လုချန်ရှန်းနှင့် နင့်ယုရှင်းတို့မှာ မြို့အတွင်းတွင် လမ်းပတ်လျှောက်နေလျက်ရှိသည်။
ဘေးတစ်ဖက်တွင် ရှိနေသည့် နင့်ယုရှင်းသည် အချိန်အတော်ကြာ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပြီးမှ စကားစပြောလာခဲ့သည်။
“ စီနီယာအစ်ကိုလု၊ ကျွန်မဆီမှာ ဝိညာဥ်ကျောက်တုံး တစ်ချို့ ရှိနေသေးတယ်လေ။ တကယ်လို့ အဲ့တာကို လိုချင်တယ်ဆိုရင်၊ နင်ဝယ်လိုက်သင့်တယ်လေ “
လုချန်ရှန်းသည် သူမကို ပြန်လှည့်ကြည့်လာခဲ့သည်၊ ဒေါသနှင့် နောင်တတို့မှာ သူ၏မျက်နှာပေါ်မှ လုံးဝပျောက်ကွယ်သွားပြီဖြစ်ပြီး၊ သူသည် ယခင်ကကဲ့သို့ အေးဆေးတည်ငြိမ်နေခဲ့ပြီ ဖြစ်သည်။
“ တစ်ထောင်လောက်ပဲ တန်တဲ့ ပစ္စည်းတစ်ခုပေါ်မှာ တစ်သောင်းသုံးချင်နေတယ်ဆိုပေါ့၊ နင့်ဦးနှောက်က မှိုတက်သွားတာလား “
“ ဒါပင်မဲ့ အဲ့တာက ကြက်သွေးရောင် ဖီးနစ်မြက်လို့ ရှင်ပြောခဲ့တယ် မဟုတ်ဘူးလား။ ပြီးတော့ ဘိုးဘေးက အဲ့တာကို လိုချင်နေတယ်ဆို။ တကယ်လို့ အဲ့တာကို မယူသွားနိုင်ဘူးဆိုရင် …….. “
“ ဘိုးဘေးလား “ လုချန်ရှန်းသည် မျက်မှောင်ကြုတ်ကာ စကားပြန်ပြောလာခဲ့သည် “ ငါ့ရဲ့ အဆင့်အတန်းလေးနဲ့ဆိုရင်၊ ငါက ဘိုးဘေးနဲ့ ဘယ်လိုလုပ် အဆက်အသွယ်လုပ်နိုင်မှာလဲဟ “
“ အဲ့တာက …… “
ဤအချိန်တွင် နင့်ယုရှင်းသည် လုချန်ရှန်းက တစ်ဖက်လူ ကြားသွားစေရန်အတွက် တမင်သက်သက် အသံပို့လွှတ်ခဲ့သည်ဆိုသည်ကို နားလည်သွားခဲ့သည်။
၎င်းကို တွေးမိသွားသောအခါတွင် သူမသည် သူ့ကို ထပ်မံ၍ ငေးကြည့်မိသွားခဲ့သည်၊ သူမသည် ဤလူက အနည်းငယ် ဉာဏ်များသည်ဟု ရုတ်တရက် ခံစားသွားခဲ့ရသည်။
သို့သော် သူမသည် မအောင့်ထားနိုင်တော့ဘဲ၊ မေးမြန်းလာခဲ့သည် “ ဒါပင်မဲ့ ရှင်က ကြက်သွေးရောင် ဝိညာဥ်မြက်ကို လိုချင်နေတယ်ဆိုတာ သေချာတယ်လေ၊ အခုက အဲ့တာကို မလိုချင်တော့ဘူးလား “
လုချန်ရှန်းသည် တဟားဟားရယ်မောနေတော့သည်။ သို့သော် မည်သည့်စကားမှ ပြန်မပြောလိုက်ပေ။ အဲ့တာက အနှေးနဲ့ အမြန်ဆိုသလို ငါ့ဟာဖြစ်လာတော့မှာပါ။ ဟိုကောင်က ငါ့ကို တော်တော်လေး စော်ကားနေခဲ့တာ၊ ငါမလှုပ်ရှားဘူးဆိုရင် သွေးကြောင်သလို ဖြစ်သွားမှာပေါ့။ ဒါပင်မဲ့ လောနေဖို့လည်း မလိုပါဘူးလေ
တစ်ချိန်တည်းမှာပင် လူငယ်သည် အဝေးမှ လူနှစ်ဦးအနားသို့ ချဥ်းကပ်သွားကာ၊ အခြေအနေကို ရှင်းပြလိုက်ရာ၊ ထိုလူနှစ်ဦးမှ ဝိညာဥ်ကျောက်တုံးများ ထုတ်ပေးလာခဲ့သည်။ သူသည် အောင်နိုင်သူ၏ အပြုံးမျိုးဖြင့် ဝိညာဥ်ဆေးပင်ကို ယူဆောင်လာခဲ့သည်။
သို့သော် ဆေးပင်ကို မြင်လိုက်ရသောအချိန်တွင် အဘွားအို မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ့ဘေးနားရှိ လူငယ်မှ မေးမြန်းလာခဲ့သည် “ အကြီးအကဲ၊ ဘာဖြစ်လို့လဲဗျ။ အဲ့ဆေးပင်နဲ့ ပတ်သက်ပြီးတော့ တစ်ခုခု မှားနေလို့လား “
“ အဲ့တာက ကြက်သွေးရောင် ဝိညာဥ်မြက်ပဲ “
အဘွားအိုသည် အက်ရှရှဖြစ်နေသော အသံဖြင့် ပြန်ပြောလာခဲ့သည်။
“ ဘာဖြစ်တာလဲဗျ “ အရှေ့တွင် ရှိနေသည့် လူငယ်သည် ဇဝေဇဝါ ဖြစ်သွားကာ မေးမြန်းလာခဲ့သည်။
အဘွားအိုမှ စကားထပ်ပြောလာခဲ့သည် “ အဲ့တာက ကြက်သွေးရောင် ဝိညာဥ်မြက်ပဲ။ နင်က အဲ့တာကို ဝယ်ဖို့အတွက် တကယ်ကြီးကို ဝိညာဥ်ကျောက်တုံး နှစ်သောင်းကျော် သုံးခဲ့တာပဲ “
ဘုတ် ဖပ်
သေတ္တာသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး၊ အဘွားအိုမှ ထိုလူငယ်ကို ပါးရိုက်လိုက်သည်။
လူငယ်သည် မြေပြင်ပေါ်ကို ဒူးထောက်ကျသွားခဲ့ပြီး၊ မယုံကြည်နိုင်ဖြစ်နေသော အမူအရာဖြင့် ဆေးပင်ကို စိုက်ကြည့်နေတော့သည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူပြောတာကို ကျွန်တော် သေချာကြား …….. “
သူသည် သူ၏စကားကို ပြီးဆုံးအောင် မပြောနိုင်တော့ဘဲ၊ တစ်စုံတစ်ခုကို နားလည်သွားသည့်အလား မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
အဘွားအိုသည် သူမ၏မျက်လုံးများကို မှိတ်ကာ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည် “ ငါတို့အားလုံး သူလှည့်စားတာကို ခံလိုက်ရပြီ “
လူငယ်၏ အမူအရာ ဆိုးရွားနေပြီး၊ ဒေါသတကြီး ဖြစ်သွားခဲ့သည်။
သူသည် ဖြစ်ရပ်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့ပြီး၊ သံသယတစ်ချို့ ရှိခဲ့သော်လည်း ကျိုးကြောင်းဆီလျော်နေပုံရပြီး၊ အဆိုပါ ဆေးပင်ထံမှ ထူးခြားသော စွမ်းအင်လှိုင်းတစ်ခု ပေါ်ထွက်နေသည်ကို အာရုံခံမိခဲ့သောကြောင့်၊ ၎င်းကို အသည်းအသန် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
သို့သော် ရလဒ်ကမူ လှည့်စားခံလိုက်ရခြင်းသာ ဖြစ်နေခဲ့သည်။
“ ချီးပဲ၊ ငါသူ့ကို သတ်မယ် “
“ ငြိမ်ငြိမ်နေနေစမ်း “
လူငယ်က လုချန်ရှန်းကို လိုက်ရှာရန် ပြင်လိုက်သည့် အချိန်တွင် အဘွားအိုမှ အော်ငေါက်လာခဲ့သည်။
“ တကယ်လို့ နင်သူ့ကို ထိရဲနေမယ်ဆိုရင်၊ နတ်ကောင်းကင်ဂိုဏ်းကတောင် နင့်ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ ငါတို့က ဘာ့ကြောင့် ဒီရောက်လာရလဲဆိုတာကို မမေ့နဲ့ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် သူစိတ်တည်ငြိမ်သွားခဲ့သည်၊ သို့သော် သူ့စိတ်ထဲတွင် ရှိနေသည့် မကျေနပ်ချက်များကမူ မည်သို့မျှ မလျော့ပါးသွားခဲ့ပေ။
“ ကျွန်တော်သူ့ကို ဒီတိုင်း လွှတ်ပေးထားမှာ မဟုတ်ဘူး “
အဘွားအိုမှ ပြန်ပြောလာခဲ့သည် “ သွားမယ်၊ ကန်းယွင်ဂိုဏ်းကို အရင်သွားကြမယ် “
လူအုပ်ကြီးသည် သူမ၏ အနောက်မှ လိုက်သွားတော့သည်၊ ထိုလူငယ်သည် မြေပြင်ပေါ်တွင် ရှိနေသည့် သေတ္တာကို ကတုန်ကရင် ဖြစ်နေသော လက်များနှင့် ကောက်ယူလိုက်သည်။
သူသည် ဆယ်ကျော်သက် လူငယ်တစ်ဦးကြောင့် အလှည့်စားခံလိုက်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
လုချန်ရှန်းကမူ ဂိုဏ်းသို့ အလောတကြီး မပြန်သွားဘဲ၊ နင့်ယုရှင်းကို စားသောက်ဆိုင်တစ်ခုဆီသို့ ခေါ်သွားခဲ့သည်။
အားရပါးရ စားသောက်ခဲ့ပြီး ပြန်ထွက်လာခဲ့သည့် အချိန်တွင်၊ နင့်ယုရှင်းမှ မေးမြန်းလာခဲ့သည် “ အခု ဂိုဏ်းကို ပြန်ကြတော့မှာလား “
“ မလောပါနဲ့၊ ငါနဲ့ တစ်နေရာရာကို အရင်လိုက်ခဲ့ “
နင့်ယုရှင်း တွေးတောစဥ်းစားနေသည့် အချိန်မှာပင် သူသည် ယခင်က လည်ပတ်ခဲ့သော ဆိုင်ထံသို့ သူမကို ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
ဆိုင်ရှင်သည် သူ့ကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လာခဲ့သည်။
“ မိတ်ဆွေလေး ချန်ရှန်း “ ဆိုင်ရှင်သည် အပြုံးဖြင့် အဝတ်အိတ်တစ်လုံးကို ကမ်းပေးလာခဲ့သည် “ မင်းရဲ့ ဆေးပင်ကြောင့်ပဲ ငါတို့က ဒီလိုဈေးကောင်းကောင်းနဲ့ ရောင်းချနိုင်ခဲ့တာပါ။ ဒီမှာ မင်းရဲ့ တစ်သောင်းနှစ်ထောင်ပါ။ ဒီလိုအရောင်းအဝယ်ကောင်းရှိတယ်ဆိုရင် ထပ်လာခဲ့ပါဦး “
“ ပြဿနာ မရှိဘူး “
လုချန်ရှန်းသည် ထိုအိတ်ကို လက်ခံလိုက်သည်။
နင့်ယုရှင်း မှင်သက်သွားခဲ့သည်။
“ စီနီယာအစ်ကို၊ အဲ့တာက ဘာလဲ “
“ ဝိညာဥ်ကျောက်တုံးလေ “
“ အဲ့တာကို ဘယ်ကရတာလဲ “
“ အကျိုးဆောင်ခလေ “
“ ဟင် …… “
ကောင်မလေးသည် မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။
ယခင်က နင့်ယုရှင်းထံသို့ အသံမပို့လွှတ်ခင် အချိန်တွင်၊ သူသည် ပူးပေါင်းဆောင်ရွက်ရန်အတွက် ဆိုင်ရှင်ထံသို့ အရင်ဦးဆုံး အသံပို့လွှတ်ခဲ့လေသည်။
“ ဒါပင်မဲ့ သူက အဲ့တာကို ဈေးကြီးပေးဝယ်မယ်ဆိုတာကို ရှင်က ဘယ်လိုလုပ် သေချာနေရတာလဲ။ အလိမ်ပေါ်သွားမှာကို မကြောက်ဘူးလား “ ဟုနင့်ယုရှင်းမှ မေးမြန်းလိုက်သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ အဲ့တာက ဆိုင်ရှင်ရဲ့နည်းလမ်းလေ “
မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို မသိသော်လည်း၊ သူမသည် စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။
“ သူတို့က နတ်ကောင်းကင်ဂိုဏ်းကလေ။ တကယ်လို့ ဒီအကြောင်းကို သိသွားမယ်ဆိုရင်၊ ရှင်က ဂိုဏ်းရဲ့ ကာကွယ်မှုကို ရထားမယ်ဆိုရင်တောင်မှ၊ ဆိုင်ရှင်က …… “
“ အဲ့တာက ကောင်းကင်ဘုံ လျှို့ဝှက်စံအိမ်ရဲ့ ပိုင်ဆိုင်မှုလေ။ တကယ်လို့ သူတို့က အဲ့တာကို ထိရဲမယ်ဆိုရင်၊ သူတို့က ကန်းယွင်မြို့ကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး။ ကောင်းကင်ဘုံ လျှို့ဝှက်စံအိမ်က နတ်ကောင်းကင်ဂိုဏ်းထပ် နည်းနည်းလေးမှ အားမနည်းဘူး “
“ ဆိုတော့ ရှင်က အဲ့လိုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပြီးတော့၊ ကြိုတင်ကြံစည်ခဲ့တာပေါ့ “
လုချန်ရှန်းမှ ခေါင်းခါပြလိုက်သည် “ သူပြဿနာလာရှာမယ်ဆိုတာကို ဘယ်သူက ကြိုသိမှာလဲ။ ငါက အဲ့အကြံကို ရုတ်တရက် ရသွားတာ “
လူနှစ်ဦးသည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
တစ်ခဏအကြာတွင် နင့်ယုရှင်းမှ စကားစပြောလာခဲ့သည် “ စီနီယာအစ်ကိုလု “
“ ဘာလဲ “
“ ရှင်တော်တော် ရက်စက်တာပဲ “
“ သေချာတာပေါ့ “
လုချန်ရှန်းသည် အပြုံးဖြင့် ထွက်ခွာသွားခဲ့သည်။
နင့်ယုရှင်းသည် သူ၏ပုံရိပ်ကို ကြည့်နေရင်းဖြင့်၊ အတွေးနက်သွားခဲ့သည်။ ထိုလူနှင့် အချိန်ကြာကြာ ပိုဆက်ဆံရလေလေ၊ သူက ထူးခြားသော လူတစ်ယောက်ဖြစ်သည်ဟု သူမ ပိုခံစားလာရလေလေ ဖြစ်နေခဲ့သည်။
လူများကို လိမ်လည်လှည့်ဖျားရာတွင် အမှန်ပင် ရက်စက်လွန်းနေခဲ့သည်။
“ သူက ငါ့လူဖြစ်နေတာ ကံကောင်းတယ်၊ သူငါ့ကို သစ္စာဖောက်မှာ မဟုတ်ဘူး “
နင့်ယုရှင်းသည် ကံကောင်းသည်ဟု ခံစားသွားခဲ့ရသည်။ အကယ်၍ သူကသာ သူမကို ပစ်မှတ်ထားလာခဲ့မည်ဆိုပါက၊ သူမသည် သူမက အလှည့်စားခံလိုက်ရပြီဆိုသည်ကိုပင် သိလိမ့်မည် မဟုတ်ပေ။
တစ်ခြားသော တစ်နေရာ၌
အဘွားအိုသည် ကန်းယွင်မြို့မှ ထွက်ခွာလာခဲ့ပြီးပြီ ဖြစ်ပြီး၊ မြို့တံခါးဝတွင် ရုတ်တရက် တောင့်တင်းသွားကာ၊ အမူအရာ မည်းမှောင်သွားပြီး၊ တောင်ဝှေးကို ကိုင်ထားသည့် သူမ၏လက်မှာ ကတုန်ကရင် ဖြစ်သွားခဲ့သည်။
“ အကြီးအကဲ၊ ဘာဖြစ်လို့လဲဗျ “
လူငယ်သည် ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် စကားပြောလာခဲ့သည်။
ဖပ်
သူသည် နောက်ထပ်တစ်ကြိမ် ပါးရိုက်ခံလိုက်ရသည်။
ဤတစ်ကြိမ်တွင် သူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး၊ ခေါင်းပေါက်ကွဲတော့မည့်အလား ဖြစ်နေသည့် ပြင်းထန်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
အဘွားအိုသည် သူ့ကို ကြည့်ကာ စကားစပြောလာခဲ့သည် “အရူး၊ အားလုံးက နင့်ကြောင့်ချည်းပဲ “
သူမ၏စိတ်စွမ်းအားက ကန်းယွင်တစ်မြို့လုံးကို ဖုံးလွှမ်းနေသောကြောင့်၊ လုချန်ရှန်းက ဆေးဆိုင်သို့ ပြန်လာခဲ့သည့် ဖြစ်ရပ်ကို အာရုံခံမိသွားကာ စိတ်မချမ်းမသာ ဖြစ်သွားခဲ့သည်။
တစ်ခြားလူများက ထိုအကြောင်းကို သိလိုက်ရသောအခါတွင်၊ အမူအရာများ မည်းမှောင်သွားကြသည်။
နတ်ကောင်းကင်ဂိုဏ်း၏ ဂုဏ်သိက္ခာရှိသော အကြီးအကဲတစ်ဦးက တပည့်တစ်အုပ်ကို ဦးဆောင်ကာ ဤနေရာသို့ ရောက်လာခဲ့သည်၊ သို့သော် သာမန်ကောင်လေးတစ်ဦး၏ အရှက်ခွဲခြင်းကို ခံလိုက်ရသည်။
အရာအားလုံးမှာ သူ့ကို သွားဆွချင်နေသော လူငယ်ကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သူတို့သည် သူတို့က အောင်မြင်မှုကို အမိဖမ်းနိုင်ခဲ့ပြီဟု ထင်နေခဲ့သော်လည်း၊ သူတို့အားလုံးသည် အစကတည်းက တစ်ဖက်လူ၏ လှည့်စားမှုအောက်တွင်သာ ရှိနေခဲ့ကြသည်။
“ လုချန်ရှန်း၊ ငါမင်းကို သေစေချင်တယ် “
သူသည် မြေပြင်ပေါ်မှ ပြန်ထကာ တစ်ခြားလူများကို အမှီလိုက်ရန် အချိန်အတော်ကြာ ယူလိုက်ရသည်၊ ထို့နောက်တွင် သူတို့အားလုံးသည် ကန်းယွင်ဂိုဏ်းသို့ ဦးတည်သွားကြတော့သည်။
လုချန်ရှန်းကမူ နင့်ယုရှင်းနှင့်အတူ ချင်းယွင်တောင်ထွဋ်ဆီသို့ အေးအေးလူလူ ပြန်ရောက်လာခဲ့သည်။
နတ်ကောင်းကင်ဂိုဏ်းမှ လူများ ရောက်လာသည့် အချိန်တွင်၊ ဂိုဏ်းသည် သူတို့ကို ကြိုဆို ဖျော်ဖြေပေးခဲ့ကြသည်။ သို့ရာတွင် သူတို့အားလုံး၏ အမူအရာများက ကြောက်ခမမ်းလိလိ မည်းမှောင်နေကြသောကြောင့် သူတို့အားလုံး ဇဝေဇဝါ ဖြစ်သွားကြသည်။
သို့ရာတွင် မည်သူကမှ မေးခွန်းမထုတ်ရဲကြပေ။
လုချန်ရှန်းသည် နင့်ယုရှင်းကို ကြည့်ကာ စကားပြောလိုက်သည် “ ဂျူနီယာညီမလေး၊ ဒီနေ့နဲ့ မနက်ဖြန်တော့ နားလိုက်တော့။ သဘက်ခါကျမှ ပြန်စကြမယ် “
“ ကောင်းတယ် “ နင့်ယုရှင်းမှ ခေါင်းငြိမ့်ပြလာခဲ့ကာ၊ သူမ၏ အခန်းဆီသို့ ပြန်သွားခဲ့သည်။
လုချန်ရှန်းကမူ ဆေးလုံးများ စတင်၍ သန့်စင်နေတော့သည်။
နင့်ယုရှင်းက သူ့ဓားရည်ရွယ်ချက်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို တောင့်မခံနိုင်သောကြောင့်၊ သူသည် သူမ၏ ရုပ်ခန္ဓာကို အဆင့်တက်သွားအောင် လုပ်ပေးရမည် ဖြစ်သည်။
ကျိုးချင်ယုမှာလည်း ထို့အတိုင်းသာလျှင် ပြုလုပ်ခဲ့ရသည်။ သူသည် ကျင့်ကြံနေရင်းဖြင့် ဓားလမ်းစဥ်ကို နားလည်လာသည့် အချိန်တွင် သူ၏ရုပ်ခန္ဓာကို အဆင့်မြှင့်တင်၊ ပြင်ဆင်ခဲ့ရသည်။
လုချန်ရှန်းသည် သူ့အတွက် အသင့်တော်ဆုံးဖြစ်မည့် ကျင့်ကြံရေး နည်းစနစ်တစ်ခုကို ကူညီရှာဖွေပေးခဲ့သည်၊ တဖြည်းဖြည်းဖြင့် သူသည် သူ့စီနီယာအစ်ကို၏ တိုးတက်မှုကို စစ်ဆေးရန်အတွက် ညနတ်ဆိုးအဖြစ် ပြောင်းလဲသွားခဲ့သည်။ အကယ်၍ ပြဿနာတစ်ခုခုကို ရှာတွေ့ခဲ့မည်ဆိုပါက၊ သူ့ကို အသိပေးရန် နည်းလမ်းတစ်ခု ရှာမည် ဖြစ်သည်။
၎င်းကပင် ကန်းယွင်၏ ဓားအင်မော်တယ်လေးကို ပုံဖော်ထုဆစ်ပေးခဲ့ခြင်း ဖြစ်သည်။
ကျိုးချင်ယုကိုပင် လေ့ကျင့်ပေးခဲ့သောကြောင့်၊ နင့်ယုရှင်းကို လေ့ကျင့်ပေးရန်မှာ မည်သို့မျှ ခက်ခဲနေလိမ့်မည် မဟုတ်ပေ။
ထို့အပြင် ဆေးလုံးများကို သန့်စင်နေသည့် အချိန်တွင်၊ သူသည် မျက်လုံးများက ချင်းယွင်တောင်ထွဋ်အား စိုက်ကြည့်နေသည်ကို အာရုံခံမိသွားခဲ့သည်။ ၎င်းတို့သည် ညသန်းခေါင်ယံအကျော်မှ ပျောက်ကွယ်သွားခဲ့သည်။