လုချန်ရှန်း၏ စကားလုံးများသည် နင့်ယုရှန်းကို ချက်ချင်းစိတ်လှုပ်ရှားသွားစေခဲ့သည်။
သူမ၏ဖခင်သည် ကန်းပြည်နယ်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး၊ ငွေကြေးလုံးဝပြတ်လပ်မနေခဲ့ပေ။ ထို့အပြင် ငွေသုံးစွဲခြင်းက သူမ၏ ဓားပညာကို တိုးတက်စေနိုင်ပြီး၊ သူမသည် ၎င်းက အလွယ်ကူ၊ အရိုးရှင်းဆုံး နည်းလမ်းဟု ထင်သွားခဲ့သည်။
“ စီနီယာအစ်ကိုလု၊ ရှင့်ဆီမှာ အဖြေတစ်ခု တကယ်ရှိတာလား “
“ ပြဿနာမရှိပါဘူး၊ ဒါပင်မဲ့ ဈေးကတော့ နည်းနည်းလေး မြင့်နေနိုင်တယ် “ လုချန်ရှန်းသည် အခက်တွေ့နေသော ဟန်အမူအရာမျိုးဖြင့် ပြန်ပြောလိုက်သည်။
နင့်ယုရှန်းမှ မေးမြန်းလာခဲ့သည် “ ဘယ်လောက်လိုလို့လဲ “
“ ဝိညာဥ်ကျောက်တုံး နှစ်သောင်းနဲ့သုံးတုံး “
လုချန်ရှန်းသည် လက်နှစ်ဖက်စလုံးကို ထောင်ပြလိုက်သည်။
ယခင်က အတွေ့အကြုံများကြောင့် သူသည် မြင့်မားသော ဈေးနှုန်းကို ရဲရဲတင်းတင်း သတ်မှတ်လိုက်သည်။
တောင်ထွဋ်သခင် တစ်ဦးကပင် တစ်လလျှင် ဝိညာဥ်ကျောက်တုံး အခုတစ်ရာကျော်မျှသာ ရရှိတတ်ပြီး၊ ထိုပမာဏသည် သူတို့၏ ဆယ်နှစ်တာ လစာထပ်ပင် ပိုများနေသေးသည်။
သူသည် ညှိနှိုင်းရန် လမ်းဖွင့်ပေးထားခဲ့ပြီး၊ အနိမ့်ဆုံးအနေဖြင့် ဤတစ်ကြိမ်တွင် ၁၄၀၀၀(သို့) ၁၅၀၀၀မျှ ရရှိရန် ရည်မှန်းထားခဲ့သည်။
သို့ရာတွင် သူသည် နင့်မိသားစု၏ အင်အားကို အထင်သေးမိနေစဲဖြစ်သည်။
နင့်ယုရှင်းသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ သူမ၏လက်စွပ်အတွင်းမှ ဝိညာဥ်ကျောက်တုံးတို့ဖြင့် ပြည့်နှက်နေသည့် အိတ်တစ်လုံးကို ပြတ်ပြတ်သားသား ထုတ်ယူလိုက်သည်။ အတွင်းတွင် ဝိညာဥ်ကျောက်တုံး နှစ်သောင်းကျော်အထိ ပါဝင်နေခဲ့သည်။
“ ဒါက ……… “
လုချန်ရှန်းသည် အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့သည်။ ဒီကောင်မလေးက တော်တော်ကြီးကို မာနကြီးလွန်းတာပဲ၊ ဈေးဆစ်ဖို့တောင် မကြိုးစားဘူး
“ နင်တို့ နင့်မိသားစုဆီမှာ ငွေဘယ်လောက်တောင် ရှိနေတာလဲ။ ဝိညာဥ်ကျောက်တုံး နှစ်သောင်း ပေးရတာကို မျက်တောင်တောင် မခတ်ဘူးပေါ့ “
နင့်ယုရှင်းမှ ပြန်ပြောလာခဲ့သည် “ တကယ်လို့ ငွေသုံးပြီးတော့ ဓားပညာကို တိုးတက်အောင် လုပ်နိုင်မယ်ဆိုရင် နှစ်သောင်းလောက်က ဘာမို့လို့လဲ “
ဝိညာဥ်ကျောက်တုံးကို လက်ခံခဲ့ပြီးသည့်နောက်တွင်၊ လုချန်ရှန်းသည် ကံမကောင်းဘူးဟု ခံစားသွားခဲ့ရသည်။ ပြန်လည်မွေးဖွားခြင်းက စွမ်းရည်တစ်ခုဖြစ်ပြီး၊ ကောင်းမွန်သော မွေးဖွားခြင်းသည် လူတစ်ဦး၏ ကျန်ရှိနေသော ဘဝသက်တမ်းတစ်လျှောက်လုံးကို တိုက်ရိုက်ဆုံးဖြတ်ပေးနိုင်ပေသည်။
( နောက်ခံတောင့်တဲ့ မိသားစုဆီမှာ မွေးမလာတဲ့အတွက် ကံမကောင်းဘူးလို့ ခံစားသွားရတယ်ဆိုတဲ့ သဘောပါ )
နင့်ယုရှန်းမှ ဆက်လက်၍ မေးမြန်းလာခဲ့သည် “ စီနီယာအစ်ကိုလု၊ ကျွန်မတို့က ဘာဆက်လုပ်သင့်လဲ “
“ အဲ့စာအုပ်တွေ ဖတ်နေဖို့ မလိုအပ်ဘူး။ တကယ်လို့ အဲ့တာတွေကို ကြိုက်တယ်ဆိုရင်၊ အမှတ်တရအဖြစ် သိမ်ထားလိုက်၊ အခုတော့ နားနားလောက် သွားနားလိုက်၊ မနက်ဖြန် မနက်မှ ငါ့ကို လာရှာလိုက် “
“ ကျေးဇူးတင်ပါတယ်၊ စီနီယာအစ်ကို “
ကျေးဇူးတင်ရမဲ့လူက ငါပါ
လုချန်ရှန်းသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။ သူသည် သူမထံမှ ငွေကို အလွယ်တကူ ရရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
အကယ်၍ ကိစ္စများက ထိုအတိုင်းသာ ဆက်ရှိနေမည်ဆိုပါက၊ သူမကို တိုးတက်အောင် ကူညီပေးနိုင်သရွေ့၊ ငွေ ၁သိန်း(သို့) ၂သိန်း ရရှိရန်မှာ ကိစ္စကြီးတစ်ခု ဟုတ်မနေတော့ပေ။
သို့ရာတွင် သူသည် သူမကို သတိပေးလိုက်သည် “ ဂျူနီယာညီမလေးနင့်၊ နင်ကတိပေးဖို့ လိုအပ်တဲ့ ကိစ္စတစ်ခု ရှိတယ် “
“ ဘာကြီးလဲ “
“ ငါတို့ကြားက ကိစ္စကို ဘယ်သူမှ သိလို့မရဘူးနော်။ အဓိကကတော့ ငါ့ရဲ့ ဓားရည်ရွယ်ချက်ကို တိုးတက်အောင် လုပ်ဖို့အတွက် ငါ့ဆရာရဲ့ မိတ်ဆွေဟောင်းဆီက အကူအညီကို လိုအပ်လို့ပဲ။ သူက လူတွေက ဒီအကြောင်း သိနေတာကို မကြိုက်ဘူး။ မင်းကလည်း ငါ့ကို သစ္စာဖောက်လို့ မရဘူးနော်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် စီနီယာအစ်ကိုက မင်းကို ကြိုက်မှာ မဟုတ်ဘူး “
“ ကောင်းပြီ “
နင့်ယုရှင်းသည် လေးနက်စွာ ကတိပေးလာခဲ့ပြီး၊ ထပ်ခါတလဲလဲ အာမခံခဲ့ပြီးသည့်နောက်မှသာ ထွက်ခွာသွားခဲ့သည်။
အကယ်၍ ယခင်က ဓားနှလုံးသား သန့်စင်မှုဆေးနှင့် ပတ်သက်၍ သံသယတစ်ချို့ ရှိနေခဲ့မည်ဆိုပါက၊ ဤတစ်ကြိမ်တွင်မူ မည်သည့်သံသယမှ မရှိတော့ပေ။
သူမသည် ဓားရည်ရွယ်ချက်ကို အမှန်တကယ် ဖန်တီးနိုင်ခဲ့ပြီး၊ ကျိုးချင်ယုကပင် ၎င်းကြောင့် အံ့အားသင့်သွားခဲ့ရလေသည်။
ထို့ကြောင့် သူမသည် လုချန်ရှန်းကို ယုံကြည်ရန် ဆန္ဒရှိနေသေးသည်၊ ၎င်းက ဝိညာဥ်ကျောက်တုံး နှစ်သောင်းမျှသာ ဖြစ်သောကြောင့်၊ အကယ်၍ အလုပ်မဖြစ်ဘူးဆိုလျှင်တောင်မှ၊ ပြဿနာကြီးတစ်ခု ဖြစ်နေလိမ့်မည် မဟုတ်ပေ။
လုချန်ရှန်းသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်နေတော့သည်။
သူသည် ကန်းယွင်မြို့သို့ ဝိညာဥ်ကျောက်တုံးတို့နှင့် ရောက်ရှိလာခဲ့ပြီး၊ ဆေးဆိုင်သို့သွားကာ၊ ဝိညာဥ်ကျောက်၃ခုကို ဆေးဝယ်ရန် အသုံးပြုခဲ့ပြီး၊ ကျန်ရှိနေသည့် နှစ်သောင်းကမူ သူ၏လုပ်အားခ ဖြစ်သည်။
နင့်ယုရှင်းက ချင်းယွင်တောင်ထွဋ်သို့ ရောက်လာခဲ့သည့် အချိန်ကတည်းက၊ သူ၏ဘဝက သာယာစိုပြေလာခဲ့ပြီး၊ တစ်နေ့လျှင် ဝိညာဥ်ကျောက်တုံး နှစ်သောင်းတိတိ ရရှိနေခဲ့သည်။ ၎င်းမှာ သူ၏လပေါင်းများစွာ ရရှိမှုထပ်ပင် ပိုမိုများပြားနေခဲ့သည်။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် နင့်ယုရှင်းကို ပြီးပြည့်စုံသော အဆင့်မြှင့်တင်ပေးမှု ပေးသင့်၊ မပေးသင့်ဆိုသည်ကို စဥ်းစားနေတော့သည်။
သူမကို ဓားပညာ အဆင့်၄နဲ့ ချီစုစည်းခြင်း အဆင့်၉ကို ရောက်သွားစေပြီးတော့၊ သူမဆီကနေ ၁သိန်းလောက် တောင်းလိုက်တာက ကျိုးကြောင်းဆီလျော်တယ်မလား
လုချန်ရှန်း၏အမြင်တွင် ချီစုစည်းမှု အဆင့်၉ဖြစ်စေ၊ ဓားတာအို အဆင့်၄ဖြစ်စေ၊ မည်သည့်အရာကမှ ခက်ခဲမနေခဲ့ပေ။ လူတစ်ဦး၏ စွမ်းရည်က အလွန်တရာ မဆိုးရွားသေးသရွေ့၊ ဝိညာဥ်ကျောက်တုံး အလုံအလောက် ရှိနေမည်ဆိုပါက၊ အလွယ်တကူ အောင်မြင်လိမ့်မည် ဖြစ်သည်။
အကြီးဆုံး အစ်ကိုကြီးသည် သူ၏လမ်းညွှန်မှုများကြောင့်ပင် ယခုလက်ရှိ အောင်မြင်မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ရရှိလာခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ကို သူဖြတ်ကျော်ခဲ့ပြီးပြီဖြစ်သောကြောင့်၊ ကျိုးချင်ယု၏ လမ်းကြောင်းမှာ ပိုမိုချောမွေ့လွယ်ကူနေခဲ့သည်။
လုချန်ရှန်းသည် ထိုအကြောင်းကို ပိုတွေးလေလေ၊ ပို၍ အဓိပ္ပါယ်ရှိလေလေဟု ခံစားသွားခဲ့ရသည်။ သူသည် လှည့်ပြန်ကာသွားကာ၊ အစီအစဥ်တစ်ခု ရေးဆွဲရန် ပြင်လိုက်သည်၊ သို့သော် သူခေါင်းလှည့်လိုက်သည်နှင့်တစ်ပြိုင်နက် ပုံရိပ်အများအပြားက သူ့ဆီသို့ ပျံသန်းလာနေသည်ကို မြင်တွေ့သွားခဲ့သည်။
“ လုချန်ရှန်း “
အေးစက်ကာ မကျေမနပ်ဖြစ်နေသော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
လုချန်ရှန်းမှ ကြည့်လိုက်ရာ ၎င်းက ရှီဖုန်းဖြစ်နေသည်ဆိုသည်ကို မြင်တွေ့သွားခဲ့သည်။
ဤတစ်ကြိမ်၌ အသက်နှစ်ဆယ်ကျော် လူငယ်တစ်ဦးနှင့် အကြီးအကဲတစ်ဦးပါ သူနှင့်အတူ ပါလာခဲ့သည်။
“ အော်၊ ညီအစ်ကိုရှီကိုး။ အရင်ရက်တွေတုန်းက မင်းဘယ်ရောက်နေတာလဲ။ မင်းက ဘာလို့ မကျေမနပ်ဖြစ်နေတဲ့ပုံ ပေါ်နေရတာလဲဟ “
လုချန်ရှန်းသည် အပြုံးဖြင့် စကားလှမ်းပြောလိုက်သည်။
တစ်ဖက်လူက အူတိုင်ဖွဲ့စည်းခြင်း ပညာရှင်တစ်ဦးကို ခေါ်လာခဲ့သော်လည်း၊ သူသည် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့သည်။
ဤနေရာမှာ သူလုပ်လိုသမျှ အရာတိုင်းကို လုပ်နိုင်သည့် ကန်းယွင်မြို့၊ ကန်းယွင်ဂိုဏ်း၏ ပိုင်နက်ဖြစ်သည်။
ရှီဖုန်းဘေးနားတွင် ရှိနေသည့် လူအိုကြီးသည် တဟားဟားရယ်မောကာ စကားစပြောလာခဲ့သည် “ ဆိုတော့ မင်းက ဓားအင်မော်တယ်လေးရဲ့ ဂျူနီယာညီပေါ့၊ မိတ်ဆွေလေး။ မင်းက တကယ်ကို ထူးချွန်ထက်မြက်ပြီးတော့ ဂုဏ်သိက္ခာရှိတဲ့ မျိုးဆက်ကနေလာတာပဲ “
“ အဘိုးက ကြင်နာလွန်းနေပါပြီဗျာ “ လုချန်ရှန်းသည် တည်တည်ငြိမ်ငြိမ်ဖြင့် သတိတကြီး တုံ့ပြန်လိုက်သည်။
ရှီဖုန်း၏ အမူအရာကမူ ပိုပို၍ဆိုးရွားလာခဲ့သည်။ သူသည် ဤကဲ့သို့သော ဟန်ဆောင်မျက်နှာများကို သည်းမခံနိုင်ပေ။ ၎င်းမှာ သူ့ကို အုပ်စုဖွဲ့ကာ ဝိုင်းရိုက်ခဲ့သည့် အချိန်ကကဲ့သို့ မဟုတ်ခဲ့ပေ။
အခု အူတိုင်ဖွဲ့စည်းခြင်း ပညာရှင်ရှိနေတော့၊ နှိမ့်နှိမ့်ချချ ပြုမူနေတယ်ပေါ့လေ
သူ့ဘေးနားတွင် ရှိနေသည့် လူငယ်မှာလည်း အသာအယာ ရယ်မောနေတော့သည်။
“ မိတ်ဆွေလေး၊ မင်းက အရမ်းနှိမ့်ချလွန်းနေတာပဲ “ လူအိုကြီးသည် အပြုံးဖြင့် စကားထပ်ပြောလာခဲ့သည်။
လုချန်ရှန်းမှ မေးမြန်းလိုက်သည် “ ဒီကလူကြီးမင်းက ဘာကိစ္စရှိလို့ ကျုပ်ရဲ့ ကန်းယွင်ဂိုဏ်းကို ရောက်လာရတာလဲဗျ “
“ ကန်းယွင်ဂိုဏ်းကို တောင်တန်းကြီးတွေက ကျောထောနောက်ခံပေးထားပြီးတော့၊ ဆယ်စုနှစ် အနည်းငယ်ကြာတိုင်းမှာ သားရဲလှိုင်းက တိုက်ခိုက်လာလေ့ရှိတယ်လေ။ ငါတို့က ဒီကဖြတ်သွားရင်းနဲ့ ကူညီပေးဖို့ တွေးထားကြတာလေ၊ ဒီအခွင့်အရေးကို အသုံးချပြီးတော့ ကန်းယွင်ဂိုဏ်းရဲ့ ကြီးကျယ်ခမ်းနားမှုကို မြင်ချင်တာလည်း ပါတာပေါ့ကွာ “
“ ကျွန်တော်သိပြီ “ လုချန်ရှန်းသည် ထိုလူစုကို သံသယတို့ဖြင့် ကြည့်ကာ ပြန်ပြောလိုက်သည် “ ဒါဆိုရင်လည်း ခင်ဗျားတို့ကို နှောင့်ယှက်မနေတော့ဘူးဗျာ၊ ကျွန်တော့်မှာ လုပ်စရာလေးတွေ ရှိနေသေးလို့ သွားပြီနော် “
သူသည် စကားပြောနေရင်းဖြင့် ထိုလူသုံးဦးကို ဆက်လက်၍ ကြည့်ရှုနေတော့သည်။
လုချန်ရှန်းထွက်သွားသည့်နောက်တွင် လူအိုကြီးမှ စကားထပ်ပြောလာခဲ့သည် “ ချီစုစည်းခြင်း အဆင့်၃၊ သူ့ရဲ့ အရည်အချင်းက သာမန်ပါပဲ၊ ကောလဟာလတွေနဲ့ အများကြီးသိပ်မကွာဘူး “
“ အကြီးအကဲ၊ သူအရူးလုပ်တာကို မခံရစေနဲ့နော်။ အဲ့လူက လုံးဝအရှက်မရှိဘူး။ အရင် …….. “
ရှီဖုန်းသည် သူခံစားခဲ့ရသည့် အရာများကို ပြန်၍ပြောပြနေတော့သည်။
“ ငါတို့က ဘာလို့ ဒီကိုရောက်လာရလဲဆိုတာကို မမေ့နဲ့။ အသေးအမွှားကိစ္စလေးကြောင့် ငါတို့အစီအစဥ်တွေကို မပျက်စီးစေနဲ့ “
“ ဟုတ်ကဲ့ “
တစ်ချိန်တည်းမှာပင် လုချန်ရှန်းသည် ချင်းယွင်တောင်ထွဋ်သို့ ရောက်လာခဲ့ပြီး၊ ယခုလေးတင် ဖြစ်ပွားခဲ့သည့် စကားဝိုင်းကို ပြန်လည်တွေးတောစဥ်းစားကာ၊ ဆွံ့အသွားခဲ့သည်။
အရင်တုန်းက ဒီကောင်တွေက သူတို့ရဲ့ ညစ်ပတ်တဲ့ အလုပ်တွေကို လုပ်ဖို့အတွက် တစ်ယောက်ယောက်ကို အသုံးချဖို့ စီစဥ်နေခဲ့တာလေ။ အခုတော့ ဘာကိစ္စ ဖော်ရွေကြင်နာနေကြတာတုန်းဟ
ဒီကောင်တွေက ဘာတွေ လုပ်နေကြတာလဲ
သို့ရာတွင် သူသည် ၎င်းတို့ကို ဂရုစိုက်မနေခဲ့ပေ။ ဂိုဏ်းသည် သားရဲလှိုင်းနှင့် ပတ်သက်၍ နေသားကျနေပြီးသားဖြစ်ကာ၊ အတွေ့အကြုံများ ကြွယ်ဝနေခဲ့ပြီ ဖြစ်သည်။
ဒီလူလေးနှစ်ယောက်သုံးယောက်လောက်နဲ့တော့၊ ဘာပြဿနာမှ မဖြစ်လာနိုင်ပါဘူးကွာ
ငါတို့ဂိုဏ်းက သောက်ပေါမှ မဟုတ်တာ၊ မျက်စိရှိတဲ့လူတိုင်း ဒါကိုမြင်နိုင်တယ်
ပြီးတော့ ဒီလိုအသေးအမွှား ကိစ္စလေးတွေက ဝိညာဥ်ကျောက်တုံး ရတာလောက် အရေးမကြီးပါဘူးကွာ
ထို့နောက်တွင် သူသည် ဆေးမီးဖိုးအခန်းအတွင်းသို့ ဝင်သွားတော့သည်။ သူသည် ကတိတည်သောကြောင့် ယဲ့တျန်ရီ ပြန်မရောက်လာခင် အချိန်တွင်၊ နင့်ယုရှင်း၏ ဆေးလုံးများကို သန့်စင်ခဲ့သည်။
အကယ်၍ ထိုမျှလောက် ယုံကြည်စိတ်ချရမှု မရှိဘူးဆိုလျှင်တောင်မှ၊ ချမ်းသာသော အမျိုးသမီးများဆီမှ ငွေများကို မည်ကဲ့သို့ လိမ်လည်နိုင်ဦးမည်နည်း
အကယ်၍ ငွေမလိမ်နိုင်ဘူးဆိုပါက၊ အဆင့်မတက်နိုင်ဘဲ၊ ကျင့်ကြံမှု၏ နှိပ်စက်မှုကို ဖယ်ရှားနိုင်လိမ့်မည် မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ်ပါလေ မွေးရာပါ ဝိညာဥ်ကို နယ်ပယ်ကို အရောက်သွားဖို့အတွက် သူမဆီကနေ ဝိညာဥ်ကျောက်တုံး လုံလုံလောက်လောက် ရှာဖွေရမယ်
နောက်တစ်နေ့ နံနက်ခင်းတွင် လုချန်ရှန်းသည် အစီအစဥ်အတိုင်း တံခါးဝတွင် စောင့်နေကာ၊ နင့်ယုရှင်းကို ဆေးပုလင်းတစ်လုံး ပေးလိုက်သည်။
နင့်ယုရှင်းသည် ၎င်းကို ယူလိုက်ပြီး၊ ဆေးလုံးများ၏ နွေးထွေးမှုကို ခံစားသွားခဲ့ရသည်။
“ ငွေနဲ့ ပစ္စည်းဥစ္စာ …….. အခုဆိုရင် ငါတို့က မိသားစုတွေ ဖြစ်နေပြီလေ၊ ကျေးဇူးတင်နေဖို့ မလိုပါဘူးဟာ “ လုချန်ရှန်းသည် သူ၏လက်ဝေ့ရမ်းကာ စကားပြောနေခဲ့သည် “ ဂျူနီယာညီမလေး၊ ဒီတစ်ခေါက် သုံးနည်းကတော့ နည်းနည်းလေး မတူဘူး၊ အဲ့တာကို ဂိုဏ်းရဲ့ ဓားဂူနဲ့ တွဲသုံးဖို့လိုအပ်တယ်။ ငါနင့်ကို ခေါ်သွားပေးမယ် “
ပြောရင်းဆိုရင်းဖြင့် လုချန်ရှန်းသည် အရှေ့သို့ လျှောက်လှမ်းသွားတော့သည်။
နင့်ယုရှင်းသည် ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ သူ့အနောက်သို့ လိုက်လာခဲ့ကာ၊ ဂိုဏ်း၏ အတွင်းပိုင်းသို့ ဦးတည်သွားတော့သည်။
သို့သော် လုချန်ရှန်းကို ကြည့်နေရင်းဖြင့် သူမသည် သူက ကောလဟာလများနှင့် မတူဘူးဆိုသည်ကို ပိုပို၍ ခံစားလာခဲ့ရသည်။
ဤကဲ့သို့သော ဂရုစိုက်မှုမျိုးနှင့် တာဝန်သိစိတ်တို့သည် အကျင့်ပျက်နေသည့် လူတစ်ဦးထံတွင် မရှိနိုင်သော အရာများဖြစ်သည်။
လုချန်ရှန်းကမူ အမှန်တကယ် ဂရုတစိုက် လုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်။ အကယ်၍ ဆေးလုံးများက အလုပ်မဖြစ်ဘူးဆိုပါက၊ သူသည် သူမထံမှ ငွေညှစ်နိုင်တော့မည် မဟုတ်ပေ။
ယနေ့ခေတ်တွင် ဤမျှနုံအကာ၊ လှည့်စားရလွယ်ကူသည့် အမျိုးသမီးက အနည်းငယ် ရှားပါးနေပြီ ဖြစ်သည်။