ရန်ရှောက်ထျန်းနှင့် နန်ထျန်ဓားနတ်ဘုရားတို့သည် ဓားအတတ်ပညာယှဉ်ပြိုင်ခဲ့ကြသည်ဟု ကြားလိုက်ရသဖြင့် လူတိုင်းမှာအကြီးအကျယ်ထိတ်လန့်သွားကြတော့သည်။
နန်ထျန်ဓားနတ်ဘုရားက ဘယ်သူလဲ။ သူကဓားနတ်ဘုရားအဆင့် သတ်မှတ်ချက်ထဲမှာ ထိပ်တန်းအယောက်သုံးဆယ်ထဲမှာပါဝင်တဲ့ ပြိုင်ဘက်ကင်း ဓားနတ်ဘုရားတစ်ပါး ဖြစ်လေသည်။
လူငယ်လေးတစ်ယောက်က ပြိုင်ဘက်ကင်းဓားနတ်ဘုရားတစ်ပါးနဲ့ ဓားအတတ်ပညာ ယှဉ်ပြိုင်နိုင်တယ် ဟုတ်လား။
“အဲဒီနောက် ဘာဖြစ်သွားလဲ”
မင်းသမီးဖန့်ချင်းက စိုးရိမ်တကြီး မေးလိုက်လေသည်။
လုယွီထုံက ဆက်လက်တွေးတောရင်း။
“အဲဒီအချိန်တုန်းက နန်ထျန်ဓားနတ်ဘုရားကပြောခဲ့တယ်၊ ‘ညီလေးရန်ရဲ့ ဓားအတတ် ပညာက ငါ့တစ်သက်မှာမြင်ဖူးသမျှထဲမှာအကောင်းဆုံးပဲ’ တဲ့”
လူတိုင်း အံ့အားသင့်သွားကြတော့သည်။
သူ့တစ်သက်မှာ မြင်ဖူးသမျှထဲမှာ အကောင်းဆုံး ဟုတ်လား။
နန်ထျန်ဓားနတ်ဘုရားလို ပြိုင်ဘက်ကင်းဓားနတ်ဘုရားတစ်ပါးက လူငယ်လေးတစ်ဦးရဲ့ ဓားအတတ်ပညာကို ဒီလောက်အထိ အကဲဖြတ်ပေးခဲ့တယ် ဟုတ်လား။
အကယ်၍ အရင်ကဆိုရင်တော့ သူတို့ မယုံကြည်ကြပေ။
လုယွီထုံများ မှားကြားတာလားလို့တောင် သူတို့ သံသယဖြစ်မိကြလိမ့်မည်။
ဒါပေမဲ့ အခုတော့ လူတိုင်းမှာ ထိတ်လန့်နေခဲ့ကြလေပြီ။
လုယွီထုံက ဆက်ပြောလိုက်သည်။
“နန်ထျန်ဓားနတ်ဘုရားကဆက်ပြောသေးတယ်၊ ‘ငါ ကျန့်လင်းက ငါ့တစ်သက်မှာလူသုံး ယောက်ကိုပဲအထင်ကြီးခဲ့တာ၊ အခုတော့ ညီလေးရန်ကစတုတ္ထမြောက်လူပဲ’ တဲ့”
စတုတ္ထမြောက်လူ ဟုတ်လား။
ညီလေးရန် မတိုင်ခင်မှာဝမ်ကျန့်တိုက်ကြီးပေါ်မှာ နန်ထျန်ဓားနတ်ဘုရားရဲ့ အထင်ကြီးလေး စားမှုကို ရထိုက်တဲ့လူ သုံးယောက်ပဲ ရှိခဲ့တာလေ။
အခုတော့ နောက်တစ်ယောက် ထပ်တိုးလာခဲ့ပြီ။
လူတိုင်း၏ နှလုံးသားမှာ အချိန်အတော်ကြာအောင် မငြိမ်မသက် ဖြစ်နေခဲ့လေသည်။
အတော်ကြာမှ မင်းသမီးဖန့်ချင်းက နောက်ဆုံးတွင် စကားပြောနိုင်တော့သည်။
“ယွီထုံမေမေ... အဲဒါကြောင့်ပဲ သခင်လေးရန်က ဝူဟွမ်အရှင်သခင်ရဲ့ ဓားကျောက်စာချပ်ကို အသက်သွင်းနိုင်မယ်လို့ မင်းထင်နေတာလား”
သို့သော်လည်း လုယွီထုံက ခေါင်းခါပြကာ ပြောလိုက်သည်။
“မဟုတ်ပါဘူး၊ ကျွန်မရဲ့ အဘိုးက အရင်ကနတ်ဘုရားအိပ်မက်အရှင်သခင်ရဲ့ ဓားကျမ်းကို ရခဲ့ဖူးတယ်။ အဲဒီဓားကျမ်းထဲမှာနတ်ဘုရားအိပ်မက်အရှင်သခင်ချန်ထားခဲ့တဲ့ ဓားချီတွေ ရှိနေပြီး ကျွန်မရဲ့ အဘိုးကော နန်ထျန်ဓားနတ်ဘုရားပါ အဲဒါကို မဖွင့်နိုင်ခဲ့ကြဘူး”
“ဒါပေမဲ့ သခင်လေးရန်က သူ့ရဲ့လက်ကို အဲဒီအပေါ်တင်လိုက်ရုံနဲ့တင် ဓားကျမ်းက ပွင့်သွား ခဲ့တာပါ”
လူတိုင်း၏ မျက်လုံးများ ပြူးသွားကြတော့သည်။
“မင်း ပြောတာက ရှေးဟောင်းနတ်ဘုရားအိပ်မက်အရှင်သခင်ရဲ့ ဓားကျမ်းလား”
ကျန့်ရှိဖိန်က ထိတ်လန့်တကြား မေးလိုက်လေသည်။
နတ်ဘုရားအိပ်မက်အရှင်သခင်မှာ ရှေးဟောင်းကာလကပြိုင်ဘက်ကင်း ဓားနတ်ဘုရား တစ်ပါးဖြစ်လေသည်။ ဝူဟွမ်အရှင်သခင်သည်လည်းရှေးဟောင်းကာလက အလွန်တရာအစွမ်း ထက်သော်လည်း နတ်ဘုရားအိပ်မက်အရှင်သခင်နှင့်နှိုင်းယှဉ်လျှင်မူ သူသည်များစွာနိမ့်ကျနေဦးမည် ဖြစ်လေသည်။
“ဟုတ်ပါတယ်၊ နတ်ဘုရားအိပ်မက်အရှင်သခင်ရဲ့ ဓားကျမ်းပါပဲ”
လုယွီထုံက ပြောလိုက်သည်။
“ကျွန်မရဲ့ အဘိုးနဲ့နန်ထျန်ဓားနတ်ဘုရားတင်မဖွင့်နိုင်တာမဟုတ်ဘူး၊ ကျွန်မရဲ့အဘိုးက ပညာရှင်ရာပေါင်းများစွာကို ဖိတ်ကြားခဲ့ပေမဲ့ ဘယ်သူမှမဖွင့်နိုင်ခဲ့ကြဘူး”
ထိုသို့ပြောရင်း သူမသည်ထိုပညာရှင်ရာပေါင်းများစွာ၏အမည်များကို ပြောပြလိုက်ရာ တစ်ဦးချင်းစီမှာ ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ နာမည်ကျော်ကြားလှသော ဓားလမ်းစဉ်ကျွမ်းကျင်သူများ ဖြစ်ကြလေသည်။
လူတိုင်း၏ နှလုံးသားမှာ လှုပ်ရှားနေခဲ့လေသည်။
မင်းသမီးဖန့်ချင်းမှာ ပို၍ပင် နောင်တရနေခဲ့လေသည်။
အကယ်၍ သူမသာအရင်ကသိခဲ့မယ်ဆိုရင် သခင်လေးရန်ကိုဓားကျောက်စာချပ် အသက် သွင်းပေးဖို့ ဘာလို့ အမြန်မခိုင်းခဲ့မိတာလဲ။
“ဘာလို့ အစောကတည်းက မပြောခဲ့တာလဲ”
မင်းသမီးဖန့်ချင်းက လုယွီထုံကို မမေးဘဲ မနေနိုင်တော့ပေ။
လုယွီထုံမှာ အားကိုးရာမဲ့စွာဖြင့်။
“ဒါက ရှင်ကကျွန်မကိုမယုံကြည်ခဲ့လို့ပဲလေ၊ ပြီးတော့ရှင်ကကျွန်မကို စကားပြောခွင့်မှ မပေးခဲ့တာ”
ဤအခိုက်အတန့်တွင် ကျန့်ကျိယိုမှာအလွန်တရာစိုးရိမ်နေခဲ့လေသည်။ ထိုအချိန်တုန်းက သူသည်သခင်လေးရန်ကိုလှောင်ပြောင်ခဲ့သည်မဟုတ်ပါလော။ အကယ်၍သူ၏ဘိုးဘေးကြီး ဝူရှင်း ဆေးနတ်ဘုရားသာသိသွားမယ်ဆိုရင် သူသေချာပေါက် အရေခွံခွာခံရပေလိမ့်မည်။
သူ၏ဘိုးဘေးကြီးကိုမဆိုထားနှင့်၊ သူ၏ဆရာကိုယ်တိုင်ပင်လျှင် သူ့ကိုအရေခွံခွာပေ လိမ့် မည်။
ကျန့်ရှိဖိန်မှာလည်း ထပ်တူပင် စိုးရိမ်တကြီးနှင့် နောင်တရနေခဲ့လေသည်။
ခန်းမဆောင်အပြင်ဘက်တွင် လူတိုင်း တိတ်ဆိတ်နေခဲ့ကြလေသည်။
နောင်တရမှု၊ စိတ်လှုပ်ရှားမှု၊ စိုးရိမ်မှု၊ လေးစားမှုနှင့် စပ်စုချင်မှုများ ရှိနေခဲ့လေသည်။
အတော်ကြာမှ ခန်းမဆောင်တံခါး ရုတ်တရက်ပွင့်သွားခဲ့လေသည်။
ဖန့်ကျန့်က တံခါးဖွင့်ပေးလိုက်ခြင်း ဖြစ်လေသည်။
ဖန့်ကျန့်က အင်ပါယာမိသားစုမှ ပညာရှင်များကိုတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“မင်းတို့အားလုံး ပြန်ကြတော့။ ငါ့ရဲ့ဘိုးဘေးနဲ့ငါကဆေးဖော်စပ်မှုကိစ္စရပ်တွေနဲ့ ပတ်သက် ပြီး သခင်လေးရန်ကိုတိုင်ပင်ဆွေးနွေးစရာရှိလို့ ဒီမှာရက်အနည်းငယ်လောက် တည်းခိုနေဦးမှာပါ”
လူတိုင်း ဆွံ့အသွားခဲ့ကြလေသည်။
မဟာဧကရာဇ် ဖန့်ကျန့်နဲ့ စိန့်နတ်ဘုရားဧကရာဇ်တို့က ဆေးဖော်စပ်မှုကိစ္စရပ်တွေအတွက် သခင်လေးရန်ကို တိုင်ပင်ဆွေးနွေးမယ်ဟုတ်လား။
သူတို့ မှားကြားမိတာများလား။
ဤအခိုက်အတန့်တွင် မုယီလည်းလမ်းလျှောက်ထွက်လာပြီး မုမိသားစုမှပညာရှင်များကို ပြောလိုက်သည်။
“မင်းတို့အားလုံးပြန်ကြတော့။ ငါ့ရဲ့ဘိုးဘေးနဲ့ ငါကဆေးဖော်စပ်မှုကိစ္စရပ်တွေနဲ့ ပတ်သက် ပြီး သခင်လေးရန်ကို တိုင်ပင်ဆွေးနွေးစရာ ရှိနေလို့ပါ”
လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြတော့သည်။
အကယ်၍ ခုနက မှားကြားခဲ့ရင်တောင်မှ အခုတော့သူတို့ သေချာပေါက် မမှားနိုင်တော့ဘူး မဟုတ်လား။
မုမိသားစုခေါင်းဆောင်နဲ့ သစ်ပင်တစ်ထောင်ဓားနတ်ဘုရားတို့ကလည်း ဆေးဖော်စပ်မှု ကိစ္စရပ်တွေအတွက် သခင်လေးရန်ကိုတိုင်ပင်ဆွေးနွေးမယ်တဲ့လား။
သခင်လေးရန်ရဲ့ ဓားလမ်းစဉ်ကနန်ထျန်ဓားနတ်ဘုရားတောင်ချီးကျူးခဲ့တာလေ။ အခု သူ့ရဲ့ ဆေးဖော်စပ်မှုကော ဒီလောက်အထိကြောက်စရာကောင်းနေပြီလား။
ဒါမှမဟုတ်ရင် စိန့်နတ်ဘုရားဧကရာဇ်နဲ့ သစ်ပင်တစ်ထောင်ဓားနတ်ဘုရားတို့က သူ့ကို ဘာလို့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်နေမှာလဲ။
ဖန့်ကျန့်က လူအုပ်ကြီးကိုတစ်ချက်ကြည့်လိုက်ရာ သူ၏မျက်နှာအမူအရာမှာ ယခင်ကထက် ပို၍ လေးနက်နေခဲ့ပြီး။
“ဒီနေ့ဖြစ်ပျက်ခဲ့တာမှန်သမျှကို ဘယ်သူမှအပြင်ကိုမပေါက်ကြားစေနဲ့။ တစ်စုံတစ် ယောက်က ပြင်ပကိုတစ်ခွန်းလောက်ပဲပြောလိုက်တာကို ငါ သိလိုက်ရမယ်ဆိုရင် မင်းတို့ကိုလုံးဝ ခွင့်မလွှတ်ဘူး”
လူတိုင်း၏ နှလုံးသားမှာ တုန်ယင်သွားခဲ့လေသည်။
မုယီကလည်း လူအုပ်ကြီးကိုတစ်ချက်ကြည့်လိုက်ပြီး ပြင်းထန်စွာအော်ဟစ်လိုက် လေ သည်။
“မဟာဧကရာဇ်ရဲ့ စကားကိုကြားကြလား။ ဒီနေ့ဖြစ်ပျက်ခဲ့တာမှန်သမျှကို ဘယ်သူပဲဖြစ် ဖြစ်အပြင်ကို ပေါက်ကြားအောင်လုပ်ရဲရင် ငါ မုယီက ပထမဆုံးခွင့်မလွှတ်မယ့်လူပဲ”
“အထူးသဖြင့် သခင်လေးရန်နဲ့ပတ်သက်တဲ့ကိစ္စမှန်သမျှကို တစ်ခွန်းမှအပြင်ကို မပေါက် ကြားစေနဲ့”
ဘယ်သူမှ ထပ်ပြီးမတွန့်ဆုတ်ရဲတော့ဘဲအားလုံးကကြောက်လန့်တကြားနှင့် ရိုသေစွာ သဘောတူလိုက်ကြလေသည်။
ထိုသို့ဖြင့် မုမိသားစုမှပညာရှင်များနှင့်အင်ပါယာမိသားစုမှပညာရှင်များမှာ ဦးညွှတ်နှုတ် ဆက်ကာ ထွက်ခွာသွားခဲ့ကြလေသည်။
ကျန့်ရှိဖိန်၊ မင်းသမီးဖန့်ချင်း၊ မုဝမ်ချင်း၊ ကျန့်ကျိယိုနှင့် အခြားသူများသည်လည်း လူအုပ်ကြီး နှင့်အတူထွက်ခွာခဲ့ကြလေသည်။ သူတို့သည်အတော်ဝေးဝေးရောက်သည်အထိ ဘယ်သူမှစကား မပြောနိုင်ဘဲ ရှိနေခဲ့ကြလေသည်။
“စိန့်နတ်ဘုရား ဧကရာဇ်နဲ့သစ်ပင်တစ်ထောင်ဓားနတ်ဘုရားတို့က ဆေးဖော်စပ်မှုနဲ့ ပတ်သက်ပြီး သခင်လေးရန်ကို ဘာတွေတိုင်ပင်ဆွေးနွေးမယ်လို့ မင်းတို့ ထင်ကြလဲ”
နောက်ဆုံးတွင် ကျန့်ရှိဖိန်က တိတ်ဆိတ်မှုကို ဖြိုခွင်းကာ စကားပြောလိုက်လေသည်။
စိန့်နတ်ဘုရား ဧကရာဇ်နှင့်သစ်ပင်တစ်ထောင်ဓားနတ်ဘုရားတို့မှာ ဓားလမ်းစဉ်မှာပြိုင်ဘက် ကင်းရုံတင်မကဘဲ ကျွမ်းကျင်လှသောဆေးပညာရှင်များလည်းဖြစ်ကြလေသည်။ သူတို့၏ဆေးဖော် စပ်မှုအဆင့်ကဒီလောက်အထိမြင့်မားနေတာတောင်မှ သခင်လေးရန်ကိုဘာတွေတိုင်ပင်ဆွေးနွေးဖို့ လိုအပ်နေတာလဲဆိုတာကို သူ နားမလည်နိုင်ဘဲ ရှိနေတော့သည်။
မင်းသမီးဖန့်ချင်း၊ မုဝမ်ချင်း၊ ကျန့်ကျိယိုနှင့် အခြားသူများအားလုံးခေါင်းခါလိုက်ကြလေ သည်။
သူတို့လည်း စဉ်းစား၍မရနိုင်ဘဲ ရှိနေကြလေသည်။
မင်းသမီးဖန့်ချင်း၊ မုဝမ်ချင်းနှင့် အခြားသူများထွက်သွားပြီးနောက် နန်းတော်အတွင်း၌ ရန်ရှောက်ထျန်းက နန်ထျန်ဓားနတ်ဘုရား၏အခြေအနေကို ပြောပြလိုက်လေသည်။
“သခင်လေး... စိတ်မပူပါနဲ့။ ကျွန်တော် အခုပဲအင်ပါယာရဲ့ အင်အားစုအားလုံးကို အသုံးပြု ပြီး နန်ထျန်ဓားနတ်ဘုရားရဲ့ တည်နေရာကိုစုံစမ်းခိုင်းလိုက်ပါ့မယ်”
ရန်ရှောက်ထျန်း စကားပြောပြီးသည်နှင့် ဖန့်ကျန့်ကအမြန်မတ်တပ်ရပ်ကာ ပြောလိုက်လေ သည်။
သူသည် အာမခံချက်ပေးသည့်အနေဖြင့် ရင်ဘတ်ကိုပင်ပုတ်ပြလိုက်လေသည်။
ဖန့်ကျင်းက ဖန့်ကျန့်ကိုကျေနပ်စွာကြည့်လိုက်ပြီးဖန့်ကျန့်၏တုံ့ပြန်မှုကို အလွန်တရာ သဘောကျနေခဲ့လေသည်။
မုယီကလည်း အမြန်ပြောလိုက်သည်။
“ကျွန်တော် အခုပဲ အမိန့်ထုတ်ပြီး မုမိသားစုရဲ့ ဘိုးဘေးတွေအားလုံး၊ မဟာအကြီးအကဲတွေ အားလုံးနဲ့အကြီးအကဲတွေအားလုံးကို သူတို့ရဲ့ တိုက်ရိုက်တပည့်တွေနဲ့ အခြားတပည့်တွေ အားလုံးကို အသုံးပြုပြီး နန်ထျန်ဓားနတ်ဘုရားရဲ့ သတင်းကို စုံစမ်းခိုင်းလိုက်ပါ့မယ်”
ရန်ရှောက်ထျန်းက လက်ဖဝါးချင်းယှက်ကာ ပြုံးလျက်။
“ဒါဆိုရင်တော့ မဟာဧကရာဇ်နဲ့ မိသားစုခေါင်းဆောင်မုကိုကျေးဇူးအများကြီးတင်ပါတယ်”
ဖန့်ကျန့်နှင့် မုယီတို့က အမြန်ပြောလိုက်ကြသည်။
“သခင်လေးရန်... သခင်လေးက အရမ်းယဉ်ကျေးနေပါပြီ”
ရန်ရှောက်ထျန်းက ကောင်းကင်ယံကို မော့ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဒီနေ့ ရာသီဥတုကကောင်းပါတယ်။ ဒါဆိုရင်ကျွန်တော်တို့ အခုပဲဆေးဖော်စပ်တာကို စလိုက်ကြရအောင်”
“အခုလား”
ဖန့်ကျင်း အလွန်တရာ ဝမ်းသာသွားခဲ့လေသည်။
ရန်ရှောက်ထျန်း ဒုတိယအဆင့်ဘေးဒုက္ခဟဲဗန်အဆင့်ပုရှန့်ဆေးလုံးကို ဘယ်လိုဖော်စပ် သလဲဆိုတာကို သူလည်းကြည့်ချင်နေခဲ့တာလေ။
တကယ်တော့ သူသည်ရန်ရှောက်ထျန်းကဒုတိယအဆင့် ဘေးဒုက္ခဟဲဗန်အဆင့်ပုရှန့်ဆေး လုံးကို ဘယ်လိုဖော်စပ်သလဲဆိုတာကို စိတ်ကူးပင်ယဉ်ကြည့်၍ မရနိုင်သေးပေ။
“အခုပဲ”
ရန်ရှောက်ထျန်းကပြုံးလျက်၊ ထို့နောက် ဟွန်ချွမ်တစ္ဆေဘုရင်၊ ရှဲ့ဝူရှင်းနှင့်တိုက်တန်ဧရာမ မိစ္ဆာတို့ကိုကြည့်ကာ။
“မင်းတို့အားလုံးလည်း အတူတူလိုက်ခဲ့ကြ”
ဟွန်ချွမ်တစ္ဆေဘုရင်နှင့် အခြားသူများမှာလည်း ဝမ်းမြောက်ဝမ်းသာနှင့် ရိုသေစွာသဘောတူ လိုက်ကြလေသည်။
ထိုသို့ဖြင့် ရန်ရှောက်ထျန်း၊ ဖန့်ကျင်း၊ မုလင်းနှင့်ဟွန်ချွမ်တစ္ဆေဘုရင်တို့သည် မြို့ပြင်သို့ ပျံသန်းထွက်ခွာလာခဲ့ကြပြီး မြို့ပြင်ရှိ ဝေးကွာလှသောခြောက်သွေ့သည့်နေရာတစ်ခုသို့ ရောက်ရှိ လာခဲ့ကြလေသည်။
ထိုခြောက်သွေ့လှသော နေရာသို့ ရောက်ရှိပြီးနောက် ရန်ရှောက်ထျန်းက ရပ်လိုက်လေသည်။
မုလင်း၊ ဟွန်ချွမ်တစ္ဆေဘုရင်၊ ဖန့်ကျန့်နှင့် အခြားသူများမှာအသက်ကိုပင် ပြင်းပြင်း မရှူရဲဘဲ အသေအချာစောင့်ကြည့်နေကြလေသည်။ ရန်ရှောက်ထျန်းသည် နှစ်ရက်အတွင်းပထမအဆင့်ဘေး ဒုက္ခစီလက်ရှယ်အဆင့်ပုရှန့်ဆေးလုံး အလုံးနှစ်ဆယ်၊ ဒုတိယအဆင့်ဘေးဒုက္ခဟဲဗန်အဆင့် ပုရှန့် ဆေးလုံးသုံးလုံးနှင့် ဘေးဒုက္ခနှစ်မျိုးပါဟဲဗန်အဆင့်အသက်ဆေးလုံးဆယ်လုံးကို ဘယ်လိုမျိုး ဖော်စပ်နိုင်ခဲ့သလဲဆိုတာကို သူတို့အားလုံး အလွန်တရာစပ်စုချင်နေကြလေသည်။
ရန်ရှောက်ထျန်းက ပုရှန့်ဆေးလုံးဖော်စပ်ရန်အတွက် ဆေးဖက်ဝင်ပစ္စည်း ရာပေါင်းများစွာကို ထုတ်ယူလိုက်လေသည်။
ဆေးဖက်ဝင်ပစ္စည်းများအားလုံးမှာ သာမန်ဆေးဖက်ဝင်ပစ္စည်းများသာဖြစ်ပြီး ထူးထူးခြား ခြားမရှိလှပေ။
သို့သော်လည်း ဟွန်ချွမ်တစ္ဆေဘုရင်၊ ဖန့်ကျင်းနှင့် ဖန့်ကျန့်တို့အားလုံး ဇဝေဇဝါဖြစ်သွားစေ သည်မှာ ရန်ရှောက်ထျန်းသည် ဆေးပေါင်းအိုးကို ထုတ်မယူခဲ့ခြင်းပင်ဖြစ်လေသည်။
ဆေးပေါင်းအိုးမပါဘဲနဲ့ ရန်ရှောက်ထျန်းက ဆေးကိုဘယ်လိုဖော်စပ်မှာလဲ။
သူတို့ အံ့အားသင့်စွာကြည့်နေစဉ်မှာပင် ရန်ရှောက်ထျန်းက သူ၏ဝိညာဉ်စွမ်းအားကို အပြည့် အဝထုတ်လွှတ်လိုက်လေသည်။ ချက်ချင်းဆိုသလိုပင် မိုးကြိုးများပစ်ချလာပြီး လျှပ်စီးများ လက် သွားကာ လေပြင်းများတို့တိုက်ခတ်လာခဲ့လေတော့သည်။
“မိုင် ၃၀၀ ပါလား”
ရန်ရှောက်ထျန်း၏ ဝိညာဉ်စွမ်းအားက မိုင် ၃၀၀ အထိလွှမ်းခြုံသွားသည်ကို မြင်သောအခါ ဖန့်ကျင်း၊ ဟွန်ချွမ်တစ္ဆေဘုရင်နှင့် အခြားသူများ အားလုံးထိတ်လန့်သွားကြတော့သည်။
***