တက်မယ်လို့ ပြောတာပါ )
၎င်းတို့ အားလုံးကို ပြုလုပ်ခဲ့ပြီးသည့်နောက်တွင်၊ သူသည် စိတ်ကျေနပ်စွာဖြင့် လှဲလျောင်းနေတော့သည်။
ယခုတွင် ဝိညာဥ်ကျောက်တုံး အခုနှစ်သောင်းကို ကိုင်ဆောင်ထားရသောကြောင့် သူသည် သူက သူဌေးကြီးတစ်ဦး ဖြစ်နေပြီဟု ခံစားသွားခဲ့ရသည်။ ယခုလက်ရှိ တာဝန်များကို ပြီးဆုံးသွားစေပြီးသည့်နောက်တွင် သူသည် ထပ်မံ၍ ကျင့်ကြံနိုင်တော့မည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအချိန်တွင် သူသည် ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းနှစ်မျိုးလုံးကို ခံစားသွားခဲ့ရသည်။
နောက်တစ်နေ့ နံနက်ခင်း၌ သူသည် နေ့လည်အထိ အိပ်ပျော်နေခဲ့သည်။ အိမ်တံခါးကို တွန်းဖွင့်လိုက်သည့် အချိန်၌၊ အရှေ့တွင် ရပ်နေသည့် နင့်ယုရှင်းကို မြင်တွေ့သွားခဲ့သည်။
“ ဂျူနီယာညီမ၊ နင်က ………. “
“ ဒီမနက် ပို့ပေးမယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား။ နေ့လည်တောင် ရောက်နေပြီလေ “
နင့်ယုရှင်းမှ အနည်းငယ် စောဒကတက်လာခဲ့သည်။ သူမသည် မျှော်လင့်တကြီးဖြင့် တစ်ညလုံး စောင့်နေခဲ့ပြီး၊ မနက်မိုးလင်းလာခဲ့သော်လည်း၊ ထိုလူမှာ မထသေးဘဲ ဆက်အိပ်နေသည်ကို သိရှိခဲ့ရသည်။
“ ဆောတီး၊ ငါပေါ့သွားမိတာပါ။ မနေ့ညက ညနက်တဲ့အထိ ဆေးလုံး သန့်စင်နေခဲ့ရတာလေ “
လုချန်ရှန်းသည် ပြောရင်းဆိုရင်းဖြင့် ဆေးလုံးကို ထုတ်ပေးလိုက်သည်။
နင့်ယုရှင်းသည် ၎င်းကို ကြည့်ကာ သံသယဖြစ်သွားခဲ့သည်။
“ အဲ့တာက စားလို့ကော ရရဲ့လား “
“ စိတ်မပူပါနဲ့၊ အဲ့တာကို စားလိုက်တာနဲ့၊ ဓားရည်ရွယ်ချက်ကို သန့်စင်နိုင်လိမ့်မယ်လို့ ငါအာမခံတယ် “
နင့်ယုရှင်းသည် တံတွေးမျိုချကာ ထပ်မံ၍ မေးမြန်းလာခဲ့သည် “ စီနီယာအစ်ကို၊ ဒီဟာကို ဘာတွေနဲ့ သန့်စင်ခဲ့တာလဲ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားတော့သည်။
“ အဲ့တာတွေ အကုန်လုံးက တော်တော်ကြီးကို တန်ဖိုးကြီးတယ်။ ငါက ဆေးလေးတစ်လုံး သန့်စင်ဖို့အတွက် အချိန်အတော်ကြာ စုဆောင်းခဲ့ရတာဟ။ တကယ်လို့ ငါတို့ရဲ့ ဆက်ဆံရေးကြောင့်သာ မဟုတ်ဘူးဆိုရင်၊ ငါက အဲ့တာကို ထုတ်ပေးမှာ မဟုတ်ဘူး။ ဒီဆေးအတွက် နင့်ဆီကနေ ဝိညာဥ်ကျောက်တုံးတွေတောင် မယူခဲ့ရဘူး၊ ငါတောင် နည်းနည်းလေး ဆုံးရှုံးသွားသေးတယ် “
လုချန်ရှန်းသည် နာကျင်နေသော အမူအရာမျိုးဖြင့် စကားပြောလာခဲ့သည်။
နင့်ယုရှင်းသည် အနည်းငယ် စိတ်လှုပ်ခတ်သွားပြီး၊ ဤစီနီယာအစ်ကိုက အပြင်ကမ္ဘာမှ ကောလဟာလများနှင့် မတူဘူးဟု ပိုပို၍ ခံစားသွားခဲ့ရသည်။
လုချန်ရှန်းကမူ မျှော်လင့်တကြီး စောင့်ကြည့်နေခဲ့သည်။
နင့်ယုရှန်းမှ ချက်ချင်း ပြန်ပြောလာခဲ့သည် “ စီနီယာအစ်ကို၊ ကျေးဇူးတင်ပါတယ်၊ ကျွန်မ အားနာမနေတော့ဘူးနော် ”
ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်တွင် သူမသည် သူမ၏အခန်းဆီသို့ လှည့်ပြေးသွားတော့သည်။
လုချန်ရှန်းသည် ချက်ချင်းကြောင်အသွားခဲ့သည်။
စကားတွေ အများကြီး ပြောခဲ့တာတောင်မှ၊ ကျေးဇူးတရားကို မပြဘဲ၊ ဒီလိုမျိုး ထွက်ပြေးသွားတယ်ပေါ့
“ ဟူး၊ ဒီနေ့ခေတ် ကောင်မလေးတွေကို လှည့်စားရတာက မလွယ်ဘူးပဲ၊ ဝိညာဥ်ကျောက်တုံး ရဖို့က ပိုပိုပြီးတော့ ခက်လာပြီ “
၎င်းတို့ကို တွေးမိသွားသောအခါတွင် သူသည် အလွန်တရာ စိတ်ညစ်သွားခဲ့သည်။
သူသည် သူ၏ဦးခေါင်းကို ခါရမ်းကာ အသာအယာ သက်ပြင်းချနေတော့သည်။ ကံကောင်းထောက်မစွာဖြင့်၊ သူ့ထံတွင် ဝိညာဥ်ကျောက်တုံး အတော်များများရှိနေသောကြောင့် ကျင့်ကြံရေးအတွက် နေရာတစ်ခု ရှာရန်သာ လိုအပ်နေတော့သည်။
ထို့နောက်တွင် ဆေးမီးဖို အခန်းထံမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြန်သည်။ ယဲ့တျန်ရီသည် လုချန်ရှန်းထံသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။
“ ပြီးသွားပြီလား “ ဟုလုချန်ရှန်းမှ မေးမြန်းလိုက်သည်။
“ ပြီးသွားပြီ “ ယဲ့တျန်ရီမှ အပြုံးဖြင့် ပြန်ပြောလာခဲ့သည်။
“ ကောင်းတယ်။ စီနီယာအစ်ကို ဆက်ပြီးတော့ အလုပ်ရှုပ်နေလိုက်တော့ “
လုချန်ရှန်းသည် ထိုစကားကို ပြောကာ၊ ထွက်သွားရန် ပြင်လိုက်သည်။
သို့သော် ယဲ့တျန်ရီမှ သူ့ကို တားဆီးလာခဲ့သည်။
“ ဂျူနီယာညီလေး၊ ငါမင်းနဲ့ စကားပြောချင်တယ် “
လုချန်ရှန်း မှင်သက်သွားခဲ့ပြီး၊ လေးလေးနက်နက် ဖြစ်နေသည့် သူ၏ စီနီယာအစ်ကိုကို ကြည့်ကာ၊ မျက်မှောင်ကြုတ်သွားခဲ့သည်။
“ ကိစ္စရှိလို့လား၊ စီနီယာအစ်ကို “
“ လွန်ခဲ့တဲ့ နှစ်ရက်ကို အကဲခတ်ကြည့်ရသလောက်အရဆိုရင်တော့၊ မင်းရဲ့ စိတ်သဘောထားမှာ အားနည်းချက်တစ်ချို့ ရှိနေနိုင်ပင်မဲ့၊ မင်းက တော်တော်လေးကို ထူးချွန်တယ်။ မင်းက စီနီယာအစ်ကိုရဲ့ ဓားတာအို ပြဿနာကို မြင်နိုင်ပြီးတော့၊ တစ်ခါကြားလိုက်ရရုံနဲ့ ဆေးသန့်စင်ရတဲ့ လုပ်ငန်းစဥ်ကို မှတ်မိနေတယ်၊ အဲ့တာတွေက မင်းက တော်တော်လေး ထူးချွန်တယ်ဆိုတာကို သက်သေပြနေတယ် “
လုချန်ရှန်းသည် သူ၏ပါးစပ်ကို ဖွင့်ကာ စကားပြောရန် ပြင်လိုက်သည်။
သို့သော် ယဲ့တျန်ရီမှ စကားဆက်ပြောလာခဲ့သည် “ ဆရာက လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဒီမှာ မရှိဘဲ၊ စီနီယာအစ်ကိုကလည်း ကျင့်ကြံရေးနဲ့ အလုပ်ရှုပ်နေတော့ မင်းကို ဆုံးမဖို့ လျစ်လျူရှုထားမိတာပဲ ဖြစ်ရမယ်။ အခုအချိန်ကနေစပြီးတော့ မင်းရဲ့ ကျင့်ကြံရေးကို ငါကြီးကြပ်ပေးမယ်။ အချိန်ယူလိုက်မယ်ဆိုရင်၊ မင်းက သေချာပေါက်ကို တစ်ခုခု အောင်မြင်မှာပဲ “
“ စီနီယာအစ်ကို၊ ကျွန်တော် ……… “
“ ထပ်ပြောနေဖို့ မလိုဘူး၊ ငါဆုံးဖြတ်ခဲ့ပြီးပြီ “ ယဲ့တျန်ရီသည် စိတ်ပိုင်းဖြတ်ထားသော အမူအရာမျိုးဖြင့် စကားဆက်ပြောလာခဲ့သည် “ ကန်းယွင်လျှို့ဝှက်နယ်မြေက သိပ်မကြာခင် အချိန်မှာ ဖွင့်တော့မယ်။ အချိန်ကျလာရင် မင်းက ငါနဲ့အတူ လိုက်ခဲ့ရမယ် “
“ စီနီယာအစ်ကို၊ အဲ့လိုလုပ်ဖို့ မလိုပါဘူးဗျာ။ ကျွန်တော်က ……. “
“ ဘာကိုမှ စိုးရိမ်နေဖို့ မလိုဘူး။ ကောင်းကောင်းနားနေလိုက်။ မနက်ဖြန်ကနေစပြီးတော့ မင်းရဲ့ ကျင့်ကြံရေးကို ပုံစံကျကျ ငါကြီးကြပ်ပေးမယ် “
ထို့နောက်တွင် သူသည် ကျိုးချင်ယုကို ရှာဖွေရန် လှည့်ထွက်သွားတော့သည်။
“ အဲ့လိုမျိုး ဆုံးဖြတ်လိုက်တာလားဟ “