ဂိုဏ်း၏အတွင်းပိုင် ကန်းယွင်တောင်ထွဋ်၏ ခြေရင်းရှိ မိုးတိမ်နှင့် မြူခိုးများအကြားတွင် ချိုင့်ဝှမ်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ချိုင်းဝှမ်းသည် ရှည်လျားကျဥ်းမြောင်း၍၊ သစ်ပင်ပန်းပင်များ ကင်းမဲ့နေကာ၊ အစွမ်းထက် ဓားစွမ်းအင်များ လည်ပတ်နေလျက်ရှိပြီး၊ ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်နေကာ၊ ချဥ်းကပ်လာသူတိုင်းကို ကြောက်စိတ်ဝင်သွားစေခဲ့သည်။
“ အဲ့တာက ဓားဂူပဲ “
လုချန်ရှန်းသည် အရှေ့သို့ လက်ညှိုးထိုးပြကာ၊ စကားပြောလာခဲ့သည်။
နင့်ယုရှင်းသည် တွေးတွေးဆဆဖြင့် ခေါင်းငြိမ့်ပြလာခဲ့သည်။
သို့သော် သူတို့နှစ်ဦး ဘာမှမပြောနိုင်ခင် အချိန်မှာပင်၊ မသင့်တောသော အသံများ ဘေးတစ်ဖက်မှ ပေါ်ထွက်လာခဲ့သည်။
သူတို့သည် အံ့ဩတုန်လှုပ်သွားကာ၊ မျက်လုံးအပြူးသား ဖြစ်သွားကြသည်။
လုချန်ရှန်းမှာလည်း စိတ်ညစ်သွားခဲ့သည်၊ သို့သော် သူလုပ်နိုင်သော အရာမရှိပေ။
အပြင်လူများသည် သူက အလွန်တရာ ပျင်းရိလွန်းသောကြောင့် ဆယ်နှစ်တာ အချိန်တွင်းမှာပင် ဓားဂူသို့ တစ်ကြိမ်မျှသာ ဝင်ရောက်ခဲ့သည်ဟုသာ သိထားကြသည်။
သို့ရာတွင် ဓားဂူသို့ သူဝင်လာခဲ့သည့် အချိန်တွင်၊ သူသည် ဓားပညာ၏ အဆင့်၇သို့ တန်းရောက်သွားခဲ့သည်။ သူသည် အခွင့်အလမ်းတစ်ခု ရှာဖွေရန် ကြိုးပမ်းခဲ့သော်လည်း၊ ဤနေရာက သူ့အတွက် အမှိုက်သာသာမျှသာ ဖြစ်သွားပြီဆိုသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။
သူသည် ဓားဂူသို့ တစ်ကြိမ်ဝင်သွားခဲ့ဖူးကာ၊ ကြောက်လွန်းသဖြင့် ငိုယို၍ မည်သို့မျှ ပြန်မလာရဲတော့ဘူးဆိုသည့် ကောလဟာလများပင် ထွက်နေခဲ့ဖူးသည်။
ကံကောင်းထောက်မစွာဖြင့် သူ့ထံတွင် နာမည်ဆိုးများ ရှိနေခဲ့သော်လည်း၊ သူသည် လူကြိုက်များကာ တစ်ခြားလူများနှင့် အဆင်ပြေပြေ ဆက်ဆံနေနိုင်ခဲ့သည်။
သူတို့နှစ်ဦးသည် ဓားဂူအတွင်းသို့ ဝင်ရောက်လာကြသည်။
လုချန်ရှန်းမှ စကားစပြောလိုက်သည် “ သူတို့က အပျော်ရှာနေကြတာပါ၊ သူတို့ကို လျစ်လျူရှုထားလိုက်။ အခုတော့ ကျင့်ကြံရေး အကြောင်းပြောကြတာပေါ့၊ ပထမဦးဆုံးအနေနဲ့၊ ဓားဂူထဲ မဝင်ခင် အချိန်မှာ ဆေးတစ်လုံးကြိုသောက်ရမယ်၊ ပြီးရင် နှစ်နာရီပဲ ကျင့်ကြံရမယ်။ တကယ်လို့ အချိန်အတိုင်းအတာတစ်ခုလောက်အထိ အဲ့လိုမျိုးဆက်လုပ်သွားမယ်ဆိုရင်၊ နင်က ဓားပညာရဲ့ အဆင့်၂ကို ရောက်သွားသင့်တယ် “
နင့်ယုရှင်းမှ ခေါင်းငြိမ့်လာခဲ့ပြီး၊ သူမသည် ထိုစကားများကို သံသယမဝင်သော်လည်း၊ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
“ စီနီယာအစ်ကို၊ ရှင်က ဒါတွေ အကုန်လုံးနဲ့ တော်တော်ကြီးကို ရင်းနှီးနေတယ်လို့ ကျွန်မခံစားနေရတယ်၊ အခုကျတော့ ဘာလို့ ဒီလိုမျိုး ဖြစ်နေရတာလဲ “
“ ဘာကိုလဲဟ “
“ အဲ့တာက ……… “
နင့်ယုရှင်းသည် ထုတ်ပြောချင်နေသော်လည်း၊ ၎င်းက မသင့်တော်ဘူးဟု ခံစားနေခဲ့ရသည်။
လုချန်ရှန်းသည် အေးအေးလူလူ စကားထပ်ပြောလာခဲ့သည် “ ဂျူနီယာညီမလေး၊ လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်စတိုင်ရှိကြတယ်။ ငါတို့က လူတိုင်းကို ငါတို့ စီနီယာအစ်ကိုကြီးလို ဓားကျင့်ကြံတာ တစ်ခုတည်းကိုပဲ စိတ်ဝင်စားရမယ်လို့ မျှော်လင့်နေလို့ မရဘူးလေ “
“ ဟုတ်သား “
နင့်ယုရှင်းမှ ခေါင်းငြိမ့်ပြလာခဲ့သည်။
ဥပမာအားဖြင့် သူမသည် အစပိုင်းတွင် ဓားပညာကို မည်သို့မျှ စိတ်မဝင်စားသော်လည်း၊ သူမ၏ စံပြပုဂ္ဂိုလ်နှင့် နီးစပ်ရန်အတွက် ၎င်းကို စတင်၍ လေ့လာခဲ့လေသည်။
တစ်ဦးက ဝိညာဥ်ကျောက်တုံးများကို လိုချင်နေပြီ၊ ကျန်တစ်ဦးကမူ ကျိုးချင်ယုနှင့် နီးစပ်ချင်နေသည်၊ သူတို့သည် သူတို့လိုချင်သည့် အရာများကို အသီးသီး ရရှိသွားကြသည်။
နင့်ယုရှင်းသည် လုချန်ရှန်း၏ ညွှန်ကြားချက်များအတိုင်း ဆေးတစ်လုံးသောက်လိုက်ပြီး၊ ဓားဂူအတွင်းသို့ ဝင်သွားတော့သည်။
လုချန်ရှန်းကမူ အခါအားလျော်စွာ ရှင်းပြပေးနေခဲ့သည်၊ သူ၏ပထမဦးဆုံး ဖောက်သည်ဖြစ်သောကြောင့်၊ သူသည် နောင်အနာဂတ်တွင် ဝိညာဥ်ကျောက်တုံးများ စဥဆက်မပြတ် စီးဆင်းနေစေရန်အတွက် ဝန်ဆောင်မှုကောင်းကောင်းပေးနေခဲ့သည်။
သူသည် နှစ်ရက်တိတိ ဤနေရာသို့ လာကာ၊ နင့်ယုရှင်း၏ ဓားရည်ရွယ်ချက်ကို တိုးတက်သွားစေရန် အဖော်ပြုပေးခဲ့သည်။
နင့်ယုရှင်းမှာလည်း စိတ်ကျေနပ်စွာဖြင့် တအံ့တဩ ဖြစ်နေလျက်ရှိသည်။ တစ်ခြားလူမများအတွက် မဖြစ်နိုင်သလောက်နီးပါး ခက်ခဲနေသည့် ဓားလမ်းစဥ်သည် သူမအတွက် အံ့ဖွယ်ကောင်းလောက်အောင် လွယ်ကူချောမွေ့နေခဲ့သည်။ သူမသည် နှစ်ရက်အတွင်းမှာပင် သူမ ဓားရည်ရွယ်ချက်၏ ကြီးထွားမှုကို ရှင်းရှင်းလင်းလင်း ခံစားမိနေခဲ့သည်။
မည်သည့်ပြဿနာမှ ရှိမနေတော့ဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းသည် ချင်းယွင်တောင်ထွဋ်သို့ ပြန်သွားတော့သည်။
သူသန့်စင်ထားသည့် ဆေးလုံးကို သောက်သုံးလိုက်ပြီးသည့်နောက်တွင်၊ လူတစ်ဦးသည် ဓားရည်ရွယ်ချက်၏ တည်ရှိမှုကို ပိုမိုကောင်းမွန်စွာ ခံစားလာရမည် ဖြစ်ပြီး၊ ဓားဂူသည် ဓားစွမ်းအင်၏ ပြုပြင်ပေးမှုကို ခံနိုင်ရည်ရှိစေရန် ကူညီပေးသည်။ လူတစ်ဦးကသာ ၎င်းကို လုံလုံလောက်လောက် ဖမ်းဆုပ်နိုင်သရွေ့၊ ၎င်းကို သင်ယူတတ်မြောက်သွားမည် ဖြစ်သည်။
၎င်းသည် အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်သည်။
သို့ရာတွင် သူသီချင်းတစ်ပုဒ် ညည်းကာ၊ နင့်ယုရှင်းထံမှ ဝိညာဥ်ကျောက်တုံးတို့အား မည်ကဲ့သို့ ဆက်ယူရမလဲဆိုသည်ကို အေးအေးဆေးဆေး တွေးတောနေသည့် အချိန်တွင်၊ တစ်စုံတစ်ဦးက သူ့၏ အမည်ကို အော်ခေါ်လာခဲ့သည်။
“ စီနီယာအစ်ကို ချန်ရှန်း “
နောက်သို့ လှည့်ကြည့်လိုက်ရာ၊ သူ့ကို ဒေါသတကြီး စိုက်ကြည့်ကာ လျင်မြန်စွာ ချဥ်းကပ်လာနေသည့် ပုံရိပ်တစ်ခုကို မြင်တွေ့သွားခဲ့သည်။
ရောက်ရှိလာသော လူမှာ လော့ရှန်လင်းပင် ဖြစ်သည်။
“ ဂျူနီယာညီမလေးလော့၊ ဘာဖြစ်လို့လဲ “ ဟုလုချန်ရှန်းမှ မေးမြန်းလိုက်သည်။
လော့ရှန်လင်းမှ ပြန်ပြောလာခဲ့သည် “ စီနီယာအစ်ကိုက ဒီနှစ်ရက်အတွင်းမှာ တော်တော်ကြီး အလုပ်ရှုပ်နေတော့၊ ကျွန်မကိုတောင် လာမတွေ့တော့ဘူးပေါ့လေ “
“ နင့်ကို ဘာကိစ္စ လာရှာရမှာလဲ “
လုချန်ရှန်း၏ နှုတ်မှ လွှတ်ခနဲထွက်သွားရာ၊ ကောင်မလေးသည် ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။
“ လုချန်ရှန်း၊ ရှင်ပြောင်းလဲသွားပြီပဲ။ ရှင်အရင်တုန်းကလို မဟုတ်တော့ဘူးပဲ။ အဲ့မိန်းမရောက်လာလို့ ရှင်ကျွန်မအပေါ်မှာ အေးစက်သွားတယ်ပေါ့လေ၊ အခုတော့ ရှင်တကယ်ပဲ ……. “
ပြောနေရင်းဖြင့် သူမ၏မျက်လုံးများတွင် မျက်ရည်များ သီးလာခဲ့သည်။
လုချန်ရှန်း မှင်သက်သွားပြီး၊ အလောတကြီး စကားပြန်ပြောလာခဲ့သည် “ ဂျူနီယာညီမလေး၊ တကယ်လို့ နင်က ဒီလိုဖြစ်နေမယ်ဆိုရင်၊ ငါအထင်လွဲခံရလိမ့်မယ်။ လူတွေက ငါနင့်ကို တစ်ခုခုလုပ်လိုက်တယ်လို့ ထင်သွားနိုင်တယ် “
“ တကယ်လို့ ဒီနေ့မှာ ဖြေရှင်းချက် မပေးဘူးဆိုရင်၊ ရှင်ကျွန်မကို အနိုင်ကျင့်တယ်လို့ အဖေနဲ့ တိုင်ပြောမယ် “
ကောင်မလေးသည် ခေါင်းမာမာဖြင့် နှာခေါင်းရှုံ့လာခဲ့ပြီး၊ ချော့လာမည့် အချိန်ကို စောင့်ဆိုင်းနေသကဲ့သို့ တစ်ဖက်သို့ လှည့်သွားခဲ့သည်။
တစ်ခဏခန့် စောင့်ဆိုင်းနေခဲ့ပြီးသည့်နောက်မှာပင် မည်သည့်လှုပ်ရှားမှုမှ မဖြစ်ပေါ်လာခဲ့သောကြောင့်၊ နောက်ပြန်လှည့်ကြည့်လိုက်ရာ၊ လုချန်ရှန်းက အဝေးသို့ ပြေးထွက်သွားကာ၊ တောအုပ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကိုသာ မြင်တွေ့လိုက်ရသည်။
“ လုချန်ရှန်းးးး “
လော့ရှန်လင်းသည် စိတ်ပျက်လက်ဖြင့် ခြေဆောင့်ချနေခဲ့ကာ၊ သူ့အနောက်သို့ လျင်မြန်စွာ ပြေးလိုက်သွားတော့သည်။
ချင်းယွင်တောင်ထွဋ်ပေါ်၌ လုချန်ရှန်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေခဲ့သည်၊ သူသည် ဂိုဏ်းခေါင်းဆောင်၏ သမီးကို မဆန့်ကျင်နိုင်ပေ။
ငါက နားဖို့နဲ့ အိပ်ဖို့အတွက် နေရာတစ်နေရာလောက် ရှာချင်ရုံလေးပါပဲကွာ
ထို့နောက်တွင် သူ့ထံတွင် ပုံရိပ်တစ်ခု ရောက်ရှိလာခဲ့သည်။
“ ဂျူနီယာညီလေး “
အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
ယဲ့တျန်ရီသည် မကျေမနပ် ဖြစ်နေပုံရသည့် အမူအရာဖြင့် သူ့အရှေ့တွင် ရပ်နေခဲ့သည်။
“ စီနီယာအစ်ကို၊ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပြီလား “
“ မင်းဘယ်အချိန်က ပြန်ရောက်လာတာလဲ “ ဟုယဲ့တျန်ရီမှ မေးမြန်းလာခဲ့သည်။
ငါတို့က အတူတူကျင့်ကြံဖို့ သဘောတူထားကြတာလေ၊ ငါမျက်လုံးဖွင့်လာတဲ့ အချိန်မှာ ဘာကိစ္စမင်းကို မတွေ့ရတော့တာလဲ
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ဒီမနက်မှ ပြန်ရောက်တာလေ။ မင်းမနိုးသေးလို့ ငါ့ဘာသာ ပြန်လာလိုက်တာ “
“ တကယ်လား “ ယဲ့တျန်ရီသည် သံသယဝင်သွားခဲ့သည်။
လုချန်ရှန်းသည် လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်သည်။
“ လုချန်ရှန်း၊ အဲ့နေရာမှာ ရပ်နေလိုက်။ တကယ်လို့ ရှင်ဖြေရှင်းချက် မပေးဘူးဆိုရင်၊ ကျွန်မ အဖေနဲ့ သွားတိုင်လိုက်မယ် “
လော့ရှန်လင်း လိုက်မှီလာခဲ့သည်၊ သို့သော် ယဲ့တျန်ရီကို မြင်လိုက်ရသောအချိန်တွင် သူမသည် ချက်ချင်းပါးစပ်ပိတ်သွားခဲ့သည်။
“ ဂျူနီယာညီမလေး၊ ဘာဖြစ်လို့လဲ “
“ အဆင်ပြေပါတယ် “
လော့ရှန်လင်းမှ ခေါင်းခါပြလိုက်သည်။ သူမသည် ယဲ့တျန်ရီသည် စည်းကမ်းတင်းကြပ်သည်ဆိုသည်ကို သိနေခဲ့ပြီး၊ လုချန်ရှန်း အပြစ်ပေးခံလိုက်ရမည်ကို စိုးရိမ်နေခဲ့သည်။
လုချန်ရှန်းမှာလည်း သူ၏စီနီယာအစ်ကို သူ့အား ကျင့်ကြံရေးအတွက် ထပ်မံ၍ ဆွဲခေါ်သွားမည်ကို ကြောက်သောကြောင့်၊ ရိုးရိုးရှင်းရှင်း ပြန်ပြောလိုက်သည် “ စီနီယာအစ်ကို၊ တကယ်တော့ ကျွန်တော် အဆင့်တက်သွားပြီလေ၊ အဲ့တာကြောင့် ထပ်ပြီးတော့ မကျင့်ကြံခင် အချိန်မှာ နှစ်ရက်လောက်နားဖို့အတွက် စောစောပြန်လာခဲ့တာ “
“ တကယ်လား “
ထို့နောက်တွင် လုချန်ရှန်းသည် ချီစုစည်းခြင်း အဆင့်၄ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
ယဲ့တျန်ရီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ ကောင်းတယ်။ မင်းရဲ့ အသက်အရွယ်မှာ ဒီအဆင့်ကို ရောက်တာက အံ့ဩဖို့ မကောင်းဘူးဆိုပင်မဲ့၊ ဆိုးလည်းဆိုးမနေပါဘူး။ ကောင်းကောင်းဆက်လုပ်နေ၊ မင်းဆီမှာ တောက်ပတဲ့ အနာဂတ်တစ်ခု ရှိတယ် “
ချီးကျူးမှုကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်၊ နှစ်ရက်လောက်တော့ ငြိမ်းချမ်းသွားပြီ
ထို့နောက်တွင် ယဲ့တျန်ရီမှ စကားထပ်ပြောလာခဲ့သည် “ အချိန်ကိုက်ပဲ။ လာမဲ့ရက်ပိုင်းအတွင်းမှာ သားရဲလှိုင်း ရောက်လာလိမ့်မယ်။ စည်းမျဥ်းအရဆိုရင်၊ ချီစုစည်းခြင်း အဆင့်၃အထက်က လူတွေက သားရဲလှိုင်းကို တိုက်ခိုက်ဖို့ အဆင့်မှီတယ်။ အဲ့တာက မင်းအတွက် စမ်းသပ်မှုတစ်ခု ဖြစ်လာလိမ့်မယ်။ ကောင်းကောင်းပြင်ဆင်ထားလိုက် “
“ … “
ထိုစကားသည် လုချန်ရှန်းကို ဆွံ့အသွားစေခဲ့သည်။
“ ငါမင်းအတွက် စာရင်းသွားသွင်းပေးမယ် “
ယဲ့တျန်ရီသည် ထိုစကားကို ပြောလာခဲ့ကာ၊ လှည့်ထွက်သွားတော့သည်။
၎င်းကိုကြားလိုက်ရသောအခါတွင် လော့ရှန်လင်းသည် လုချန်ရှန်းကို ကြည့်ကာ စကားထပ်ပြောလာခဲ့သည် “ ရှင်က ရှင်နဲ့ အဲ့မိန်းမရဲ့ ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း မရှင်းပြသေးဘူးပေါ့လေ။ ကျွန်မ အဖေနဲ့ သွားတိုင်မှာနော် “
လုချန်ရှန်းသည် သူမကို ကြည့်ကာ သက်ပြင်းချနေတော့သည်။
တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် သူသည် စကားပြန်ပြောလိုက်သည် “ ငါကသူနဲ့ ဘာမှမဆိုင်ဘူး “
“ ဒါဆိုရင် သူနဲ့ ဘာလို့ နေ့တိုင်းနေနေရတာလဲ “
ထိုအချိန်၌ လုချန်ရှန်းသည် ဆုံးဖြတ်ချက်တစ်ချို့ ချလိုက်ပုံရသည်။
“ ဂျူနီယာညီမလေး၊ ကြည့်ရတာတော့ ငါက နင့်ကို ကိစ္စတစ်ချို့ ပြောပြရတော့မဲ့ပုံပဲ “
“ ဘာလဲ “
“ နင်ကတော့ ဒါကို မသိလောက်ဘူး၊ ဒါပင်မဲ့ ငါ့ဆရာ ပျောက်နေတယ်ဟ “
“ ကျွန်မသိတယ်လေ။ လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက အဖေက ကျွန်မကို ပြောပြခဲ့တယ် “ ဟုလော့ရှန်လင်းမှ ပြန်ပြောလာခဲ့သည်။
လုချန်ရှန်းမှ စကားဆက်ပြောနေတော့သည် “ သူပျောက်နေတယ်လို့ ပြောထားပင်မဲ့ တကယ်က သူပြန်ပေးဆွဲခံလိုက်ရတာပဲ “
“ ဘာကြီး။ ပြန်ပေးဆွဲခံလိုက်ရတာလား “
“ အမှန်ပဲ။ ဒါပင်မဲ့ လူတိုင်းကို ဒီကိစ္စ ပြောပြလို့ မဖြစ်ဘူး၊ ဂိုဏ်းခေါင်းဆောင်ကိုတောင်မှ မပြောပြရဘူး။ ငါက နင့်ယုရှင်းကို ဓားပညာ ကျင့်ကြံနိုင်အောင် ကူညီပေးနေတာ၊ ပထမတစ်ချက်ကတော့ သူနဲ့ စီနီယာအစ်ကိုကြီးကို နီးစပ်သွားစေဖို့ပဲ၊ ဒုတိယတစ်ချက်ကတော့ သူမဆီကနေ ဝိညာဥ်ကျောက်တုံး တောင်းပြီး ငွေစုဖို့အတွက်ပဲ။ ငါ့ဆရာ ခံစားနေရတာကို ငါဒီအတိုင်း ရပ်ကြည့်နေလို့ မရဘူးလေ။ အဲ့တာကို လျှို့ဝှက်ထားရတာကလည်း ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက်ပဲ။ နင်သိပါတယ်၊ ဂိုဏ်းက ငါ့ရဲ့ အိမ်ပဲလေ “
ယခုတွင် သူသည် ရွေးချယ်စရာ မရှိတော့ဘဲ၊ လိမ်လည်နေရတော့ပြန်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ဤကောင်မလေးသည် ပြဿနာတစ်ချို့ ယူဆောင်ပေးလာလိမ့်မည် ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် လော့ရှန်လင်းသည် လေးလေးနက်နက် ဖြစ်သွားခဲ့ပြီး၊ စိုးရိမ်တကြီး မေးမြန်းလာခဲ့သည် “ ဝိညာဥ်ကျောက်တုံး ဘယ်လောက်လိုလို့လဲ “
“ အများကြီးပေါ့ “
လုချန်ရှန်းမှ လေးလေးနက်နက် ပြန်ပြောလိုက်သည်၊ သူသည် နောင်အနာဂတ်တွင် နင့်ယုရှင်းနားသို့ အေးအေးလူလူ ချဥ်းကပ်နိုင်ရန်အတွက် ဤဂျူနီယာညီမလေးကို အရင်ဦးဆုံး ဖယ်ရှားရမည် ဖြစ်သည်။
သို့ရာတွင် လော့ရှန်လင်း ပြောလာခဲ့သော စကားကြောင့် သူအံ့ဩသွားရလေသည် “ ကျွန်မရှင့်အတွက် ဝိညာဥ်ကျောက်တုံးတွေ သွားယူပေးမယ် “
“ ငါက အများကြီးလိုတာဟ၊ နင်ယူလာတာတွေက အများကြီး အသုံးမဝင်လောက်ဘူး၊ အဲ့တာ ……. “
“ စိတ်မပူပါနဲ့၊ အဖေ့ဆီမှာ ဝိညာဥ်ကျောက်တုံး အများကြီး ရှိပါတယ်။ သူဖွက်ထားတဲ့ နေရာကို ကျွန်မသိတယ်၊ ရှင့်အတွက် ခိုးပေးမယ် “
“ သောက်ကျိုးနည်း “
လုချန်ရှန်း မှင်သက်သွားခဲ့သည်။ အဆိုပါ ကောင်မလေးသည် အလှမ်းဝေးသော နေရာသို့ပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုအချိန်၌ သူသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။