ထိုသတင်းကို တစ်စုံတစ်ယောက်က အဘယ်ကြောင့် ဖြန့်ဝေနေသည်ကို လုချန်း နားမလည်နိုင်ဖြစ်နေ၏။
ယင်း၏ ရည်ရွယ်ချက်က အဘယ်နည်း။
အကြောင်းမဲ့သက်သက်လို့တော့ သူ မထင်ပေ။ အချိန်အတော်ကြာ ကုန်လွန်သွားပြီးမှ သူ၏ ကိစ္စရပ်များကို ရုတ်တရက် ပြန်လည်ဖော်ထုတ်လာခြင်းက နောက်ကွယ်မှ တစ်စုံတစ်ရာသော ရည်ရွယ်ချက် ရှိနေမည်မှာ အသေအချာပင်။
အတွေးထဲ နစ်မြောနေသည့် လုချန်းကို ကြည့်ကာ ရှောင်ရွှီရင်က
“ထျန်းရှ နတ်ဘုရား နိုင်ငံတော်ရဲ့ အရှင်သခင်က သေအံ့ဆဲဆဲ ဖြစ်နေလို့များလား။ ဘုရင်တွေက ကွမ်းရန်ဘုရင်ကို ပြင်ပအင်အားစုတွေနဲ့ ပူးပေါင်းတယ်လို့ စွပ်စွဲချင်လို့ ဒီသတင်းတွေကို ဖြန့်နေတာ ဖြစ်နိုင်မလား။”
ခဏခန့် စဉ်းစားပြီးနောက် လုချန်းက
“အဲ့ဒီလိုတော့ မဖြစ်နိုင်ဘူး”
“ထျန်းရှ နတ်ဘုရား နိုင်ငံတော်ထဲက လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက အခုထိ အသက်ရှင်နေတဲ့သူတိုင်းက အတိတ်ကကိစ္စတွေဟာ လုကျင့်ဖူနဲ့ ပတ်သက်နေတာကို သိကြတယ်။ ဒီကောလာဟလက သူ့အပေါ်မှာ ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူး။”
နတ်ဘုရား နိုင်ငံတော်များ၏ ထီးနန်းလုပွဲသည် သာမန်လူသားတို့၏ ထီးနန်းဆက်ခံမှု ပဋိပက္ခများနှင့် အတန်ငယ် ကွာခြား၏။ သာမန်အင်ပါယာတစ်ခုတွင် ပြင်ပအင်အားစုနှင့် ပူးပေါင်းခြင်းက အရှက်ရဖွယ်ရာ ဖြစ်သော်လည်း နတ်ဘုရား နိုင်ငံတော်များတွင်တော့ ဘုရင်တစ်ပါးအနေနှင့် ထိပ်တန်းအင်အားစုများနှင့် ဆက်နွှယ်နိုင်ခြင်းကို အားသာချက်တစ်ခုအဖြစ်သာ မှတ်ယူကြသည်။
ထို့ကြောင့် ထိပ်တန်းအင်အားစုများနှင့် လုကျင့်ဖူ၏ ပတ်သက်မှုက ဆိုးကျိုးမဖြစ်စေပဲ ထီးနန်းရရှိရေးအတွက် အထောက်အကူပင် ဖြစ်စေ၏။
တော်ဝင်မိသားစုဝင်များ အပါအဝင် ထျန်းရှ နတ်ဘုရား နိုင်ငံတော်အတွင်းရှိ အာဏာပိုင်များသည် လုကျင့်ဖူ၏ ကျယ်ပြန့်သော ဆက်ဆံရေးများကြောင့် သူ့ကို ပို၍ အလေးပေးလာကြသည်။
ဤသတင်းကို သူ၏ အောင်မြင်မှုတစ်ခုအဖြစ် ပြောင်းလဲရန် လုကျင့်ဖူ ကိုယ်တိုင်ကပဲ ဖြန့်ဝေလိုက်ခြင်း ဖြစ်နိုင်မလားဟု လုချန်း မတွေးပဲ မနေနိုင်ဖြစ်လာသည်။
ထိုသို့ ဖြစ်နိုင်ခြေက ဧကန်မုချ ရှိနိုင်ပေသည်။
အကယ်၍ လုကျင့်ဖူသာ သတင်းဖြန့်ခြင်း ဖြစ်ပါက အတိတ်ကာလက ချန်ဘုရင်ကို ရှင်းလင်းရန် ထိပ်တန်းအင်အားစု အမြောက်အမြားနှင့် သူ ဆက်သွယ်နိုင်ခဲ့ကြောင်း ထျန်းရှ နတ်ဘုရား နိုင်ငံတော်ရှိ လူအချို့ကို သတိပေးလိုက်ခြင်းလည်း ဖြစ်နိုင်၏။ ထိုသို့ဖြင့် မည်သူ့ဘက်မှ ရပ်တည်ရမည်ကို သေချာစဉ်းစားရန် ခြိမ်းခြောက်လိုက်ခြင်းလည်း ဖြစ်သည်။
ထိုဖြစ်နိုင်ခြေကို တွေးတောပြီးနောက် ဂရုမစိုက်တော့ရန် လုချန်း ဆုံးဖြတ်လိုက်၏။ သူက ရှောင်ရွှီရင်ကို ပြုံး၍ ကြည့်ကာ
“ဒါတွေကို လောလောဆယ် စိတ်မပူပါနဲ့ဦး။ အစ်မ ကောက်ရှီယွမ်က စစ်မှန်သောနတ် အဆင့်ကို တက်လှမ်းသွားပြီဆိုတော့ ခင်ဗျားလည်း ပိုပြီး ကြိုးစားရမယ်နော်။”
“ကျုပ် ခင်ဗျားကို ကျင့်စဉ်မှာ ကူညီပေးမယ်။ နှစ်တစ်ရာအတွင်း စစ်မှန်သောနတ် အဆင့်ကို ရောက်အောင် ကြိုးစားကြည့်ရအောင်။”
ရှောင်ရွှီရင် မျက်နှာ နီမြန်းသွားကာ
“ရှင်က အစ်မ ကောက်ကို အခုတင် ကူညီပေးထားတာဆိုတော့ စွမ်းအားတွေ အများကြီး ကုန်ထားမှာပေါ့။ ရှင့်ရဲ့ ကျန်းမာရေးက အရေးကြီးပါတယ်။ခဏလောက် အနားယူပါဦး။”
ချောမွေ့လှသော ရှောင်ရွှီရင်၏ ပါးပြင်ကို လုချန်း ပွတ်သပ်ရင်း သူမ၏ လှပသော မျက်ဝန်းများကို စိုက်ကြည့်ကာ
“ကျုပ်အတွက်ကတော့ ကျင့်စဉ်ကျင့်တာပဲမို့လို့ အနားယူဖို့ မလိုပါဘူး”
ရှောင်ရွှီရင်က နှုတ်ခမ်း စူလိုက်ကာ
“ဒါဆိုလည်း ပြီးရောလေ”
ထို့နောက် ကျင့်စဉ် ဆက်လက်ကျင့်ကြံရန် ကောက်ရှီယွမ်၏ အဆောင်နှင့် ကပ်လျက်အခန်းသို့ လုချန်းနှင့် ရှောင်ရွှီရင်တို့ ထွက်ခွာသွားကြ၏။
…….
အမွေးဖြူမြို့။
သူရှေ့တွင် ရှိုက်ကြီးတငင် ငိုကြွေးနေသော အမျိုးသမီးကို ကြည့်ကာ လုကျန့်ကျီ အတွေးထဲ နစ်မြောသွားသည်။ ထို့နောက် သူက
“လုယောင်း အိမ်ပြန်မလာတာ လဝက်ရှိပြီဆိုတာ သေချာရဲ့လား”
အမျိုးသမီးက
“ဟီး... ဟုတ်ပါတယ်။ သူ အိမ်မပြန်တာ လဝက်တောင် ရှိနေပါပြီ။ အစတုန်းကတော့ မြို့တော်ဝန်က သူ့ကို အလုပ်တစ်ခုခု ခိုင်းထားလို့ ပြန်မလာတာလို့ ကျွန်မတို့ ထင်နေတာ။ နောက်ပိုင်းလည်း ပြန်မရောက်လာတာနဲ့ မြို့တော်ဝန် စံအိမ်က တပ်မှူးဝမ်ကို မေးကြည့်တော့လည်း လုယောင်း ဘယ်သွားလဲဆိုတာ သူလည်း မသိဘူးတဲ့။”
လုကျန့်ကျီက ဘေးနားရှိ စစ်သည်တစ်ဦးကို
“ဝမ်ရှုကျဲကို ဒီကို ခေါ်ခဲ့ပါ”
ထိုသို့ ပြောပြီးနောက် ရှေ့မှ အမျိုးသမီးကို လုကျန့်ကျီ အားပေးလိုက်၏။
“စိတ်မပူပါနဲ့။ ကျုပ် တို့ လုယောင်းကို မဖြစ်ဖြစ်အောင် ရှာပေးပါ့မယ်”
လုယောင်းသည် မြို့တော်ဝန် စံအိမ်ရှိ ယုံကြည်ရသော လက်ရွေးစင်တပ်မှ သာမန်စစ်သည်တစ်ဦးသာ ဖြစ်သော်လည်း သူသည် ထိုစဉ်က ချန်ဘုရင်နှင့်အတူ အမွေးဖြူမြို့သို့ လိုက်ပါလာခဲ့သူများ၏ မျိုးဆက်တစ်ဦး ဖြစ်သည်။
ထိုမျိုးဆက်များမှာ အနည်းငယ်သာ ကျန်ရှိတော့သည်။ ယခုအခါ ချန်ဘုရင် ပြန်လည်ရောက်ရှိလာပြီဖြစ်ရာ ဤလူများသည် အနာဂတ်တွင် အရေးပါသော နေရာများကို ရရှိလာနိုင်သူများ ဖြစ်သည်။ ထို့ကြောင့် သာမန်စစ်သည်တစ်ဦး ပျောက်ဆုံးမှုကိုပင် သေချာစွာ စုံစမ်းရမည်ဖြစ်၏။
မကြာမီ ရွှေရောင်ဝတ်စုံဝတ်ထားသော ထွားကျိုင်းသည့် အမျိုးသားတစ်ဦး လုကျန့်ကျီ၏ ရှေ့တွင် ရောက်လာကာ
“မြို့တော်ဝန်ကို ဂါရဝပြုပါတယ်”
လုကျန့်ကျီက တိုက်ရိုက်ပင် မေးမြန်းလိုက်၏။
“ခင်ဗျား လုယောင်းကို တခြားတာဝန်တွေ ပေးထားသေးလား။”
ထိုအရာကို ကြားလျှင် ဝမ်ရှုကျဲ အံ့အားသင့်သွားကာ
“မပေးထားပါဘူး။ လုယောင်းရဲ့ ဇနီးက သူ့အကြောင်းလာမေးတော့ မြို့တော်ဝန်ကပဲ သူ့ကို အထူးတာဝန်တစ်ခုခု ပေးထားတယ်လို့ ကျုပ် ထင်နေတာပါ။”
လုကျန့်ကျီ မျက်မှောင်ကြုတ်သွား၏။ မြို့တော်ဝန် စံအိမ်၏ လက်ရွေးစင်တပ်သားတစ်ဦး လဝက်တိုင်တိုင် ပျောက်ဆုံးနေသည်ကို သူတို့ လုံးဝ မသိခဲ့ကြပေ။
လတ်တလောတွင် အမွေးဖြူမြို့ ချဲ့ထွင်ရေး ကိစ္စရပ်များကြောင့် အလုပ်ရှုပ်နေသဖြင့် သူ၏ ဘေးပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့် အရာများကို သတိမထားမိခဲ့ခြင်း ဖြစ်သည်။
လုကျန့်ကျီက ချက်ချင်းပင် အမိန့်ပေးလိုက်၏။
“လုယောင်းကို ရှာဖို့ လူလွှတ်လိုက်ပါ။ အသက်ရှင်နေရင် လူကိုတွေ့ရမယ်။သေသွားရင်လည်း သူ့အလောင်းကို တွေ့ရမယ်။”
ထိုအခိုက်အတန့်တွင် မရေမရာသော စိုးရိမ်စိတ်တစ်ခုကို လုကျန့်ကျီ ခံစားလိုက်ရသည်။ လုယောင်းသည် မြို့တော်ဝန် စံအိမ်အတွင်းရှိ ယုံကြည်ရသူတစ်ဦးဖြစ်ပြီး လုချန်း ပြန်လည်ရောက်ရှိစဉ်ကလည်း ရှိနေခဲ့သူ ဖြစ်၏။
လုယောင်းသည် လုချန်းကို လူကိုယ်တိုင် မသိသော်လည်း သူ၏ မှတ်ဉာဏ်များတွင် လုချန်း၏ ပုံရိပ်များ ရှိနေပေမည်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုမှတ်ဉာဏ်များကို ရယူနိုင်ခဲ့ပါက လုယောင်း၏ မှတ်ဉာဏ်များမှတစ်ဆင့် လုချန်းကို ချက်ချင်းပင် မှတ်မိသွားနိုင်၏။
ဤအရာက သာမန်ကိစ္စတစ်ခု မဟုတ်ပေ။
ထိုသို့သော တိုက်ဆိုင်မှုမျိုး မဖြစ်နိုင်ဟု ဆိုနိုင်သော်လည်း အခြေအနေ၏ လေးနက်မှုကြောင့် သတိထားရန် လိုအပ်သည်။
နောက်ရက်များတွင် အမွေးဖြူမြို့မှ စစ်သည်များ လုယောင်းကို လိုက်လံရှာဖွေခဲ့သော်လည်း မည်သည့်သဲလွန်စမှ ရှာမတွေ့ခဲ့ပေ။ သို့သော် လတ်တလောတွင် အခြားလူအချို့လည်း ရုတ်တရက် ပျောက်ဆုံးသွားကြောင်းကိုတော့ သိခဲ့ရသည်။
လုယောင်းအပြင် အခြားသူများပါ ပျောက်ဆုံးနေကြောင်း သိလိုက်ရလျှင် လုကျန့်ကျီ၏ စိုးရိမ်စိတ်များ ပိုမိုပြင်းထန်လာ၏။
သတင်းအချက်အလက်များ ရယူရန် တစ်စုံတစ်ယောက်က အမွေးဖြူမြို့မှ စစ်သည်များကို ဖမ်းဆီးနေခြင်း ဖြစ်နိုင်ကြောင်း သူ သိသွားသည်။ ထို့ပြင် မြို့၏ လျှို့ဝှက်ချက်များစွာလည်း ပေါက်ကြားသွားပြီးလည်း ဖြစ်နိုင်သည်။
သတင်းရယူရန် သက်သက်ဆိုပါက ထူးဆန်းမည် မဟုတ်ပေ။ အမွေးဖြူမြို့သည် ယခင်က တစ်ခါမှ ချဲ့ထွင်ခဲ့ခြင်း မရှိပဲ နှစ်အတော်ကြာ လူဦးရေ လျော့နည်းနေခဲ့ခြင်းကြောင့် ဖြစ်၏။
သူ၏ အုပ်ချုပ်မှုသည် တစ်ချိန်က အားနည်းခဲ့သော်လည်း ယခု အမွေးဖြူမြို့ကို ရုတ်တရက် ပြန်လည်အသက်သွင်းကာ အင်တိုက်အားတိုက် ပြုပြင်ပြောင်းလဲပြီး မြို့ချဲ့ထွင်မှုများ ပြုလုပ်လာသဖြင့် အိမ်နီးချင်းမြို့များက စိတ်ဝင်စားလာကာ လာရောက်စုံစမ်းခြင်း ဖြစ်နိုင်သည်။
သို့သော် သာမန် လာရောက်စုံစမ်းရုံမျှဆိုပါက ခြေရာလက်ရာ ပျက်စေနိုင်သည့် လူဖမ်းဆီးမှုမျိုးကို ပြုလုပ်ရန် မလိုအပ်ပေ။ လူကို ဖမ်းဆီးသွားသည်ဆိုပါက ထိုသူကို သတ်ဖြတ်လိုက်ပြီဟုသာ ဆိုလိုခြင်း ဖြစ်နိုင်၏။
သူ၏ မျက်စိအောက်တွင် လူကို ဖမ်းဆီးသွားနိုင်ရန်အတွက် ထိုသူသည် အနည်းဆုံးတော့ သူ့ကိုယ်သူ ဖုံးကွယ်နိုင်သော စွမ်းအားရှိသည့် နတ်တစ်ပါး ဖြစ်ရမည်ဟု လုကျန့်ကျီ တွေးလိုက်မိသည်။
တကယ်လို့ နတ်တစ်ပါးသာ ပါဝင်ပတ်သက်နေပါက နောက်ကွယ်မှ ကြိုးကိုင်သူကို ရှာဖွေရန် အလွန်ပင် ခက်ခဲပေလိမ့်မည်။
သို့သော် ဤအချက်က အမွေးဖြူမြို့ စောင့်ကြည့်ခံနေရကြောင်း ထင်ရှားနေသဖြင့် နောင်တွင် ပိုမို၍ သတိထားရန် လိုအပ်သည်။
…..
မြို့တော်ဝန် စံအိမ်။
အစည်းအဝေးခန်းမ၏ အရှေ့ဆုံးတွင် လုကျန့်ကျီ ထိုင်နေကာ စုဝေးရောက်ရှိနေသော စစ်သည်များ၏ တင်ပြချက်များကို နားထောင်နေ၏။
ထိုစဉ် လက်ရွေးစင်တပ်မှ တပ်မှူးဝမ်ရှုကျဲက
“မြို့တော်ဝန်... မြို့တော်ဝန် စံအိမ်ထဲမှာရှိတဲ့ လက်ရွေးစင်တပ်သားတွေကို မနက်တိုင်း လူစစ်ဖို့ ကျုပ် အမိန့်ပေးထားပါတယ်။ တကယ်လို့ စစ်သည်တစ်ယောက်ယောက် ပျောက်ဆုံးသွားရင် ချက်ချင်း သိနိုင်မှာပါ။”
ယခင်က စစ်သည်များ နေ့စဉ် စုဝေးရန် မလိုအပ်ခဲ့ပေ။ တာဝန်ကျဇယားအရသာ တာဝန်ထမ်းဆောင်ကြသဖြင့် စစ်သည်တစ်ဦး အချိန်အတော်ကြာ တာဝန်မထမ်းဆောင်ပဲ နေခဲ့လျှင်ပင် ရက်အတော်ကြာသည်အထိ သတိမထားမိပဲ ရှိနိုင်သည်။
ယခု လူတစ်ဦး ပျောက်ဆုံးသွားခဲ့ပြီဖြစ်၏။ မြို့တော်ဝန် စံအိမ်မှ လက်ရွေးစင်များကို နောက်ထပ် မည်သူတွေက ပစ်မှတ်ထားဦးမည်ကို ဘယ်သူမှ မသိနိုင်ပေ။ ထို့ကြောင့် သတိနှင့် နေထိုင်ခြင်းက အကောင်းဆုံးဖြစ်၏။
ထိုအခိုက်အတန့်တွင် စစ်သည်တစ်ဦး အခန်းထဲသို့ ဝင်လာကာ
“သခင်ကြီး လတ်တလောမှာ ထျန်းရှ နတ်ဘုရား နိုင်ငံတော်ထဲမှာ ချန်ဘုရင်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေ အမြောက်အမြား ထွက်ပေါ်နေပါတယ်။”
***