နောက်တစ်နေ့ နံနက်ခင်းတွင် ယဲ့တျန်ရီသည် လုချန်ရှန်းကို အိပ်ရာထဲမှ ဆွဲထုတ်နေတော့သည်။
ယမန်နေ့က ပြောထားခဲ့သည့်အတိုင်းပင် သူသည် သူ၏ဂျူနီယာညီငယ်ကို ကျင့်ကြံရန် ခေါ်ဆောင်သွားတော့မည် ဖြစ်သည်၊ ချက်ချင်းဆိုသလိုပင် သူတို့နှစ်ဦးသည် ကန်းယွင်ဂိုဏ်းမှ ထွက်ခွာခဲ့သည်။
“ စီနီယာအစ်ကို၊ ကျွန်တော်တို့က ကျင့်ကြံမယ်ဆိုရင်တောင်မှ၊ ဒီလောက်ကြီး အလျင်လိုနေဖို့ မလိုဘူးလေ၊ ဟုတ်တယ်မလား။ နေတောင် မပွင့်သေးဘူးလေ “ လုချန်ရှန်းသည် အိပ်ချင်မူတူးဖြစ်နေသော အမူအရာဖြင့် စကားစပြောလာခဲ့သည်။
“ ဒီနေ့အတွက် အစီအစဥ်က မနက်ခင်းပဲ၊ တစ်သက်တာအတွက် အစီအစဥ်ကတော့ လုံ့လဝီရိယရှိဖို့ပဲ။ ငါတို့ကျင့်ကြံသူတွေက ဇွဲရှိမှရမယ်။ ဆရာက ဒီမှာ မရှိဘူး၊ စီနီယာအစ်ကိုကလည်း ကျင့်ကြံရေးနဲ့ အလုပ်များနေတယ်၊ အဲ့တော့ မင်းအတွက် ငါပဲရှိတော့တယ်။ ဒီနေ့ကစပြီးတော့ မင်းရဲ့ ကျင့်ကြံရေးကို ငါကြီးကြပ်ပေးမယ် “
ယဲ့တျန်ရီမှ ပြတ်ပြတ်သားသား ပြောဆိုလာခဲ့သည်။
လုချန်ရှန်း ဆွံ့အသွားတော့သည်။ ဆယ်နှစ်တိတိ လွတ်လွတ်လပ်လပ် နေခဲ့တဲ့ကောင်ကို အခုမှ ပုံစံလာသွင်းနေတာလားဟ
“ ဆရာပြန်လာတဲ့ အချိန်အထိ စောင့်နေပြီးတော့၊ သူ့ကို ကြီးကြပ်ခိုင်းလိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ။ ကျွန်တော်က စီနီယာအစ်ကို့ကို ပြဿနာ မပေးချင်ဘူးဗျ “
သူသည် ယဲ့တျန်ရီက သူ့ကို သနားသွားမည်ဟု ထင်နေခဲ့သည်။
သို့သော် သူ့စကားကို ကြားလိုက်ရသောအချိန်တွင် ယဲ့တျန်ရီ၏ အမူအရာမှာ လေးလေးနက်နက် ဖြစ်သွားခဲ့သည်။
“ ဂျူနီယာညီလေး၊ မင်းကို ပြောပြချင်နေတဲ့ ကိစ္စတစ်ချို့ ရှိနေတယ်၊ ဒါပင်မဲ့ မင်းက အဲ့အကြောင်းကို ပြောလာပြီဆိုတော့ အခုပဲ မင်းကို ပြောပြတော့မယ် “
“ ဘာလဲ။ ဆရာဆုံးသွားပြီလား “ လုချန်ရှန်း၏ အမူအရာ တင်းကြပ်သွားခဲ့သည်။
ယဲ့တျန်ရီသည် ခေါင်းခါပြလာခဲ့ပြီး၊ တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ ဖြည်းဖြည်းချင်း စကားဆက်ပြောလာခဲ့သည် “ အစကတော့ ငါက ဆရာနဲ့အတူ ခရီးထွက်နေခဲ့တာပဲ၊ ဒါပင်မဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဆရာရုတ်တရက်ကြီး ပျောက်သွားခဲ့တယ် “
“ ပျောက်သွားတာလား “
“ ဟုတ်တယ်၊ နှစ်နှစ်လုံးလုံး ငါလိုက်ရှာနေခဲ့ပင်မဲ့၊ ဘာသတင်းမှ မရခဲ့ဘူး။ အဲ့တာကြောင့် ရွေးချယ်စရာ မရှိတော့ဘဲ ဂိုဏ်းကို ပြန်လာခဲ့ရတာ။ ဒါပင်မဲ့ အဲ့သတင်းပေါက်ကြားလို့တော့ မဖြစ်ဘူး၊ အခုလောလောဆယ်တော့ ဂိုဏ်းက အဆင့်မြင့် အရာရှိတွေကပဲ အဲ့အကြောင်းကို သိထားကြတယ် “
ယဲ့တျန်ရီမှာ အလွန်တရာ လေးနက်နေခဲ့သည်။
လုချန်ရှန်းမှာလည်း လုံးဝ ဆွံ့အသွားခဲ့သည်။
သူက လမ်းမပေါ်တွင် ပုံမှန်အတိုင်း လမ်းလျှောက်နေသည့် အချိန်တွင်၊ လူအိုကြီးတစ်ဦးသည် ကောင်းကင်ထက်မှ ရုတ်တရက် ဆင်းသက်လာခဲ့ပြီး၊ သူ၏ အရိုးတည်ဆောက်ပုံက ထူးခြားကာ၊ သူက လူတစ်သန်းတွင် တစ်ယောက်သာလျှင် ရှိသည့် ကျင့်ကြံရေး ပါရမီရှင်ဖြစ်သည်ဟု ပြောခဲ့သည်။ ကြိမ်ဖန်များစွာ စည်းရုံးနေခဲ့ပြီးသည့်နောက်တွင်၊ သူသည် သူ့ကို သူ၏တပည့်အဖြစ် ခေါ်ဆောင်ကာ၊ ချင်းယွင်တောင်ထွဋ်နှင့် တိုက်ရိုက်ချည်နှောင်ခဲ့လေသည်။
သူ၏ ကြီးမားလွန်းလှသော မိသားစုအမွေအနှစ်အား မည်သူဆက်ခံသွားလဲဆိုသည်ကို မသိရခြင်းမှာ နှမြောဖွယ်ကောင်းလွန်းလှသည်။
သို့သော် သူသည် ဤနေရာသို့ ရောက်ရှိနေပြီဖြစ်သောကြောင့်၊ ကျင့်ကြံရေးကို အောင်မြင်အောင် လုပ်ရမည်ဟုသာ တွေးနေခဲ့သည်။
သို့ရာတွင် သူ၏ဆရာဖြစ်သူသည် တောင်ပေါ်သို့ ရောက်လာခဲ့ပြီးသည့်နောက်တစ်ရက် အကြာတွင်၊ သူ့ကို သူ၏စီနီယာအစ်ကိုထံသို့ ပစ်ပေးကာ ခရီးထွက်သွားခဲ့လေသည်။
ဤမျှခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် ရှစ်နှစ်အရွယ် ကလေးတစ်ဦးက မည်ကဲ့သို့ ရှင်သန်နေထိုင်ရမလဲဆိုသည်ကို ဆယ်နှစ်တိတိ လျစ်လျူရှုထားခဲ့သည်။
လုချန်ရှန်းသည် မျက်ရည်ကျလုနီးပါး ဖြစ်သွားခဲ့သည်။ ဆယ်နှစ်တိတိ သတိကြီးကြီးထား၍ ရှင်သန်နေထိုင်ခဲ့ကာ၊ အရွယ်ရောက်လာခဲ့သော်လည်း၊ သူ့ဆရာ ပျောက်သွားပြီဆိုသည့် စကားကိုသာ ကြားလိုက်ရလေသည်။
“ ငါက ဘယ်လို ဓားပြသဘော်ပေါ်ကို ရောက်လာခဲ့တာလဲကွာ “
ထိုအချိန်၌ သူ၏စိတ်ထဲတွင် စိတ်ခံစားချက်တို့ဖြင့် ရောထွေးသွားခဲ့သည်။ ဆရာရှိတာနဲ့ မရှိတာက ဘာကွာလို့လဲဟ
ယဲ့တျန်ရီကမူ သူ၏ ပြောင်းလဲမှုကို သတိမပြုမိဘဲ၊ စကားဆက်ပြောလာခဲ့သည် “ ငါကြားတာထားကတော့ ဆရာက ကန်းယွင်ဂိုဏ်းကို လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက ရောက်လာခဲ့တာတဲ့။ သူရောက်လာခဲ့တဲ့ အချိန်တုန်းက မှတ်ဉာဏ်ပျောက်နေတဲ့ပုံပဲတဲ့။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်တုန်းက သူက တစ်ခုခုကို ရုတ်တရက်ကြီး မှတ်မိသွားပြီးတော့ ခရီးထွက်ချင်လာခဲ့တယ်။ ဂိုဏ်းက သူ့ကို စိတ်ပူတဲ့အတွက် ငါ့ကို လိုက်သွားခိုင်းခဲ့ပင်မဲ့ အဆုံးမှာတော့ ဆရာ့ကို ပျောက်သွားတာပါပဲ ……. “
သူသည် ထိုစကားကို ပြောနေရင်းဖြင့် ကိုယ့်ကိုကိုယ် အပြစ်တင်နေခဲ့မိသည်။
လုချန်ရှန်း ဆွံ့အသွားခဲ့သည်။ သူကလည်း ရိုးသားတဲ့ နှလုံးသားလေးနဲ့ သနားဖို့ကောင်းတဲ့ လူပဲကိုး
“ စီနီယာအစ်ကို၊ စကားပြောနေတာကို ရပ်လိုက်တော့။ သေချာလေး ကျင့်ကြံလိုက်ရအောင် “
သူသည် ထိုစကားကို နှစ်သိမ့်သည့်အနေဖြင့်သာ ပြောလိုက်ခြင်း ဖြစ်သည်။
သို့ရာတွင် ယဲ့တျန်ရီကမူ ရုတ်တရက် တက်တက်ကြွကြွ ခေါင်းငြိမ့်လာခဲ့သည်။
“ ဂျူနီယာ ညီငယ်လေး မင်းမှန်တယ်။ ငါသေချာ လေ့ကျင့်မှဖြစ်မယ်၊ အူတိုင် ဖွဲ့စည်းခြင်းနယ်ပယ်ကို ရောက်ရင် အပြင်ထွက်ပြီးတော့ သူ့ကို သွားရှာမယ်။ အဲ့လူအိုကြီးကို ငါသေချာပေါက် ပြန်ခေါ်လာခဲ့မယ် “
“ … “
လုချန်ရှန်းမှာ ထပ်မံ၍ ဆွံ့အသွားရပြန်သည်။ ဆရာက သူ့ဘဝသူ အေးအေးဆေးဆေးဖြတ်သန်းချင်လို့ ထွက်သွားတာလည်း ဖြစ်နိုင်တာပဲလေဟ၊ မင်းက သူ့ကို လိုက်ရှာချင်နေသေးတာလား
ပြောကြဆိုကြရင်းဖြင့် သူတို့သည် သူတို့၏ ပန်းတိုင်ဖြစ်သည့် တောင်တစ်လုံး၏ အောက်ခြေသို့ ရောက်ရှိလာခဲ့သည်။
ထိုတောင်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းမှာ ထပ်မံ၍ မျက်မှောင်ကြုတ်သွားခဲ့ရပြန်သည်။
“ မင်းငါ့ကို မနက်စောစောနှိုးခဲ့တာက အပြင်ဂိုဏ်းတပည့်တွေရဲ့ စမ်းသပ်ကွင်းဆီ ခေါ်လာဖို့လား “
လုချန်ရှန်း အတွေးနက်သွားခဲ့သည်။
ဤနေရာသည် ဂိုဏ်းနှင့် မိုင်ရာဂဏန်းအကွာတွင် ရှိနေခဲ့ပြီး၊ အပြင်ဂိုဏ်းတပည့်များအတွက် သီးသန့်ပြင်ဆင်ထားသည့် စမ်းသပ်ကွင်းဖြစ်သည်။
တစ်ခြားလူများ၏ အမြင်တွင်မူ၊ သူက ချီစုစည်းခြင်း အဆင့်၃ ကျင့်ကြံရေးကိုသာ ပိုင်ဆိုင်ထားကာ၊ ကိုယ်ပိုင်တပည့်များနှင့် မယှဥ်နိုင်သော်လည်း၊ သူ၏အထောက်အထားကြောင့် သူ့ကို ဤနေရာသို့ ခေါ်လာခြင်းမှာ သူ့ကို အရိုအသေမဲ့ရာကျနေခဲ့သည်။ အနိမ့်ဆုံးအနေဖြင့် သူ့ကို အတွင်းဂိုဏ်းတပည့်များ၏ စမ်းသပ်ကွင်းဆီသို့ ခေါ်သွားသင့်ပေသည်။
ယဲ့တျန်ရီမှ လေသံတိုးတိုးလေးဖြင့် ပြန်ပြောလာခဲ့သည် “ ဂျူနီယာညီလေးရာ၊ မင်းဘာမှမသိပါဘူးကွာ၊ ဂိုဏ်းက ဒီနေရာကို အဆင့်မြှင့်ထားတယ်လေ၊ အရင်တုန်းကထပ် အများကြီး ပိုခက်နေပြီ။ ပြီးတော့ ဒီနေရာမှာ စိတ်ဝိညာဥ် သွေးကြောတစ်ခုရှိတာကို ဘယ်သူမှ မသိကြဘူး၊ စီနီယာအစ်ကိုကတောင် ကျင့်ကြံဖို့အတွက် ဒီကို လာတတ်တယ် “
လုချန်ရှန်းသည် အသာအယာ သက်ပြင်းချနေတော့သည်၊ သူသည် သူ၏စီနီယာအစ်ကိုကြီးက ဤနေရာတွင် ရှိနေသည်ဆိုသည်ကို သိနေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ယမန်နေ့ညက ဤနေရာသို့ ရောက်ရှိလာခဲ့သောကြောင့် ဖြစ်သည်။
ထို့အပြင် သူသည် ဤနေရာတွင် စိတ်ဝိညာဥ် သွေးကြောတစ်ခုရှိကြောင်းကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သိရှိထားခဲ့ပြီးပြီ ဖြစ်သည်။ ၎င်းက သူ့ကြောင့်ပင် ခမ်းခြောက်လုနီးပါး ဖြစ်သွားရခြင်း ဖြစ်သည်။ ဒီကိုလာတာက ဘာအကျိုးရှိမှာမို့လို့လဲ
သို့သော် သူသည် ထိုအကြောင်းများကို ပြောပြရန် ပျင်းရိလွန်းနေခဲ့သည်။
ဤနေရာက ထူးခြားမနေသော်လည်း၊ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီး၊ သူ့ထံတွင်လည်း ဝိညာဥ်ကျောက်တုံး နှစ်သောင်း ရှိနေသောကြောင့် သူသည် ဤနေရာတွင် တိတ်တဆိတ် ကျင့်ကြံနိုင်မည် ဖြစ်သည်။
ဤနေရာသို့ ရောက်လာခဲ့ပြီးသည့်နောက်၌ ယဲ့တျန်ရီသည် လုချန်ရှန်းက စတင်၍ ကျင့်ကြံနေသည်ကို စောင့်ကြည့်နေခဲ့ပြီး၊ စိတ်ကျေနပ်စွာဖြင့် ဘေးတစ်ဖက်တွင် ထိုင်ချလိုက်သည်။
လုချန်ရှန်းသည် သူ၏စီနီယာအစ်ကိုဖြစ်သူကို ကြည့်ရင်းဖြင့် စိတ်ညစ်သွားခဲ့သည်။ မင်းက ကြင်နာပြီးတော့ ကူညီချင်တယ်ဆိုတာကို ငါသိပါတယ်ကွာ
တာအို၏ ဖျက်ဆီးမှုနှင့် သေဆုံးမှုများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည့် ကျင့်ကြံရေးလောက၏ ရက်စက်မှုကို မြင်တွေ့ခဲ့ရပြီးသည့် အချိန်ကတည်းက၊ သူသည် သူက တစ်နေရာရာတွင် လူမသိသူမသိ သေဆုံးသွားရမည်ကို ကြောက်ရွံ့သောကြောင့် ပေါ့ဆမနေဝံ့ခဲ့ပေ။
သို့ရာတွင် ဝိညာဥ်ကျောက်တုံး အခုနှစ်သောင်း လျင်မြန်စွာ ကုန်ဆုံးသွားခြင်းသည် သူ့ကို စိတ်မသက်မသာ ဖြစ်သွားစေခဲ့သည်။ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉သို့ အရောက်သွားနိုင်မည့် လမ်းမှာ အလွန်တရာ ရှည်လျားနေခဲ့ပြီး၊ အနည်းဆုံးအနေဖြင့် ဝိညာဥ်ကျောက်တုံး အခုတစ်သိန်းမရှိဘူးဆိုပါက၊ သူအဆင့်တက်နိုင်လိမ့်မည် မဟုတ်ပေ။
“ အူတိုင်ဖွဲ့စည်းခြင်းရ့ အဆင့်၉ကတောင် ဒီလောက်လိုအပ်နေတယ်ဆိုရင်၊ မွေးရာပါ ဝိညာဥ်နယ်ပယ်ဆိုရင် ဘယ်လောက်တောင် လိုနေလိုက်မလဲ။ ငါက လုယက်ခိုးဝှက်ရတော့မှာလား “
လုချန်ရှန်းသည် လွန်စွာစိတ်ညစ်သွားခဲ့သည်။
သူလိုအပ်သည့် ဝိညာဥ်ချီ ပမာဏမှာ အလွန်တရာ ကြီးမားလွန်းနေခဲ့သည်။ သူစုပ်ယူဝါးမြိုခဲ့သည့် ဝိညာဥ်ချီသည် လူနှစ်ဦးကို တက်လှမ်းခြင်း အဆင့်သို့ ရောက်ရှိသွားအောင် ထောက်ပံ့ပေးရန်အတွက် လုံလောက်သည်ထပ်ပင် ပိုနေခဲ့သည်။
သူသည် မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ တတ်နိုင်သမျှ အမြန်ဆုံး အဆင့်တက်ချင်နေခဲ့သည်။ မှတ်တမ်းများအရ၊ ကပ်ဘေးတစ်သောင်း အင်မော်တယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူက မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက်၊ ကျင့်ကြံရာတွင် ကြုံတွေ့ရသည့် နာကျင်မှုမျိုးကို ခံစားရတော့မည် မဟုတ်ဘူးဟု ဆိုထားသည်၊ သို့သော် အဆင့်ထိုးဖောက်မှုတစ်ခုချင်းစီတိုင်းတွင် ကပ်ဘေးတစ်ခုကို ကျော်ဖြတ်ရမည် ဖြစ်သည်။
သို့သော် သူ့ထံတွင် ဝိညာဥ်ကျောက်တုံးများ ပြတ်လပ်နေသောကြောင့်၊ မည်သည့်အချိန်မှ မွေးရာပါဝိညာဥ်နယ်ပယ်သို့ ရောက်မလဲဆိုသည်ကို သူမသိပေ။ ထိုအချိန်၌ နင့်ယုရှင်းသည် သူ၏အတွေးထဲသို့ ထပ်မံ၍ ရောက်ရှိလာခဲ့သည်။
“ အချမ်းသာဆုံး သူဌေးကြီးရဲ့ သမီးဆိုတော့ သူမက တော်တော်ကြီးကို ချမ်းသာလောက်တယ် “
၎င်းကို တွေးမိသွားသောအခါတွင် သူသည် ချက်ချင်းအကြံရသွားခဲ့ပြီး၊ ဂိုဏ်းဆီသို့ လျင်မြန်စွာ လှည့်ထွက်သွားတော့သည်။
သူဤနေရာသို့ ရောက်နေသည်မှာ ရက်အနည်းငယ်မျှ ကြာနေခဲ့ပြီဖြစ်သောကြောင့်၊ နင့်ယုရှင်းမှာလည်း ဓားရည်ရွယ်ချက်ကို အောင်မြင်စွာ ကျင့်ကြံနေနိုင်သင့်ပြီ ဖြစ်သည်။ သူသည် သူမထံတွင် တိုးတက်မှုရှိ၊ မရှိဆိုသည်ကို သွားကြည့်မည် ဖြစ်သည်။
လုချန်ရှန်းသည် တစ်ခဏအကြာတွင် ဂိုဏ်းသို့ ပြန်ရောက်လာခဲ့ပြီး၊ ချင်းယွင်တောင်ထွဋ်ပေါ်သို့ မရပ်မနား ပြေးတက်သွားတော့သည်။
ပြန်ရောက်လာသည်နှင့်တစ်ပြိုင်နက်၊ သူသည် ကျောက်သားစားပွဲခုံပေါ်တွင် ထိုင်ကာ၊ စာအုပ်နှင့် စာလိပ်များစွာ စုပုံထားပြီး၊ စိတ်ပျက်လက်ပျက် ဖြစ်နေသည့် သူမကို မြင်တွေ့သွားခဲ့သည်။
“ ဂျူနီယာညီမလေးနင့်၊ မအောင်မြင်ဘူးလား။ အဲ့လို မဖြစ်သင့်ဘူးလေ “
လုချန်ရှန်းသည် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သူသည် သူမ၏ခန္ဓာကိုယ် အတွင်းတွင် ရှိနေသည့် သူ၏ဓားရည်ရွယ်ချက်ကို ခံစားမိနေခဲ့သည်။
နင့်ယုရှင်းသည် သူ့ကို မော့ကြည့်လာခဲ့ပြီး၊ အသာအယာ သက်ပြင်းချ၍ စကားပြန်ပြောလာခဲ့သည် “ ကျွန်မ အောင်မြင်ခဲ့ပါတယ် “
“ ဒါဆိုရင် နင်က ဘာလို့ စိတ်ညစ်နေရသေးတာလဲ။ စီနီယာအစ်ကိုက နင့်ကို လျစ်လျူရှုထားတုန်းပဲလား “
“ မဟုတ်ဘူး “ နင့်ယုရှင်းသည် သူမ၏ဦးခေါင်းကို ခါရမ်းပြလာခဲ့သည် “ ဓားရည်ရွယ်ချက် ဖွဲ့စည်းနိုင်ခဲ့ပြီးတဲ့နောက်မှာ၊ ကျွန်မအပေါ်မှာ ရှိတဲ့ စီနီယာအစ်ကိုရဲ့ သဘောထားက ပိုပြီးတော့ ပျော့ပျောင်းလာခဲ့တယ်။ သူက ဓားတာအိုအကြောင်းတွေကို သေသေချာချာ ရှင်းပြပေးခဲ့ပြီးတော့၊ သူသိထားသမျှ အသိအမြင်တွေနဲ့ မှတ်စုတွေကို ပေးပြီးတော့၊ ရှင်းပြဖို့အတွက် ကျွန်မဆီကို နေ့တိုင်းရောက်လာခဲ့တယ် “
“ အဲ့တာက ကောင်းတယ်မဟုတ်ဘူးလား။ မင်းတို့က ပိုပြီးတော့ နီးစပ်လာပြီလေ။ မင်းက ဘာကို တွေးပူနေရသေးတာလဲ “ ဟုလုချန်ရှန်းမှ ပြောလိုက်သည်။
စီနီယာအစ်ကိုကြီးကို သူသိထားသလောက်အရဆိုပါက၊ သူ၏ အာရုံကို အဆွဲဆောင်နိုင်ဆုံးမှာ ဓားတာအို(သို့) ဓားတာအဆိုဆိုင်ရာ ရှားပါး စာပေမှတ်တမ်းများ(သို့) ဓားတာအိုကို လျှောက်လှမ်းခဲ့သူများ၏ ရှေးလူတို့၏ မှတ်စုများ(သို့) ဓားတာအို ကျင့်ကြံသူများသာလျှင် ဖြစ်နေခဲ့သည်။
၎င်းက အောင်မြင်သည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
နင့်ယုရှင်းသည် စားပွဲခုံကို လက်ညှိုးထိုးပြ၍ စကားထပ်ပြောလာခဲ့သည် “ ဒါပင်မဲ့ ရက်ပေါင်းများစွာ ကြည့်ခဲ့ပြီးတဲ့နောက်မှာတောင်မှ ကျွန်မက အဲ့ဟာတွေကို နားမလည်သေးဘူး။ အချိန်တွေကြာလာတာနဲ့အမျှ ကျွန်မက တိုးတက်မှု မရှိသေးဘူးဆိုတာကို သူတွေ့သွားလိမ့်မယ်၊ အဲ့အချိန်ကျရင် သူက ………. “
လုချန်ရှန်းသည် သူမ၏ စိုးရိမ်ပူပန်မှုကို နားလည်သွားကာ၊ ထိုစားအုပ်များကို ကောက်ယူဖတ်ရှုကြည့်လိုက်သည်။
တစ်ခဏခန့် အကြာတွင် သူသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် စကားထပ်ပြောလိုက်သည် “ ဒီဟာက နည်းနည်းလေးတော့ ရှုပ်ထွေးတယ်။ ဓားတာအိုရဲ့ အဆင့်၅ ဒါမှမဟုတ် အဆင့်၆ကို ရောက်မနေဘူးဆိုရင်၊ နားလည်ဖို့ မဖြစ်နိုင်ဘူး “
နင့်ယုရှင်းသည် ပိုတွေးလေလေ၊ ပို၍ စိုးရိမ်ပူပန်သွားလေလေ ဖြစ်သွားခဲ့သည်။
လုချန်ရှန်းမှ စကားထပ်ပြောလိုက်သည် “ ဒါပင်မဲ့ အဲ့တာက ပြဿနာကြီးတစ်ခုတော့ မဟုတ်ပါဘူး။ မင်းရဲ့ ဓားရည်ရွယ်ချက်ကသာ ဆက်ပြီးတော့ တိုးတက်နေသရွေ့၊ မင်းက အဲ့တာတွေကို နားလည်လာလိမ့်မယ်။ အဲ့တာဆိုရင် မင်းတို့ရဲ့ ဆက်ဆံရေးကလည်း သေချာပေါက် တိုးတက်လာပြီးတော့၊ အချစ်ပန်းတွေ ပွင့်လန်းလာလိမ့်မယ် “
နင့်ယုရှင်း၏ မျက်ဝန်းများ တောက်ပသွားခဲ့သည်၊ သို့သော် လျင်မြန်စွာ ပြန်လည်မှိန်ဖျော့သွားခဲ့သည်။
“ ဓားရည်ရွယ်ချက်ကို တိုးတက်အောင် လုပ်ဖို့က ဘယ်လိုလုပ်လွယ်မှာလဲ။ ကျွန်မက ဓားတာအို ပါရမီရှင် မဟုတ်ဘူးလေ၊ အချိန်တိုအတွင်းမှာ ဘယ်လိုလုပ် မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်မှာလဲ “
သူမသည် လေလျော့နေသည့် ပူဖောင်းသဖွယ် ဖြစ်နေခဲ့သည်။
“ တကယ်တော့၊ အဲ့လောက်ကြီး မခက်ပါဘူးဟ “
“ တကယ်လား “
နင့်ယုရှန်း တက်ကြွသွားခဲ့သည်။
လုချန်ရှန်းမှာလည်း အပြုံးဖြင့် ပြန်ပြောလိုက်သည် “ နင့်ဆီမှာ ပိုက်ဆံသာ ရှိနေသရွေ့ပေါ့ “