ကျန့်ရှိဖိန်၊ ကျန့်ကျိယိုနှင့်အခြားသူတစ်ဆယ်ကျော်တို့သည် စိန့်နတ်ဘုရားဧကရာဇ်နှင့် အင်ပါယာပညာရှင်အမြောက်အမြား မုမိသားစုနေအိမ်သို့အလောတကြီးလာနေသည်ကို သိလိုက် ရသောအခါ အားလုံးမှာထိတ်လန့်တကြားနှင့် အံ့အားသင့်စွာဖြင့်တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ လေသည်။
စိန့်နတ်ဘုရားဧကရာဇ်နှင့် သစ်ပင်တစ်ထောင်ဓားနတ်ဘုရားတို့မှာ သူငယ်ချင်းကောင်းများ ဖြစ်ကြပြီး သူတို့နှစ်ဦးရန်ဖြစ်သည်ဟူသောသတင်းလည်းမရှိသဖြင့် မိသားစုနှစ်ခုတိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပေ။
သို့သော်လည်း စိန့်နတ်ဘုရားဧကရာဇ်က အဘယ်ကြောင့်ရုတ်တရက် ပညာရှင်အမြောက် အမြားကို ဤနေရာသို့ ဦးဆောင်လာရသနည်း။
ဘာအတွက်ကြောင့်လဲ။
“စိန့်နတ်ဘုရား ဧကရာဇ် ရောက်လာပြီ”
ဤအချိန်တွင် ပညာရှင်တစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်လေသည်။
ထိုအသံမှာ မိုးကြိုးပစ်သကဲ့သို့ပင်။
“ဘာ... စိန့်နတ်ဘုရား ဧကရာဇ် ရောက်လာပြီလား။ မြန်လှချည်လား”
“မြန်မြန်... စိန့်နတ်ဘုရားဧကရာဇ်ကို ရိုသေစွာ ကြိုဆိုဖို့အတွက် အပြင်ထွက်ကြမယ်”
ဤသည်ကို ကြားလိုက်ရသဖြင့် ကျန့်ရှိဖိန်၊ ကျန့်ကျိယိုနှင့် အခြားသူများမှာ ဓားအကြောင်း ဆွေးနွေးရန်စိတ်မပါတော့ဘဲ အလွန်တရာကြောက်လန့်တကြားနှင့် ချက်ချင်းပင်အပြင်သို့ ပြေး ထွက်သွားကြတော့သည်။
မင်းသမီးဖန့်ချင်းမှာလည်း သူတို့ထဲတွင်ပါဝင်ပြီး မည်သူ့ထက်မဆိုပို၍မြန်မြန်ပြေးနေ ခဲ့လေသည်။
သူမသည် မင်းသမီးတစ်ဦးဖြစ်သော်လည်း ဒဏ္ဍာရီလာဘိုးဘေးကြီးနှင့်တွေ့ဆုံရန် အခွင့်အ ရေး တစ်ခါမျှမရခဲ့ဖူးပေ။
ဤကဲ့သို့သော အခွင့်အရေးကို သူမ မည်သို့လက်လွှတ်ခံနိုင်မည်နည်း။
ဘိုးဘေးကြီးနှင့် မကြာခင်တွေ့ဆုံနိုင်တော့မည်ကိုတွေးလိုက်မိသောအခါ သူမမှာအလွန် တရာ စိတ်လှုပ်ရှားနေခဲ့လေသည်။
မုဝမ်ချင်း၊ မုကျွင်းနှင့် လုယွီထုံတို့သည်လည်း အံ့အားသင့်စွာဖြင့် စိန့်နတ်ဘုရားဧကရာဇ်ကို ရိုသေစွာကြိုဆိုရန်အတွက် လူတိုင်းနှင့်အတူအပြင်သို့လျင်မြန်စွာ လျှောက်ထွက်လာခဲ့ကြ လေ သည်။
အမြင့်မြတ်ဆုံးဧကရာဇ်နိုင်ငံမှာ ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ နံပါတ်တစ်ဧကရာဇ်နိုင်ငံဖြစ်ပြီး စိန့်နတ်ဘုရားဧကရာဇ်မှာ ဝမ်ကျန့်တိုက်ကြီးပေါ်ရှိနံပါတ်တစ်ဧကရာဇ်နိုင်ငံ၏ အစွမ်းအထက် ဆုံးနှင့် အသက်အကြီးဆုံး ဘိုးဘေးတစ်ဦးဖြစ်ရာ သူ၏အဆင့်အတန်းမှာ မြင့်မားလှပေသည်။
သစ်ပင်တစ်ထောင်ဓားနတ်ဘုရားမုလင်းမှာ ဝမ်ကျန့်တိုက်ကြီး၏ အကြီးမြတ်ဆုံးဓားနတ်ဘု ရားတစ်ဆယ်ထဲမှတစ်ဦးဖြစ်သော်လည်း စိန့်နတ်ဘုရားဧကရာဇ်နှင့်နှိုင်းယှဉ်လျှင်မူ သူသည် အနည်း ငယ် နိမ့်ကျနေဦးမည်ဟု ပြောလျှင်ပင်လွန်မည်မထင်ပေ။
လုမိသားစု၏ ဘိုးဘေးလုကျိဖန့်ဆိုလျှင်မူပြောစရာပင်မလိုတော့ပေ။ လုကျိဖန့်မှာ အကြီး မြတ်ဆုံး ဓားနတ်ဘုရားတစ်ဆယ်ထဲတွင်ပင်မပါဝင်ပေ။
စိန့်နတ်ဘုရား ဧကရာဇ်နှင့်ရင်ဘောင်တန်းနိုင်သောသူမှာ ဤလောကတွင် အလွန်ပင်နည်းပါး လှပေသည်။
မင်းသမီးဖန့်ချင်း၊ ကျန့်ရှိဖိန်၊ ကျန့်ကျိယိုနှင့် အခြားသူများအပြင်သို့ ပြေးထွက်သွားချိန်မှာပင် မုမိသားစုနေအိမ်၏ အနက်ရှိုင်းဆုံးနေရာ၌မုယီသည် ဘိုးဘေးမုလင်းအား သခင်လေးရန်ကနှစ်ရက် အတွင်း ပထမအဆင့်ဘေးဒုက္ခစီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံးအလုံးနှစ်ဆယ်နှင့် ဒုတိယအဆင့် ဘေးဒုက္ခဟဲဗန်အဆင့်ပုရှန့်ဆေးလုံး သုံးလုံးကိုဖော်စပ်ခဲ့သည့်အကြောင်းကို ရိုသေစွာအစီရင်ခံနေ လေသည်။
မုလင်း ဤသည်ကိုကြားလိုက်ရသဖြင့် အလွန်တရာထိတ်လန့်သွားပြီး ပါးစပ်ပင်မစိနိုင် အောင် ဖြစ်နေခဲ့လေသည်။
“မင်း သေချာလား၊ သူကနှစ်ရက်အတွင်းမှာ ပထမအဆင့်ဘေးဒုက္ခစီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံးအလုံးနှစ်ဆယ်ကိုဖော်စပ်ခဲ့ရုံတင်မကဘဲ ဒုတိယအဆင့်ဘေးဒုက္ခဟဲဗန်အဆင့် ပုရှန့် ဆေးလုံး သုံးလုံးကိုလည်း ဖော်စပ်ခဲ့သေးတယ်ဟုတ်လား”
မုလင်းမှာ ထိတ်လန့်တကြားနှင့် အလွန်တရာစိတ်လှုပ်ရှားနေခဲ့လေသည်။
“သေချာပါတယ်”
မုယီကလည်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ကျွန်တော် သူတို့ကို သေချာကြည့်ပြီးပါပြီ၊ အဲဒီပထမအဆင့်ဘေးဒုက္ခစီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံးတွေနဲ့ ဒုတိယအဆင့်ဘေးဒုက္ခဟဲဗန်အဆင့် ပုရှန့်ဆေးလုံးတွေအားလုံးက အသစ်ဖော် စပ်ထားတာတွေပါ”
“ဒါက အစစ်အမှန်ပါပဲ”
ထိုသို့ပြောရင်း သူသည်ရန်ရှောက်ထျန်းပေးခဲ့သော ဒုတိယအဆင့်ဘေးဒုက္ခဟဲဗန်အဆင့် ပုရှန့်ဆေးလုံး သုံးလုံးကို ထုတ်ယူလိုက်လေသည်။
မုလင်းက ၎င်းတို့ကိုယူကာကြည့်လိုက်ပြီး ကြည့်လေလေပို၍ စိတ်လှုပ်ရှားလာလေလေ၊ ကြည့်လေလေ ပို၍ မယုံကြည်နိုင်စရာ ဖြစ်လာလေလေ ဖြစ်နေခဲ့လေသည်။
“ပြည့်စုံလိုက်တာ”
“ဒါတွေက တကယ်ပဲ ပြည့်စုံလှတဲ့ ဆေးလုံးအသစ်တွေပဲ”
“ဒါက... ဒါက တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ နတ်ဘုရားတစ်ပါးပဲ”
ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ ဆေးနတ်ဘုရားများအားလုံးပေါင်းလိုက်လျှင်ပင် နှစ်ရက်အတွင်း ပထမအဆင့်ဘေးဒုက္ခစီလက်ရှယ်အဆင့်ပုရှန့်ဆေးလုံး အလုံးနှစ်ဆယ်ကိုဖော်စပ်နိုင်မည် မဟုတ် ပေ။
သို့သော်လည်း ရန်ရှောက်ထျန်းကမူ တစ်ဦးတည်းနှင့် လုပ်ဆောင်နိုင်ခဲ့လေသည်တကား။
သူသည် ဒုတိယအဆင့်ဘေးဒုက္ခဟဲဗန်အဆင့် ပုရှန့်ဆေးလုံးသုံးလုံးကိုပင် ထပ်မံဖော်စပ်ခဲ့ သေးသည်လေ။
ဒါက ပြိုင်ဘက်ကင်းတဲ့ နတ်ဘုရားတစ်ပါး မဟုတ်ရင်ဘာဖြစ်နိုင်ဦးမှာလဲ။
“ငါတို့ သခင်လေးရန်နဲ့ မိတ်ဆွေဖြစ်အောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားရမယ်”
မုလင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ဤအချိန်တွင် မုလင်းနှင့် မုယီတို့သည် “စိန့်နတ်ဘုရား ဧကရာဇ် ရောက်လာပြီ” ဟူသော အသံကိုရုတ်တရက်ကြားလိုက်ရလေသည်။
နှစ်ဦးစလုံး မှင်တက်သွားခဲ့ကြလေသည်။
“စိန့်နတ်ဘုရားဧကရာဇ်က ငါတို့မုမိသားစုနေအိမ်ကို ရုတ်တရက်ရောက်လာတာက သခင် လေးရန်အတွက်များလား”
မုယီက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
မုလင်းက ခေါင်းငြိမ့်ပြကာ ပြုံးလျက်။
“အဲဒီမြေခွေးအိုကြီးက အဲဒီပထမအဆင့်ဘေးဒုက္ခစီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံး အလုံးနှစ်ဆယ်က သခင်လေးရန်နဲ့ ပတ်သက်နေတယ်ဆိုတာကို ခန့်မှန်းမိသွားပုံရတယ်”
သူက ပြုံးလျက်။
“သွားကြစို့၊ ငါတို့ အဲဒီမြေခွေးအိုကြီးကို သွားတွေ့ကြတာပေါ့”
ထိုသို့ပြောပြီးနောက် သူနှင့် မုယီတို့သည်ဟင်းလင်းပြင်ကိုဖြတ်ကျော်ကာ ပျံသန်းထွက်ခွာ လာခဲ့ကြလေသည်။
ထို့နောက်တွင် မုလင်း၏အားရပါးရရယ်မောသံမှာ မုမိသားစုနေအိမ်၏အနက်ရှိုင်းဆုံးနေ ရာမှ ထွက်ပေါ်လာခဲ့လေသည်။
“ဟားဟား... အဘိုးကြီးဖန့်၊ မင်း သူငယ်ချင်းဟောင်းဆီကို လာမလည်တာကြာပြီပဲ၊ ဒီနေ့ ဘာလို့ ရုတ်တရက်ကြီး လာလည်ဖို့ ဆုံးဖြတ်လိုက်ရတာလဲ”
လူတိုင်း မော့ကြည့်လိုက်ရာ မုလင်းနှင့်မုယီတို့သည် ဟင်းလင်းပြင်မှဆင်းသက်လာပြီး မင်းသမီးဖန့်ချင်း၊ ဖန့်ကျန့်နှင့် အခြားသူများ၏ ရှေ့တွင် ရပ်လိုက်သည်ကို မြင်တွေ့လိုက်ရလေသည်။
မုယီက အမြန်ရှေ့သို့ လှမ်းလာပြီး မင်းသမီးဖန့်ချင်းအား။
“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်” ဟု ပြောလိုက်သည်။
ဖန့်ကျန့်ကလည်း ရှေ့သို့ လှမ်းလာပြီး။
“စီနီယာသစ်ပင်တစ်ထောင် ဓားနတ်ဘုရားကို ဂါရဝပြုပါတယ်” ဟု ပြောလိုက်လေသည်။
ဤအခိုက်အတန့်တွင် ကျန့်ရှိဖိန်၊ ကျန့်ကျိယိုနှင့်အခြားသူများသည်လည်း စိတ်လှုပ်ရှား စွာဖြင့် ဒူးထောက်လိုက်ကြပြီး။
“အရှင်မင်းကြီး၊ စီနီယာသစ်ပင်တစ်ထောင်ဓားနတ်ဘုရားနဲ့ မဟာဧကရာဇ်ကို ဂါရဝပြု ပါတယ်” ဟု ပြောလိုက်ကြလေသည်။
မင်းသမီးဖန့်ချင်းမှာ ပို၍ပင် စိတ်လှုပ်ရှားနေပြီး ရှေ့သို့ လှမ်းလာကာ။
“ဖန့်ချင်းက ဘိုးဘေးကြီးနဲ့ ခမည်းတော်ကို ဂါရဝပြုပါတယ်” ဟု ပြောလိုက်လေသည်။
ဖန့်ကျန့်က ဖန့်ချင်းကို ကြည့်ကာ ပြုံးပြလျက်။
“သူမက နံပါတ်ခုနစ်လေးပါ”
ဖန့်ကျင်းက ဖန့်ချင်းကိုတစ်ချက်ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်ပြီးနောက် မုလင်းကို လှည့် ကြည့်ကာပြုံးလျက်။
“အဘိုးကြီးမု... ငါ ဘာလို့ဒီကိုရောက်နေတာလဲဆိုတာကို မင်းမသိဘဲမနေပါဘူး မဟုတ် လား”
မုလင်းက အားရပါးရရယ်မောလိုက်ပြီး။
“မင်းက ဆေးလုံးတွေအတွက် ရောက်လာတာမဟုတ်လား”
ဖန့်ကျင်း၏ မျက်လုံးများကျဉ်းမြောင်းသွားပြီး ပြုံးလျက်။
“အတိအကျပဲ”
မုလင်းက ပြုံးလျက်။
“သွားကြစို့၊ ငါတို့ သခင်လေးရန်ကို အတူတူသွားတွေ့ကြတာပေါ့”
ဖန့်ကျင်းနှင့် ဖန့်ကျန့်တို့ နှစ်ဦးစလုံးတုန်လှုပ်သွားခဲ့ကြလေသည်။ တကယ်ပဲ အဲဒီသခင်လေး ရန်နဲ့ ပတ်သက်နေတာကိုး။
ဖန့်ကျင်းက အားရပါးရ ရယ်မောလိုက်ပြီး။
“ကောင်းပြီ၊ သွားကြစို့၊ ငါတို့ သခင်လေးရန်ကို အတူတူသွားတွေ့ကြတာပေါ့”
ထိုသို့ပြောပြီးနောက် နှစ်ဦးသားမှာရန်ရှောက်ထျန်းတည်းခိုနေသောနန်းတော်ဆီသို့ ယှဉ်တွဲ ၍ လျှောက်လှမ်းသွားခဲ့ကြလေသည်။
ကျန့်ရှိဖိန်၊ ကျန့်ကျိယိုနှင့် အခြားသူများမှာမူ အံ့အားသင့်သွားခဲ့ကြလေသည်။ စိန့်နတ်ဘုရား ဧကရာဇ်က သခင်လေးရန် ဆိုတဲ့လူအတွက် ရောက်လာတာလား။
နေဦး။
သခင်လေးရန် ဟုတ်လား။
ဒါက...
ကျန့်ရှိဖိန်၊ ကျန့်ကျိယိုနှင့် အခြားသူများအားလုံးမှာ အကြီးအကျယ်တုန်လှုပ်သွားကြပြီး သူတို့၏မျက်နှာများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
မင်းသမီးဖန့်ချင်းပင်လျှင် သူမတို့ ခုနက တွေ့ခဲ့သည့် လူငယ်လေးကို တွေးလိုက်မိလေသည်။
အဲဒီလူငယ်လေးက သူ့ကိုယ်သူ သခင်လေးရန်လို့ ခေါ်ခဲ့တာ မဟုတ်လား။
“ဒါ... ဒါက မဖြစ်နိုင်တာ”
မင်းသမီးဖန့်ချင်းက သူမ၏ခေါင်းကိုခါယမ်းလိုက်ပြီး မယုံကြည်နိုင်သေးဘဲရှိနေခဲ့လေ သည်။ နာမည်တူတာပဲ နေမှာပါ။ တစ်ယောက်တည်းမဖြစ်နိုင်ပါဘူး။
သူမ၏ဘိုးဘေးကြီးက ၁၇ နှစ်၊ ၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက်အတွက်နဲ့ မုမိသားစု နေအိမ်ကို ဘယ်လိုလုပ်လာမှာလဲ။
ပြီးတော့ ပညာရှင်တွေ အများကြီးကိုလည်း ခေါ်လာသေးတယ်လေ။
မင်းသမီးဖန့်ချင်းတင်မကဘဲ မုဝမ်ချင်းပင်လျှင် မယုံကြည်နိုင်ဘဲ ရှိနေခဲ့လေသည်။
လုယွီထုံမှာလည်း သံသယများဖြင့် ပြည့်နှက်နေခဲ့လေသည်။
ကျန့်ရှိဖိန်၊ မင်းသမီးဖန့်ချင်း၊ လုယွီထုံ၊ မုဝမ်ချင်း၊ ကျန့်ကျိယိုနှင့် အခြားသူများသည်လည်း လူအုပ်ကြီး၏နောက်မှ လိုက်ပါကာ ရန်ရှောက်ထျန်းတည်းခိုနေသော နန်းတော်ဆီသို့ ဦးတည်သွားခဲ့ ကြလေသည်။
ဤအချိန်တွင် နန်းတော်အတွင်း၌ ရန်ရှောက်ထျန်းသည် တိုက်တန်ဧရာမမိစ္ဆာနှင့် ရှဲ့ဝူရှင်း တို့ကိုခေါ်ယူကာ နန်ထျန်ဓားနတ်ဘုရား၏ အခြေအနေကို ပြောပြနေလေသည်။
သူသည် ထိုနှစ်ဦးအား သူတို့၏လက်အောက်ခံအင်အားစုများကို အသုံးပြု၍ နန်ထျန်ဓားနတ် ဘုရား၏တည်နေရာကိုရှာဖွေခိုင်းရန်ပြင်ဆင်နေစဉ်မှာပင် နန်းတော်အပြင်ဘက်မှမုလင်း၏ အားရ ပါးရ ရယ်မောသံမှာ ရုတ်တရက်ထွက်ပေါ်လာခဲ့လေသည်။
“ကျွန်တော်မုလင်းပါ။ ဖန့်ကျင်းနဲ့အတူ သခင်လေးရန်ကို လာတွေ့တာပါ”
“သခင်လေးရန် ရှိပါသလား”
တိုက်တန်ဧရာမမိစ္ဆာနှင့် ရှဲ့ဝူရှင်းတို့ နှစ်ဦးစလုံးအံ့အားသင့်သွားခဲ့ကြလေသည်။
“သစ်ပင်တစ်ထောင်ဓားနတ်ဘုရားနဲ့ စိန့်နတ်ဘုရားဧကရာဇ်တို့က သခင်လေးကိုလာတွေ့ ကြတာလား”
ရှဲ့ဝူရှင်းက သံသယဖြင့် မေးလိုက်သည်။
“ဒီအဘိုးကြီးနှစ်ယောက်က သခင်လေးဆီက ဘာလိုချင်နေကြတာလဲ”
ရန်ရှောက်ထျန်းက သူတို့၏ရည်ရွယ်ချက်ကို ခပ်ရေးရေးခန့်မှန်းလိုက်မိသဖြင့် မတ်တပ်ရပ် ကာ ပြုံးလျက်။
“သွားကြစို့၊ ငါတို့ အပြင်ထွက်ပြီး သူတို့ကို ကြိုဆိုကြတာပေါ့”
ထို့နောက် သူသည်ထိုနှစ်ဦးနှင့်အတူအပြင်သို့ လျှောက်လှမ်းလာခဲ့လေသည်၊ ထိုအချိန်တွင် ဟွန်ချွမ်တစ္ဆေဘုရင်သည်လည်း ဘယ်ကမှန်းမသိပေါ်လာပြီး ရန်ရှောက်ထျန်း၏ဘေးမှ လိုက်ပါ လာခဲ့လေသည်။
နန်းတော်တံခါးအပြင်ဘက်တွင် လူတိုင်းမှာစိတ်အားထက်သန်စွာဖြင့် စောင့်မျှော်နေကြ လေ သည်။
ရုတ်တရက် နန်းတော်တံခါး ပွင့်သွားခဲ့လေသည်။
အရောင်အသွေးစုံလင်သော အဝတ်အစားများကိုဝတ်ဆင်ထားသည့် ပိန်လှီလှသော အဘိုးကြီးတစ်ဦးမှာ လူတိုင်း၏ရှေ့တွင်ပေါ်လာခဲ့လေသည်။
မုလင်းနှင့် ဖန့်ကျင်းတို့သည် ဝူရှင်းဆေးနတ်ဘုရားကိုယ်တိုင် တံခါးလာဖွင့်သည်ကို မြင်လိုက် ရသောအခါ မှင်တက်သွားကြတော့သည်။ သူတို့သည်အမြန်ရှေ့သို့လှမ်းလာပြီး လက်ဖဝါးချင်း ယှက်ကာ။
“စီနီယာဝူရှင်းဆေးနတ်ဘုရားကို ဂါရဝပြုပါတယ်” ဟု ပြောလိုက်ကြလေသည်။
ရှဲ့ဝူရှင်းမှာ ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ အသက်အကြီးဆုံးဆေးနတ်ဘုရားဖြစ်ပြီး ဝါအရဆို လျှင် သူသည်ထိုနှစ်ဦးထက် တစ်ဆက်ပိုကြီးလေရာ သူတို့သည်မျိုးဆက်သစ်ပညာရှင်များကဲ့သို့ ဂါရဝပြုကြခြင်း ဖြစ်လေသည်။
ကျန့်ရှိဖိန်၊ မင်းသမီးဖန့်ချင်း၊ မုဝမ်ချင်း၊ ကျန့်ကျိယို၊ လုယွီထုံနှင့် နောက်မှလိုက်ပါလာ သူများမှာ အလွန်တရာထိတ်လန့်သွားကြပြီး သူတို့ရှေ့ရှိပိန်လှီလှသောအဘိုးကြီးကို ထိတ်လန့် တကြား ကြည့်လိုက်ကြလေသည်။
ဝူရှင်းဆေးနတ်ဘုရား ဟုတ်လား။
ဒီပိန်လှီလှတဲ့ အဘိုးကြီးကအကြီးမြတ်ဆုံးဆေးနတ်ဘုရားလေးဦးထဲမှ တစ်ဦးဖြစ်တဲ့ ဝူရှင်း ဆေးနတ်ဘုရားလား။
အထူးသဖြင့် မုဝမ်ချင်းမှာ သူမ၏လက်များ တုန်ယင်နေခဲ့လေသည်။
ဤအချိန်တစ်လျှောက်လုံး သခင်လေးရန်၏နောက်မှ ရိုသေစွာလိုက်ပါနေသော ဤအဘိုး ကြီးမှာ တကယ်တော့ စီနီယာဝူရှင်းဆေးနတ်ဘုရား ဖြစ်နေခဲ့သည်တကား။
ဘုရားရေ။
ကျန့်ကျိယိုမှာ ပို၍ပင် စိတ်လှုပ်ရှားနေပြီး ဒူးထောက်လိုက်ကာ။
“မြေးတပည့်က ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်” ဟု ပြောလိုက်လေသည်။
***