ဤနေရာတွင် ရှိနေသည့် အရာအားလုံးကို လုချန်ရှန်း၏ စိတ်စွမ်းအားက ဖုံးလွှမ်းထားခဲ့သည်။
သူသည် အနက်ရောင် ပုံရိပ်ကို စိုက်ကြည့်နေပြီး၊ ၎င်းက ကန်းယွင်ဂိုဏ်းမှ မဟုတ်ဘဲ၊ ကျိုးချင်ယုအား ပစ်မှတ်ထားနေကြောင်းကို သေချာသွားခဲ့သည်။
ထိုအချိန်တွင် တပည့်အုပ်စုမှာ အနောက်သို့ ဆုတ်ခွာသွားခဲ့ပြီ ဖြစ်သည်။
အကြီးအကဲ အနည်းငယ်သာ ကျန်နေခဲ့ပြီး၊ ကျိုးချင်ယုနှင့်အတူ သားရဲတစ်ကောင်ကို တိုက်ခိုက်နေခဲ့သည်။
သို့သော် ထို့နောက်စက္ကန့်ပိုင်းမျှအကြာတွင် အနက်ရောင်ပုံရိပ် လှုပ်ရှားလာခဲ့သည်။ သူ၏ခန္ဓာကိုယ်ထံမှ မှော်စွမ်းအား ပေါက်ထွက်လာခဲ့ပြီး၊ သူ၏လက်ဝါးအတွင်းတွင် မျှော်စင်ငယ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
၎င်းသည် လက်မအနည်းငယ်မျှသာ ရှည်လျားကာ၊ အလွှာခုနစ်ခု ပါဝင်နေခဲ့သည်၊ သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ ၎င်းကို ကောင်းကင်ထက်သို့ ပစ်လွှတ်လိုက်သည်။
မီးပင်လယ်ပေါ်တွင် ဧရာမ အရိပ်မဲတစ်ခု ပေါ်လာခဲ့သည်။
ကျိုးချင်ယု၏ အထက်တွင် မျှော်စင်ငယ်သည် လေကို ဝါးမြိုသွားပြီး၊ ဆယ်ပေမြင့်မားသည့် မျှော်စင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ ကောင်းကင်ထက်မှ ဆင်းသက်လာ၍၊ ရန်သူကို ချေမှုန်းလာခဲ့သည်။
( တရုတ်ရိုးရာ မျှော်စင်လို စေတီငယ်ပါ၊ ဝူခုန်း နတ်ပြည်မှာ သောင်းကျန်းနေတုန်းက သူ့ကို ဖိနှိပ်ဖို့အတွက် နတ်တစ်ပါးလား၊ ဒါမှမဟုတ် နီကျားကလားမသိ ထုတ်သုံးခဲ့တဲ့ ပြဿဒ်လိုဟာပေါ့ဗျာ )
“ စီနီယာအစ်ကိုကြီး၊ သတိထား “
အဆိုပါ မျှော်စင်ငယ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်ကို မြင်လိုက်ရသောအခါတွင် ယဲ့တျန်ရီသည် အလောတကြီး ပြေးတက်သွားကာ၊ အော်ပြောလိုက်သည်။
ကျိုးချင်ယုသည် အချိန်မလောက်သောကြောင့် တိုက်ခိုက်မှုကို ယာယီသာ တားဆီးလိုက်ရသည်။
သို့ရာတွင် အနက်ရောင် ပုံရိပ်က ၎င်း၏ မှော်စွမ်းအားကို မျှော်စင်ငယ်ဆီသို့ ပို့လွှတ်လိုက်သည့် အချိန်တွင်၊ မျှော်စင်၏ စွမ်းအားမှာ ထပ်မံ၍ မြင့်တက်လာခဲ့ပြီး၊ ပိုမိုလေးလံလာခဲ့ကာ၊ ရန်သူကို ဖိနှိပ်ရန် အောက်သို့ ဆက်လက်၍ ဆင်းသက်လာခဲ့သည်။
“ စိတ်ဝိညာဥ်အဆင့် မှော်ပစ္စည်း “
လုချန်ရှန်းသည် တအံ့တဩဖြစ်သွားခဲ့သည်၊ ဤလောကအတွင်းရှိ မှော်ပစ္စည်းများကို အဆင့်မျိုးမျိုး ခွဲခြားထားခဲ့သည်။
အဆင့်အနိမ့်ဆုံးမှာ သေမျိုးအဆင့်ဖြစ်သည်၊ ၎င်း၏အထက်တွင် ဆန်းကြယ်၊ စိတ်ဝိညာဥ်၊ ဘုရင်နှင့် နတ်ဘုရားအဆင့်ဟူ၍ အသီးအသီး ရှိနေခဲ့သည်။
ထို့အပြင် မှော်ပစ္စည်းများသည် အလွန်တရာ အဖိုးတန်းကာ သန့်စင်ရ ခက်ခဲလွန်းလှသည်။ ၎င်းတို့၏ တန်ဖိုးများမှာ ကြောက်ခမမ်းလိလိ မြင့်မားနေခဲ့ပြီး၊ အဆင့်တစ်ဆင့်ချင်းစီတိုင်းကိုလည်း အဆင့်သေးသုံးခုဖြင့် ထပ်မံ၍ ခွဲခြားထားခဲ့လေသည်။ ဈေးအပေါဆုံး အဆင့်နိမ့် ရွှမ်အဆင့်(အနက်ရောင်အဆင့်) မှော်ပစ္စည်းကပင် ဝိညာဥ်ကျောက်တုံး ထောင်နှင့်ချီ၍ တန်ကြေးရှိနေခဲ့သည်။
စိတ်ဝိညာဥ်အဆင့် ပစ္စည်းကမူ ဝိညာဥ်ကျောက်တုံး သောင်းနှင့်ချီ၍ တန်နေခဲ့ကာ၊ ထိပ်တန်းအဆင့် ပစ္စည်းမှာ သိန်းဂဏန်းအဖြစ် ဈေးပေါက်နေခဲ့သည်။ ဘုရင်အဆင့် ပစ္စည်းကမူ မွေးရာပါ ဝိညာဥ်အဆင့် လက်နက်သန့်စင်သူကပင် အလွယ်တကူ မသန့်စင်နိုင်သော ရတနာတစ်ခုဖြစ်သည်၊ သူတို့သည် ဆယ်စုနှစ်ပေါင်းများစွာ(သို့) ရာစုနှစ်တစ်ခုကြာသည့် အချိန်တွင် တစ်ကြိမ်မျှသာ သန့်စင်နိုင်ကြသည်။
မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်များကပင် အဆင့်မြင့် စိတ်ဝိညာဥ်အဆင့် မှော်လက်နက်ကို မပိုင်ဆိုင်ကြပေ။
ကန်းယွင်ဂိုဏ်းကပင် အဆင့်နိမ့် စိတ်ဝိညာဥ်အဆင့် မှော်လက်နက်နှင့် အဆင့်မြင့် စိတ်ဝိညာဥ်အဆင့် မှော်လက်နက်ကို ပိုင်ဆိုင်ထားကြသည်။
( လက်နက်နဲ့ မှော်လက်နက် မတူပါဘူး၊ လက်နက်ကျတော့ ဓားတို့ လှံတို့ပါ၊ မှော်လက်နက်ကျ ပစ္စည်းမျိုးစုံဖြစ်နိုင်ပါတယ်၊ ဦးထုပ်၊ ဖိနပ်၊ သစ်ရွက်၊ ဝတ်ရုံ၊ လက်ပတ်စသည်ဖြင့်ပေါ့ )
ကန်းပြည်နယ်တစ်ခုလုံးမှာပင် စိတ်ဝိညာဥ်အဆင့် မှော်ရတနာများမှာ အတော်လေး ရှားပါးလွန်းနေခဲ့သည်။
မျှော်စင်ငယ် ကျဆင်းလာသည်နှင့်တစ်ပြိုင်နက်၊ ၎င်း၏ စွမ်းအား ပျံ့လွင့်လာခဲ့ပြီး၊ အူတိုင်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်လုနီးပါးဖြစ်နေသည့် ကျိုးချင်ယုကပင် အံ့ဩတကြီး ဖြစ်သွားခဲ့ရသည်။
ချီသိပ်သည်းခြင်း အဆင့်၇တွင်သာ ရှိနေသည့် ယဲ့တျန်ရီကမူ သူ၏ကိုယ်ပိုင် ဘေးကင်းလုံခြုံရေးအတွက်ပင် အသည်းအသန် ခုခံနေခဲ့ရပြီး၊ သူ၏ဓားရှည်မှာ ချက်ချင်းပျက်စီးသွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်ကာ၊ သူ့ကိုသတ်ရန် ပြင်လာခဲ့သည်။
“ တျန်ရီ “
ချင်းယွင်တောင်ထွဋ်မှ အကြီးအကဲ၏ အမူအရာ မည်းမှောင်သွားခဲ့သည်။
ကျိုးချင်ယုသည် မိုးပြာရောင် လေငှက်ကို တစ်ခဏခန့် တွန်းလှန်လိုက်ပြီး၊ သူ၏ဓားရည်ရွယ်ချက်ကို အသက်သွင်းကာ၊ ဓားစွမ်းအင်ကို မြှင့်တင်၍ ဖိနှိပ်ချုပ်နှောင်မှုကို ချိုးဖျက်ရန် ကြိုးပမ်းလိုက်သည်။
မိုးပြာရောင် လေငှက်က ပြန်၍ထိုးသုတ်လာသည့် အချိန်တွင် မျှော်စင်ငယ်က ကျဆင်းသွားခဲ့ပြီးပြီ ဖြစ်သည်။
ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။ သူတို့သည် တစ်စုံတစ်ဦးက တိတ်တဆိတ် လှုပ်ရှားနေကြောင်းကို သိကြသော်လည်း၊ ယခုလက်ရှိ အချိန်မှာ စုံစမ်းစစ်ဆေးနေရမည့် အချိန် မဟုတ်ပေ။
မျှော်စင်ငယ်က ယဲ့တျန်ရီကို ထိုးဖောက်သွားတော့မည့် အချိန်တွင် မြေပြင်မှ အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့သည်။
ရွှေရောင် စိတ်စွမ်းအား လှိုင်းတစ်ခု ပျံ့လွင့်လာခဲ့ပြီး၊ မျှော်စင်ငယ်၏စွမ်းအားကို တားဆီးပိတ်ဆို့သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် မှော်စွမ်းအားတစ်ခုသည် မျှော်စင်ကို ဖုံးလွှမ်းသွားပြီး၊ ၎င်းကို ချုပ်နှောင်ကာ အကျဥ်းချရန် ကြိုးပမ်းနေတော့သည်။
ဆယ်ပေမြင့်မားသည့် မျှော်စင်ငယ်သည် အဆက်မပြတ် တုန်ခါနေပြီး၊ ချုပ်နှောင်မှုမှ လွတ်မြောက်ရန် ကြိုးပမ်းနေခဲ့သည်။ သို့သော် ၎င်းသည် မှော်စွမ်းအား၏ လွှမ်းမိုးမှုအောက်သို့ နစ်မြုပ်သွားပြီး၊ တစ်ခဏအကြာတွင် မူလအရွယ်အစားအတိုင်း ပြန်ဖြစ်သွားကာ၊ မြေပြင်ပေါ်သို့ ကျသွားခဲ့သည်။
“ အဲ့တာက …… “
ယဲ့တျန်ရီ၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။ သူသည် သူသေရတော့မည်ဟု တွေးထားလိုက်ပြီဖြစ်သော်လည်း၊ အန္တရာယ်မှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်။
အကြီးအကဲတစ်စုမှာလည်း မည်သည့်အရာများ ဖြစ်ပျက်သွားလဲဆိုသည်ကို သတိမပြုမိကြပေ။
သူတို့သည် မြေပြင်ပေါ်သို့ ငုံ့ကြည့်လိုက်ကြသော်လည်း၊ မီးတောက်ကြီးတစ်ခုမှတစ်ပါး အခြားသော အရာများကို မမြင်တွေ့ခဲ့ရပေ။
လုချန်ရှန်းသည် မီးတောက်အလယ်တွင် မတ်တပ်ရပ်နေလျက်ရှိပြီး၊ စေတီငယ်တစ်ဆူကို ကိုင်ဆောင်ထားခဲ့သည်။ လက်ရာသေသပ်ကာ၊ ခမ်းနားထည်ဝါသည့် စေတီငယ်တွင် ပုံစံကွက်များစွာ ပါဝင်နေပြီး၊ ရှေးဟောင်းအငွေ့အသက် အနည်းငယ်ကို သယ်ဆောင်ထားခဲ့သည်။
သူသည် မျှော်စင်တွင် အက်ကွဲကြောင်းတစ်ခုရှိနေသည်ကို သတိပြုမိနေခဲ့သည် “ ချန်းလော့မျှော်စင် “
လုချန်ရှန်းသည် အဆိုပါ ပစ္စည်းက ချန်းလော့ဂိုဏ်း၏ မှော်ရတနာဆိုသည်ကို မှတ်မိနေခဲ့သည်။
ကန်းယွင်နှင့် ရွှမ်ထျန်းဂိုဏ်းတို့ကဲ့သို့ပင် ချန်းလော့ဂိုဏ်းသည် ကန်းပြည်နယ်၏ ဂိုဏ်းကြီးသုံးခုအနက်မှ တစ်ခုဖြစ်သည်။ မျှော်စင်ပေါ်တွင် ချန်းလော့ဂိုဏ်း၏ အမှတ်အသား ရှိနေပြီး၊ အတွင်းပိုင်းတွင်လည်း အမှတ်အသားများစွာ တည်ရှိနေခဲ့သည်။
၎င်းသည် တစ်ချိန်က အဆင့်မြင့် စိတ်ဝိညာဥ်အဆင့် မှော်လက်နက်တစ်ခုဖြစ်ခဲ့ဖူးသည်၊ သို့သော် မဟာတိုက်ပွဲကြီးတွင် ထိခိုက်သွားခဲ့သောကြောင့်၊ အဆင့်နိမ့် စိတ်ဝိညာဥ်အဆင့် လက်နက်အဖြစ်သို့ ကျဆင်းသွားခဲ့သည်။
ဤအခိုက်အတန့်တွင် ၎င်းမှာ ရုန်းကန်လှုပ်ရှားနေသေးသည်၊ တစ်စုံတစ်ဦးက ၎င်းကို ပြန်လည်ဆင့်ခေါ်ရန် ကြိုးပမ်းနေခဲ့သည်၊ ထိုလူသည် အနက်ရောင်ဝတ်စုံနှင့် လူပင်ဖြစ်သည်။ သို့ရာ၌ အချိန်အတော်ကြာ ကြိုးပမ်းနေခဲ့ပြီးသည့်နောက်မှာပင် မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့ပေ။
မကြာခင်မှာပင် တစ်ခြားတောင်ထွဋ်မှ လူများ အပြေးအလွှားရောက်ရှိလာကြသည်။
အနက်ရောင် ပုံရိပ်သည် ကန်းယွင်ဂိုဏ်းမှ လူများ ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါတွင် မျှော်စင်ငယ်ကို လက်လျှော့လိုက်ကာ၊ တောအုပ်အတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
လုချန်ရှန်းသည် ထိုလူ့နောက်သို့ လိုက်ရန်အတွက် တောအုပ်အတွင်းသို့ ပြေးဝင်သွားခဲ့သည်။
မိုင်တစ်ရာအကွာတွင် သူသည် မှော်စွမ်းအားကို ထုတ်လွှတ်ကာ အဆိုပါ အနက်ရောင် ပုံရိပ်ကို တားဆီးပိတ်ဆို့လိုက်သည်။
အနက်ရောင် ပုံရိပ်သည် တောင်များဆီသို့ လွင့်ထွက်သွားခဲ့သည်။
သူသည် ချက်ချင်းမတ်တပ်ထရပ်လာပြီး၊ ထွက်သွားချင်နေခဲ့သည်၊ သို့သော် လုချန်ရှန်းသည် သူ့အရှေ့သို့ ရောက်ရှိလာခဲ့ပြီး၊ သူ၏လက်ကို ဝေ့ရမ်းကာ၊ အဆိုပါ ပုံရိပ်ကို ဖိနှိပ်လိုက်သည်။
လှုပ်ရှားမှုမှာ အလွန်တရာ ချောမွေ့ညက်ညောနေခဲ့သည်။ ပြိုင်ဘက်သည် မှော်စွမ်းအား၏ ဖိနှိပ်မှုကို ခံလိုက်ရကာ၊ မည်သို့မျှ မလှုပ်ရှားနိုင်တော့ပေ။
လုချန်ရှန်းကမူ သူ့အရှေ့တွင် ရှိနေသည့် လူကို ကြည့်ကာ အံ့ဩမှင်သက်သွားခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် အဆိုပါ ပုံရိပ်မှာ သက်ရှိလူသားတစ်ဦး မဟုတ်ဘဲ၊ လူသားပုံသဏ္ဍာန် ရုပ်သေးတစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။
အနက်ရောင် ဝတ်ရုံ၏ အောက်တွင် သာမန်မျက်နှာတစ်ခုသာ ရှိနေခဲ့သည်၊ သို့သော် ၎င်း၏ ခန္ဓာကိုယ်ထံမှ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၃ ပညာရှင်၏ စွမ်းအားလှိုင်းများ ထွက်ပေါ်နေခဲ့သည်။
“ အူတိုင်ဖွဲ့စည်းခြင်းအဆင့် ရုပ်သေးလား။ ဘယ်သူ့ဆီမှာ ဒီလိုရည်မှန်းချက်ကြီး ရှိနေတာလဲဟ “
လုချန်ရှန်းသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ များသောအားဖြင့် ရုပ်သေးများကို အမျိုးအစားနှစ်မျိုး ခွဲခြားထားခဲ့သည်။ ပထမတစ်မျိုးကို သက်ရှိသတ္တဝါတို့၏ ခန္ဓာကိုယ်များဖြင့် ပြုလုပ်လေ့ရှိပြီး၊ ၎င်းသည် အလွယ်ကူ အရိုးရှင်းဆုံးသော နည်းလမ်းဖြစ်သည်။ သို့ရာတွင် တစ်ကြိမ်တစ်ခါမျှ ပြုလုပ်လိုက်သည်နှင့်တစ်ပြိုင်နက်၊ ၎င်း၏ ကိုယ်ပိုင်ကျင့်ကြံရေးကို ဆုံးရှုံးသွားစေမည် ဖြစ်သည်။
လိုအပ်သော အရင်းအမြစ်မှာ အလွန်တရာ များပြားနေခဲ့ပြီး၊ အစွမ်းထက် ပညာရှင်တစ်ဦးကို ပြုစုပျိုးထောင်ပေးရသည့် ပမာဏထပ် မည်သို့မျှ လျော့နည်းမနေခဲ့ပေ။
ထို့အတူ ရုပ်သေးများသည် ကျင့်ကြံသူများ မလုပ်နိုင်သည့် အရာတော်တော်များများကို လုပ်နိုင်ကြသည်။ ဥပမာအားဖြင့် ယခုမြင်တွေ့လိုက်ရသည့် အသေခံစစ်သားပင် ဖြစ်သည်၊ သူတို့သည် ကျိုးချင်ယုကို လုပ်ကြံသတ်ဖြတ်ရန်အတွက် မျှော်စင်တစ်ခုကို ယူဆောင်လာခဲ့သည်။ အကယ်၍ သူတို့ကို ရှာတွေ့သွားမည်ဆိုလျှင်တောင်မှ၊ ၎င်းနှင့်အတူ ထွက်ပြေးနိုင်ကြသေးသည်။
တစ်ခြားသော အမျိုးအစား တစ်ခုကိုမူ အမျိုးမျိုးသော ရှားပါးပစ္စည်းများနှင့် အဖိုးတန် ပစ္စည်းတို့ဖြင့် ပြုလုပ်လေ့ရှိသည်။ ထို့အပြင် ပါဝင်ပစ္စည်းများကသာ လုံလုံလောက်လောက် အံ့ဖွယ်ကောင်းနေသရွေ့၊ သူတို့မှာ ဆက်လက်၍ ကြီးထွားတိုးတက်နိုင်သေးသည်။
“ ရွှမ်ထျန်းဂိုဏ်းက ငါတို့ စီနီယာအစ်ကိုကြီးကို သတ်ဖို့အတွက် တကယ်ကြီးကို အစွမ်းကုန်ကြိုးစားနေတာပဲဟ “
လုချန်ရှန်းသည် အကြံတစ်ခု ရသွားခဲ့သည်။ ချန်းလော့မျှော်စင်က ချန်းလော့ဂိုဏ်းနှင့်သာ သက်ဆိုင်သည်ဟု အားလုံးက သိထားကြသည်၊ ထို့ကြောင့် အကယ်၍ သူတို့က တစ်စုံတစ်ဦးကို လုပ်ကြံသတ်ဖြတ်ကြမည်ဆိုလျှင်တောင်မှ၊ ၎င်းကို အသုံးပြုလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဤလုပ်ရပ်အားလုံးမှာ ရွှမ်ထျန်းဂိုဏ်း၏ လက်ချက်သာလျှင် ဖြစ်ရမည် ဖြစ်သည်။
အကယ်၍ သူတို့ ကျဆုံးသွားမည်ဆိုပါက၊ သူတို့သည် ဤကိစ္စနှင့် ဝေးဝေးနေကာ၊ ချန်းလော့ဂိုဏ်းကို အပြစ်ဖို့ရန် ကြံစည်ထားကြပုံရသည်။
သို့ရာတွင် လူတိုင်းက အရူးမဟုတ်ပေ။ ဤမျှ သိသာလွန်းလှသော လှုပ်ရှားမှုကို မည်သူမဆို တွက်ချက်မှန်းဆမိနိုင်ပေသည်။ အကယ်၍ ကန်းယွင်ဂိုဏ်းက ၎င်းကို တွေးမိသွားမည်ဆိုလျှင်တောင်မှ၊ သူသည် ချန်းလော့ဂိုဏ်းကို သတိကြီးကြီး ထားနေဦးမည် ဖြစ်သည်။ ယနေ့ခေတ်တွင် မည်သူ့ကိုမှ အလွယ်တကူ မယုံကြည်သင့်ပေ။
ထို့အပြင် တစ်ခြားသော ဖြစ်နိုင်ခြေတစ်ခုလည်း ရှိနေသေးသည်။ အကယ်၍ ချန်းလော့ဂိုဏ်းက သူတို့၏ မှော်လက်နက် ပျောက်ဆုံးသွားသည်ကို သတိမပြုမိဘဲ၊ ၎င်း၏ခြေရာလက်ရာများကို အာရုံခံနေရင်းဖြင့် ဤနေရာသို့ ရောက်လာခဲ့မည်ဆိုပါက၊ ကန်းယွင်ဂိုဏ်းက မည်ကဲ့သို့ တုံ့ပြန်ကြရမည်နည်း။
ကျိုးချင်ယုကို သတ်ဖြတ်ရန်အတွက် တစ်စုံတစ်ဦးက ချန်းလော့ဂိုဏ်း၏ မှော်ပစ္စည်းကို ခိုးယူခဲ့သည်ဟု ပြောလိုက်မည်ဆိုပါက ……. ထိုစကားကို မည်သူက ယုံကြည်ကြမည်နည်း
အကယ်၍ ချန်းလော့ဂိုဏ်းမှ မလှုပ်ရှားလာခဲ့ဘူးဆိုလျှင်တောင်မှ၊ သူတို့သည် ကန်းယွင်ဂိုဏ်းကို သတိကြီးကြီး ထားသွားကြမည်သာ ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ဦးကသာ မီးအတွင်းသို့ လောင်စာထည့်လာခဲ့မည်ဆိုပါက ……..
လုချန်ရှန်းသည် တွေးတောစဥ်းစားနေရင်းဖြင့်၊ မည်သည့်ရလဒ်ပင် ပေါ်ထွက်လာခဲ့ပါစေ၊ ရွှမ်ထျန်းဂိုဏ်းကသာလျှင် ကောင်းကျိုးရသွားလိမ့်မည်ဆိုသည့်အချက်ကို သိရှိသွားခဲ့သည်။
ကျိုးချင်ယုကို သတ်နိုင်ပါက၊ အကောင်းဆုံးဖြစ်သွားမည် ဖြစ်သည်။ သို့သော် ထိုကဲ့သို့ မလုပ်နိုင်ဘူးဆိုလျှင်တောင်မှ၊ ဂိုဏ်းနှစ်ဂိုဏ်းကြားတွင် သံသယနှင့် ပဋိပက္ခ မီးပွားများ တောက်လောင်သွားမည် ဖြစ်သည်။
“ ရွှမ်ထျန်းဂိုဏ်းက တကယ်ကြီးကို ဒီလောက်တောင် ရက်စက်တာလားဟ “
လုချန်ရှန်း၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။
ချန်းလော့ဂိုဏ်းက ထိုပစ္စည်းကို သန့်စင်ထားသည်မှာ နှစ်ပေါင်းထောင်နှင့်ချီ၍ ကြာရှည်နေပြီဖြစ်သည့်အတွက်၊ ၎င်းထံတွင် အချိန်တိုအတွင်း ဖယ်ရှား/ဖျောက်ဖျက်၍ မရသော အမှတ်အသားများ သေချာပေါက်ရှိနေမည်ဖြစ်သည်။ ချန်းလော့ဂိုဏ်းသည် ၎င်းကို အာရုံခံရင်းဖြင့် ဤနေရာကို ရှာတွေ့သွားနိုင်ပေသည်။
ပျောက်ဆုံးသွားခဲ့ခြင်း ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ သူတို့ကိုယ်ပိုင် ပစ္စည်းကို ကန်းယွင်ဂိုဏ်း၏ ပိုင်နက်အတွင်းတွင် ရှာဖွေတွေ့ရှိသွားပါက၊ မည်ကဲ့သို့ တွေးထင်သွားကြမည်နည်း။
လုချန်ရှန်းသည် သူ့လက်ထဲတွင် ရှိနေသည့် မျှော်စင်နှင့် သူ့အရှေ့တွင် ရှိနေသည့် ရုပ်သေးကို ကြည့်ကာ၊ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ သူသည် အဝေးရှိ တိုက်ပွဲမြေပြင်ကို လှမ်းကြည့်လိုက်သည်။
“ သူတို့က ကန်းယွင်ဂိုဏ်းကို ဘာလို့ ဒီလောက်တောင် အငြှိုးအတေးထားနေရတာလဲဟ။ ငါကြားတာတော့ ရွှမ်ထျန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်က မိန်းမတစ်ယောက်တဲ့။ ငါတို့ဂိုဏ်းချုပ်က မဟုတ်တာ တစ်ခုခု လုပ်ထားလို့များလား “
တစ်ခဏအတွင်းမှာပင် လုချန်ရှန်း၏ အတွေးတို့မှာ ဟိုရောက်ဒီရောက် ဖြစ်သွားခဲ့သည်။ သူသည် အချိန်အတော်ကြာ ငိုင်နေခဲ့ပြီးမှ၊ လှည့်ပြန်သွားခဲ့သည်။
ပြန်ရောက်ရင်တော့ သေချာပေါက် အဖြေရှာမှ ဖြစ်မယ်
သို့ရာ၌ တစ်ဖက်လူသည် ဤတစ်ကြိမ်တွင် ကျိုးချင်ယုကို ပစ်မှတ်ထားနေခဲ့သည်။ သူတို့က သူ၏ မြင့်မားလွန်းလှသော အရည်အသွေးနှင့် ကြီးထွားမှုတို့ကို ကြောက်ရွံ့နေကြသည်ဆိုသည်မှာ သိသာလွန်းနေခဲ့သည်။
ဒါမှမဟုတ် ငါ့ရဲ့ စီနီယာ အရင်တစ်ခေါက်က ကန်းပြည်နယ် တက်လှမ်းခြင်း အစည်းအဝေးမှာ ငါမသိတဲ့ ကိစ္စတစ်ခုခုကို လုပ်ခဲ့လို့များလား
ရုတ်တရက်ဆိုသလိုပင် သူသည် ယခင်ဖြစ်ရပ်များကို မှတ်မိသွားခဲ့သည်။ ထိုနေ့တွင် ရွှမ်ထျန်းဂိုဏ်း၏ ဂိုဏ်းချုပ်က သူ၏စီနီယာအစ်ကိုအား များစွာ ချီးကျူးပြောဆိုခဲ့သည်ကို သူကြားခဲ့ရသည်၊ သို့သော် သူသည် ထိုနေ့ညက သူ့ကို မည်သို့မျှ ရှာမတွေ့ခဲ့ပေ။
“ စီနီယာအစ်ကိုက အဲ့တာများ ……….. “