ဒီကောင်စကားပြောလေလေ၊ ပိုပြီးတော့ အန္တရာယ်ရှိလေလေပဲ၊ ဈေးကို သုံးသောင်းအထိ ချက်ချင်းတင်လိုက်တာပဲ
လင်းပေါ် မှင်သက်သွားခဲ့သည်။
မုန့်လန်မှာလည်း မယုံကြည်နိုင်ဖြစ်နေသော အမူအရာနှင့်အတူ သူ့ကို ကြည့်လာခဲ့သည်။
သူသည် အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့သော်လည်း၊ မည်ကဲ့သို့ ငြင်းပယ်ရမလဲဆိုသည်ကို အဖြေမရှာနိုင်ခဲ့ပေ။
နင့်ယုရှင်းက နင့်မိသားစု အချမ်းသာဆုံးလး ဖြစ်နေသောကြောင့် သူမ၏ ပစ္စည်းများက အလွန်တရာ တန်ဖိုးကြီးသည်ဆိုသည်မှာ ကျိုးကြောင်းဆီလျော်သော ကိစ္စတစ်ခုပင် ဖြစ်သည်။
ထို့အပြင် ဓားဂူ၏ ဝရုန်းသုန်းကား ဖြစ်မှုကလည်း လွန်စွာကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ ၎င်းကို ကာကွယ်ရန်အတွက် ထူးခြားသော နည်းလမ်းများ သေချာပေါက် လိုအပ်မည် ဖြစ်သည်။ ၎င်းသည် သူမည်မျှပင် တွေးတောစဥ်းစားနေပါစေ၊ ပြစ်ချက်မရှိ ပြီးပြည့်စုံနေခဲ့သည်။
သို့သော် အကြောင်းပြချက်တစ်ချို့ကြောင့်၊ မုန့်လန်သည် သူက အလိမ်ခံနေရသည်ဟု ခံစားနေခဲ့ရသည်၊ သို့သော် ၎င်းကို သက်သေပြရန်အတွက် မည်သည့်သက်သေမှ ရှိမနေခဲ့ပေ။
သူသည် ဆင်းမွဲတေမှုကြောင့် ရူးသွပ်သွားသည့် လူတစ်ဦး၏ ငွေညှစ်မှုကို ခံနေရသည်ဟု ခံစားနေခဲ့ရသည်၊ သို့သော် ၎င်းက ကျိုးကြောင်းမဆီလျော်ဘူးဟု မည်ကဲ့သို့ တုံ့ပြန်ရမလဲဆိုသည်ကို အဖြေမရှာနိုင် ဖြစ်နေခဲ့သည်။
ထိုအချိန်၌ အနီးအနားတွင် ရပ်နေသည့် လော့ရှန်လင်းမှ စကားထပ်ပြောလာခဲ့သည် “ စီနီယာအစ်ကို ချန်ရှန်းက ချင်းယွင်တောင်ထွဋ်အတွက် အချိန်အတော်ကြာ အလုပ်လုပ်ပြီးတော့ ငွေစုနေခဲ့ရတာ၊ အခုတော့ ရှင်တို့ကြောင့် အဲ့တာတွေ အားလုံးပျက်စီသွားပြီ။ တကယ်လို့ ရှင်တို့က လျော်ကြေးမပေးဘူးဆိုရင်၊ ဆရာ့ဆီက သွားတောင်းလိုက်မယ် “
ထိုစကားကို ကြားလိုက်ရသောအခါတင် မုန့်လန်၏ ခြေထောက်များ ပျော့ခွေသွားကာ၊ အလောတကြီး စကားထပ်ပြောလာခဲ့သည် “ ဂျူနီယာ သိုင်းပညာဦးလေး၊ စိတ်မပူပါနဲ့ဗျာ။ ဒီကိစ္စကို ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်ဗျ “
လုချန်ရှန်း မှင်သက်သွားခဲ့သည်။
ဘာကို ဂျူနီယာ သိုင်းပညာဦးလေးလဲဟ
သူမက နတ်ကောင်းကင်ဂိုဏ်းက လူတွေကိုတောင် အမိန့်ပေးလို့ရတာလားဟ၊ ဂျူနီယာ ညီမလေးက အကောင်ကြီးတစ်ကောင်များ ဖြစ်နေတာလား
( ဒီနေရာမှာ သုံးတဲ့ အကောင်ကြီးဆိုတာက သတ္တဝါ(သို့)သားရဲတိရိစ္ဆာန်ကို ပြောတာမဟုတ်ဘဲ ရာထူးအာဏာကြီးတဲ့လူကို ပြောတာပါ )
မေးခွန်းလေးများ ပေါ်ထွက်လာခဲ့သည်။
သူအတွေးနက်နေသည့် အချိန်မှာပင် သူ့ထံသို့ အိတ်တစ်လုံး ထပ်မံရောက်ရှိလာခဲ့သည်။
မုန့်လန်သည် ဤနေရာတွင် ဆက်မနေရဲတော့သည့်အတွက် ချက်ချင်းလှည့်ထွက်သွားတော့သည်။
လော့ရှန်လင်းသည် လုချန်ရှန်း၏ ဘေးနားသို့ ရောက်လာကာ၊ စကားထပ်ပြောလာခဲ့သည် “ စီနီယာအစ်ကို ချန်ရှန်း၊ တကယ်လို့ အဲ့တာက မလောက်သေးဘူးဆိုရင်၊ ခဏစောင့်နေဦးနော်၊ မကြာခင် အချိန်မှာ ကျွန်မထပ်ပို့ပေးပါ့မယ် “
“ ??? “
လုချန်ရှန်းသည် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။
လင်းပေါ်သည် ထွက်ခွာသွားသည့် ထိုနှစ်ဦးကို စောင့်ကြည့်နေရင်းဖြင့်၊ ဝိညာဥ်ကျောက်တုံးအိတ်ကို အားကျမှုတို့ဖြင့် စိုက်ကြည့်လာခဲ့သည်။
“ မင်း၊ ကောင်စုတ်လေး၊ မင်းက တော်တော်လေးကို ရက်စက်တာပဲကွ “
လင်းပေါ်သည် မျက်နှာကြီးရှုံ့မဲ့ကာ စကားစပြောလာခဲ့သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ဂျူနီယာ သိုင်းပညာဦးလေး၊ ခုနက သူပြောသွားတဲ့ ဂျူနီယာ သိုင်းပညာ ဦးလေးဆိုတာက ဘာကိုဆိုလိုတာလဲဗျ “
လင်းပေါ်သည် သူ့ကို ကြည့်ကာ၊ ပြန်ပြောလာခဲ့သည် “ အဲ့တာက မင်းမသိသေးတဲ့ ကိစ္စတစ်ခုပဲ။ နတ်ကောင်းကင်ဂိုဏ်းရဲ့ မဟာအကြီးအကဲက အဲ့ကောင်မလေး၊ ရှန်လင်းကို သဘောကျသွားတယ်လေ “
“ ဘာ။ မဟာအကြီးအကဲက သူမကို သဘောကျသွားတာလား။ သူက ဘယ်လောက်တောင် အိုနေလိုက်မလဲ။ ရွံစရာကြီးကွာ။ သူတို့က တကယ်ကြီး ……… “
“ သူက အမျိုးသမီးတစ်ယောက်ဟ …….. “ လင်းပေါ် ဆွံ့အသွားပြီး၊ သူခေါင်းတွင် မည်ကဲ့သို့သော အတွေးများ ရှိနေလဲဆိုသည်ကို သိချင်သွားခဲ့သည်။
“ အို့ “
လုချန်ရှန်းသည် ခေါင်းငြိမ့်ပြကာ ဆက်မေးလိုက်သည် “ ပြီးတော့ရော “
“ ခုနတုန်းက လူက လော့ရှန်လင်းကို လာကြိုတာ။ မုန့်လန်က အဲ့ဒီမဟာအကြီးအကဲရဲ့ မျိုးဆက်ဘက်ကလာတဲ့ ဂျူနီယာတပည့် တစ်ယောက်ပဲ “
“ ဪ၊ အဲ့လိုကိုး “ လုချန်ရှန်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည် “ သူမက လမ်းလွဲသွားပြီလို့ ကျွန်တော်ထင်နေတာ ”
“ မင်းဘာတွေ တွေးနေတာလဲ “ လင်းပေါ်သည် သူ့ကို မျက်လုံးပြူးမျက်ဆံပြူးဖြင့် ကြည့်ကာ စကားထပ်ပြောလာခဲ့သည် “ သူမက နေရာကောင်းတစ်ခုကို ရှာတွေ့သွားပြီ၊ ငါတို့ရဲ့ ဂိုဏ်းကလည်း သူမကြောင့်ပဲ ဂုဏ်တက်သွားလိမ့်မယ်။ ငါတို့အားလုံးက အဲ့ကောင်မလေးဆီကနေ အကျိုးအမြတ်တွေ ရလိမ့်မယ် “
“ ဆိုတော့ နောင်အနာဂတ်မှာ ကန်းယွင်ဂိုဏ်းကို ဘယ်သူကမှ စော်ကားရဲတော့မှာ မဟုတ်ဘူး “
“ အမှန်ပဲ “
လုချန်ရှန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်၊ အဲ့တာက ငါလိုချင်နေတဲ့ ဘဝပဲလေ
အကယ်၍ ကျိုးချင်ယုကပါ နင့်ယုရှင်းကို လက်ထပ်ပြီး၊ ရံဖန်ရံခါတွင် သူ့ကို ကူညီပေးလာမည်ဆိုပါက၊ ဤဘဝက ပြီးပြည့်စုံသွားမည် ဖြစ်သည်။
ဒေါင်
လုချန်ရှန်းက အနာဂတ်အကြောင်း တွေးတောစဥ်းစားကာ စိတ်ကူးယဥ်နေသည့် အချိန်တွင်၊ ခေါင်းလောင်းသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
လင်းပေါ်သည် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ပြီး၊ မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။
“ ကန်းယွင်လျှို့ဝှက်နယ်မြေ ဖွင့်တော့မှာပဲ “
“ ဒီလောက်တောင် မြန်တာလား “
“ ဟုတ်တယ်။ ဒီတစ်ကြိမ်မှာ လူတော်တော်များများကို ဆွဲဆောင်သွားတယ်လေ။ ကန်းယွင်ကားချပ် ပေါ်လာမလားဆိုတာကို ငါသိချင်မိတယ်။ တကယ်လို့ ပေါ်လာခဲ့မယ်ဆိုရင်၊ အဲ့တာက ငါတို့လူတွေရဲ့ လက်ထဲကို ရောက်သွားပါစေလို့ ငါဆုတောင်းတယ် “
လင်းပေါ်သည် ဟန်ဆောင်မှု မရှိဘဲ ပြောပြလာခဲ့ပြီး၊ ထို့နောက်တွင် ချင်းယွင်တောင်ထွဋ်မှ ထွက်သွားခဲ့သည်။
နင့်ယုရှင်းမှာလည်း သတိပြန်ဝင်လာခဲ့ပြီ ဖြစ်သည်။ သူမသည် ဝိညာဥ်ကျောက်တုံး အားလုံးကို ယူဆောင်သွားသည့် လုချန်ရှန်းကို ကြည့်နေရင်းဖြင့် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူမသည် ၎င်းကို ဂရုစိုက်မပေ၊ ဝိညာဥ်ကျောက်တုံး အနည်းငယ်က သူမ၏ အာရုံစူးစိုက်မှုနှင့် မထိုက်တန်ပေ။
သူမသည် ထိုလူ့ကို ငေးကြည့်နေမိခဲ့သည်။ သူမအရှေ့တွင် ရှိနေသည့် ထိုလူမှာ ကောလဟာလများအတိုင်း ဖြစ်နေခဲ့သည်၊ သို့သော် သူသည် သူမ၏ သိလိုစိတ်ကို နှိုးဆွပေးနေခဲ့သည်။ သူမသည် သူ့ထံတွင် လူမသိသည့် ဘက်အခြမ်း ရှိနေသည်ဟု အမြဲလိုလို ခံစားနေခဲ့ရသည်။
တစ်ခဏအကြာတွင် သူမသည် စကားစပြောကာ၊ မေးမြန်းလိုက်သည် “ စီနီယာအစ်ကိုလု၊ ကန်းယွင်ကားချပ်ဆိုတာက ဘာလဲ။ အဲ့တာက တော်တော်လေးကို အဖိုးတန်မဲ့ပုံပဲ “
“ ငါလည်းသေချာ မသိဘူး၊ အဲ့တာက ဂိုဏ်းက ပျောက်သွားတဲ့ မှော်ရတနာတစ်ခုဖြစ်နေမယ်ထင်တယ် “
ဤနေရာတွင် ဆယ်နှစ်ကျော် နေထိုင်လာခဲ့သောကြောင့် သူသည် ကန်းယွင်ကားချပ်ဆိုသည့် စကားလုံးကို ကြိမ်ဖန်များစွာ ကြားခဲ့ရဖူးသည်။
ကန်းယွင်ဂိုဏ်းသည် တစ်ချိန်က ခမ်းနားထည်ဝါသော ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်ခဲ့ဖူးသည်ဟု ဆိုကြသည်၊ သို့သော် ၎င်းသည် တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ပြီး၊ ကန်းယွင်ကားချပ်မှာ ကန်းယွင်ဂိုဏ်း၏ ဂိုဏ်းရတနာ ဖြစ်ခဲ့ဖူးလေသည်။
သို့ရာတွင် ၎င်းပျောက်ဆုံးသွားသည်က အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်ပြီး၊ ကန်းယွင်လျှို့ဝှက်နယ်မြေတွင် ရှိနေပုံရသော်လည်း၊ အချိန်အတော်ကြာ ရှာဖွေနေခဲ့ပြီးသည့်နောက်မှပင် မည်သည့်အရာကိုမှ မမြင်တွေ့ခဲ့ရပေ။
နင့်ယုရှင်းမှ ထပ်မံ၍ မေးမြန်းလာခဲ့သည် “ အဲ့ပစ္စည်းရဲ့ အဆင့်က ဘာလဲ “
“ ငါလည်း မသိဘူး၊ ဘုရင်အဆင့်လောက် ဖြစ်နေမယ်လို့ ထင်တာပဲ၊ ပြောဖို့ခက်တယ်။ ဒါပင်မဲ့ မတွေ့ရတာ နှစ်တော်တော်ကြာနေပြီဆိုတော့၊ တကယ်ကြီးကို ပျောက်သွားလောက်ပြီ “
လုချန်ရှန်းမှ ပေါ့ပေါ့ပါးပါး ပြန်ပြောလာခဲ့သည်။ သူသည် ထိုကဲ့သို့သော အရာများကို ဂရုမစိုက်ပေ၊ သူ၏မျက်လုံးများမှာ ဝိညာဥ်ကျောက်တုံးများကိုသာ မြင်လေသည်။
ထို့အပြင် သူသည် သူကိုယ်တိုင်အတွက် ပြင်ဆင်ရသေးသည်။ ကန်းယွင်လျှို့ဝှက်နယ်မြေ ဖွင့်မည့်အချိန်တွင်၊ တပည့်အားလုံးက ဝင်ကြရမည် ဖြစ်သည်။
လူတစ်ဦးပိုနေခြင်းက ဖြစ်နိုင်ခြေတစ်ခု ပိုတိုးသွားစေသည်ဟု ဂိုဏ်းချုပ်က ပြောခဲ့ဖူးသည်၊ အကယ်၍ တစ်စုံတစ်ဦးကသာ ၎င်းကိုရရှိသွားမည်ဆိုပါက …..
နင့်ယုရှင်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ မည်သည့်စကားမှ ထပ်မပြောတော့ဘဲ၊ ထွက်ခွာသွားသည့် သူ၏ပုံရိပ်ကိုသာ တိတ်ဆိတ်ငေးကြည့်နေခဲ့သည်။
ဤကာလအတွင်းတွင် ကန်းယွင်ဂိုဏ်းတစ်ခုလုံးမှာ လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်။
ဤနေရာသို့ ကန်းယွင်မြို့မှ လူတစ်ချို့လည်း ရောက်ရှိလာခဲ့ပြီး၊ တစ်ချို့သည် လျှို့ဝှက်နယ်မြေအတွက် မြို့ထဲတွင် စောင့်ဆိုင်းနေကြသည်။
ရွှမ်ထျန်းဂိုဏ်း၏ အဓိက တပည့်ဖြစ်သည့် ရွှမ်ချန်လည်း ရောက်ရှိလာခဲ့သည်။ သူသည် ရွှမ်ထျန်းဂိုဏ်း၏ တပည့်ခေါင်းဆောင်ဖြစ်ပြီး၊ ဂိုဏ်း၏ နံပါတ်၁ ပါရမီရှင်အဖြစ်လည်း အသိအမှတ် ပြုခံထားရသည်။
အသက်နှစ်ဆယ့်ရှစ်မျှသာ ရှိသေးသော်လည်း၊ သူသည် ချီသိပ်သည်းခြင်း ကျင့်ကြံရေးနယ်ပယ်ကို ပိုင်ဆိုင်ထားခဲ့သည်၊ လူတစ်ချို့ကမူ သူက ကျိုးချင်ယုထပ်ပင် အားမနည်းဘူးဟု ထင်နေကြသည်။
သဘောတူချက်များအရ၊ ကန်းယွင်ဂိုဏ်းသည် သူတို့၏ အကျိုးအမြတ်များကို လက်ခံပြီး၊ ကန်းယွင်လျှို့ဝှက်နယ်မြေ ဖွင့်သည့်အချိန်တိုင်းတွင် လူတစ်ချို့ကို ဝင်ခွင့်ပေးရသည်။
ထိုကဲ့သို့ ဖြစ်လာသည်မှာ နှစ်အတော်ကြာနေခဲ့ပြီ ဖြစ်သည်။
ကျောက်ကျင်းနောက်သို့ လိုက်လာခဲ့သည့် နတ်ကောင်းကင်ဂိုဏ်း၏ လူငယ်တစ်ဦးကပင် လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်မည် ဖြစ်သည်။
၎င်းမှာ ကျောက်ယန်ဟု အမည်ရသည့် ပင်မတပည့်တစ်ဦး ဖြစ်ပြီး၊ သူသည် အူတိုင်ဖွဲ့စည်းခြင်း နယ်ပယ်နှင့် ခြေလှမ်းတစ်ဝက်မျှသာ လိုတော့သည်။ သူတို့မှာလည်း ကန်းယွင်ကားချပ်ကြောင့် ရောက်လာကြခြင်း ဖြစ်နိုင်ပေသည်။
ကန်းယွင်ကားချပ်က ထိုနေရာတွင် အမြဲတမ်း ရှိနေခဲ့သည်ဟု ကောလဟာလများ ထွက်နေခဲ့သော်လည်း၊ စစ်မှန်သည့် ပါရမီရှင်များကသာလျှင် ၎င်းပေါ်ထွက်လာအောင် ပြုလုပ်နိုင်လိမ့်မည် ဖြစ်သည်။
အကယ်၍ ၎င်းက မပေါ်လာခဲ့ဘူးဆိုပါက၊ ၎င်းသည် ဝင်လာသည့် လူများက လုံလုံလောက်လောက် ထူးချွန်မနေဘူးဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။
ဤနေရာသို့ ရောက်လာကြသူတိုင်းက ၎င်းကို ကြိုးစားကြည့်ချင်နေကြသည်။
လုချန်ရှန်းကမူ ထိုကိစ္စကို လုံးဝလျစ်လျူရှုထားခဲ့သည်။
သူသည် လျှို့ဝှက်နယ်မြေအတွင်းသို့ ရောက်ရှိသွားခဲ့ပြီးသည့်နောက်တွင်၊ ဝိညာဥ်ချီ ကြွယ်ဝသော နေရာတစ်နေရာကို ရှာဖွေကာ ပြန်မထွက်သွားခင် အချိန်အထိ ကျင့်ကြံနေမည်ဟု ဆုံးဖြတ်ထားခဲ့ပြီးပြီ ဖြစ်သည်။
အရာအားလုံးကို စီစဥ်ခဲ့ပြီးသည့်နောက်တွင် သူသည် ပြင်ဆင်ရန်အတွက် စတင်၍ လုပ်ဆောင်နေခဲ့ပြီး၊ ထိုနေ့က ဖိနှိပ်ထားခဲ့သည့် ရုပ်သေးကိုထုတ်ယူကာ၊ ၎င်းထံတွင် ရှိနေသည့် အမှတ်အသားများကို ဖယ်ရှားပြီး၊ ပြန်၍ သန့်စင်နေတော့သည်။
သူအမြင်တွင် ၎င်းက ပစ္စည်းတစ်ခု ဖြစ်နေခဲ့သည်၊ သို့သော် ယခင်က နည်းလမ်းမှာ လွန်စွာရက်စက်ကြမ်းကြုတ်လွန်းနေခဲ့သည်၊ ၎င်းကို ပြန်လည် သန့်စင်ခြင်းသည် ရုပ်သေး၏ စွမ်းအားသည် အဆင့်အသစ်တစ်ခုအထိ ထပ်မံ၍ ရောက်ရှိသွားစေမည် ဖြစ်သည်။
အူတိုင်ဖွဲ့စည်းခြင်းအဆင့် ရုပ်သေးသည် ရန်သူများကို သတ်ဖြတ်ခြင်း၊ လုယက်ခြင်းနှင့် ပုန်းလျှိုးကွယ်လျှိုး လှုပ်ရှားခြင်းတို့အတွက် လွန်စွာ အသုံးတည့်နေခဲ့သည်။
အကယ်၍ အဆိုးဆုံး ဖြစ်လာမည်ဆိုလျှင်တောင်မှ၊ ၎င်းကို ရောင်းချခြင်းဖြင့် ဝိညာဥ်ကျောက်တုံး များစွာရရှိလိမ့်မည် ဖြစ်သည်။
ရက်ပေါင်းများစွာ ကျော်လွန်သွားကာ၊ အချိန်ကြာလာသည်နှင့်အမျှ၊ ကန်းယွင်ဂိုဏ်းအတွင်းရှိ ရှိနေသည့် လူအရေအတွက်မှာ ပိုမိုကြီးမားလာခဲ့ပြီး၊ အားလုံးသည် ကန်းယွင်လျှို့ဝှက်နယ်မြေ ဖွင့်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
သို့ရာတွင် လော့ထျန်းကမူ လူများပိုမိုရောက်ရှိလာသောကြောင့်၊ စိုးရိမ်စိတ် ဝင်စပြုလာခဲ့ကာ၊ စိတ်မသက်သာ ဖြစ်သွားခဲ့သည်။
နေသာသော နေ့လည်ခင်းတွင် လော့ထျန်းသည် လူတိုင်းကို စုဝေးစေခဲ့သည်။
တောင်ထွဋ်သခင်၏ တလေးနက် ဖြစ်နေသော အမူအရာများအောက်တွင်၊ သူသည် ညနတ်ဆိုးအကြောင်းကို ဖွင့်ပြောလိုက်သည်။
ဤနှစ်များတစ်လျှောက်တွင် ကန်းယွင်ဂိုဏ်းမှာ သူ့လက်ချက်ကြောင့် များစွာခံစားခဲ့ရသည်။ တပည့်များမှ တောင်ထွဋ်သခင်များအထိ၊ ဂိုဏ်းချုပ်အပါအဝင် မည်သူကမှ သူ၏ရိုက်နှက်ခြင်းထံမှ မလွတ်မြောက်ခဲ့ကြပေ၊ သူသည် တစ္ဆေတစ်ကောင်ကဲ့သို့ပင် ရှာဖွေ ဖမ်းဆီးရ ခက်ခဲနေခဲ့သည်။
လော့ထျန်းသည် လူတိုင်းကို သတိပေးရန်အတွက် ဤကဲ့သို့ လူစုခိုင်းလိုက်ရခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့် ညနတ်ဆိုးအကြောင်း ပြောလိုက်ခြင်းသည် လူတော်တော်များများကို အော်ကျယ်အော်ကျယ်ဖြင့် ရယ်မောသွားစေခဲ့သည်။
လော့ထျန်းမှာလည်း မည်သို့မျှ မတတ်နိုင်တော့ပေ၊ သူသည် လူတိုင်းကို သတိပေးခဲ့ပြီးပြီဖြစ်သည်၊ နားထောင်ခြင်း၊ မထောင်ခြင်းက သူတို့ကိစ္စ ဖြစ်သွားပြီ ဖြစ်သည်။
နောက်တစ်ရက်(သို့)နှစ်ရက် အကြာတွင် ကန်းယွင် လျှို့ဝှက်နယ်မြေ ဖွင့်လာတော့မည် ဖြစ်သည်၊ လူတိုင်း လျင်မြန်စွာ ပြန့်ကျဲသွားခဲ့သည်။
လုချန်ရှန်းကမူ အဆိုပါ စုဝေးပွဲကို စောင့်ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
“ ငါ့ရဲ့ ဂုဏ်သတင်းက အဲ့လောက်တောင် ဆိုးတာလားဟ။ ငါက ဘယ်လိုလုပ် ဒီလောက်တောင် ဆိုးသွမ်းသွားရတာလဲ။ မင်းတို့ရဲ့ ကောင်းကျိုးအတွက် ငါလုပ်ခဲ့တာလေကွာ “