ဓားဂူတစ်ခုလုံး ဖရိုဖရဲဖြစ်နေခဲ့ကာ၊ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ထုတ်လွှတ်လာခဲ့သည်။
ဓားစွမ်းအင်သည် ကောင်းကင်ထက်သို့ ထောင်တက်သွားပြီး၊ ကောင်းကင်ယံကို တုန်ခါသွားစေကာ၊ ကန်းယွင်ဂိုဏ်းတစ်ခုလုံးကို နှိုးဆွသွားခဲ့သည်။
ဝမ်မင်နှင့်အတူ လိုက်လာခဲ့ကာ၊ ဓားဂူအပြင်ဘက်တွင် ရှိနေသည့် အတွင်းစည်းတပည့်မှာလည်း ကြောက်လန့်တကြား ဖြစ်သွားကာ၊ မြေပြင်ပေါ်သို့ ပြိုလဲသွားခဲ့သည်။
သူသည် ဆိုးရွားသော ကိစ္စတစ်ခုခု ဖြစ်လာတော့မည်ဟု ခံစားနေရသောကြောင့် ဓားဂူအပြင်ဘက်သို့ လှည့်ထွက်သွားကာ၊ ဂိုဏ်းထံသို့ သတင်းပို့ရန် ပြင်နေခဲ့သည်၊ သို့သော် သူထွက်သွားပြီးသည့်နောက် သိပ်မကြာခင် အချိန်မှာပင်၊ ဓားဂူဖျက်စီးခံလိုက်ရလေသည်။
“ ဘာတွေ ဖြစ်နေတာလဲ “
လော့ထျန်းသည် ချက်ချင်း ရောက်ရှိလာခဲ့ပြီး၊ ဓားဂူကို ကြည့်နေရင်းဖြင့် စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။
အဆိုပါ စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ ထိုအထဲတွင် ပိတ်မိနေမည်ဆိုပါက၊ သေလုမျောပါး ဖြစ်သွားလိမ့်မည် ဖြစ်သည်။
နတ်ကောင်းကင်ဂိုဏ်း၏ အဘွားအိုပါ ရောက်ရှိလာခဲ့ပြီး၊ အဆိုပါ ဓားစွမ်းအားကြောင့် အံ့အားသင့်သွားခဲ့သည်။
ကန်းယွင်ဂိုဏ်း၏ ဓားဂူကို ကန်းယွင်ဂိုဏ်း၏ ပထမဦးဆုံး ဂိုဏ်းချုပ်ဖြစ်သူက ဓားလမ်းစဥ်ကို သူ၏တပည့်များက နားလည်သွားစေရန်နှင့် သူတို့ကိုယ်တိုင် ကျင့်ကြံနိုင်စေရန်အတွက် ရည်ရွယ်တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။
၎င်းက ရံဖန်ရံခါတွင် ထိန်းချုပ်မှု လွတ်သွားတတ်သော်လည်း၊ ဤကဲ့သို့သော လှုပ်ခတ်မှုမျိုးမှာ တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်လာခဲ့ဖူးပေ။
တောင်ထွဋ်တစ်ခုချင်းစီတိုင်း၏ တောင်ထွဋ်သခင်များနှင့် အကြီးအကဲများ အလောတကြီး ရောက်ရှိလာခဲ့သည်။
လော့ထျန်းသည် ထိုမြင်ကွင်းကို စောင့်ကြည့်နေခဲ့ပြီး၊ ဓားဂူအတွင်းရှိ အရှိန်အဝါသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်မှသာလျှင် ဓားဂူအပြင်ဘက်တွင် တစ်စုံတစ်ဦး ရှိနေသည်ကို မြင်တွေ့လာခဲ့ရသည်။
“ လီယု၊ ဘာတွေဖြစ်နေတာလဲ “ အကြီးအကဲတစ်ဦးမှ မေးမြန်းလိုက်သည်။
လီယုဟု အမည်ရသည့် တပည့်သည် နောက်လှည့်ကြည့်လာခဲ့ပြီး၊ သူ၏ပါးစပ်ကို အကြိမ်ပေါင်းများစွာ ဖွင့်လာခဲ့သော်လည်း၊ မည်သည့်အသံမှ မပေါ်ထွက်လာခဲ့ပေ။
“ ဒီကလေးက ဘယ်လောက်တောင် ကြောက်နေလဲဆိုတာကို ကြည့်လိုက်ကြဦး။ ဆိုးရွားတဲ့ ကိစ္စတစ်ခုခု ဖြစ်သွားပြီနဲ့တူတယ် “ အကြီးအကဲတစ်ဦးသည် အသာအယာ သက်ပြင်းချ၍ ပြန်ပြောလာခဲ့သည်။
သို့ရာတွင် တစ်ခြားလူတစ်ဦးမှ စကားဝင်ပြောလာခဲ့သည် “ သူက တာအိုရောင်းရင်း ဝမ်မင်ကို အဖော်ပြုပေးနေရမှာ မဟုတ်ဘူးလား။ သူဒီမှာ ဘာလုပ်နေတာလဲ “
“ လီယု၊ မကြောက်နဲ့၊ ဘာဖြစ်သွားတာလဲ၊ ငါ့ကို ဖြည်းဖြည်းချင်းပြော “
ထိုအချိန်တွင် ဓားဂူအတွင်းရှိ လှုပ်ခတ်မှုမှာ တဖြည်းဖြည်း ငြိမ်သက်သွားကာ၊ သူသည်လည်း တဖြည်းဖြည်း သတိပြန်ဝင်လာခဲ့သည်။
“ ဝမ်မင်က ဓားဂူထဲကို ဝင်သွားပါတယ်၊ ကျွန်တော်လည်း သူနဲ့အတူ လိုက်သွားပါတယ်၊ ပြီးတော့ ……. ပြီးတော့ …….. သူ …….. “
“ သူဘာဖြစ်လို့လဲ “ လော့ထျန်း မျက်မှောင်ကြုတ်သွားခဲ့သည်။
လီယုမှ စကားဆက်ပြောလာခဲ့သည် “ သူက စီနီယာအစ်ကို ချန်ရှန်းကို သတ်ချင်နေပါတယ် “
“ ဘာဖြစ်တယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ အားလုံး၏ အမူအရာများ ပြောင်းလဲသွားသည်။
မျက်လုံးပေါင်းများစွာသည် ထိုဘက်သို့ ရောက်ရှိသွားခဲ့သည်။
“ သူက ချန်ရှန်းကို သတ်ချင်နေတာလား “
“ ဘာလို့လဲ “
“ ချန်ရှန်းက ဓားဂူကို ဘယ်လိုလုပ် လာနိုင်မှာမို့လို့လဲ “
သူတို့သည် နားမလည်ကြသော်လည်း၊ အမူအရာများ မည်းမှောင်သွားခဲ့သည်။
အကယ်၍ ကျိုးချင်ယုကသာ ထိုအကြောင်းကို သိသွားမည်ဆိုပါက မည်သည့်အရာများ ဖြစ်ပေါ်လာလိမ့်မည်နည်း
ကျိုးချင်ယုသည် လောကီရေးရာကိစ္စများကို လျစ်လျူရှုထားလေ့ရှိသော်လည်း၊ သူ၏ဂျူနီယာ ညီငယ်ကိုတော့ လွန်စွာကာကွယ်ပေးတတ်သည်။ အကယ်၍ တစ်ယောက်ယောက်ကသာ လုချန်ရှန်းကို သတ်ချင်နေသည်ဆိုပါက၊ သူငြိမ်နေမည် မဟုတ်ပေ။
ထို့အပြင် သူသည် အလွန်တရာ ခေါင်းမာပြီး၊ ထိုလူက မည်သူဖြစ်နေမလဲ ဆိုသည်နှင့် သူ၏နောက်ခံက မည်သည့်အရာ ဖြစ်နေမလဲဆိုသည်ကို ဂရုစိုက်နေလိမ့်မည် မဟုတ်ပေ။
၎င်းတို့အပြင် ကန်းယွင်ဂိုဏ်းအတွင်းတွင် ကန်းယွင်ဂိုဏ်း၏ တပည့်ကို သတ်ဖြတ်ခြင်းမှာ ဂိုဏ်းကို လုံးဝဂရုမစိုက်ဘူးဟု ပြသနေခြင်း ဖြစ်သည်။
အဘွားအို၏ အမူအရာမှာလည်း အနည်းငယ် မည်းမှောင်သွားခဲ့သည်။ ဝမ်မင်က ထိုနေရာသို့ သွားမည်ကို သူမ ကြိုသိခဲ့ရသော်လည်း၊ သူမသည် မည်သို့မျှ မတားဆီးခဲ့ပေ။
ဤအချိန်တွင် သူမသည် ရန်လိုနေသော အကြည့်များကို ခံစားလိုက်ရသည်။
“ မြန်မြန်သွားစစ်ဆေးလိုက် “
ဓားဂူအတွင်းရှိ အခြေအနေက တည်ငြိမ်သွားပြီဆိုသည်ကို မြင်လိုက်ရသောအချိန်တွင် လော့ထျန်းသည် စုံစမ်းစစ်ဆေးရန်အတွက် တစ်စုံတစ်ဦးကို စေလွှတ်လိုက်သည်။
အကြီးအကဲတစ်ဦးသည် အနီးအနားသို့ ချဥ်းကပ်သွားတော့သည်၊ သို့သော် သူမရောက်သွားခင် အချိန်မှာပင် ဓားဂူအတွင်းမှ ဦးခေါင်းတစ်လုံး ပြူထွက်လာခဲ့သည်။
ထိုလူမှာ လုချန်ရှန်းပင် ဖြစ်နေခဲ့သည်။
သူ၏ဘေးနားတွင် ဇဝေဇဝါ ဖြစ်နေပုံရသည့် နင့်ယုရှင်း ရှိနေခဲ့သည်။
သူမ၏မျက်လုံးများ ပြန်ဖွင့်လာခဲ့သည့် အချိန်တွင် သူမသည် သူမ၏ ပတ်ပတ်လည်တွင် ရှိနေသည့် အရာအားလုံးက ကြီးမားသော ကပ်ဘေးကြီးတစ်ခုကို ကျော်ဖြတ်ထားရသည့်အလား ဖြစ်နေသည်ကို မြင်တွေ့ခဲ့ရသည်။
“ ချန်ရှန်း “ အကြီးအကဲတစ်ဦးမှ အော်ခေါ်လာခဲ့ပြီး၊ အလောတကြီး ရှေ့တက်လာခဲ့သည် “ မင်းအသက်ရှင်နေသေးတာပဲ။ ကောင်းတယ် “
သူအသက်ရှင်နေသေးသည်ကို မြင်လိုက်ရသောအခါတွင် လူတိုင်း စိတ်သက်သာရာရသွားခဲ့သည်။
သို့ရာတွင် သူတို့သည် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။
ချီသိပ်သည်းခြင်း အဆင့်၇တွင် ရှိနေသည့် ဝမ်မင်က လုချန်ရှန်းကို သတ်ဖြတ်ချင်သည်ဆိုပါက၊ သူ၏လက်ကောက်ဝတ်ကို တစ်ကြိမ်မျှသာ လှုပ်ရှားလိုက်ရမည် ဖြစ်သည်။
ထိုလူစုကို မြင်တွေ့လိုက်ရသောအခါတွင် လုချန်ရှန်းသည် ထိတ်လန့်တုန်လှုပ်နေဟန် ဟန်ဆောင်နေခဲ့သည်။
“ ကျွန်တော်က အားလုံးကို ထပ်မတွေ့ရလောက်တော့ဘူးလို့ ထင်နေခဲ့တာ “
သူသည် ကတုန်ကရင်ဖြင့် စကားပြောကာ၊ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေခဲ့သည်။
၎င်းသည် အဆိုပါ လူစုကို ဝမ်းနည်းကြေကွဲသွားစေခဲ့သည်။
လော့ထျန်း၏ အမူအရာ ပျော့ပျောင်းသွားကာ မေးမြန်းလာခဲ့သည် “ လုချန်ရှန်း၊ ဘာတွေဖြစ်ခဲ့တာလဲ “
“ ဂိုဏ်းချုပ်၊ နတ်ကောင်းကင်ဂိုဏ်းရဲ့ ဝမ်မင်က ဓားဂူထဲကို ဝင်လာခဲ့ပြီးတော့ ကျွန်တော့်ကို သတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ကံကောင်းလို့ ကျွန်တော် အသက်ရှင်နေခဲ့တာပါ “
လူတိုင်း ထပ်မံ၍ မျက်မှောင်ကြုတ်သွားခဲ့သည်။
ထို့နောက်တွင် လော့ထျန်းမှ ထပ်မံ၍ မေးမြန်းလာခဲ့သည် “ ဝမ်မင် ဘယ်မှာလဲ “
“ သေပြီ “
“ သူဘယ်လိုသေသွားတာလဲ “
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် လူတိုင်းမှင်သက်သွားခဲ့သည်။ မင်းတောင် အသက်ရှင်နေသေးတာကို ဝမ်မင်က ဘာကိစ္စသေသွားရတာလဲဟ
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ သူကျွန်တော့်ကို သတ်ဖို့ကြိုးစားခဲ့တာက ဓားဂူကို ဖရိုဖရဲ ဖြစ်သွားစေခဲ့ပါတယ်။ သူက ဓားစွမ်းအင်ကြောင့် ပေါက်ကွဲထွက်သွားတာပါ။ ကျွန်တော်နဲ့ ဂျူနီယာ ညီမလေးက ကပ်ပြီးတော့ လွတ်လာခဲ့တာပါ၊ ကျွန်တော့်အတွက် တရားမျှတမှု ရှာပေးဖို့ တောင်းဆိုပါတယ် “ ဟု လုချန်ရှန်းမှ ရှင်းပြလိုက်သည်။
လူတိုင်း မှင်သက်သွားကြသည်။ နင့်ယုရှင်းက ကန်းပြည်နယ်ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်၏ သမီးဖြစ်နေသောကြောင့်၊ သူမထံတွင် ကာကွယ်ရေးနည်းလမ်းတစ်ချို့ ရှိနေခြင်းမှာ ပုံမှန်သာလျှင် ဖြစ်သည်။
လုချန်ရှန်းက သူမအနားတွင် ကပ်နေရင်းဖြင့် ဤအကြပ်အတည်းကို ကျော်လွှားနိုင်ခဲ့ခြင်းမှာ ကျိုးကြောင်းဆီလျော်သော ဖြစ်ရပ်တစ်ခုဖြစ်သည်။
အကြီးအကဲတစ်ချို့သည် အမူအရာ မည်းမှောင်သွားကာ၊ နတ်ကောင်းကင်ဂိုဏ်း၏ အဘွားအိုကို လှည့်ကြည့်နေကြတော့သည်။
လျူယွင်တောင်ထွဋ်၏ တောင်ထွဋ်သခင် လင်းပေါ်သည် တိုက်ရိုက်စကားပြောလိုက်သည် “ အကြီးအကဲ ကျောက်ကျင်း၊ ကျေးဇူးပြုပြီးတော့ ဖြေရှင်းချက်တစ်ခုပေးပါ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် အဘွားအိုသည် မျက်မှောင်ကြုတ်သွားကာ၊ လုချန်ရှန်းကို ချက်ချင်းငေးကြည့်လာခဲ့သည်။
ထိုအချိန်တွင် လုချန်ရှန်းမှာလည်း စကားဝင်ပြောလာခဲ့သည် “ ဟုတ်တယ်၊ ကျွန်တော်က ခင်ဗျားတို့နဲ့ ဘာရန်ငြှိုးမှ မရှိဘူးလေ။ ကျွန်တော်က ဝမ်မင်ရဲ့ လူသိရှင်ကြား အရှက်ခွဲတာနဲ့ လှောင်ပြောင်တာကို ခံခဲ့ရပြီးပြီလေ။ ဒီနေ့တော့ ခင်ဗျားတို့က ကျုပ်ကို တရားမျှတမှု ပေးကိုပေးမှရမယ်”
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျောက်ကျင်း၏ အမူအရာမှာ ပို၍ရုပ်ဆိုးသွားခဲ့သည်။
အရှက်ခွဲခံလိုက်ရတဲ့ လူက ဘယ်သူလဲဟ
သို့ရာတွင် သူမသည် ထိုအချိန်က ကိစ္စကို ပြန်ပြောလိုစိတ် မရှိပေ။
နတ်ကောင်းကင်ဂိုဏ်း၏ ဂုဏ်သရေရှိ အကြီးအကဲဖြစ်သည့် သူမသည် ကလေးသာသာမျှသာ ရှိသည့် လူငယ်တစ်ဦး၏ လှည့်စားခြင်းကို ခံလိုက်ရကာ၊ မျက်နှာလုံးဝပျက်ခဲ့ရသည်။
သို့သော် ယခုတွင်ကား နာကျင်ရမည်ဆိုလျှင်တောင်မှ၊ မာနကို မျိုသိပ်ထားရုံသာ တတ်နိုင်လေသည်။
အကယ်၍ လုချန်ရှန်းက သူမကို အော်ငေါက်နေမည်ဆိုလျှင်တောင်မှ၊ သူမသည် ဆယ်ကျော်သက်တစ်ဦး၏ လိမ်ညာခြင်းအား ခံခဲ့ရသည်ဆိုသည်ကို ထုတ်ပြောမည် မဟုတ်ပေ။
“ မင်းသူခိုးလေး “
ကျောက်ကျင်းသည် အံတကြိတ်ကြိတ် ဖြစ်သွားခဲ့သည်၊ တစ်ချိန်တည်းမှာပင် ဝမ်မင်က အသုံးမကျဘူးဟု ခံစားသွားခဲ့ရသည်။
လုချန်ရှန်းသည် ဟန်ဆောင်ပန်ဟောင် ဒေါသထွက်နေခဲ့သော်လည်း၊ သူ၏ စိတ်နှလုံးသားမှာ အလွန်တရာ တည်ငြိမ်နေခဲ့သည်။
သူသည် တစ်ဖက်လူက ထိုကိစ္စအား ထုတ်မပြောဖို့သာ များသည်ဆိုသည်ကို ကောင်းစွာ သိရှိနေခဲ့သည်၊ ကျင့်ကြံသူ အများစုသည် ဂုဏ်သိက္ခာကို အလွန်တရာ တန်ဖိုးထားကြသည်၊ အထူးသဖြင့် နတ်ကောင်းကင်ဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးများ ဖြစ်သည်။
အကယ်၍ သူမက အရှက်ကင်းမဲ့နေကာ၊ ထိုကိစ္စကို ထုတ်ပြောလာခဲ့မည်ဆိုလျှင်တောင်မှ၊ လုချန်ရှန်း၏ ဂုဏ်သတင်းကြောင့် ၎င်းကို မယုံကြည်မည့်လူသာ များပြားနေမည် ဖြစ်သည်။
အားလုံးသည် ၎င်းက လုပ်ကြံဇာတ်ကြီးဟုသာ ထင်သွားကြမည် ဖြစ်သည်။
ဝမ်မင်သေဆုံးသွားခြင်းအတွက် လုချန်ရှန်းကို မည်သူကမှ သံသယမဝင်ကြပေ။
အသက်ဆယ့်ခုနစ်နှစ်(သို့) ဆယ့်ရှစ်နှစ်အရွယ် လူငယ်တစ်ဦးက မည်မျှပင် ထူးချွန်ထက်မြက်နေပါစေ၊ မြင့်မြတ်နယ်မြေမှ အဆိုပါ မြင့်မြတ်သားတော်များနှင့် ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
အကယ်၍ ထိုကဲ့သို့သော စွမ်းရည်မျိုး ရှိနေမည်ဆိုပါက၊ မည်သူက ဤနေရာမျိုးတွင် ဆက်နေနေလိမ့်မည်နည်း
သူမသည် ဝမ်မင်ကို ကောင်းစွာသိရှိနေခဲ့သည်၊ သူသည် ဆော့ကစားခြင်းနှင့် ကြွားလုံးထုတ်ရခြင်းတို့ကို နှစ်သက်လေ့ရှိပြီး၊ ဓားဂူ၏ ဓားစွမ်းအင်ကို အသုံးပြုကာ၊ ပြိုင်ဘက်ကို သတ်ဖြတ်ရန် ကြိုးပမ်းလိမ့်မည် ဖြစ်သည်။
“ အဲ့တာက တစ်ဖက်သတ်ဇာတ်လမ်းကြီးက သူက ငါ့ကို အကွက်ဆင်၊ မဆင်ဆိုတာကို ဘယ်သူကသိမှာလဲ “ ကျောက်ကျင်းသည် နောက်မဆုတ်ဘဲ၊ သူမ၏ မာနကို ဆက်လက်၍ ထိန်းသိမ်းထားခဲ့သည်။
လော့ထျန်းသည် လေးလေးနက်နက် ဖြစ်နေသော လေသံမျိုးဖြင့် ပြန်ပြောလာခဲ့သည် “ လုချန်ရှန်းက ဝမ်မင်ကို သတ်ပြီးတော့ ဒီနေရာမှာ ငိုယိုပြီး တရားမျှတမှု လာတောင်းနေတာ ဖြစ်နိုင်မလား “
လုချန်ရှန်းသည် ထိုစကားကိုကြားလိုက်ရသောအခါတွင် တအံ့တဩဖြစ်သွားခဲ့သည်၊ သူသည် ဂိုဏ်းချုပ်ကို ငေးကြည့်နေတော့သည်။ ဂိုဏ်းချုပ်က တကယ်တော်တာပဲ ၉၀%ကျော်ကို မှန်နေတယ်
ကျောက်ကျင်းမှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ ဘယ်သူသိမှာလဲ။ ဘာလို့ သူ့ရဲ့ စိတ်ဝိညာဥ်ကို ရှာဖွေခွင့်မပေးရတာလဲ၊ အမှန်တရား ပေါ်လာမှာပေါ့ ”
“ နင်က ငါ့ကန်းယွင်ဂိုဏ်းကို စော်ကားရဲနေတာလား “ လော့ထျန်းသည် မကျေမချမ်း ဖြစ်သွားခဲ့သည်။
ကျောက်ကျင်းမှ ပြန်ပြောလိုက်သည် “ ဂိုဏ်းချုပ်က ကျွန်မကို တိုက်ခိုက်ချင်လို့လား “
စကားပြောဆိုရင်းဖြင့် သူသည် လော့ထျန်းထပ် မည်သို့မျှ အားမနည်းသည့် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၈ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
အားလုံး၏ အကြည့်များ ပြောင်းလဲသွားကာ၊ တစ်ဦးကိုတစ်ဦး ငေးကြည့်နေကြတော့သည်။
“ မှန်လား၊ မှားလားဆိုတာကို အချိန်က ဆုံးဖြတ်ပေးသွားလိမ့်မယ်။ အကြီးအကဲ ကျောက်ကျင်းက တစ်ခြားလူတွေကို ဖိနှိပ်ချင်နေတာလား “ ဟုလော့ထျန်းမှ လှောင်ပြောင်လိုက်သည်။
ကျောက်ကျင်းသည် ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ ဂိုဏ်းချုပ်လော့က တကယ်ကို ပလွှားကြီးစိုးလွန်းတာပဲ၊ ဒါပင်မဲ့ ငါ့ရဲ့ နတ်ကောင်းကင်ဂိုဏ်းကတော့ ပြဿနာတွေကို မကြောက်ဘူး “
“ မင်း …… “
လူအုပ်ကြီးသည် ဒေါသတကြီး ဖြစ်သွားကြသည်။ နတ်ကောင်းကင်ဂိုဏ်းက ဒီကိစ္စကို အသုံးချပြီးတော့ ငါတို့ဂိုဏ်းကို ခြိမ်းခြောက်ချင်နေတာလား
လော့ထျန်း၏ အမူအရာမှာလည်း မည်းမှောင်သွားခဲ့သည်။
လုချန်ရှန်းမှာလည်း သူ့ကို စိုက်ကြည့်လိုက်ပြီး၊ သူ၏ စိတ်ထဲတွင် လူသတ်လိုစိတ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူတို့မလှုပ်ရှားရသေးခင် အချိန်မှာပင်၊ အားကောင်းသော ဖိအားတစ်ခု ဆင်းသက်လာကာ၊ ကျောက်ကျင်းကို ဖိချလာခဲ့သည်။
သူမ၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး၊ စကားပြောရန် ပြင်လိုက်သည်။ ထိုအချိန်တွင် မှော်စွမ်းအားတစ်ခု မြင့်တက်လာခဲ့ပြီး၊ သူမ၏မျက်နှာပေါ်သို့ ရိုက်ချက်တစ်ခု ကျဆင်းလာခဲ့သည်။
“ ဖပ် “ ၎င်းသည် အဝေးသို့ပင် ပဲ့တင်ထပ်ပျံ့လွင့်သွားခဲ့သည်။
ကျောက်ကျင်း၏ မျက်နှာသည် လျင်မြန်စွာ ရောင်ရမ်းသွားပြီး၊ သူမ၏မျက်နှာပေါ်တွင် ထင်ရှားသော အနီရောင် လက်ဝါးရာတစ်ခု ပေါ်လာခဲ့သည်။ သူမသည် ထိုနေရာတွင် လဲကျသွားခဲ့သည်။
သို့သော် ၎င်းမှာ အဆုံးသတ် ဟုတ်မနေခဲ့ပေ။
စွမ်းအားတစ်ခုသည် သူမကို မတင်လိုက်ကာ၊ အချက်ပေါင်းများစွာ ထပ်ရိုက်လာပြီး၊ အသက်ရှူခွင့်ပင် မပေးခဲ့ချေ။
“ အတင့်ရဲချက် “
ကျောက်ကျင်းမှ ဟိန်းဟောက်လာခဲ့သည်၊ သူမသည် ကန်းယွင်ဂိုဏ်း၏ အတွင်းပိုင်းသို့ စိုက်ကြည့်နေတော့သည်။
တစ်ချိန်တည်းမှာပင် ဩဇာအာဏာနှင့် ဘုန်းတန်ခိုးတို့ဖြင့် ပြည့်နှက်နေသည့် အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
“ နင့်ရဲ့ မျက်လုံးကို ပြူးပြီးကြည့်ထား၊ ဒါက ငါ့ရဲ့ ကန်းယွင်ဂိုဏ်း၊ နင်တို့ရဲ့ နတ်ကောင်းကင်ဂိုဏ်း မဟုတ်ဘူး။ ဒီနေရာမှာ နင်ထင်သလို လုပ်နိုင်တယ်လို့ ဘယ်သူက ခွင့်ပြုပေးထားလို့လဲ “
လူတိုင်း အံ့ဩမှင်သက်သွားကြသည်။
“ ဘိုးဘေး “
လုချန်ရှန်းမှာလည်း အတွေးနက်သွားခဲ့သည်။ ဘိုးဘေးက သိုသိုသိပ်သိပ် နေတတ်ပင်မဲ့ သူ့လူတွေကို ကာကွယ်ပေးပြီးတော့ တော်တော်ကြီးကို အစွမ်းထက်နေတာပဲ