အပြာရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ဂိုဏ်းတစ်ဂိုဏ်းလုံးမှာ တိုက်ပွဲပြင်ဆင်သည့် အခြေအနေအတွင်းသို့ ကျရောက်သွားခဲ့သည်။
တံခါးပိတ်ကျင့်ကြံနေကြသည့် အကြီးအကဲများနှင့် ဂိုဏ်း၏ အရာရှိအားလုံး ပေါ်ထွက်လာခဲ့သည်။ ယခင်က အတွေ့အကြုံများအရ သားရဲလှိုင်းသည် နှစ်ရက်(သို့)သုံးရက်အတွင်း ရောက်ရှိလာမည် ဖြစ်သည်။
လုချန်ရှန်းသည် အဆိုပါ သားရဲကောင်များက မည်သည့်အတွက်ကြောင့် ဤနေရာသို့ ခဏခဏ လာနေရလဲဆိုသည်နှင့်၊ ၎င်းတို့က မည်သည့်အတွက်ကြောင့် ဦးတည်ချက် မပြောင်းသွားရလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။
ကန်းယွင်ဂိုဏ်းမှာ သူတို့မေ့မရ ဖြစ်နေတဲ့ ပစ္စည်တစ်ခုခုများ ရှိနေလို့လား
ဒါပင်မဲ့ ငါဒီမှာ ရှိနေတာ ဆယ်နှစ်တောင်ကျော်နေပြီလေ၊ တကယ်လို့ တစ်ခုခုသာရှိနေမယ်ဆိုရင်၊ ငါ့လက်ထဲကို ရောက်နေလောက်ပြီ
စာရင်းသွားသွင်းသည့် ယဲ့တျန်ရီ ပြန်ရောက်လာခဲ့ပြီး၊ ကောင်းကောင်းပြင်ဆင်ထားရန် သူ့ကို ပြောလာခဲ့သည်။
ထိုစဥ် တောင်ထွဋ်တစ်ခုပေါ်၌
ရွှမ်ထျန်းဂိုဏ်း၏ လူသုံးဦးသည် ချင်းယွင်တောင်ထွဋ်ကို အဝေးမှ လှမ်းကြည့်နေလျက်ရှိသည်။
“ ကျွန်တော်က ကျိုးချင်ယုကို မယှဥ်နိုင်ခဲ့ဘူး၊ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို အပြစ်ပေးလိုက်ပါ၊ အကြီးအကဲ “ လီချန်ဖုန်းသည် ဒူးတစ်ဖက်ထောက်ချပြီး၊ လက်သီးဆုပ်ကာ ဦးညွတ်၍ အရိုအသေပေးလာခဲ့သည်။
လူအိုကြီးသည် သူ၏ဦးခေါင်းကို ခါရမ်းပြကာ၊ စကားပြန်ပြောလာခဲ့သည် “ ကျိုးချင်ယုရဲ့ တောက်ပမှုက ထင်ထားထပ် ပိုအားကောင်းနေတယ်။ ကန်းပြည်နယ်မှာ လူအနည်းစုလောက်ကပဲ သူ့ကို ယှဥ်နိုင်လိမ့်မယ်။ အဲ့တာက မင်းရဲ့အမှား မဟုတ်ဘူး “
လီချန်ဖုန်းသည် မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။
ရှီဖုန်းမှာလည်း မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသည် တိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသောကြောင့်၊ တည်တည်ငြိမ်ငြိမ် ရှိနေရန် အမှန်ပင် အခက်တွေ့နေခဲ့သည်။
ထိုလူသည် အသက်သုံးဆယ်မပြည့်ခင် အချိန်မှာပင် အူတိုင်ကို ဖွဲ့စည်းနိုင်တော့မည်ဖြစ်ပြီး၊ သူ၏ဓားပညာမှာလည်း လွန်စွာအံ့ဖွယ်ကောင်းနေပြီး၊ သူတို့ဂိုဏ်း၏ ဓားပညာကို လေ့လာလိုက်စားသည့် အကြီးအကဲများထပ်ပင် ပိုမိုသာလွန်နေခဲ့သည်။
“ အဲ့တော့ ကျွန်တော်တို့က ဘာလုပ်ကြမလဲဗျ “
“ သူ့ရဲ့ ဓားပညာက အဆင့်၇နဲ့ တော်တော်ကြီးကို နီးစပ်နေလောက်ပြီ။ အဲ့လိုလူမျိုးက ကြောက်ဖို့ကောင်းတယ်။ သူက အဲ့ဒီထိပ်တန်းဂိုဏ်းကြီးတွေမှာတောင် နေရာတစ်ခု ရနိုင်တယ်။ အဲ့တော့ ငါတို့က သူ့ကို ဆက်ပြီးတော့ ရှင်သန်ကြီးထွားခွင့်ပေးလို့ မဖြစ်ဘူး “
လူအိုကြီး၏ မျက်လုံးများအတွင်းတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။
လီချန်ဖုန်းမှ မေးမြန်းလာခဲ့သည် “ ကျွန်တော်တို့ ဘာလုပ်သင့်လဲဗျ “
“ မင်းတို့က ခါတိုင်းလိုပဲ ကန်းယွင်ဂိုဏ်းနဲ့အတူ သားရဲလှိုင်းကို ခုခံနေကြ၊ ကျန်တဲ့ကိစ္စကို စိတ်မပူနဲ့ “
“ ဟုတ်ကဲ့ “
လီချန်ဖုန်းနှင့် ရှီဖုန်းတို့ နှစ်ဦးစလုံး ခေါင်းငြိမ့်ပြလာခဲ့သည်။
အချိန်များ ကုန်ဆုံးသွားခဲ့ပြီး၊ လူစုရမည့် အချိန် ရောက်ရှိလာခဲ့သည်။
ဂိုဏ်းသည် ဤနေရာကို စောင့်ကြပ်ရန်အတွက် ပညာရှင်တစ်စု ချန်ထားခဲ့ပြီး၊ ကျန်လူများကမူ ဂိုဏ်းခေါင်းဆောင်နှင့်အတူ သားရဲလှိုင်းကို ခုခံတိုက်ခိုက်ကြမည် ဖြစ်သည်။
နင့်ယုရှင်းကို အရေးကြီး အချက်အလက်တစ်ချို့ ရှင်းပြပေးခဲ့ပြီးသည့်နောက်တွင်၊ လုချန်ရှန်းသည် တာဝန်ကို သတင်းပို့ရန်အတွက် သူ၏စီနီယာအစ်ကိုနောက်သို့ လိုက်သွားခဲ့သည်။
ဂိုဏ်းတစ်ခုလုံး သတိတကြီး ဖြစ်နေလျက်ရှိပြီး၊ တပည့်များသည် ဤကဲ့သို့သော အခွင့်အရေးမျိုးကို စောင့်ဆိုင်းနေသည့်အလား စိတ်ဓာတ်များ တက်ကြွကာ၊ မျှော်လင့်တကြီး ဖြစ်နေကြသည်။
တာအိုကို ရှာဖွေကာ၊ သာမန်လူသား/သေမျိုးများနှင့် မတူညီသော စွမ်းရည်များကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများသည် တိုက်ခိုက်ရခြင်းကို နှစ်သက်ကြသည်ချည်းသာ ဖြစ်သည်။
ငါငယ်ငယ်လေးတုန်းကလည်း တောက်လောင်နေတဲ့ စိတ်အားထက်သန်မှုတွေနဲ့၊ ရည်မှန်းချက်တွေ ရှိခဲ့ဖူးပါတယ်လေ
တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသည့် လုချန်ရှန်းမှတစ်ပါး၊ ကျန်လူအားလုံးမှာ စိတ်လှုပ်ရှားနေကြသည်။
တစ်ခဏအကြာတွင် တောင်ထွဋ်အားလုံးမှ လူများ စုစည်းရောက်ရှိလာခဲ့ပြီ ဖြစ်သည်၊ ကျိုးချင်ယု၊ ယဲ့တျန်ရီနှင့် လုချန်ရှန်းတို့မှာ ရှေ့ဆုံးတွင် မတ်တပ်ရပ်နေကြပြီး၊ သူတို့၏အနောက်တွင် အတွင်းဂိုဏ်းတပည့် ဒါဇင်နှင့်ချီ၍ ရှိနေခဲ့သည်။
ထိုစဥ် လော့ရှန်လင်း ရောက်ရှိလာခဲ့သည်။
“ စီနီယာအစ်ကိုကြီးတို့၊ မဂ်လာပါ “
သူမသည် ကျိုးချင်ယုနှင့် ယဲ့တျန်ရီတို့ကို ဦးညွတ်၍ အရိုအသေပေးလာခဲ့သည်။
ထိုလူနှစ်ဦးသည် အပြုံးဖြင့် ခေါင်းပြန်ငြိမ့်ပြလိုက်သည်။
ထို့နောက်တွင် လော့ရှန်လင်းသည် မြောက်ကြွမြောက်ကြွ ဖြစ်နေသော အမူအရာနှင့်အတူ လုချန်ရှန်းဆီသို့ လျှောက်လှမ်းလာခဲ့သည်။
“ စီနီယာအစ်ကို ချန်ရှန်း “
သူမသည် တောက်ပသော မျက်လုံးများဖြင့် လက်နောက်ပစ်ထားကာ၊ ပြုံးပြလာခဲ့သည်။
“ ဂျူနီယာညီမလေး၊ ဘာဖြစ်လို့လဲ “
“ ကျွန်မ ရှင့်အတွက် ဝိညာဥ်ကျောက်တုံး ယူလာခဲ့ပေးတယ် “
စကားပြောနေရင်းဖြင့် သူမသည် အိတ်တစ်လုံးကို ထုတ်ယူကာ၊ သူ့လက်အတွင်းသို့ ထိုးထည့်ပေးလာခဲ့သည်။
လုချန်ရှန်း မှင်သက်သွားခဲ့သည်။ သူ၏စိတ်စွမ်းအားဖြင့် အာရုံခံကြည့်လိုက်ရာ၊ နေရာမှာပင် အေးခဲတောင့်တင်းသွားခဲ့သည်။ အထဲတွင် ဝိညာဥ်ကျောက်တုံး ၁သောင်းရှိနေခဲ့သည်။
တောင်ထွဋ်သခင်တစ်ဦးသည် တစ်လလျှင် ဝိညာဥ်ကျောက်တုံး အခုတစ်ရာကျော်မျှ ရရှိပြီး၊ ဂိုဏ်းခေါင်းဆောင်ကမူ အခုနှစ်ရာတိတိ ရရှိလေ့ရှိသည်၊ သို့သော် ယခုတွင်ကား ဝိညာဥကျောက်တုံး အခုတစ်သောင်း ရှိနေခဲ့သည်။ ထိုပမာဏအထိ ရရှိရန်အတွက် လေးနှစ်ကျော်အထိ စုဆောင်းထားရမည် ဖြစ်သည်။
၎င်းက နင့်ယုရှင်းကဲ့သို့ ချမ်းသာသည့် အမျိုးသမီးအတွက် သမုဒ္ဒရာအတွင်းမှ ရေတစ်စက်မျှသာ ဖြစ်နေမည်ဖြစ်သော်လည်း၊ သာမန်ကျင့်ကြံသူများအတွက်မူ ၎င်းက သေးငယ်သော ပမာဏ ဟုတ်မနေခဲ့ပေ။ ဂိုဏ်းခေါင်းဆောင်ကဲ့သို့သော လူများကပင် ချွင်းချက်မဟုတ်ပေ။
သူသည် တစ်ခဏခန့် စိတ်လှုပ်ရှားသွားခဲ့သည် “ အများကြီးပဲ၊ နင် …….. “
“ စိတ်မပူပါနဲ့၊ အဖေ မသိပါဘူး “ လော့ရှန်လင်းသည် ရှက်ရွံ့နေသည့် အရိပ်အငွေ့များဖြင့် ပြုံးပြလာခဲ့သည် “ ဘာပဲဖြစ်ဖြစ်ပါလေ၊ အဲ့တာတွေက ကျွန်မရဲ့ မဂ်လာခန်းဝင် ပစ္စည်းလို့ သူပြောခဲ့တယ်လေ၊ အဲ့တာတွေက အနှေးနဲ့အမြန်ဆိုသလို ကျွန်မဟာတွေ ဖြစ်လာမှာပဲ။ ကျွန်မက ကြိုယူထားလိုက်ရုံလေးပါပဲ “
“ အာ …. “
လုချန်ရှန်းသည် သူ၏ဂျူနီယာ ညီမငယ်ကို ကြည့်နေရင်းဖြင့် လက်များတုန်ရင်သွားခဲ့သည်။
သူသည် ဂိုဏ်းခေါင်းဆောင်ရှိရာဘက်သို့ အလိုအလျောက် ငေးကြည့်မိသွားခဲ့ပြီး၊ ဂိုဏ်းခေါင်းဆောင်က သူ့အား ဝါးစားဆုတ်ဖြဲတော့မည့်အလား ဖြစ်နေသည့် အကြည့်မျိုးဖြင့် စိုက်ကြည့်နေသည်ကို မြင်တွေ့သွားခဲ့သည်။
“ ဂျူနီယာညီမလေး၊ ခေါင်းဆောင်က ဒီကိစ္စကို မသိဘူးဆိုတာ သေချာရဲ့လား “
လုချန်ရှန်းသည် အနည်းငယ် စိတ်ခြောက်ခြားသွားခဲ့သည်။
တစ်ခြားသော နေရာ၌၊ အကြီးအကဲတစ်ဦးသည် ဂိုဏ်းခေါင်းဆောင်ကို ငေးကြည့်ကာ စကားပြောလာခဲ့သည် “ ချန်ရှန်းလေးက ခေါင်းဆောင်ကို စော်ကားမိထားလို့လားဗျ “
“ မဟုတ်ဘူး “ ဟုလော့ထျန်းမှ ပြန်ပြောလာခဲ့သည်၊ သို့သော် သူ၏အကြည့်ကမူ လုချန်ရှန်းထံတွင်သာ ရှိနေခဲ့သည်။
“ အဲ့တာဆိုရင် ခေါင်းဆောင်က ဘာလုပ်နေတာလဲဗျ “
လော့ထျန်းသည် သူ့ကို ပြန်စိုက်ကြည့်လိုက်သည်၊ မသိသာဘူးလားဟ
ငါ့သမီးက ပြန်ပေးဆွဲခံရလုနီးပါး ဖြစ်နေတာကို ငါက ရယ်နေရမှာလားဟ
တစ်ခဏခန့် အကြာတွင် သူသည် ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ ဘာလို့လဲတော့ မသိဘူး၊ အခုနောက်ပိုင်း အဲ့ကလေးကို တွေ့ရတဲ့ အချိန်တိုင်းမှာ ငါဒေါသထွက်နေမိတယ်။ ငါ့ရဲ့ ခန္ဓာကိုယ်က သူ့ကို ရိုက်သတ်ချင်သလိုမျိုးတွေ ဖြစ်နေတာ၊ အဲ့ဒီစိတ်တွေကို ငါမဖိနှိပ်နိုင်လုနီးပါး ဖြစ်ခဲ့ရတဲ့ အချိန်မျိုးတွေတောင် ရှိခဲ့ဖူးတယ် “
“ အဲ့တာက ……. “
“ ဂိုဏ်းချုပ်ရာ၊ အဲ့တာက အဆိုးကြီးလည်း မဟုတ်ပါဘူး။ အဲ့ကလေးက နည်းနည်းလေး ပျင်းတယ်လေ၊ ဒါပင်မဲ့ သူက လူကောင်းလေးပါဗျ။ ပြီးတော့ တျန်ရီက သူ့ကို အလုပ်ကောင်းကောင်းလုပ်ဖို့ တိုက်တွန်းနေပြီးတော့၊ သူက ချီစုစည်းခြင်း အဆင့်၄ကို ရောက်သွားပြီလို့ ကျွန်တော်ကြားထားတယ် “
“ အဆင့်၃နဲ့ အဆင့်၄ကြားမှာ ကွာဟချက်ကြီးကြီးမားမား ရှိနေလို့လားဟ “ လော့ထျန်၏ အမူအရာ မည်းမှောင်သွားခဲ့သည်။
ထိုအကြီးအကဲမှ စကားဆက်ပြောလာခဲ့သည် “ တောင်ထွဋ်သခင် ချန်ကျွင်းက တကယ်ကြီးကို အမြင်စူးရှတာပဲ။ ချန်ရှန်းမှာက ပါရမီရှိတယ်၊ ဒါပင်မဲ့ လမ်းညွှန်မှုနဲ့ အတွေ့အကြုံတော့ လိုနေသေးတယ် “
လော့ထျန်းသည် ထိုအကြီးအကဲကို စိုက်ကြည့်နေရင်းဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူ၏အမူအရာမှာလည်း အနည်းငယ် ရန်လိုလာခဲ့လေသည်။
ချန်ကျွင်းမှာ လုချန်ရှန်း၏ အမည်ခံ ဆရာသပ်သပ်သာ ဖြစ်သည်။
လော့ထျန်းသည် လုချန်ရှန်းကို ငေးကြည့်ကာ ကျိန်ဆဲနေတော့သည်။
ထိုအကောင်သည် သူ၏ အသက်ဆယ့်ခြောက်နှစ်(သို့)ဆယ့်ခုနစ်အရွယ် သမီးပျိုလေးကို ထိုကဲ့သို့ လုပ်နိုင်သောကြောင့်၊ တိရစ္ဆာန်တစ်ကောင်ထပ်ပို ပို၍ဆိုးရွားနေခဲ့သည်။
လုချန်ရှန်းသည် ထိုစကားဝိုင်းကို ကြားသွားကာ၊ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
လော့ရှန်လင်းသည် သူ့ထံတွင် ဝိညာဥ်ကျောက်တုံး မလုံလောက်ဘူးဆိုပါက သူမကို ပြောဟု ထပ်မံ၍ ညွှန်ကြားလာခဲ့ပြီး၊ ထို့နောက်တွင် လော့ထျန်းဘက်သို့ လှည့်ပြန်သွားတော့သည်။
ဂိုဏ်းခေါင်းဆောင်၏ သမီးဖြစ်သည့်အလျောက် သူမသည် စံနမူနာကောင်းတစ်ခုအဖြစ် ဂိုဏ်းခေါင်းဆောင်နှင့်အတူ ရပ်တည်သင့်ပေသည်။
သို့ရာတွင် သူမသည် လုချန်ရှန်းနှင့် ပတ်သက်ပြီး စိုးရိမ်နေသေးသည်၊ ထို့ကြောင့် သူမ၏ အဖေဖြစ်သူနားသို့ ပြန်ရောက်လာသည့် အချိန်တွင် စကားစပြောလာခဲ့သည် “ အဖေ၊ ဒါက စီနီယာအစ်ကို ချန်ရှန်းရဲ့ ပထမဦးဆုံး သားရဲလှိုင်း အတွေ့အကြုံလေ။ သူဒုက္ခရောက်သွားမှာလားဟင် “
“ ဘာကို ဒုက္ခရောက်မှာလဲ။ ဒီက ဘယ်တပည့်ဆီမှာ ပထမဦးဆုံးအကြိမ်ဆိုတာ မရှိခဲ့ဖူးလို့လဲ “
လော့ထျန်းသည် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့သည်။
“ ကျွန်မဂရုမစိုက်ဘူး၊ အဖေ သူ့ကို ကာကွယ်ပေးရမယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လော့ထျန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးသည့်နောက်တွင်၊ သူ၏ သမီးနှင့် ပတ်သက်၍ သူလုပ်နိုင်သော အရာ မရှိဘူးဆိုသည်ကို နားလည်သွားကာ၊ ကူရာကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်သည် “ ကျိုးချင်ယုက သူ့ကို ကာကွယ်ပေးမှာလေ၊ ချင်းယွင်တောင်ထွဋ်ရဲ့ အကြီးအကဲတွေလည်း ရှိနေတော့၊ သူဘာမှဖြစ်မှာ မဟုတ်ဘူး “
“ ကောင်းတယ် “
လော့ရှန်လင်းသည် စိတ်သက်သာရာရသွားခဲ့သည်။
လော့ထျန်းမှ မေးမြန်းလိုက်သည် “ လင်းအာ၊ သမီးက သူ့ကို အဲ့လောက်တောင် ကြိုက်တာလား “
“ ခွင့်မပြုဘူးလား “
“ နောက်ဆုံးမှာတော့ သမီးက ဂိုဏ်းကနေ ထွက်သွားပြီးတော့ သူနဲ့ လမ်းခွဲရမှာပဲလေ။ အဲ့တာက သမီးရွေးချယ်လို့ ရတဲ့ အရာမဟုတ်ဘူး။ အဲ့တာက သမီးရဲ့ တာအိုနှလုံးသားကို နှောင့်ယှက်ပြီးတော့ သမီးရဲ့ အနာဂတ်ကို ပျက်စီးသွားစေမှာ အဖေကြောက်မိတယ်။ သူက သမီးရဲ့ တိုးတက်နှုန်းကို အမှီမလိုက်နိုင်ဖို့ ကံပါလာခဲ့ပြီးသားပဲလေ “
လော့ရှန်လင်း မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ သူမ၏ အမူအရာ ရှုပ်ထွေးသွားခဲ့သည်။ တစ်ခဏ အကြာ၌ သူမ၏ မျက်နှာလှလှလေးပေါ်တွင် စိတ်ပိုင်းဖြတ်လိုက်သည့် အမူအရာတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ ဒါဆိုရင်၊ ကျွန်မရဲ့ ကျင့်ကြံရေးကို ပြီးပြည့်စုံအောင် လုပ်ပြီးတော့၊ သူ့ကို ကာကွယ်ပေးမယ် “
သူမ၏ စကားမှာ အလွန်တရာ ပြတ်သားနေသောကြောင့်၊ လော့ထျန်းပင် တအံ့တဩဖြစ်သွားခဲ့ရသည်။
ထို့နောက်တွင် သူသည် လုချန်ရှန်းကို ထပ်မံ၍ လှမ်းကြည့်ကာ၊ အတွေးနက်သွားတော့သည်။
“ အဖေ နားမလည်ဘူး၊ သမီးက သူ့ရဲ့ ဘယ်အချက်ကို ကြိုက်တာလဲ “ ဟုလော့ထျန်းမှ မေးမြန်းလိုက်သည်။
လော့ရှန်လင်းသည် သူ့ကို ပြန်လှည့်ကြည့်လာခဲ့ပြီး၊ တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ပြန်ပြောလာခဲ့သည်။
“ သူက ချောတယ်လေ “
လော့ထျန်း : “ … “
ဤလောကတွင် စွမ်းရည်၊ နောက်ခံနှင့် ကြိုးစားအားထုတ်မှုများကို ကြည့်သည်မှာ ပုံမှန်သာဖြစ်ပြီး၊ ရုပ်ရည်ကို ကြည့်၍ အကဲဖြတ်သူကမူ အတော်လေး ရှားပါးလွန်းနေခဲ့သည်။
ရုပ်က စားလို့ရလို့လားဟ
လော့ထျန်းသည် တိတ်ဆိတ်ငြိမ်သက်သွားပြီး၊ သူ၏မျက်နှာကို ထိကြည့်နေတော့သည်၊ ငါကရော ချောတယ် မဟုတ်ဘူးလား