ကောက်ရှီယွမ်က
“သူတို့ရော ဘယ်လိုနေသေးလဲဟင်”
ဟု သတိထားကာ မေးမြန်းလိုက်၏။
ကောက်ရှီယွမ် မည်သူ့ကို မေးနေသည်ဆိုတာကို လုချန်းသိလိုက်ပြီး ပြုံးလျက်
“သူတို့က ခုထိ ကစဉ့်ကလျား ပင်လယ်ထဲမှာပဲ ရှိနေသေးတယ်။”
ခဏခန့် တိတ်ဆိတ်သွားပြီးနောက် ကောက်ရှီယွမ်က
“တောင်းပန်ပါတယ်”
လုချန်း ပြောသည့် “ကစဉ့်ကလျား ပင်လယ်ထဲမှာ ရှိနေသေးတယ်” ဆိုသည့် စကားကို ထိုသူများ သေဆုံးသွားပြီဟု ဆိုလိုခြင်းဖြစ်သည်ဟု သူမ ထင်မှတ်သွားခြင်း ဖြစ်၏။
ကောက်ရှီယွမ် အထင်လွဲသွားသည်ကို လုချန်း သိမြင်လိုက်သဖြင့် လက်ကို မြှောက်ကာ သူမကို ပုတ်လိုက်ပြီး
“ခင်ဗျား ဘာတွေ လျှောက်တွေးနေတာလဲ။ သူတို့အားလုံး အသက်ရှင်နေကြတုန်းပဲ။”
“ကစဉ့်ကလျား ပင်လယ်က အန္တရာယ်များတယ်ဆိုပေမဲ့ လုံးဝ သေတွင်းကြီးတော့ မဟုတ်ပါဘူး။ ကျုပ်တို့ အဲဒီမှာ ကစဉ့်ကလျား စွမ်းအားတွေရဲ့ တိုက်စားမှုကို ခုခံနိုင်တဲ့ အာကာသ တစ်ခုကို ဖန်တီးထားတယ်။”
သူမ အထင်လွဲကြောင်း သိသွားလျှင် ကောက်ရှီယွမ်က
“ကျွန်မ... ကျွန်မ တောင်းပန်ပါတယ်။ အထင်လွဲသွားလို့ပါ။ သူတို့ ဘေးကင်းကြတယ်ဆိုတော့ ဝမ်းသာပါတယ်”
ဟု အလျင်အမြန်ပင် ပြန်လည်တောင်းပန်လိုက်သည်။
ထို့နောက် လုချန်းက
“ကဲ... ကျုပ်တို့ လုံလုံလောက်လောက် နားပြီးပြီ ဆိုတော့ ဒီတစ်ခေါက် စစ်မှန်သောနတ် အဆင့်ကို ချောချောမောမော ရောက်အောင် ဆက်ကြိုးစားကြတာပေါ့။”
ထိုစကားကို ကြားလျှင် အေးစက်သည့် ကောက်ရှီယွမ်၏ ပါးပြင်ပေါ်တွင် ရှက်သွေးဖြန်းသွားကာ
“နားလည်ပါပြီ”
ထို့နောက် ကောက်ရှီယွမ်ကို လုချန်း ပွေ့ဖက်၍ သူမ၏ ကျင့်စဉ်အဆင့် တိုးတက်စေရန် ဆက်လက် ကူညီပေးလေတော့သည်။ လုချန်း တတ်ကျွမ်းထားသော နှင်းနှင့် ရေခဲစွမ်းအားများ၏ အကူအညီဖြင့် ကောက်ရှီယွမ်လည်း အောင်မြင်ပေါက်မြောက်တော့မည့် ခံစားချက်ကို အလျင်အမြန်ပင် ပြန်လည် ခံစားလာရသည်။
မကြာမီအချိန်မှာပင် နှင်းခဲမြို့၏ အထက်ကောင်းကင်ယံ၌ နှင်းနှင့် ရေခဲလမ်းစဉ်တစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်သည်။ နှင်းခဲမြို့ရှိ ကျင့်ကြံသူများလည်း ထိုလမ်းစဉ်ကို တစ်ဖန် မြင်တွေ့ရလျှင် အလွန် ထိတ်လန့်သွားကြပြီး သူတို့၏ လျှို့ဝှက်ကျင့်ကြံဆောင်များအတွင်းသို့ အလုအယက် ဝင်ရောက်သွားကြတော့သည်။
လွန်ခဲ့သော နှစ်ဝက်ခန့်က ဤမြင်ကွင်းမျိုးကို သူတို့ မြင်တွေ့ခဲ့ဖူးပြီးဖြစ်၏။ ထိုစဉ်ကကဲ့သို့ နှင်းကပ်ဘေးအန္တရာယ်မျိုး ထပ်မံ ဖြစ်ပွားတော့မည်ဟု ထင်မှတ်နေကြခြင်း ဖြစ်သည်။
သို့သော် လူတို့ကို အံ့အားသင့်စေသည်က ဤတစ်ကြိမ်တွင် နှင်းကပ်ဘေးအန္တရာယ် ဖြစ်မလာခဲ့ခြင်းပင်။
နှင်းနှင့် ရေခဲစွမ်းအားများ၏ လွှမ်းမိုးမှုကြောင့် နှင်းများ ပြင်းထန်စွာ ကျဆင်းခဲ့သော်လည်း လူတို့ လက်ခံနိုင်သည့် အတိုင်းအတာအတွင်း၌သာ ရှိနေခဲ့သည်။
နှင်းခဲမြို့၏ အောက်ခြေတွင် နှင်းနှင့် ရေခဲစွမ်းအားများ ကိန်းအောင်းနေသည့် ဝိညာဉ်ကြော တစ်ခု ရှိနေသည်။ နှင်းခဲမြို့တွင် နှင်းများ ပြင်းထန်စွာ ကျဆင်းလေ့ရှိခြင်းကြောင့် ဤမျှလောက်သော နှင်းပမာဏက မြို့ရှိ ကျင့်ကြံသူများအပေါ် များစွာ သက်ရောက်မှု မရှိပေ။
အတန်ကြာလျှင် ကောက်ရှီယွမ်၏ ခန္ဓာကိုယ်အတွင်းမှ အတားအဆီးများ ရုတ်တရက် ပွင့်ထွက်သွားပြီး သူမ၏ ကိုယ်ထဲမှ များပြားလှသော နှင်းနှင့် ရေခဲစွမ်းအားများ တစ်ပြိုင်နက်တည်း အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။ သို့သော် ချက်ချင်းဆိုသလိုပင် သူမ၏ ခန္ဓာကိုယ်က ထိုထွက်ပေါ်လာသော စွမ်းအားများကို ရူးသွပ်စွာ ပြန်လည် စုပ်ယူလိုက်ပြန်၏။
ခဏချင်းအတွင်းမှာပင် နှင်းခဲမြို့အထက်ရှိ နှင်းနှင့် ရေခဲစွမ်းအား အားလုံးကို ကောက်ရှီယွမ် စုပ်ယူလိုက်ပြီးနောက် စစ်မှန်သောနတ် နယ်ပယ်သို့ အောင်မြင်စွာ တက်ရောက်သွားခဲ့တော့သည်။ ထိုစဉ် နှင်းခဲမြို့သည်လည်း ကြာမြင့်စွာ ပျောက်ကွယ်နေခဲ့သည့် သာယာသော နေ့တစ်နေ့ကို မြင်တွေ့လိုက်ရတော့သည်။
အခန်းတွင်းမှ ထွက်ပေါ်လာသော အငွေ့အသက်ကို ခံစားမိသည်နှင့် ကောက်ရှီယွမ် အောင်မြင်စွာ ပေါက်မြောက်သွားပြီ ဖြစ်ကြောင်း ရှောင်ရွှီရင် သိလိုက်သည်။
သူမ အထဲသို့ဝင်၍ ဂုဏ်ပြုပေးချင်သော်လည်း လုချန်းနှင့် ကောက်ရှီယွမ်တို့အကြား ထိုအချိန်၌ ဖြစ်ပျက်နေသည့် အရာကို ချက်ချင်း သတိရသွားကာ သူမ၏ ပါးပြင်များ နီမြန်းသွားသည်။
ကောက်ရှီယွမ် အဆင့်တက်ပြီး နောက်တွင်တော့ သူမအပေါ် မတော်တရော် အပြုအမူများ လုချန်း ဆက်လက် မလုပ်ဆောင်တော့ပေ။ ထိုအစား သူမကို လွှတ်ပေးလိုက်ပြီး သူမ၏ နတ်စွမ်းအားများအား သူမ ကိုယ်တိုင် ပြန်လည် တည်ငြိမ်အောင် လုပ်ဆောင်စေလိုက်၏။
သူကိုယ်တိုင်ကတော့ ရှေ့ရှိ စနစ်မျက်နှာပြင်ဆီသို့ အာရုံ လွှဲလိုက်သည်။
[ ဇနီးမယား ရရှိသည့်အတွက် သခင်အား ဂုဏ်ပြုပါသည်။ ဆုလာဘ်အဖြစ် ကောင်းကင်အဆင့် ဓားသိုင်းဖြစ်သည့် မြစိမ်းနဂါးဓားသိုင်းကို ချီးမြှင့်ပါသည် ]
စနစ်မှ ချီးမြှင့်သော ဓားသိုင်းကို လုချန်း ချက်ချင်း လေ့လာလိုက်သည်။ ထိုဓားသိုင်းတွင် အဆင့် မြင့်မားခြင်းမှအပ အခြား ထူးခြားသည့် လက္ခဏာ မရှိပေ။
သို့သော် ကောင်းကင်အဆင့် ဓားသိုင်းဖြစ်သဖြင့် သူ၏ စွမ်းအားကို များစွာ မြှင့်တင်ပေးနိုင်၏။ သူ၏ စွမ်းအားကို နတ်ဘုရင် အဆင့်သို့ ပြန်လည် ရောက်ရှိအောင် လုပ်ဆောင်နိုင်သည့် အချိန်၌ ဤဓားသိုင်းကို အသုံးပြု၍ နတ်သခင် တစ်ဦးကိုပင် ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု သူ တွက်ဆလိုက်သည်။
ဓားသိုင်းကို လေ့လာပြီးနောက် တင်ပျဉ်ခွေထိုင်၍ အသက်ရှူနှုန်းကို ညှိနေသော ကောက်ရှီယွမ်ကို လုချန်း တစ်ချက် ကြည့်လိုက်ပြီးနောက် ညင်သာစွာ ထလိုက်၏။
ထို့နောက် ကုတင်ဘေးသို့ လျှောက်သွားပြီး လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ရွှေရောင် အနားကွပ်ပါသော ဝတ်ရုံဖြူ တစ်ထည် သူ၏ ကိုယ်ပေါ်တွင် ပေါ်လာပြီး အခန်းထဲမှ လုချန်း ထွက်ခွာခဲ့တော့သည်။
ကောက်ရှီယွမ်သည် စစ်မှန်သောနတ် အဆင့်သို့ အောင်မြင်ပေါက်မြောက်သွားပြီ ဖြစ်သည်။ ယခု သူမ၏ ကျင့်စဉ်အဆင့်ကို တည်ငြိမ်အောင် လုပ်ဆောင်ရန်သာ လိုအပ်တော့သဖြင့် သူ ဘေးမှ ကူညီပေးရန် မလိုအပ်တော့ပေ။
လုချန်း အခန်းအပြင်သို့ ထွက်လာသည်ကို မြင်လျှင် ရှောင်ရွှီရင် ချက်ချင်းရောက်လာပြီး
“စီနီယာအစ်မ ကောက် ဘယ်လိုနေလဲ”
လုချန်းက
“သူ အဆင်ပြေပါတယ်။ အောင်မြင်စွာ အဆင့်တက်သွားပြီး အခု ကျင့်စဉ်ကို တည်ငြိမ်အောင် လုပ်နေတာ။”
ထိုအချိန်တွင် ရှောင်ရွှီရင်၏ လက်ကို လုချန်း ဆွဲယူကာ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူမ၏ မျက်လုံးများကို ပြုံးလျက် ကြည့်ကာ
“စီနီယာအစ်မ ရှောင်... ဒီအတောအတွင်း ကျုပ်ကို သတိရနေလား။”
ထိုကဲ့သို့ စနောက်သော မေးခွန်းကြောင့် ရှောင်ရွှီရင်၏ ပါးပြင်များ အနည်းငယ် ပူတက်လာသည်။
ဤအတောအတွင်း အခန်းထဲမှ အသံများ အဆောင်အတွင်း၌ ပဲ့တင်ထပ်နေခဲ့သည် မဟုတ်ပါလား။
လုချန်းကို သူမ ဘယ်လိုလုပ် နည်းနည်းမှ သတိမရပဲ နေလိမ့်မည်နည်း။
ထိုစဉ် အရေးကြီး ကိစ္စတစ်ခုကို ရှောင်ရွှီရင် ရုတ်တရက် သတိရသွားသည်။ သူမ၏ ခန္ဓာကိုယ်အတွင်း မငြိမ်မသက် ဖြစ်နေသော နတ်အငွေ့အသက်များကို ထိန်းချုပ်ရန် ကြိုးစားရင်း
“မကြာသေးခင်က နှင်းခဲမြို့ထဲမှာ ရှင့်အကြောင်း ကောလာဟလအချို့ ရုတ်တရက် ထွက်ပေါ်လာတယ်။”
ထိုစကားကို ကြားလျှင် လုချန်း အံ့အားသင့်သွား၏။
သူ့အကြောင်း ကောလာဟလ။
ဘယ်လို ကောလာဟလများပါလိမ့်။
“အဲ့ဒီ ကောလာဟလတွေက ကျုပ်ရဲ့ အခုလက်ရှိ အကြောင်းလား။ ဒါမှမဟုတ် အရင်ဘဝက အကြောင်းလား။”
ယခု သူ့တွင် ဇာတ်ရုပ် နှစ်ခု ရှိနေ၏။တစ်ခုမှာ ထျန်းရှနတ်ဘုရား နိုင်ငံတော်၏ ချန်ဘုရင်ဟောင်း ဖြစ်ပြီး အခြားတစ်ခုမှာ လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်၏ တပည့်ရင်း ဖြစ်သည်။
အပြင်မှ ကောလာဟလများက လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်၏ တပည့်ရင်း အကြောင်း ဖြစ်နေပါက ကောလာဟလ ရှိနေလျှင်ပင် အံ့ဩစရာ မဟုတ်ပေ။ အဆုံးတွင် သူသည် နန်းတော်သခင်၏ တပည့်ရင်းအဖြစ် အသိအမှတ်ပြုခံထားရပြီး အမျိုးသားတပည့် တစ်ဦးလည်း ဖြစ်နေသည်။
လူများ သူ့အပေါ် စိတ်ဝင်စားကြမှာက သဘာဝပင်ဖြစ်သည်။ ထို့ကြောင့် သူ့အကြောင်း ဆွေးနွေးငြင်းခုံကြလိမ့်မည်။
လူများ ဆွေးနွေးကြလျှင် ကောလာဟလများကလည်း သဘာဝအလျောက် ထွက်ပေါ်လာတတ်စမြဲ ဖြစ်၏။
သို့သော် ရှောင်ရွှီရင်က
“အဲဒီလူတွေက ချန်ဘုရင်အကြောင်းကို ပြောနေကြတာ။”
ထိုစကားကို ကြားလျှင် လုချန်း၏ စိတ်ထဲ တုံ့ခနဲ ဖြစ်သွားသည်။ သူ၏ အတိတ်ဘဝ အကြောင်းကို ဆွေးနွေးနေကြတာလား။
လူတို့၏ အမြင်တွင် သူ သေဆုံးသွားသည်မှာ နှစ်သန်းထောင်ပေါင်းများစွာကြာနေပြီ မဟုတ်ပါလား။
သူတို့က ဘယ်လိုလုပ်ပြီး သူ့ကိစ္စတွေကို ဆွေးနွေးနေကြပြီး ကောလာဟလတွေတောင် ဖြန့်နေကြတာလဲ။
ရှောင်ရွှီရင်က ဆက်လက်၍
“ဟိုတုန်းက ရှင် ပုန်ကန်ဖို့ ကြံစည်တယ်ဆိုပြီး ကွမ်းရန်ဘုရင်က မဟုတ်မမှန် လုပ်ကြံခဲ့တာလို့ ကောလာဟလတွေ ထွက်နေတယ်။ ပြီးတော့ ထျန်းရန်နတ်ဘုရား နယ်မြေက ထိပ်သီးအင်အားစုတွေနဲ့ ပူးပေါင်းပြီး ရှင့်ကို တိုက်ခိုက်ခဲ့တာကြောင့် ရှင် ကစဉ့်ကလျား ပင်လယ်ထဲကို ထွက်ပြေးခဲ့ရတာလို့ ပြောနေကြတယ်။”
ရှောင်ရွှီရင်၏ စကားများကို ကြားလျှင် လုချန်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ဒါက ဘယ်လို ကောလာဟလမျိုးလဲ။
ဟိုတုန်းက သူ၏ ဖခင် ဧကရာဇ် သူ့ကို မုန်းတီးရသည့် အကြောင်းရင်းမှာ လုကျင့်ဖူ၏ အစီအစဉ်များနှင့် သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ကြောင်း သူကျုပ်တိုင်လည်း သိထားသည်။
နောက်ပိုင်းတွင် လုကျင့်ဖူက သူ နတ်ဘုရင် အဆင့်သို့ ရောက်ရှိနေခြင်းက ခြိမ်းခြောက်မှု တစ်ခု ဖြစ်ကြောင်း ချဲ့ကားပြောဆိုခဲ့သဖြင့် ထိုထိပ်သီး အင်အားစုများက သူ့ကို အာရုံ ထားလာကြပြီး သူ့ကို လိုက်လံ သတ်ဖြတ်ရန် အစွမ်းထက် ကျင့်ကြံသူများကို စေလွှတ်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ဤကောလာဟလများသည် ယခင်က အများသိသော အကြောင်းအရာဟောင်းများကို ပြန်လည် ဖော်ထုတ်နေခြင်းသာ ဖြစ်သည်။
ပြန်စဉ်းစားကြည့်လျှင် ဤဖြစ်ရပ်များ တကယ် ဖြစ်ပွားခဲ့သည် ဆိုသော်လည်း ဖြစ်ခဲ့တာက နှစ်ပေါင်း ကုဋေနှင့်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကောင်းကင်နတ် အဆင့်သို့ မရောက်ရှိသေးသူ အများစုပင် သေဆုံးသွားကြပြီ ဖြစ်၏။ အမှန်တရားကို သိသူ အချို့ ကျန်ရှိနေဦးမည် ဆိုသော်လည်း အမြောက်အမြားတော့ ရှိမနေသင့်ပေ။
အရေးကြီးဆုံး မေးခွန်းက ဤသတင်းအချက်အလက်များ နှင်းခဲမြို့အထိ မည်သို့ ပျံ့နှံ့လာသနည်း ဆိုသည်ပင်။
နှင်းခဲမြို့သည် ထျန်းရှနတ်ဘုရား နိုင်ငံတော်နှင့် များစွာ ဝေးကွာသည်။ အကယ်၍ နှင်းခဲမြို့မှာတောင် ဒီကောလာဟလ ရှိနေရင် အခြားနေရာတွေမှာလည်း ရှိနေလောက်ပြီဖြစ်၏။
တစ်စုံတစ်ယောက်က ဤကောလာဟလကို တမင်တကာ ဖြန့်ဝေနေခြင်း ဖြစ်နိုင်ခြေ အလွန်များသော်လည်း အဘယ်ကြောင့် ထိုသို့ လုပ်ဆောင်ရသည် ဆိုတာကိုတော့ လုချန်း စဉ်းစား၍ မရနိုင် ဖြစ်နေသည်။ ထိုစဉ်က လူများ၏ အမြင်တွင် သူ သေဆုံးသွားတာကြာပြီ ဖြစ်၏။
ယခုမှ သူ့အကြောင်း ဤကဲ့သို့ ကောလာဟလကို အဘယ်ကြောင့် အထူးတလည် ဖြန့်ဝေနေရသနည်း။
အမွေးဖြူမြို့ကများလား။
မဖြစ်နိုင်ပေ။
သူ ထွက်လာစဉ်က သူ ပြန်ရောက်လာသည့် အကြောင်းကို မပေါက်ကြားစေရန် လုကျန့်ကျီကို မှာကြားခဲ့သည်။
လူတို့၏ အမြင်တွင် သူ သေဆုံးနေသည်မှာ နှစ်ပေါင်း ကုဋေချီနေပြီ ဆိုသော်လည်း သူ မသေဆုံးသေးကြောင်း မည်သူမှ သံသယ မဝင်ဟု ဘယ်သူက အတပ်ပြောနိုင်မည်နည်း။
ယဲ့ချူယောင်တောင် သူ့ကို သံသယ ဝင်နေပြီ မဟုတ်ပါလား။
သူမ ဤကောလာဟလကို ကြားလျှင် သူ လုချန်း ဖြစ်ကြောင်း ပို၍ပင် ယုံကြည်သွားပေလိမ့်မည်။
***