ပန်းနီရထား နောက်တစ်ကြိမ် ပေါ်လာသည်ကို မြင်လျှင် ရွှမ်ချင်းယွမ်လည်း ရှောင်တိမ်းခြင်း မပြုတော့ပေ။
ထိုအစား စကားတစ်ခွန်းမှ မဆိုပဲ ပန်းနီရထားကို တိုက်ရိုက် တိုက်ခိုက်လိုက်၏။ သူမ၏ လက်ကိုမြှောက်ကာ ခန္ဓာကိုယ်ထဲမှ နတ်အငွေ့အသက်များကို ထုတ်လွှတ်လိုက်ပြီး လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲ၍ ရထားထံသို့ ဦးတည်ကာ ရိုက်ချလိုက်သည်။
သို့သော်လည်း သူမ၏ လက်ဝါး ရိုက်ချက် ထိမှန်ပြီးနောက်တွင်လည်း ပန်းနီရထားကို လုံးဝ ထိခိုက်မှု မရှိချေ။ ထိုအစား ရထားက အနီရောင် အလင်းလှိုင်းများကိုသာ ထုတ်လွှတ်လိုက်၏။
ရွှမ်ချင်းယွမ်၏ လက်ဝါးရိုက်ချက် အနီရောင် အလင်းလှိုင်းများနှင့် ထိတွေ့မိ သောအခါ ရှေ့သို့ ဆက်မတိုးနိုင်ပဲ တစ်နေရာတွင် ကပ်နေသကဲ့သို့ ဖြစ်သွားပြီး မကြာမီမှာပင် လက်ဝါးရိုက်ချက်မှ နတ်အငွေ့အသက်များ ပျောက်ကွယ်သွားတော့သည်။
ရွှမ်ချင်းယွမ်၏ အကြည့်များ အေးစက်နေပြီး မျက်ခုံးများလည်း တွန့်သွား၏။ ပန်းနီရထားသည် သူမ၏ တိုက်ခိုက်မှုကို တကယ်ပင် အလွယ်တကူ ခုခံနိုင်ခဲ့သည်။
သူမ၏ အဆင့်နယ်ပယ်နှင့် စွမ်းအားများ အတော်အတန် ကျဆင်းသွားခဲ့သော်လည်း သူမသည် နတ်တစ်ပါး ဖြစ်နေဆဲပင်။ ထိုလက်ဝါးရိုက်ချက်ထဲ၌ သူမ၏ နတ်ဝိညာဉ်စွမ်းအားကို ပေါင်းစပ်ထားခဲ့ခြင်းဖြစ်၏။
ထိုသို့ဖြစ်ပါလျက်နှင့် ပန်းနီရထားကို လှုပ်ခါအောင်ပင် မလုပ်နိုင်ခဲ့ချေ။
ဤပန်းနီရထားက တားမြစ်ထားတဲ့ အရာတစ်ခုသာ ဖြစ်ရပေမည်။
ရွှမ်ချင်းယွမ် ထိုသို့ တွေးနေစဉ်မှာပင် ပန်းနီရထား၏ ရှေ့တွင် ဝဲဂယက်တစ်ခု ရုတ်တရက် ပေါ်လာပြီး ထိုဝဲဂယက်မှတစ်ဆင့် ထျန်းရန် နတ်ဘုရား နယ်မြေကို တိုက်ရိုက် မြင်တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ နတ်လှေပေါ်ရှိ နဝမကောင်းကင်တက္ကသိုလ်မှ လူအားလုံး အံ့အားသင့်သွားကြ၏။
အာကာသ စွမ်းအား တည်ရှိနေမှုကို သူတို့ ရှင်းရှင်းလင်းလင်း ခံစားမိလိုက်ရာ ထိုဝဲဂယက်သည် ပုံရိပ်ယောင်တစ်ခု သက်သက် မဟုတ်ကြောင်း ညွှန်ပြနေ၏။ ဤအရာက ပန်းနီရထားသည် ကစဉ့်ကလျား ပင်လယ်အတွင်းရှိ ကစဉ့်ကလျား စွမ်းအားကို တကယ် အသုံးပြုနိုင်ပြီး ထျန်းရန် နတ်ဘုရား နယ်မြေသို့ ဦးတည်သည့် အာကာသ လမ်းကြောင်းတစ်ခုကို တိုက်ရိုက် တည်ဆောက်နိုင်ကြောင်း ဆိုလိုခြင်းဖြစ်၏။
ထိုခဏတွင် ရွှမ်ချင်းယွမ်မှလွဲ၍ နတ်လှေပေါ်ရှိ လူတိုင်းမှာ စိတ်လှုပ်ရှားသွားကြပြီး
“ကောင်းလိုက်တာ။ ငါတို့ အသက်ချမ်းသာရာ ရပြီ။”
“နောက်ဆုံးတော့ ငါတို့ ထျန်းရန် နတ်ဘုရား နယ်မြေကို ပြန်ရတော့မယ်။”
“ဒီပန်းနီရထားရဲ့ နောက်ခံက ဘာလဲ။ ကစဉ့်ကလျား ပင်လယ်ထဲမှာ အာကာသ လမ်းကြောင်းကို ဘာလို့ တည်ဆောက်နိုင်ရတာလဲ။”
ရွှမ်ချင်းယွမ်ကတော့ ဘာမှမပြောပေ။ သူမ၏ အေးစက်သော အကြည့်များဖြင့် အဝေးရှိ ပန်းနီရထားကိုသာ စိုက်ကြည့်နေ၏။
ထိုအရာထံမှ အားကောင်းသော ကံတရား အကျိုးအကြောင်း ဆက်နွယ်မှု စွမ်းအားများ ထွက်ပေါ်နေသည်ကို သူမ ခံစားမိ၏။ တကယ်လို့ ပန်းနီရထား တည်ဆောက်ပေးထားသော အာကာသ လမ်းကြောင်းမှတစ်ဆင့် ထျန်းရန် နတ်ဘုရား နယ်မြေသို့ သူမ ပြန်သွားမည်ဆိုပါက ကြီးမားသော ကံ အကျိုးအကြောင်း ဆက်နွယ်မှုများထဲ ပတ်သက်မိသွားပေလိမ့်မည်။
သို့သော်လည်း ဤအရာက သူမနှင့် နဝမကောင်းကင်တက္ကသိုလ်မှ လူများအတွက် အခွင့်အရေးတစ်ခု ဖြစ်သည်။
ထိုကံအကျိုးအကြောင်း ဆက်နွယ်မှုကို လက်ခံရမည်လား သို့မဟုတ် ဤအခွင့်အရေးကို ဆုပ်ကိုင်ပြီး ထျန်းရန် နတ်ဘုရား နယ်မြေသို့ တိုက်ရိုက် ပြန်ရမည်လား။
ခဏခန့် တွေးတောပြီးနောက် ရွှမ်ချင်းယွမ် ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။ ထျန်းရန် နတ်ဘုရား နယ်မြေနှင့် သူမ ဝေးကွာနေခဲ့တာ နှစ်သန်းပေါင်း ထောင်ချီ ရှိနေပြီဖြစ်သည်။
သူမ၏ စွမ်းအားကို ပြန်လည် ထူထောင်ရန်အတွက် အမြန်ဆုံး ပြန်သွားရန် လိုအပ်သည်။ ကောင်းကင်တံခါး ပွင့်လာလျှင် ဤအကျဉ်းချထားခံရသော နယ်မြေမှ သူမ ထွက်ခွာနိုင်ပေလိမ့်မည်။
အကယ်၍ ဤတစ်ကြိမ် ကောင်းကင်တံခါး ပွင့်ခြင်းကို သူမ လွဲချော်သွားပါက နတ်ဧကရာဇ်တစ်ပါး၏ သက်တမ်းရှိလျှင်ပင် နောက်တစ်ကြိမ် တံခါးပွင့်သည်အထိ စောင့်နိုင်မည် မဟုတ်ပေ။ ထို့ပြင် ကောင်းကင်တံခါး ပွင့်လာသည်နှင့်တစ်ပြိုင်နက် ကပ်ဘေးကြီးတစ်ခု ဤကမ္ဘာပေါ်သို့ ကျရောက်လာပေလိမ့်မည်။ တံခါးမပွင့်မီတွင် တံခါးအပြင်ဘက်မှ ကြောက်မက်ဖွယ်ကောင်းသော ရန်သူများကို တုံ့ပြန်ရန်အတွက် လုံလောက်သော စွမ်းအားကို သူမ စုဆောင်းရပေလိမ့်မည်။
ဤသည်ကို တွေးတောမိပြီးနောက် ရွှမ်ချင်းယွမ်လည်း တွေဝေမနေတော့ပဲ နတ်လှေကို ပန်းနီရထား ဖန်တီးထားသော အာကာသ လမ်းကြောင်းဆီသို့ တိုက်ရိုက် မောင်းနှင်လိုက်တော့သည်။
ပန်းနီရထား တည်ဆောက်ထားသော အာကာသ လမ်းကြောင်းကို ဖြတ်ကျော်လိုက်သည်နှင့် ခဏအတွင်းမှာပင် ထျန်းရန် နတ်ဘုရား နယ်မြေအတွင်းရှိ တောင်ကြားတစ်ခု၏ အထက်တွင် သူတို့ ပေါ်လာတော့သည်။
လေထုထဲတွင် သိပ်သည်းသော နတ်အငွေ့အသက်များကို ခံစားမိလိုက်သည့် နဝမကောင်းကင်တက္ကသိုလ်မှ လူများလည်း ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျလာကြတော့၏။
“ငါတို့ ပြန်ရောက်ပြီ။ နောက်ဆုံးတော့ ငါတို့ ပြန်ရောက်ပြီ”
“ကောင်းလိုက်တာ။ ငါ အသက်ရှင်နေသေးတယ်”
“ကစဉ့်ကလျား ပင်လယ်ထဲကနေ ငါတို့ အသက်ရှင်လျက် ပြန်လာနိုင်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။”
“အချိန်တွေ အများကြီး ကုန်ဆုံးသွားပြီဆိုတော့ အခု နဝမကောင်းကင်တက္ကသိုလ် ဘယ်လို အခြေအနေ ရှိနေမလဲ မသိဘူး။”
ရွှမ်ချင်းယွမ်သည် သူမ၏ ခန္ဓာကိုယ်ထဲမှ နတ်အငွေ့အသက်များကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်၏။ အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် သူမလည်း တွေဝေမနေပဲ စွမ်းအားပြန်လည် ရရှိရန်အတွက် တရားထိုင် ကျင့်ကြံတော့သည်။
နောက်တစ်ခဏတွင် လေထုထဲရှိ နတ်အငွေ့အသက်များသည် ကြောက်မက်ဖွယ် ကောင်းသော အရှိန်ဖြင့် သူမ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကြပြီး သူမ၏ အဆင့်နယ်ပယ်လည်း လျင်မြန်စွာ မြင့်တက်လာသည်။ ခဏအတွင်းမှာပင် သူမ၏ နယ်ပယ်သည် နတ်ဘုရင် နယ်ပယ်သို့ ပြန်လည် ရောက်ရှိသွားတော့၏။
သို့သော်လည်း နတ်ဧကရာဇ် အဆင့်သို့ ပြန်လည်ရောက်ရှိရန်ကတော့ အချိန်အကြာကြီး ယူရဦးမည် ဖြစ်၏။ သူမ၏ စွမ်းအား နတ်ဘုရင် နယ်ပယ်သို့ ရောက်ရှိသွားပြီးနောက် နတ်အငွေ့အသက်များ စုပ်ယူခြင်းကို ရပ်တန့်လိုက်သည်။ ထို့နောက် ပန်းနီရထား ရှာဖွေလိုက်သော်လည်း ဘာမှ မတွေ့ရှိရပေ။
ပန်းနီရထားက သူမကို ပြန်ပို့ပေးခဲ့တာဆိုလျှင် လုချန်းလည်း ထျန်းရန် နတ်ဘုရား နယ်မြေသို့ ပြန်ရောက်နေပြီဟု ဆိုလိုခြင်း ဖြစ်နိုင်မလားဟု ရွှမ်ချင်းယွမ်က တွေးမိလိုက်သည်။
လုချန်း အကြောင်း တွေးမိသည်နှင့် သူမ၏ မျက်နှာတွင် အေးစက်မှုများ ပေါ်လာ၏။
ကစဉ့်ကလျား ပင်လယ်ထဲတွင် ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုကို ခံရပြီး ဝေဝေဝါးဝါး အခြေအနေတွင် ရှိနေစဉ်က သူမသည် လုချန်းနှင့် နှစ်ပေါင်းများစွာကြာ အောင် တိုက်ခိုက်ခဲ့ရသည်။ လုချန်းကြောင့်ပင် သူမ၏ စွမ်းအားများလည်း များစွာ ဆုံးရှုံးခဲ့ရ၏။
အကယ်၍ ကစဉ့်ကလျား သားရဲ၏ ဝါးမြိုခြင်းကို မခံခဲ့ရပါက ကစဉ့်ကလျား ပင်လယ်ထဲတွင် သူမ သေဆုံးသွားခဲ့လောက်ပြီ ဖြစ်သည်။ ထို့ကြောင့် သူမ၌ လုချန်းအပေါ် အမုန်းတရား မရှိဟု ပြောရန်က မဖြစ်နိုင်ပေ။
ထို့ပြင် လုချန်း သတိမထားမိခင်မှာပင် သူမက ကစဉ့်ကလျား သားရဲ၏ အမြုတေကို ယူသွားခဲ့သဖြင့် လုချန်းစိတ်ထဲတွင်လည်း သူမအပေါ်တွင် အငြိုးအတေး ရှိနေနိုင်သည်။
ယခု ပြန်ရောက်လာခြင်းက သူတို့နှစ်ဦး ထပ်မံ ထိပ်တိုက်တွေ့ကြဦးမည်ဟူသော အဓိပ္ပာယ်ပင်။
ထိုအချိန်တွင် နဝမကောင်းကင်တက္ကသိုလ်၏ တည်နေရာနှင့် လုချန်း တည်ရှိရာကို သိရန်အတွက် ကောင်းကင်လျှို့ဝှက်ချက် စွမ်းအားကို အသုံးပြုကာ ရွှမ်ချင်းယွမ် စတင် တွက်ချက်လိုက်သည်။ သို့သော် သူမ စတင် တွက်ချက်လိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ မျက်နှာ ညိုမှောင်သွား၏။
နဝမကောင်းကင်တက္ကသိုလ်သည် ကမ္ဘာငယ်လေးတစ်ခုထဲတွင် ပုန်းအောင်းနေကြောင်း တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
ကောင်းကင်လျှို့ဝှက်ချက် စွမ်းအားကို အသုံးပြု၍ နဝမကောင်းကင်တက္ကသိုလ် မည်သို့ ဆုတ်ယုတ်သွားခဲ့သည်ကို လျင်မြန်စွာပင် သူမ သိသွား၏။ သူမ ထွက်ခွာသွားပြီးနောက် နတ်ဧကရာဇ်တစ်ပါး မရှိတော့သဖြင့် နဝမကောင်းကင်တက္ကသိုလ်တွင် အတွင်းပိုင်း မငြိမ်မသက်မှုများ ဖြစ်ပွားခဲ့ပြီး နတ်သခင်များနှင့် နတ်ဘုရင်များစွာ ဆုံးရှုံးခဲ့ရကာ အင်အားလည်း သိသိသာသာ လျော့နည်းသွားခဲ့သည်။
ထျန်းရန် နတ်ဘုရား နယ်မြေမှ ထိပ်တန်း အင်အားစုများသည် နဝမကောင်းကင်တက္ကသိုလ် ဆုတ်ယုတ်သွားသည်ကို မြင်လျှင် ပူးပေါင်း၍ ဝိုင်းရံ တိုက်ခိုက်ခဲ့ကြသည်။ ထိုထိပ်တန်း အင်အားစုများ၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် နဝမကောင်းကင်တက္ကသိုလ် ရှုံးနိမ့်သွားခဲ့ပြီး ပြိုလဲသွားခဲ့ရ၏။
ကျန်ရှိနေသော အဖွဲ့ဝင်များလည်း ကောင်းကင်လျှို့ဝှက်ချက်အား ကာကွယ်နိုင်သည့် ကမ္ဘာငယ်လေးတစ်ခုအတွင်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။ သို့သော်လည်း ထိုကမ္ဘာငယ်လေးသည် ကောင်းကင်လျှို့ဝှက်ချက်ကို ကာကွယ်နိုင်သော်လည်း ရွှမ်ချင်းယွမ်၏ တွက်ချက်နိုင်စွမ်းကိုတော့ ကာကွယ်နိုင်စွမ်း မရှိချေ။
နဝမကောင်းကင်တက္ကသိုလ်၏ တည်နေရာကို တွက်ချက်ပြီးနောက် လုချန်း ရှိရာကို ချက်ချင်းပင် ဆက်လက် တွက်ချက်လိုက်ရာ မကြာမီမှာပင် မြင်ကွင်းတစ်ခု သူမ၏ ရှေ့တွင် ပေါ်လာတော့သည်။ ထိုမြင်ကွင်းထဲတွင် လုချန်းသည် အမျိုးသမီးနှစ်ဦးနှင့်အတူ စုံတွဲကျင့်စဉ် ကျင့်ကြံနေသည်ကို တွေ့လိုက်ရ၏။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ရွှမ်ချင်းယွမ် ဆွံ့အသွား၏။ ကစဉ့်ကလျား ပင်လယ်ထဲတွင် ဤမျှ ကာမဂုဏ် လိုက်စားတတ်သည့် ယောက်ျားနှင့် နှစ်သန်းပေါင်းများစွာ တိုက်ခိုက်ခဲ့ရသည့် အဖြစ်ကို သူမ ဝန်မခံချင်တော့ပေ။
“ဒီလူ့မှာ ဒီလိုကိစ္စတွေကလွဲလို့ တခြား ဘာမှ လုပ်စရာ မရှိဘူးလား။”
ရွှမ်ချင်းယွမ်သည် သူမ၏ တွက်ချက်မှုများကို ရပ်တန့်လိုက်ပြီး နတ်လှေကို နဝမကောင်းကင်တက္ကသိုလ် ပုန်းအောင်းနေသည့် ကမ္ဘာငယ်လေးဆီသို့ ဦးတည်ကာ မောင်းနှင်စေလိုက်၏။
နဝမကောင်းကင်တက္ကသိုလ်သည် တစ်ချိန်က ထျန်းရန် နတ်ဘုရား နယ်မြေကို အုပ်ချုပ်ခဲ့ဖူး၏။ ယခု သူမ ပြန်ရောက်လာပြီ ဖြစ်သည့်အတွက် တက္ကသိုလ်ကို ပြန်လည် ထူထောင်ကာ တစ်ချိန်က ဝိုင်းရံတိုက်ခိုက်ခဲ့သော အင်အားစုများနှင့် စာရင်းဟောင်း ရှင်းရမည့် အချိန်ပင် ဖြစ်သည်။
…….
ထိုအချိန်တွင်။
နှင်းခဲမြို့၌။
လုချန်းသည် ကောက်ရှီယွမ်၏ နံဘေးတွင် လဲလျောင်းကာ သူမကို ကျင့်ကြံရာတွင် ကူညီပေးနေသည်။ ထိုစဉ် တစ်စုံတစ်ယောက်က စောင့်ကြည့်နေသကဲ့သို့ ခံစားချက်မျိုးကို ရုတ်တရက် သူ ခံစားမိလိုက်၏။
လုချန်းသည် ဖန်တီးခြင်း လမ်းစဉ်ကို ကျွမ်းကျင်ထားသလို တွက်ချက်ခြင်း လမ်းစဉ်နှင့်အတူ ကောင်းကင်လျှို့ဝှက်ချက် စွမ်းအားကိုလည်း အသုံးပြုနိုင်သည်။
တစ်စုံတစ်ယောက်က သူ့ကို တွက်ချက် စူးစမ်းလိုက်သည်နှင့် ၎င်းကို သူ ရှင်းရှင်းလင်းလင်း ခံစားသိနိုင်၏။ သူ၏ လှုပ်ရှားမှုများကို လုချန်း ရပ်တန့်လိုက်ပြီးနောက် ဖန်တီးခြင်း လမ်းစဉ်ကို အသုံးပြု၍ တွက်ချက်ခြင်း လမ်းစဉ်ကို ဖော်ဆောင်လိုက်ကာ သူ့ကို မည်သူက ထောက်လှမ်းနေသည်ကို ပြန်လည် တွက်ချက်ရန်အတွက် တွက်ချက်ခြင်း စွမ်းအားကို အသုံးပြုလိုက်သည်။
ပြန်ရောက်လာခါစသာ ရှိသေးသဖြင့် သူ၏ သရုပ်မှန် ပေါ်ပေါက်သွားမည်ကို လုချန်း စိုးရိမ်နေ၏။ တစ်စုံတစ်ယောက်က သူ၏ တည်နေရာကို အတိအကျ ဖော်ထုတ်နေခြင်း ဖြစ်နိုင်သည်ဟု သူ သံသယဝင်နေသည်။
***