အရာအားလုံး အဆင်သင့်ဖြစ်နေခဲ့ပြီး၊ လော့ထျန်းမှ စကားပြောလာခဲ့ရာ၊ အားလုံးသည် လက်သီးလက်မောင်းတန်းကာ၊ အော်ဟစ်ကြုံးဝါးလာကြသည်။ ပုံရိပ်အများအပြားသည် လေထုအတွင်းသို့ ခုန်တက်ကာ၊ ဓားများကို စီး၍ ပျံသန်းသွားကြသည်။
အဝေးမှ လှမ်းကြည့်လိုက်မည်ဆိုပါက၊ များပြားလွန်းလှသော ဓားအင်မော်တယ်များက ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသကဲ့သို့ မြို့ကောင်းကင်ယံတွင် သက်တံ့များစွာ ရှိနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
အဆိုပါ မြင်ကွင်းသည် ကန်းယွင်မြို့တစ်မြို့လုံးကို နိုးနိုးကြားကြား ဖြစ်သွားစေခဲ့သည်။
များပြားလွန်းလှသော မျက်လုံးများသည် အားကျမှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ထိုနေရာကို မော့ကြည့်လာကြသည်။
တစ်ချို့သော ရှေးလူကြီးများသည် သူတို့၏ ကလေးဘဝများတွင် ထိုမြင်ကွင်းအား မြင်တွေ့ခဲ့ဖူးသည်ကို မှတ်မိသွားကြသည်၊ ကန်းယွင်ဂိုဏ်းသည် သားရဲလှိုင်းကို ခုခံတိုက်ခိုက်ရန် ဆင်းသက်လာခဲ့ပြီး၊ ဆယ်စုနှစ်ပေါင်းများစွာ ငြိမ်းချမ်းသွားစေခဲ့သည်။
လုချန်ရှန်းကမူ သူ၏ဓားကို စီးရန် ပျင်းရိလွန်းနေသဖြင့်၊ သူ့ကို သယ်ဆောင်ပေးမည့် ယဲ့တျန်ရီအနောက်မှ လိုက်လာခဲ့သည်။
ကျိုးချင်ယုက သူ့ဆီသို့ လာရန် ခေါ်ခဲ့သေးသည်၊ သို့သော် သူ၏စီနီယာအစ်ကိုကြီးက လွန်စွာတောက်ပလွန်းနေသောကြောင့်၊ သူ့နောက်သို့ လိုက်သွားမည်ဆိုပါက၊ များပြားလွန်းလှသော အာရုံများကို ဆွဲဆောင်သွားလိမ့်မည် ဖြစ်သည်။ ယဲ့တျန်ရီနှင့်အတူ သိုသိုသိပ်သိပ် နေနေခြင်းကပင် ပိုကောင်းပေသည်။
မိုင်သုံးထောင်အထိ သွားလာခဲ့ပြီးသည့်နောက်၌ အားလုံးသည် တောင်တန်းတစ်ခု၏ အရှေ့တွင် ရပ်တန့်သွားခဲ့သည်။
ခမ်းနားထည်ဝါသော တောင်တစ်သောင်းကို မျက်စိတစ်ဆုံး မြင်တွေ့နေခဲ့ရသည်။
အရှေ့တွင် လမ်းကြားတစ်ခု ရှိနေခဲ့ပြီး၊ အဝေးတစ်နေရာတွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်တစ်ခု လှိုက်တက်လာနေခဲ့ပြီ ဖြစ်သည်။ သားရဲလှိုင်းသည် သူတို့ထံသို့ ချီတက်လာနေပြီဖြစ်သည်။
တောင်တန်းအတွင်းမှ သက်လတ်ပိုင်းလူတစ်ဦး ထွက်လာခဲ့ကာ၊ လော့ထျန်းကို ကြည့်လာခဲ့သည်။
“ ဂိုဏ်းချုပ်၊ သားရဲလှိုင်းပေါ်လာပါပြီ၊ နောက်တစ်နာရီအတွင်းမှာ ဒီကို ရောက်လာပါတော့မယ် “
လော့ထျန်းသည် ခေါင်းငြိမ့်ပြလိုက်ကာ၊ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်။
“ ကန်းယွင်ဂိုဏ်းရဲ့ တပည့်တွေ ဘယ်မှာလဲ “
“ ရှိပါတယ် “
“ သားရဲလှိုင်းကို ခုခံကြ၊ စမ်းသပ်မှုကို ကျော်ဖြတ်ကြ၊ သက်ရှိအားလုံးကို ကာကွယ်ကြ “
“ ဟုတ် “
တောင်တန်းနှင့် ပင်လယ်ပြင်တို့၏ ဟိန်းဟောက်သံများကို ကြားလိုက်ရသောအချိန်တွင်၊ လူငယ်လေးများသည် စိတ်ဓာတ်များ တက်ကြွသွားကာ၊ နတ်ဆိုးနှင့် သားရဲများကို သုတ်သင်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်သွားခဲ့သည်။
သို့သော် သားရဲလှိုင်း ချဥ်းကပ်လာသည်နှင့်အမျှ သူတို့မှာ စိတ်မသက်မသာ ဖြစ်သွားရသေးသည်။
လမ်းကြားအတွင်းသို့ ခြေချလိုက်သည့် အချိန်တွင်၊ သားရဲများစွာ ပေါ်ထွက်လာခဲ့သည်၊ တစ်ကောင်ချင်းစီတိုင်းသည် အေးစက်စက်(သို့) ရက်စက်ကြမ်းကြုတ်များတို့ဖြင့် စွန်းထင်းနေသော မျက်လုံးများနှင့် ခြောက်ခြားဖွယ်ကောင်းသော အသွင်အပြင်များကို ပိုင်ဆိုင်ထားကာ၊ ဟိန်းဟောက်နေကြသည်။
“ တပည့်အားလုံး ငါ့ရဲ့ အမိန့်ကို နာခံမယ်။ အကြီးအကဲတွေနောက်ကို လိုက်ပြီးတော့ အဖွဲ့ခုနစ်ခုအဖြစ် ခွဲထွက်ကြ၊ သတ် “
ထိုစကားများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် အဖွဲ့အားလုံး ခွဲထွက်သွားကြသည်။
ကျိုးချင်ယုသည် လက်နောက်ပစ်၍ ရပ်နေခဲ့ကာ၊ အရာအားလုံးကို မပူပန်သည့်အလား အရှေ့သို့ အေးအေးလူလူ ငေးကြည့်နေခဲ့သည်။
လုချန်ရှန်းသည် မနေနိုင်တော့ဘဲ၊ ရွှမ်ထျန်းဂိုဏ်း၏ လူသုံးဦးရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် အကြီးအကဲတစ်ဦးမှ စကားစပြောလာခဲ့သည် “ ရွှမ်ထျန်းဂိုဏ်းက တာအိုရောင်းရင်းတို့ “
“ တာအိုရောင်းရင်း “
ရွှမ်ထျန်းဂိုဏ်း၏ အကြီးအကဲမှ ပြန်လည်တုံ့ပြန်ပြောဆိုလာခဲ့သည်။
ထိုအကြီးအကဲမှ စကားထပ်ပြောလိုက်သည် “ ငါ့ရဲ့ ဆေးတောင်ထွဋ်က ဆေးပညာကိုပဲ အထူးပြု လေ့ထားတယ်။ အဲ့တာကြောင့် ခင်ဗျားတို့ရဲ့ အထောက်အပံ့ကို တောင်းဆိုပါတယ်၊ တာအိုရောင်းရင်းတို့ “
လုချန်ရှန်းသည် စောင့်ကြည့်နေခဲ့ပြီး၊ သူ၏ဆိုလိုရင်းကို နားလည်သွားခဲ့သည်။
ဂိုဏ်းခေါင်းဆောင်မှာလည်း ထိုလူများက ကျိုးချင်ယုနောက်သို့ လိုက်နေသည်ဆိုသည်ကို သိနေခဲ့ပြီး၊ သူတို့ကို စောင့်ကြည့်ချင်သောကြောင့် လူခွဲထားရန် စီစဥ်ထားခဲ့ပုံရသည်။
ရွှမ်ထျန်းဂိုဏ်းမှ လူများသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ၊ သူတို့၏ တောင်းဆိုချက်အတိုင်း ပြုလုပ်လာခဲ့သောကြောင့် လူတိုင်း အံ့ဩသွားကြရသည်။
လုချန်ရှန်းမှာလည်း အံ့အားသင့်သွားခဲ့သည်။ သူသည် ထိုလူများက ဆင်ခြေပေးလာမည်ဟု ထင်နေခဲ့ပြီး၊ ဤမျှ ပြတ်ပြတ်သားသား ထွက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ သူတို့က အံ့ဩစရာ ကိစ္စကြီးတစ်ခုခုကို ပြင်ဆင်ထားကြတာလာများလား “
ငါ့အစ်ကိုကြီးက တော်တော်လေးကို ရိုးသားလွန်းတာကြောင့်၊ အဲ့ကောင်တွေကို ငါစောင့်ကြည့်နေမှဖြစ်မယ်
ထိုစဥ် လော့ရှန်လင်းသည် သူ့ထံသို့ အလောတကြီး ပြေးဝင်လာခဲ့သည်။
“ စီနီယာအစ်ကို ချန်ရှန်း “
“ ဘာဖြစ်လို့လဲ “
သူမ ရောက်လာသည်ကို မြင်လိုက်ရသောအခါတွင် လူအုပ်ကြီးမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။ ခုနကပဲ ထွက်သွားတာ အခုပြန်ရောက်လာပြန်ပြီလားဟ
လော့ရှန်လင်းသည် လေးလေးနက်နက် ဖြစ်နေသော အမူအရာဖြင့် စကားထပ်ပြောလာခဲ့သည် “ ခုနတုန်းက ပြောဖို့ မေ့သွားတာ ရှိနေလို့ “
“ ဘာကြီးလဲ “
“ တကယ်လို့ ဒုက္ခရောက်နေပြီဆိုရင်၊ ကျယ်ကျယ်အော်ပြီး အကူအညီ လှမ်းတောင်းလိုက်နော်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ရှင့်အသံကို ကြားရမှာ မဟုတ်ဘူး၊ ပြီးတော့ အဖေကလည်း ရှင့်ကို အချိန်မှီလာကယ်နိုင်မှာ မဟုတ်ဘူး “
ခွီ ဟားဟားဟား ……..
လူပေါင်းများစွာ အော်ဟစ်ရယ်မောနေကြတော့သည်။
လုချန်ရှန်းမှာလည်း မျက်မှောင်ကြုတ်သွားခဲ့သည်၊ ဒီစကားကို ပြောချင်လို့ ရောက်လာတာပေါ့လို့
လူတွေ အများကြီး ရှိနေတာလေကွာ၊ ငါ့မျက်နှာ ဘယ်နားသွားထားရမတုန်း
အော်ပြီးတော့ အကူအညီတောင်းရမှာလား
သို့ရာတွင် သူသည် လော့ရှန်လင်း၏ ဆိုလိုရင်းကို ကောင်းစွာနားလည်နေသောကြောင့်၊ လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်သည် “ ဂျူနီယာညီမလေး၊ ကျေးဇူးပဲ။ ငါသေချာပေါက် ကျယ်ကျယ်အော်လိုက်မယ် “
“ ကောင်းတယ် “
လော့ရှန်လင်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ၊ သူမ၏နေရာဆီသို့ ပြန်လှည့်သွားတော့သည်။
သူမသည် ဤနေရာတွင် ဆက်နေချင်ခဲ့သော်လည်း၊ သူမက သူ့ကိုကာကွယ်ပေးနေမည်ဆိုပါက သူအရှက်ရသွားလိမ့်မည်ဟု သူမ၏ အဖေမှ ပြောခဲ့သောကြောင့်၊ ရွေးချယ်စရာမရှိဘဲ လှည့်ပြန်သွားခဲ့ရသည်။
ထိုအချိန်တွင် လုချန်ရှန်းမှ သူမကို အော်ခေါ်လိုက်သည်။
“ ဂျူနီယာညီမလေး၊ ခဏစောင့်ဦး “
လုချန်ရှန်း၏ လက်ထဲတွင် အဝတ်အိတ်တစ်လုံး ပေါ်ထွက်လာခဲ့သည်။
“ ဒါကို လုံလုံခြုံခြုံ သိမ်းထားပြီးတော့ ကိုယ်နဲ့မကွာ အမြဲဆောင်ထား “
“ အဲ့တာက ဘာကြီးလဲ “ လော့ရှန်လင်းသည် ဇဝေဇဝါ ဖြစ်သွားသော အမူအရာဖြင့် မေးမြန်းလာခဲ့သည်။
“ အဲ့ထဲမှာ နင့်ကို လုံခြုံအောင် လုပ်ပေးမဲ့ အဆောင်တစ်ခု ရှိတယ် “ ဟုလုချန်ရှန်းမှ ပြန်ပြောလိုက်သည်။
( တစ်ခုခုပေါ်နေတယ်ဆိုတာမျိုးပါ၊ ရင်ဘတ်သာညာ ဘလာဘလာ )
လော့ရှန်လင်းသည် ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ ရှက်သွေးဖြန်းသွားခဲ့ပြီး၊ စာအုပ်ကို ယူလိုက်ကာ၊ သူမ၏ရင်ဘက်နှင့် ၎င်းကို ကပ်ထားလိုက်ပြီး၊ သူမ၏ မျက်နှာကို ဖုံးအုပ်ကာ၊ လှည့်ပြေးသွားတော့သည်။
အားလုံးသည် မရယ်မိအောင် ကြိုးစားပန်းစား ချုပ်တည်းနေကြသည်။
အမြဲလိုလို လေးလေးနက်နက်ရှိနေခဲ့သည့် ယဲ့တျန်းရီကပင် အသာအယာ ပြုံးနေခဲ့သည်။
ကျိုးချင်ယု တစ်ဦးတည်းကသာလျှင် မပြောင်းမလဲ တည်ငြိမ်နေခဲ့သည်။
ကျိုးချင်ယုမှ သူ၏လက်ကိုမြှောက်လိုက်ရာ၊ ဓားအရှိန်အဝါ တစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ မီတာပေါင်းများစွာ ရှည်လျားသည့် နွားရိုင်းသားရဲကို ခုတ်ပိုင်းသွားခဲ့သည်။
သားရဲလှိုင်း စတင်လာပြီ ဖြစ်သည်။
ကျိုးချင်ယုသည် ဦးဆောင်၍ လှုပ်ရှားနေတော့သည်။ ဓားရှည်တစ်လက် ပေါ်ထွက်လာခဲ့ပြီး၊ ဓားကို လွှဲရမ်းလိုက်ချိန်တွင်၊ ဓားစွမ်းအင်သည် ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားကာ၊ တောင်များကိုပင် ထိုးဖောက်သွားခဲ့သည်၊ သူသည် အရှေ့သို့ တစ်ဦးတည်း ပြေးတက်သွားခဲ့သည်။
ဘက်ပေါင်းစုံမှ လှုပ်ခတ်မှုများစွာ ပေါ်ပေါက်လာခဲ့ပြီး၊ မှော်စွမ်းအင်များနှင့် ဟိန်းဟောက်သံများ ချက်ချင်းပေါက်ထွက်လာခဲ့သည်။
ချင်းယွင်တောင်ထွဋ်၏ အကြီးအကဲများကမူ အတွင်းဂိုဏ်းတပည့်များကို အဝေးသို့ ဦးဆောင်သွားခဲ့သည်။
သူသည် အလွန်တရာ တည်ငြိမ်နေခဲ့ပြီး၊ ချီစုစည်းခြင်း၏ အဆင့်၈(သို့) အဆင့်၉ကို သားရဲကောင်များကို ရင်ဆိုင်ရချိန်မှာပင် မည်သို့မျှ ကြောက်လန့်မနေခဲ့ပေ။
ဓားအလင်းတန်း ပေါက်ထွက်လာခဲ့ပြီး၊ အားလုံး၏ မျက်လုံးများအောက်မှာပင်၊ သားရဲများ တစ်ကောင်ပြီးတစ်ကောင် ခုတ်ပိုင်းခံလိုက်ရကာ၊ အသွေးအသားများ နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။ ၎င်းတို့၏ ခန္ဓာကိုယ်ကြီးများ ပြိုလဲသွားကာ၊ မြေပြင်ကို ပြင်းပြင်းထန်ထန် လှုပ်ခါသွားစေခဲ့သည်။
ကျိုးချင်ယုသည် ထိခိုက်ဒဏ်ရာရမှု မရှိဘဲ၊ အရှေ့တွင် ရပ်တည်နေခဲ့သည်။
ဤအချိန်တွင် သူသည် ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည့် ဓားအင်မော်တယ်တစ်ပါးကဲ့သို့ ဖြစ်နေခဲ့ပြီး၊ သူ၏ဓားကို ကိုင်ဆောင်၍၊ ဘက်ပေါင်းစုံသို့ လှုပ်ရှားသွားလာနေခဲ့သည်။ သူ၏သတ္တိက အလွန်တရာ ကြီးမားနေသောကြောင့်၊ ဘက်ပေါင်းစုံမှ အကြီးအကဲများကပင် အံ့ဩတကြီး ဖြစ်သွားကြသည်။
ထို့အပြင် သူသည် အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်နှင့် နီးကပ်နေခဲ့ပြီဖြစ်သည်၊ အကယ်၍ သူကသာ ထိုအဆင့်သို့ ရောက်ရှိသွားမည်ဆိုပါက၊ မည်မျှ အံ့ဖွယ်ကောင်းလိမ့်မည်နည်း
လုချန်ရှန်းကမူ အဆိုပါ ဖြစ်ရပ်များကို အေးအေးလူလူ စောင့်ကြည့်နေခဲ့သည်။ သူသည် လမ်းလွဲလာသော သားရဲကောင်များ(သို့) ထွက်ပြေးလာသည့် သားရဲကောင်များကို ရှင်းလင်းရန်အတွက် လူတစ်အုပ်နောက်သို့ လိုက်သွားကာ၊ ထိုလူအုပ်၏ အနောက်တွင် နေနေခဲ့သည်။
လူတစ်စုသည် သူ၏အရှေ့တွင် တိုက်ခိုက်နေလျက်ရှိသည်၊ သို့သော် သူသည် ၎င်းကို စောင့်ကြည့်မနေခဲ့ပေ။ သူ၏စိတ်စွမ်းအားဖြင့် ထောက်လှမ်းနိုင်သောကြောင့် မျက်လုံးများဖြင့် လိုက်ကြည့်နေရန် မလိုအပ်ပေ။
ထို့အစား သူသည် ဟင်းလင်းပြင်ဆိုင်ရာ ပစ္စည်းများကို အသုံးပြုကာ၊ သားရဲအလောင်းများကို လိုက်ကောက်နေခဲ့သည်။
အူတိုင်ဖွဲ့စည်းခြင်း နယ်ပယ်မှ သားရဲတစ်ကောင်၏ အလောင်းသာဆိုပါက ဝိညာဥ်ကျောက်တုံး ရာဂဏန်းဖြင့် ရောင်းချနိုင်ပေသည်၊ ချီစုစည်းခြင်းနယ်ပယ် သားရဲကောင်များကမူ သုံးဆယ်မှ ငါးဆယ်အထိသာ ရရှိမည် ဖြစ်သည်။ အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်မှ သားရဲကောင်များသည် လွန်စွာတန်ဖိုးကြီးသည့် သားရဲအူတိုင်များကို ဖွဲ့စည်းခဲ့ပြီးပြီ ဖြစ်သည်။ ဂိုဏ်းမှ လူတစ်ဦးသည် ဆေးသန့်စင်ရန်အတွက် ၎င်းတို့ကို လိုက်လံစုဆောင်းမည် ဖြစ်သည်။
၎င်းတို့ကို ကောက်ယူရခြင်းမှာ အကျိုးအမြတ်များကို ရိတ်သိမ်းနေခြင်းပင် ဖြစ်သည်။
သူသည် သတ်ဖြတ်မှုနှုန်းထားက အလွန်တရာ နှေးကွေးလွန်းနေသည်ဟုပင် စောဒကတက်နေခဲ့သည်။ လူကဲ့ရဲ့ခံရမည်ကို မကြောက်ဘူးဆိုပါက၊ သူကိုယ်တိုင်အပြေးလေးသွားကောက်မည် ဖြစ်သည်။
သူသည် အကယ်၍ တစ်စုံတစ်ဦးက အန္တရာယ်ကျရောက်နေမည်ဆိုပါက၊ သူတို့၏ အသက်များ ဆုံးရှုံးရခြင်းကို ကာကွယ်တားဆီးရန်အလို့ငှာ ကြားဝင်စွက်ဖက်ရန်အတွက် တိတ်တဆိတ် စောင့်ကြည့်လေ့လာနေခဲ့သည်။
တစ်ချို့လူများသည် ထိုမြင်ကွင်းကို သတိပြုမိသွားကာ၊ ကူရာကယ်ရာမဲ့နေသကဲ့သို့ ခံစားသွားကြရလေသည်။
သို့ရာတွင် မည်သူကမှ ထုတ်မပြောလာခဲ့ပေ။ သူတို့သည် သူ၏စွမ်းရည်များက အကူအညီ များစွာပေးနိုင်မည် မဟုတ်ဘူးဟုသာ မြင်နေကြသောကြောင့်၊ သူပြဿနာ မရှာသေးသရွေ့၊ အပြင်မထွက်သွားသရွေ့ သူ့စိတ်ကြိုက်လုပ်ခွင့်ပေးထားခဲ့သည်။
သူက ဤသားရဲလှိုင်းကို တောင့်ခံနိုင်လိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။ သူတို့သည် ဤတပည့်များ မရှိဘူးဆိုလျှင်တောင်မှ၊ ၎င်းကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ကြပေသည်။ သူတို့ကို ဤနေရာသို့ ခေါ်ဆောင်လာရခြင်းမှာ လေ့ကျင့်ရေးအတွက်သာလျှင် ဖြစ်သည်။
သို့ရာတွင် လုချန်ရှန်းကိုယ်တိုင်မှာလည်း သူက ဤခရီးစဥ်တွင် ဝိညာဥ်ကျောက်တုံးများ ရရှိကာ၊ အမြတ်ထွက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အရာအားလုံး လွယ်ကူချောမွေ့နေခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ငါးရက်တာ ကုန်ဆုံးသွားခဲ့သည်။ ဤငါးရက်တာ ကာလအတွင်းတွင် မထင်မှတ်ထားသည့် ဖြစ်ရပ်များ တစ်ကြိမ်တစ်ခါမှ မပေါ်ထွက်လာခဲ့ပေ။
လုချန်ရှန်းသည် သားရဲအလောင်းများ စုဆောင်းခြင်းဖြင့် ပျော်ရွှင်နေလျက်ရှိသည်၊ သို့သော် တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲတွင် သံသယများ မြင့်တက်လာခဲ့သည်။
“ ငါက ရွှမ်ထျန်းဂိုဏ်းက အဲ့လူတွေကို အထင်လွဲနေတာများလား “
သို့ရာ၌ ၎င်းကို သူတွေးတောစဥ်းစားနေသည့် အချိန်မှာပင်၊ လေထုအတွင်းတွင် အချိန်အတော်ကြာ ပျံ့နှံ့နေခဲ့သည့် ချဥ်စူးစူး သွေးရနံ့များနေရာတွင် မွှေးပျံ့သော ရနံ့တစ်ခု အစားထိုးဝင်ရောက်လာခဲ့သည်။