ရှဲ့ဝူရှင်းက စိတ်လှုပ်ရှားစွာဖြင့်ဒူးထောက်နေသော ကျန့်ကျိယိုကို တစ်ချက်ကြည့်လိုက်ပြီး သူ၏အကြည့်မှာ မုလင်းနှင့်ဖန့်ကျင်းတို့ဆီသို့ ကျရောက်သွားကာ မကျေမနပ်ဖြင့် မေးလိုက်သည်။
“မင်းတို့နှစ်ယောက် ဘာကိစ္စရှိလို့ ငါ့သခင်လေးဆီကို ရုတ်တရက်ကြီး လာတွေ့ကြတာလဲ”
ငါ့သခင်လေး ဟုတ်လား။
ဖန့်ကျင်းနှင့် ဖန့်ကျန့်တို့ နှစ်ဦးစလုံး တုန်လှုပ်သွားခဲ့ကြလေသည်။
ဝူရှင်းဆေးနတ်ဘုရားက တကယ်ပဲ အဲဒီသခင်လေးရန်ရဲ့ လက်အောက်ငယ်သား ဖြစ်သွားခဲ့ ပြီပေါ့။
ဒါက...
ဤအချိန်တွင် ရန်ရှောက်ထျန်းနန်းတော်အတွင်းမှလမ်းလျှောက်ထွက်လာပြီး ရှဲ့ဝူရှင်းကို ကြည့်ကာ ပြုံးလျက်။
“စီနီယာ... သူတို့က ကျွန်တော့်ကို လာတွေ့တာပါ၊ ဆေးလုံးတွေအတွက် ဖြစ်နိုင်ပါတယ်”
“စီနီယာနှစ်ယောက်ကို အထဲဝင်ခိုင်းလိုက်ပါ”
ထိုအခါမှသာ ရှဲ့ဝူရှင်းက ဘေးသို့ ဖယ်ပေးလိုက်လေသည်။
ရန်ရှောက်ထျန်း နန်းတော်အတွင်းမှလမ်းလျှောက်ထွက်လာသောအခါ သူ၏ပုံရိပ်မှာ လူတိုင်း၏ရှေ့တွင် ပေါ်လာခဲ့လေသည်။
ကျန့်ရှိဖိန်၊ မင်းသမီးဖန့်ချင်း၊ ကျန့်ကျိယိုနှင့် အခြားသူများသည် ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသော လူငယ်လေးကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေကြလေသည်။
မင်းသမီးဖန့်ချင်းသည် ရန်ရှောက်ထျန်းကို မြင်လိုက်ရသောအခါ သူမလည်း တုန်လှုပ်သွားပြီး အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်လေသည်။
“မောင်လေး... မင်းဖြစ်နေတာပဲ”
ဒါက လွန်ခဲ့တဲ့ရက်ပိုင်းကအချိန်မြစ်ရဲ့အဆုံးမှာ သူတွေ့ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူငယ်လေးမဟုတ်လား။
ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လူငယ်လေးက သခင်လေးရန် ဖြစ်နေတာပဲ။
ရန်ရှောက်ထျန်းလည်း ဖန့်ကျင်းကို မှတ်မိသွားပြီး ပြုံးလျက်။
“စီနီယာ ဖြစ်နေတာပဲ။ ကျွန်တော်တို့ အရင်ကခဏလေးတွေ့ဖူးကြတယ်၊ စီနီယာ့ကို ဒီမှာ တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး”
ဖန့်ကျင်းက အားရပါးရ ရယ်မောလိုက်ပြီး။
“ဒါကို ရေစက်လို့ပဲ ပြောရမှာပေါ့၊ တကယ့်ကို ရေစက်ပါပဲ”
ရန်ရှောက်ထျန်းက လက်ဝှေ့ယမ်းကာ ဖန့်ကျင်းနှင့် မုလင်းတို့ကို ပြုံးပြလိုက်ပြီး။
“စီနီယာနှစ်ယောက်... ကျေးဇူးပြုပြီး အထဲကြွပါ”
ဖန့်ကျင်းနှင့် မုလင်းတို့ အထဲသို့ဝင်ရန်ပြင်လိုက်စဉ်မှာပင် ရန်ရှောက်ထျန်း၏နောက်ကွယ်ရှိ တိုက်တန်ဧရာမမိစ္ဆာကို ရုတ်တရက်မြင်လိုက်ရသဖြင့် ထပ်မံထိတ်လန့်သွားကြပြန်ကာ။
“တိုက်တန်ဧရာမမိစ္ဆာ”
တိုက်တန်ဧရာမမိစ္ဆာ ဟုတ်လား။
မုဝမ်ချင်းမှာ အကြီးအကျယ်ထပ်မံတုန်လှုပ်သွားပြန်လေသည်။
ဒီလူသန်ကြီးက မိစ္ဆာတွေထဲကမိစ္ဆာ၊ မိစ္ဆာတစ်သောင်းတို့ရဲ့နတ်ဘုရားဖြစ်တဲ့ တိုက်တန် ဧရာမမိစ္ဆာလား။
ကျန့်ရှိဖိန်၊ ဖန့်ကျင်း၊ ကျန့်ကျိယိုနှင့် အင်ပါယာမိသားစုမှပညာရှင်များအားလုံးမှာ သူတို့ရှေ့ရှိ လူလတ်ပိုင်းလူသန်ကြီးမှာ တိုက်တန်ဧရာမမိစ္ဆာဖြစ်ကြောင်းကြားလိုက်ရသောအခါ အားလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြတော့သည်။
တိုက်တန်ဧရာမမိစ္ဆာကမူ ခေါင်းခါပြကာပြောလိုက်သည်။
“တိုက်တန်ဧရာမမိစ္ဆာကဘာလဲ။ ငါက အခုဂိုဏ်းချုပ်ရဲ့လက်အောက်က အစောင့်တစ် ယောက်ပါပဲ”
ဂိုဏ်းချုပ်ရဲ့ လက်အောက်က အစောင့်တစ်ယောက် ဟုတ်လား။
ဤသည်ကို ကြားလိုက်ရသောအခါ လူတိုင်းမှာရန်ရှောက်ထျန်းကိုအမျိုးမျိုးသော မျက်နှာ အမူအရာများဖြင့် ကြည့်လိုက်ကြလေသည်။
ထို့နောက် ရန်ရှောက်ထျန်းကမုလင်း၊ ဖန့်ကျင်း၊ မုယီနှင့် ဖန့်ကျန့်တို့ကိုအထဲသို့ ဖိတ်ကြား လိုက်လေသည်။
ကျန်ရှိသောသူများမှာမူ နန်းတော်အပြင်ဘက်တွင်ကျန်ရစ်ခဲ့ကြပြီး အထဲသို့ခြေတစ်လှမ်း ပင် မတိုးရဲကြပေ။
ဝူရှင်းဆေးနတ်ဘုရားနှင့် တိုက်တန်ဧရာမမိစ္ဆာတို့ ရှိနေသဖြင့် လူတိုင်းကို သတ္တိတွေ ပိုပေးပြီး အထဲဝင်ဖို့ ဖိတ်ခေါ်ရင်တောင်မှ ဘယ်သူမှ ဝင်ရဲမှာ မဟုတ်ဘူးလို့ ခန့်မှန်းရလေသည်။
မိစ္ဆာတွေထဲက မိစ္ဆာဖြစ်တဲ့တိုက်တန်ဧရာမမိစ္ဆာဆိုတဲ့ဘွဲ့နာမည်က ဘယ်သူမဆို ပိုင်ဆိုင်နိုင် တဲ့အရာမဟုတ်ပေ။
ရန်ရှောက်ထျန်းက လူအနည်းငယ်ကိုထိုင်ခိုင်းလိုက်ပြီးနောက် တိုက်တန်ဧရာမမိစ္ဆာအား သူတို့အတွက် လက်ဖက်ရည်ပြင်ခိုင်းလိုက်လေသည်။
ဒါက မုယီနှင့်ဖန့်ကျန့်တို့ကို အလွန်တရာထိတ်လန့်သွားစေသဖြင့် လက်ဖက်ရည်ခွက်ကို ကိုင်ထားသော သူတို့၏လက်များမှာ တုန်ယင်နေခဲ့လေသည်။
မုလင်းနှင့် ဖန့်ကျင်းတို့ပင်လျှင် စိတ်ထဲတွင် အနေရခက်နေခဲ့လေသည်။
မုလင်းက သူ၏လက်ဖက်ရည်ကို သောက်လိုက်ပြီး ရန်ရှောက်ထျန်းကို ကြည့်ကာ ပြုံးလျက်။
“သခင်လေးရန်... သခင်လေးကနှစ်ရက်အတွင်းမှာ ပထမအဆင့်ဘေးဒုက္ခစီလက်ရှယ် အဆင့်ပုရှန့်ဆေးလုံး အလုံးနှစ်ဆယ်ကိုဖော်စပ်နိုင်လိမ့်မယ်လို့ ကျွန်တော်တစ်ခါမှ မတွေးဖူးခဲ့ဘူး”
လက်ဖက်ရည်သောက်နေသော ဖန့်ကျင်းနှင့် ဖန့်ကျန့်တို့ နှစ်ဦးစလုံးမှာ တစ်ပြိုင်နက်တည်း “ဖွတ်” ခနဲ ဖြစ်သွားကြပြီး ရန်ရှောက်ထျန်းကို ထိတ်လန့်တကြားကြည့်လိုက်ကြလေသည်။
အဘိုးကြီးမုလင်း ခုနက ဘာပြောလိုက်တာလဲ။
အဲဒီပထမအဆင့်ဘေးဒုက္ခစီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံးအလုံးနှစ်ဆယ်ကို သခင်လေး ရန်ကိုယ်တိုင် ဖော်စပ်ခဲ့တာဟုတ်လား။
အဲဒီပထမအဆင့်ဘေးဒုက္ခစီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံး အလုံးနှစ်ဆယ်က ရန်ရှောက် ထျန်းနဲ့ပတ်သက်နေနိုင်တယ်လို့ သူတို့ခန့်မှန်းထားကြပေမဲ့ ရန်ရှောက်ထျန်းကိုယ်တိုင် ဖော်စပ်ခဲ့တာ လို့တော့ သူတို့ တစ်ခါမှမတွေးခဲ့ဖူးပေ။
ဟွန်ချွမ်တစ္ဆေဘုရင်၊ တိုက်တန်ဧရာမမိစ္ဆာနှင့် ရှဲ့ဝူရှင်းတို့သည်လည်း ရန်ရှောက်ထျန်းကို ထိတ်လန့်တကြားကြည့်လိုက်ကြလေသည်။
တိုက်တန်ဧရာမမိစ္ဆာနှင့် ရှဲ့ဝူရှင်းတို့သည် ဝူရှင်းချိုင့်ဝှမ်းတွင် ရန်ရှောက်ထျန်း၏ ဆေးဖော် စပ်မှုအတတ်ပညာကိုတွေ့မြင်ခဲ့ရသော်လည်း ရန်ရှောက်ထျန်းကနှစ်ရက်အတွင်း ပထမအဆင့် ဘေးဒုက္ခစီလက်ရှယ်အဆင့်ပုရှန့်ဆေးလုံး အလုံးနှစ်ဆယ်ကိုဖော်စပ်ခဲ့သည်ဟုကြားလိုက်ရသော အခါ အံ့အားသင့်နေဆဲဖြစ်လေသည်။
ရန်ရှောက်ထျန်း ဆေးဖော်စပ်သည်ကိုမမြင်ဖူးသောဟွန်ချွမ်တစ္ဆေဘုရင်ဆိုလျှင်မူ ပို၍ပင် မယုံကြည်နိုင်စရာဖြစ်နေခဲ့လေသည်။
ဤအချိန်တွင် သူသည်လွန်ခဲ့သော ရက်ပိုင်းက ရန်ရှောက်ထျန်းပေးခဲ့သော ဘေးဒုက္ခနှစ်မျိုး ပါ ဟဲဗန်အဆင့်အသက်ဆေးလုံး ဆယ်လုံးကိုပြန်လည်တွေးတောမိလိုက်လေသည်။
ဂိုဏ်းချုပ်ရဲ့ ပြန်လည်ဝင်စားခြင်းဆေးလုံးတွေက ဘယ်ကလာသလဲဆိုတာကို နောက်ဆုံးမှာ သူ နားလည်သွားခဲ့လေပြီ။
ဖန့်ကျင်းသည် သူ၏ထိတ်လန့်မှုထဲတွင်ပြင်းထန်စွာခုန်လှုပ်နေသော သူ၏နှလုံးသားကို အတတ်နိုင်ဆုံး ဖိနှိပ်လိုက်ပြီးမေးလိုက်သည်။
“သခင်လေးရန်... အဲဒီပထမအဆင့်ဘေးဒုက္ခစီလက်ရှယ်အဆင့်ပုရှန့်ဆေးလုံး အလုံးနှစ် ဆယ်စလုံးကို သခင်လေးကတစ်ရက်တည်းနဲ့ ဖော်စပ်ခဲ့တာလား”
တစ်ရက်တည်းလား။
မုလင်း၊ မုယီ၊ ဟွန်ချွမ်တစ္ဆေဘုရင်နှင့် အခြားသူများမှာ သူတို့၏မျက်လုံးများကို ပြူးလိုက်ကြ လေသည်။
ရန်ရှောက်ထျန်းက ပြုံးလျက် ခေါင်းငြိမ့်ပြကာ။
“ဟုတ်ပါတယ်၊ ကျွန်တော်အဲဒါတွေကို တစ်ရက်ရဲ့ထက်ဝက်လောက်အတွင်းမှာပဲ ဖော်စပ်ခဲ့ တာပါ”
တစ်ရက်ရဲ့ ထက်ဝက်လောက်အတွင်းမှာ ဟုတ်လား။
မုလင်း၊ မုယီနှင့် ဖန့်ကျန့်တို့ အားလုံးမှာ အားရပါးရ ထပ်မံအံ့အားသင့်သွားကြပြန်လေသည်။
“လွန်ခဲ့တဲ့ နှစ်ရက်အတွင်းမှာ ကျွန်တော်ပထမအဆင့်ဘေးဒုက္ခစီလက်ရှယ်အဆင့် ပုရှန့် ဆေးလုံးအလုံးနှစ်ဆယ်ကို ဖော်စပ်ခဲ့သလိုဒုတိယအဆင့်ဘေးဒုက္ခဟဲဗန်အဆင့် ပုရှန့်ဆေးလုံး သုံးလုံးကိုလည်း ဖော်စပ်ခဲ့ပါတယ်”
ရန်ရှောက်ထျန်းက ပြောလိုက်သည်။
“ပြီးတော့ ကျွန်တော်ဘေးဒုက္ခနှစ်မျိုးပါဟဲဗန်အဆင့်အသက်ဆေးလုံး ဆယ်လုံးကိုလည်း ဖော်စပ်ခဲ့ပါသေးတယ်”
ဤသည်ကို ကြားလိုက်ရသောအခါ ဖန့်ကျန့်နှင့် မုယီတို့ နှစ်ဦးစလုံးကြမ်းပြင်ပေါ်သို့ လဲကျ သွားကြတော့သည်။
ဖန့်ကျင်းနှင့် မုလင်းတို့၏ထိုင်ခုံများမှာလည်းပြင်းထန်စွာတုန်ခါသွားခဲ့လေသည်၊ ၎င်းမှာ သူတို့ကိုယ်တိုင်လှုပ်ရှားလိုက်ခြင်းလား ဒါမှမဟုတ်မြေကြီးတုန်ခါသွားခြင်းလားဆိုသည်ကို သူတို့ မသိကြပေ။
ထိုသို့ပြောရင်း ရန်ရှောက်ထျန်းကဘေးဒုက္ခနှစ်မျိုးပါဟဲဗန်အဆင့် အသက်ဆေးလုံး ဆယ်လုံးကို ထုတ်ယူလိုက်ပြီး ဟွန်ချွမ်တစ္ဆေဘုရင်အားပေးလိုက်လေသည်။
“စီနီယာ... စီနီယာ့ရဲ့ဒဏ်ရာတွေက လုံးဝမပျောက်သေးပါဘူး။ ဒီဘေးဒုက္ခနှစ်မျိုးပါ ဟဲဗန်အဆင့် အသက်ဆေးလုံး ဆယ်လုံးကိုအရင်ယူထားလိုက်ပါ။ အကယ်၍မလုံလောက်ဘူးဆိုရင် ကျွန်တော့်ကိုပြောပါ”
ဟွန်ချွမ်တစ္ဆေဘုရင်၏ လက်များမှာအသက်ဆေးလုံးဆယ်လုံးကို ယူလိုက်စဉ်တွင် တုန်ယင် နေခဲ့ပြီး ဦးညွှတ်လိုက်ကာ။
“ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်လေသည်။
နှစ်ပေါင်းသောင်းချီကြာအောင် သူသည်မျက်ရည်တစ်စက်မျှမကျခဲ့သော်လည်း ဤအခိုက် အတန့်တွင်မူ သူသည်ငိုချင်သလိုမျိုး ခံစားလိုက်ရလေသည်။
ကောင်းကင်ကြီးက တကယ်ပဲသူတို့ရဲ့ ဟွန်ချွမ်မိစ္ဆာဂိုဏ်းကို ကောင်းချီးပေးလိုက်တာပဲ။
သူတို့ရဲ့ ဟွန်ချွမ်မိစ္ဆာဂိုဏ်းမှာဒီလိုဂိုဏ်းချုပ်မျိုးရှိနေတာက ဘယ်လောက်တောင်ကံကောင်း လိုက်သလဲ။
မုလင်း၊ ဖန့်ကျင်းနှင့် အခြားသူများသည် ဟွန်ချွမ်တစ္ဆေဘုရင်၏လက်ထဲရှိ အသက်ဆေး လုံးများကိုကြည့်ရင်း တံတွေးကိုအနိုင်နိုင် မျိုချနေခဲ့ကြလေသည်။
ဘေးဒုက္ခနှစ်မျိုးပါ ဟဲဗန်အဆင့်အသက်ဆေးလုံးများ၊ ၎င်းတို့၏ အကျိုးသက်ရောက်မှုမှာ သာမန်ကုသရေး နတ်ဘုရားဆေးလုံးများနှင့် နှိုင်းယှဉ်နိုင်နေပြီဖြစ်လေသည်။
ဒါပေမဲ့ ဒီမှာက ဆယ်လုံးတောင်ရှိနေတာလေ။
ဒီသခင်လေးရန်က မျက်တောင်တစ်ချက်မျှမခတ်ဘဲနဲ့ သူ့ရဲ့လက်အောက်ငယ်သားကို တိုက် ရိုက်ပေးလိုက်တာပါလား။
မုလင်းနှင့် ဖန့်ကျင်းတို့သည်ရန်ရှောက်ထျန်း၏လက်အောက်ငယ်သားဖြစ်ရခြင်းမှာ မည်မျှ အထိကံကောင်းကြောင်း ရုတ်တရက်ခံစားလိုက်ရလေသည်။
ဤအခိုက်အတန့်တွင် ဖန့်ကျင်းအသက်ပြင်းပြင်းရှူလိုက်ပြီး မတ်တပ်ရပ်လိုက်ကာ ရန်ရှောက်ထျန်းအား လက်ဖဝါးချင်းယှက်လိုက်ပြီး။
“သခင်လေးရန်... ကျွန်တော့်မှာဆေးဖော်စပ်မှုနဲ့ပတ်သက်တဲ့မေးခွန်းအချို့ရှိနေလို့ သခင် လေးကိုမေးချင်ပါတယ်။ ကျွန်တော်သခင်လေးရဲ့ နန်းတော်မှာရက်အနည်းငယ်လောက်တည်းခိုလို့ ရမလား”
ဤအခိုက်အတန့်တွင် ဖန့်ကျင်းသည်စိန့်နတ်ဘုရားဧကရာဇ်ဖြစ်သော်လည်း အမှန်တကယ် ပင် စိုးရိမ်တကြီးနှင့်မျှော်လင့်တကြီးဖြစ်နေခဲ့ပြီး ရန်ရှောက်ထျန်းကိုမျှော်လင့်ချက်အပြည့်ဖြင့် ကြည့် နေမိလေသည်။
မုလင်းသည်လည်းမတ်တပ်ရပ်လိုက်ပြီး လက်ဖဝါးချင်းယှက်ကာသတိထားလျက် ပြော လိုက်သည်။
“ကျွန်တော့်မှာလည်း ဆေးဖော်စပ်မှုနဲ့ပတ်သက်ပြီးသခင်လေးရန်ကို မေးစရာတွေ ရှိပါတယ်၊ ကျွန်တော်လည်း သခင်လေးရဲ့ နန်းတော်မှာ ရက်အနည်းငယ်လောက် တည်းခိုချင်ပါတယ်။ သခင်လေး ခွင့်ပြုပေးမယ်လို့ မျှော်လင့်ပါတယ်”
ရန်ရှောက်ထျန်းက မျှော်လင့်တကြီးဖြစ်နေသော ဖန့်ကျင်းနှင့်မုလင်းတို့ကိုကြည့်ကာ ပြုံး လျက်။
“ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော် ဒုတိယအဆင့် ဘေးဒုက္ခဟဲဗန်အဆင့် ပုရှန့်ဆေးလုံးတွေနဲ့ အသက်ဆေးလုံးတွေကိုဖော်စပ်ပါဦးမယ်။ စီနီယာနှစ်ယောက်ကဘေးကနေ ကြည့်လို့ ရပါတယ်”
ဤသည်ကို ကြားလိုက်ရသောအခါ ဖန့်ကျင်းနှင့် မုလင်းတို့မှာ အလွန်တရာဝမ်းသာသွားကြ ပြီး။
“ကျေးဇူးတင်ပါတယ် သခင်လေးရန်”
ဒုတိယအဆင့် ဘေးဒုက္ခဟဲဗန်အဆင့်ပုရှန့်ဆေးလုံးဖော်စပ်တာကို ဘေးကနေကြည့်ခွင့်ရ တာက အလွန်တရာရှားပါးလှတဲ့ အခွင့်အရေးတစ်ခု ဖြစ်လေသည်။
မုယီနှင့် ဖန့်ကျန့်တို့သည်လည်း စကားပြောရန်ပါးစပ်ဟလိုက်ကြသော်လည်း သူတို့လည်း ဘေးကနေ ကြည့်ချင်သော်လည်း စကားမပြောရဲဘဲရှိနေကြလေသည်။
ရန်ရှောက်ထျန်းက သူတို့၏မျက်နှာအမူအရာကို မြင်သောအခါ ပြုံးလျက်။
“အကယ်၍ မိသားစုခေါင်းဆောင်မုနဲ့မဟာဧကရာဇ်တို့မှာ အချိန်ရှိမယ်ဆိုရင်လည်း အဲဒီအချိန်ကျရင် ဘေးကနေကြည့်လို့ ရပါတယ်”
မုယီနှင့် ဖန့်ကျန့်တို့မှာ အလွန်တရာ ဝမ်းသာသွားကြပြီး။
“ကျွန်တော်တို့မှာ အချိန်ရှိပါတယ်၊ အချိန်ရှိပါတယ်၊ ကျေးဇူးတင်ပါတယ်သခင်လေးရန်”
ဤအချိန်တွင် နန်းတော်အပြင်ဘက်၌လူတိုင်းမှာတိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြပြီး တင်းကြပ်စွာ ပိတ်ထားသောတံခါးကို ကြည့်နေကြလေသည်။
မင်းသမီးဖန့်ချင်း ခဏမျှတုံ့ဆိုင်းနေပြီးနောက် လုယွီထုံကိုမမေးဘဲ မနေနိုင်တော့ပေ။
“ယွီထုံမေမေ... သခင်လေးရန်နဲ့ ဘယ်လိုမျိုး တွေ့ခဲ့တာလဲ”
သူမက သခင်လေးရန်အကြောင်းကိုပြောသည့်အခါ အလွန်တရာသတိထားနေခဲ့ပြီး တားမြစ် ထားတဲ့တည်ရှိမှုတစ်ခုခုအကြောင်း ပြောနေသလိုမျိုး ဖြစ်နေခဲ့လေသည်။
လူတိုင်း၏ အကြည့်မှာ လုယွီထုံဆီသို့ ကျရောက်သွားခဲ့လေသည်။
ကျန့်ရှိဖိန်နှင့် ကျန့်ကျိယိုတို့သည်လည်း ထပ်တူပင် စပ်စုချင်နေကြလေသည်။
လုယွီထုံသည် ရန်ရှောက်ထျန်းနှင့် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည့်မြင်ကွင်းကို မစဉ်းစားဘဲ မနေနိုင်တော့ဘဲ ပြောလိုက်သည်။
“ကျွန်မ သခင်လေးရန်နဲ့ ပထမဆုံးအကြိမ်တွေ့တုန်းက သူကနန်ထျန်ဓားနတ်ဘုရားနဲ့ ဓားအတတ်ပညာယှဉ်ပြိုင်နေတာပါ”
***