ဤအခိုက်အတန့်တွင် ရေနက်ဧကရာဇ်နိုင်ငံ၏မြောက်ဘက်ပိုင်းရှိကျယ်ပြန့်လှသော တောင် တန်းကြီးများကြားတွင် နန်ထျန်ဓားနတ်ဘုရားကျန့်လင်းသည် အရှိန်အဟုန်မြှင့်ကာ ရှေ့သို့ ပျံသန်းနေ ခဲ့လေသည်။
သို့သော်လည်း သူ၏ရင်ဘတ်မှာလွန်ခဲ့သောရက်ပိုင်းက နေလစိန့်ဘုရင်နှင့်ဟင်းလင်းပြင် ဓားနတ်ဘုရားတို့၏ထိုးဖောက်ခြင်းကိုခံခဲ့ရပြီး သူသည် ရက်ပေါင်းများစွာကြာအောင် လိုက်လံတိုက် ခိုက်ခံခဲ့ရသဖြင့် သူ၏ဒဏ်ရာများမှာပို၍ဆိုးရွားလာခဲ့ကာ သူ၏အရှိန်မှာလည်းတဖြည်းဖြည်းနှင့် နှေးကွေးလာခဲ့လေသည်။
သူ၏နောက်တွင်မူ နေလစိန့်ဘုရင်၊ ဟင်းလင်းပြင်ဓားနတ်ဘုရား၊ ဂလက်ဆီဓားနတ်ဘုရား၊ ချောက်နက်မိစ္ဆာဂိုဏ်းမှဘိုးဘေး၊ ချောက်နက်မိစ္ဆာအရှင်သခင်၊ ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓဂိုဏ်းမှ ဗုဒ္ဓအရှင် နှင့် အခြားသောပညာရှင်များစွာမှာ အသေအလဲလိုက်လံတိုက်ခိုက်နေကြလေသည်။
နေလစိန့်ဘုရင်က ထွက်ပြေးနေသောနန်ထျန်ဓားနတ်ဘုရားကိုကြည့်ကာ အေးစက်စွာရယ် မောလိုက်ပြီး။
“နန်ထျန်... မင်း မပြေးနိုင်တော့ပါဘူး။ အဲဒီပစ္စည်းကိုပေးလိုက်စမ်း။ ဒီလိုလုပ်ကြတာပေါ့၊ မင်း အဲဒီပစ္စည်းကိုပေးမယ်ဆိုရင် မင်းကိုအလောင်းမပျက်ဘဲ သေခွင့်ပေးပါ့မယ်”
နေလစိန့်ဘုရင်၏အသံမှာ တစ္ဆေတစ်ကောင်၏လေတိုးသံအလား နန်ထျန်ဓားနတ်ဘုရား ကျန့်လင်း၏နားအတွင်းသို့ အဆက်မပြတ်စီးဝင်နေခဲ့လေသည်။
နန်ထျန်ဓားနတ်ဘုရား၏ အမြင်အာရုံများမှာ ဝေဝါးလာခဲ့လေသည်။
နေလစိန့်ဘုရင်နှင့် အခြားသူများမှာ ပို၍ ပို၍နီးကပ်လာခဲ့လေပြီ။
ခဏအကြာတွင် နေလစိန့်ဘုရင်သည်ရှေ့မလှမ်းမကမ်းတွင်ရှိသော နန်ထျန်ဓားနတ်ဘုရား ကိုကြည့်ကာ သူ၏ဓားကိုဝှေ့ယမ်းလိုက်ရာ ချက်ချင်းဆိုသလိုပင်သက်တန့်အလားဓားချီပေါင်း ထောင်သောင်းချီမှာ နန်ထျန်ဓားနတ်ဘုရား၏ကျောပြင်ဆီသို့ အကုန်လုံးကျရောက်သွားခဲ့လေ သည်။
နန်ထျန်ဓားနတ်ဘုရားမှာလွင့်ထွက်သွားပြီး ရှေ့ရှိတောင်ထိပ်ပေါ်သို့ ကျရောက်သွားခဲ့လေ သည်။
ကျောက်တုံးများမှာ မြေကြီးပေါ်သို့ ပြန့်ကျဲသွားခဲ့လေသည်။
နေလစိန့်ဘုရင်နှင့် အခြားသူများမှာဒီရေအလားရှေ့သို့တိုးလာခဲ့ကြပြီး နန်ထျန်ဓားနတ် ဘုရားကို လုံးဝဝိုင်းရံထားလိုက်ကြလေသည်။
သွေးများဖြင့်ပြည့်နှက်နေပြီး သနားစရာကောင်းလှသောနန်ထျန်ဓားနတ်ဘုရားကို ကြည့် ကာ နေလစိန့်ဘုရင်ကခေါင်းခါပြကာ။
“နှမြောစရာပဲ။ ပြိုင်ဘက်ကင်းဓားနတ်ဘုရားတစ်ပါးက ဒီနေ့ဒီနေရာမှာမြေမြှုပ်ခံရတော့ မယ်ပေါ့”
သို့သော်လည်း သူ၏မျက်လုံးများမှာအေးစက်နေပြီး သနားညှာတာမှုတစ်စုံတစ်ရာမျှမရှိပေ။
နန်ထျန်ဓားနတ်ဘုရားသည် သူတို့ရှေ့ရှိပညာရှင်ရာပေါင်းများစွာကို တစ်ချက်ကြည့်လိုက် ပြီးနောက်မော့ကြည့်ကာရယ်မောလိုက်လေသည်။ သူသည်နေလစိန့်ဘုရင်ကို စူးစူးဝါးဝါးစိုက် ကြည့်လိုက်ပြီး။
“နေလ... ငါ ဒီနေ့ သေရင်တောင်မှ မင်းကိုပါငါနဲ့အတူဆွဲခေါ်သွားဦးမှာပါ”
နေလစိန့်ဘုရင်က အားရပါးရရယ်မောလိုက်ပြီး သူ၏မျက်လုံးများမှာမထီမဲ့မြင်ပြုမှုများ ဖြင့် ပြည့်နှက်နေကာ။
“မင်းရဲ့ လက်ရှိအခြေအနေနဲ့ ငါ့ကိုသတ်ချင်တာလား။ မင်းအခုကြက်တစ်ကောင် ကို တောင် သတ်နိုင်မှာမဟုတ်ပါဘူး”
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာလည်း လှောင်ပြောင်ရယ်မောလိုက်ကြလေသည်။
လူတိုင်း ရယ်မောနေစဉ်မှာပင် ရုတ်တရက်နန်ထျန်ဓားနတ်ဘုရားက ဓားတစ်ချက်ထုတ် လိုက်ရာ အလွန်တရာမြန်ဆန်လှသောဓားချီတစ်ခုမှာ နေလစိန့်ဘုရင်ဆီသို့ ချက်ချင်းပြေးဝင်သွားခဲ့ လေသည်။
နေလစိန့်ဘုရင်ထိတ်လန့်သွားပြီး အလန့်တကြား ရှောင်တိမ်းလိုက်လေသည်။
ထိုသို့ဆိုလျှင်ပင် သူ၏လည်ပတ်မှာအေးစက်မှုကိုခံစားလိုက်ရပြီး သူ၏လည်ပတ်ပေါ်တွင် ထင်ရှားလှသော ဓားဒဏ်ရာတစ်ခုပေါ်လာခဲ့လေသည်။
နေလစိန့်ဘုရင်မှာ ထိတ်လန့်တကြားနှင့် အမျက်ထွက်သွားခဲ့လေသည်။
နန်ထျန်ဓားနတ်ဘုရားက သူ၏နောက်ဆုံးထွက်သက်မှာတောင်မှ ဤမျှအထိတိုက်ခိုက်နိုင် စွမ်း ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူသည် သူ၏လည်ပတ်ပေါ်ရှိသွေးစွန်းနေသောဒဏ်ရာကိုထိလိုက်ပြီး သူ၏မျက်နှာမှာ မည်းမှောင်သွားကာ အမျက်ထွက်စွာဖြင့်အမိန့်ပေးလိုက်လေသည်။
“သူ့ကို ဓားချက်ပေါင်း ထောင်ချီနဲ့ တစ်စစီခုတ်ဖြတ်ပစ်လိုက်ကြ”
ဓားချက်ပေါင်း ထောင်ချီနဲ့ တစ်စစီခုတ်ဖြတ်မယ်။
ဓားလမ်းစဉ်ပညာရှင်တစ်ဦးအတွက်ဆိုလျှင် ဤသည်မှာအလွန်တရာ ရက်စက်လှသော သတ်ဖြတ်မှုတစ်ခုဖြစ်လေသည်။
ချက်ချင်းပင် ဟင်းလင်းပြင်ဓားနတ်ဘုရား၊ ဂလက်ဆီဓားနတ်ဘုရား၊ ချောက်နက်မိစ္ဆာ အရှင်သခင်၊ ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓအရှင်နှင့် အခြားသောပညာရှင်များစွာမှာ သူတို့၏ဓားများကို တစ်ပြိုင်နက်တည်း ဆွဲထုတ်လိုက်ကြလေသည်။
ဟင်းလင်းပြင်ဓားနတ်ဘုရား၊ ဂလက်ဆီဓားနတ်ဘုရားနှင့် အခြားသူများမှာအားလုံး ထိပ်တန်းပညာရှင်များဖြစ်ကြလေသည်။ ပညာရှင်ရာပေါင်းများစွာကတစ်ပြိုင်နက်တည်း တိုက်ခိုက် လာလျှင်ပြင်းထန်လှသောဒဏ်ရာများရနေသည့် နန်ထျန်ဓားနတ်ဘုရားတင်မကဘဲ နန်ထျန်ဓားနတ် ဘုရား သူ၏အကောင်းဆုံးအခြေအနေမှာ ရှိနေလျှင်ပင် ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပေ။
သူ့ကို လွှမ်းခြုံထားသောဖျက်ဆီးခြင်းဓားချီများကိုကြည့်ကာ နန်ထျန်ဓားနတ်ဘုရား၏ မျက်လုံးများမှာ အေးစက်နေခဲ့လေသည်။ သူသေရင်တောင်မှလူအနည်းငယ်ကိုတော့ သူနဲ့အတူ ဆွဲခေါ်သွားရမည်ဖြစ်လေသည်။ သူသည်သူ၏နောက်ဆုံးနှင့်အစွမ်းအထက်ဆုံးဓားချက်ကို အသေ အလဲထုတ်ရန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဝေးကွာလှသောကောင်းကင်ယံမှ ကြောက်မက်ဖွယ် ကောင်းသော ချီစွမ်းအားတစ်ခုထွက်ပေါ်လာခဲ့လေသည်။
လူတိုင်း မော့ကြည့်လိုက်ရာဓားချီများမှာလှိမ့်ဝင်လာပြီး မရေမတွက်နိုင်သောတစ္ဆေချီများ မှာ ကောင်းကင်နှင့်မြေကြီးကိုလွှမ်းခြုံသွားခဲ့လေသည်။ ဓားချီများဖြတ်သန်းသွားသောနေရာတိုင်း တွင် အမှောင်ထုများကျရောက်လာပြီး ကမ္ဘာကြီးမှာတစ္ဆေငရဲဘုံအတွင်းသို့ ကျရောက်သွားသလိုမျိုး ဖြစ်နေခဲ့လေသည်။
“ဘုန်း…”
ခဏအတွင်းမှာပင် ထိုကြောက်မက်ဖွယ်ကောင်းသောဓားချီမှာ လူတိုင်း၏ရှေ့တွင်ပေါက်ကွဲ သွားခဲ့လေသည်။ ဟင်းလင်းပြင်ဓားနတ်ဘုရားနှင့် အခြားသောပညာရှင်ရာပေါင်းများစွာ၏ဓားချီ များမှာ ဤဓားချီကြောင့် လုံးဝပျက်စီးသွားခဲ့ရတော့သည်။
မြေကြီးမှာ တုန်ခါသွားခဲ့လေသည်။
လူတိုင်းမှာ သူတို့၏ခန္ဓာကိုယ်အတွင်းမှအေးစက်မှုကို ခံစားလိုက်ရလေသည်။
နေလစိန့်ဘုရင်နှင့် အခြားသူများမှာအံ့အားသင့်စွာကြည့်လိုက်ရာ မြေကြီးပေါ်တွင် ဘယ် အချိန်ကတည်းကရောက်နေမှန်းမသိသောဓားတစ်စင်းကိုမြင်တွေ့လိုက်ရလေသည်။ ထိုဓားမှာလုံးဝ မှောင်မည်းနေပြီးမရေမတွက်နိုင်သောတစ္ဆေဝိညာဉ်များစုစည်းနေခဲ့လေသည်။
ဓားကမြေကြီးပေါ်သို့ ကျရောက်သွားသောအခါမရေမတွက်နိုင်သော တစ္ဆေများမှာဟိန်း ဟောက်ထွက်ပေါ်လာသဖြင့် လူတိုင်းမှာအလန့်တကြားနှင့်အနောက်သို့ ဆုတ်ခွာလိုက်ကြရလေ သည်။
ဓားတစ်ချက်တည်းနှင့်တင် ဟင်းလင်းပြင်ဓားနတ်ဘုရားနှင့်အခြားသောပညာရှင်ရာပေါင်း များစွာ၏ ဓားချီများကိုရိုက်ခွဲလိုက်နိုင်သည်တဲ့လား။
ဤဓားချက်၏ စွမ်းအားမှာ စိတ်ကူးပင်ယဉ်ကြည့်၍ မရနိုင်လောက်အောင်ဖြစ်လေသည်။
ဤဓားချက်ကို ထုတ်လိုက်သောသူ၏အစွမ်းမှာ အလွန်တရာကြောက်မက်ဖွယ် ကောင်းလှ ပေသည်။
နေလစိန့်ဘုရင်နှင့်အခြားသူများမှာ အံ့အားသင့်စွာကြည့်နေကြစဉ် ဝေးကွာလှသောကောင်း ကင်ယံမှလူပုံရိပ်အချို့ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရလေသည်။
ရှေ့ဆုံးမှဦးဆောင်လာသူမှာ အပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦး ဖြစ်လေသည်။
လူငယ်လေး၏နောက်တွင်မူ လူသန်ကြီးတစ်ဦးနှင့်ပိန်လှီလှသောအဘိုးကြီး နှစ်ယောက် ပါဝင်လေသည်။
“တိုက်တန်ဧရာမမိစ္ဆာ”
ချောက်နက်မိစ္ဆာအရှင်သခင်သည် ရန်ရှောက်ထျန်း၏နောက်ကွယ်ရှိ တိုက်တန်ဧရာမမိစ္ဆာကို ချက်ချင်း မှတ်မိသွားခဲ့လေသည်။
တိုက်တန်ဧရာမမိစ္ဆာဖြစ်ကြောင်း ကြားလိုက်ရသောအခါ လူအများအပြား၏မျက်နှာအမူ အရာများမှာ ပြောင်းလဲသွားကြတော့သည်။
ဘာပဲဖြစ်ဖြစ် တိုက်တန်ဧရာမမိစ္ဆာ၏ မိစ္ဆာနာမည်မှာ ကျော်ကြားလှပေသည်။ ဟင်းလင်းပြင် ဓားနတ်ဘုရားနှင့် ဂလက်ဆီဓားနတ်ဘုရားတို့ပင်လျှင်တိုက်တန်ဧရာမမိစ္ဆာကို မြင်သောအခါ သူတို့၏မျက်နှာအမူအရာများမှာ အနည်းငယ်ပြောင်းလဲသွားကြလေသည်။
နေလစိန့်ဘုရင်ကမူ ရန်ရှောက်ထျန်းကို စိုက်ကြည့်လိုက်ပြီး။
“ဟွန်ချွမ်ဘိုးဘေးရဲ့ ဆက်ခံသူ”
“ဘာ... ဟွန်ချွမ်ဘိုးဘေးရဲ့ ဆက်ခံသူ ဟုတ်လား”
“ကံကြမ္မာနတ်ဘုရားသစ်ပင်က ဒီလူငယ်လေးရဲ့ အပေါ်မှာ ရှိနေတာပေါ့”
ချက်ချင်းဆိုသလိုပင် ရောက်ရှိနေသူများအားလုံးမှာ ရန်ရှောက်ထျန်းကို စိုက်ကြည့်လိုက် ကြ ပြီး သူတို့၏မျက်လုံးများမှာ လောဘများဖြင့်တောက်ပနေခဲ့လေသည်။
နန်ထျန်ဓားနတ်ဘုရားသည် ရန်ရှောက်ထျန်းရောက်လာသည်ကိုမြင်သောအခါ အံ့အားသင့် သွားပြီးနောက် ဝမ်းမြောက်ဝမ်းသာဖြစ်သွားခဲ့လေသည်။ ရန်ရှောက်ထျန်းမှာ ဟွန်ချွမ်ဘိုးဘေး၏ ဆက်ခံသူဖြစ်ကြောင်းကြားလိုက်ရသောအခါ သူ၏တစ်ကိုယ်လုံးတုန်ယင်သွားခဲ့လေသည်။ ညီလေး ရန်က ဟွန်ချွမ်ဘိုးဘေးရဲ့ ဆက်ခံသူဖြစ်နေတာပဲ။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရန်ရှောက်ထျန်းနှင့် သူ၏နောက်လိုက်များမှာ လူတိုင်း၏ ရှေ့သို့ ရောက်ရှိလာခဲ့ကြလေသည်။
“ဒါဆိုရင် ကံကြမ္မာနတ်ဘုရားတောင်တန်းပေါ်ကိုတက်လှမ်းခဲ့တဲ့ ရန်ရှောက်ထျန်းက ဟွန်ချွမ်ဘိုးဘေးရဲ့ ဆက်ခံသူပဲပေါ့”
နန်ထျန်ဓားနတ်ဘုရားက ရန်ရှောက်ထျန်းကိုကြည့်ကာစိတ်လှုပ်ရှားစွာဖြင့် ပြုံးလျက်ပြော လိုက်သည်။
ရန်ရှောက်ထျန်းက သွေးများဖြင့်ပြည့်နှက်နေသော်လည်းပြုံးပြနေသေးသည့် နန်ထျန်ဓား နတ်ဘုရားကိုကြည့်ကာခေါင်းခါပြကာပြုံးလိုက်လေသည်။ သူသည်ခြောက်ထပ်မြောက် ကောင်း ကင်ဘေးဒုက္ခမိုးကြိုးရေကိုထုတ်ယူလိုက်ပြီး နန်ထျန်ဓားနတ်ဘုရားအားတိုက်ကျွေးလိုက်လေ သည်။
“ညီအစ်ကိုကျန့်... အရင်ဆုံးဒဏ်ရာတွေကို အရင်ကုလိုက်ပါ”
ထိုသို့ပြောပြီးနောက် သူသည်နေလစိန့်ဘုရင်နှင့် အခြားသူများကိုလှည့်ကြည့်ကာ။
“သူတို့ကိုတော့ ကျွန်တော်ရှင်းလိုက်ပါ့မယ်”
ရန်ရှောက်ထျန်း၏ အသံမှာအလွန်တရာ အေးစက်နေခဲ့လေသည်။
နေလစိန့်ဘုရင်ကမူ ပြက်လုံးတစ်ခုကိုကြားလိုက်ရသလိုမျိုး အားရပါးရရယ်မောလိုက်ပြီး။
“လူငယ်လေး... မင်း ပြောတဲ့လေသံက တော်တော်လေး မာနကြီးတာပဲ”
ထို့နောက် သူက ရန်ရှောက်ထျန်းကို စိုက်ကြည့်လိုက်ကာ။
“ငါတို့ မင်းကိုနေရာအနှံ့မှာလိုက်ရှာနေတာ၊ မင်းကိုယ်တိုင်ငါတို့ဆီကို လာပို့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကောင်းပြီ၊ ဒီနေ့ မင်းနဲ့ နန်ထျန်နှစ်ယောက်စလုံးကို တစ်ခါတည်းရှင်းပစ်လိုက်မယ်”
“မင်းမှာ ကံကြမ္မာနတ်ဘုရားသစ်ပင်ရှိနေရုံတင်မကဘဲ ခြောက်ထပ်မြောက်ကောင်းကင် ဘေးဒုက္ခမိုးကြိုးရေလည်း အများကြီးရှိနေပုံရတယ်”
ဟင်းလင်းပြင်ဓားနတ်ဘုရား၊ ဂလက်ဆီဓားနတ်ဘုရားနှင့် အခြားသူများအားလုံးမှာ ရန်ရှောက်ထျန်းကို ဝိုင်းရံထားလိုက်ကြလေသည်။
“စီနီယာက ဝူရှင်းဆေးနတ်ဘုရားလား”
ဤအချိန်တွင် ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓအရှင်သည် ရန်ရှောက်ထျန်း၏နောက်ကွယ်ရှိ ရှဲ့ဝူရှင်းကို ကြည့်ကာ ရုတ်တရက်စကားပြောလိုက်လေသည်။
“ဘာ... ဝူရှင်းဆေးနတ်ဘုရားဟုတ်လား”
ဤသည်ကို ကြားလိုက်ရသောအခါလူတိုင်းမှာအလွန်တရာထိတ်လန့်သွားကြပြီး သူတို့၏ အကြည့်များမှာ ရှဲ့ဝူရှင်းဆီသို့ကျရောက်သွားခဲ့လေသည်။
ရှဲ့ဝူရှင်း၏ ဆံပင်များမှာဖရိုဖရဲဖြစ်နေပြီး သူ၏မျက်နှာအများစုကို ဖုံးကွယ်ထားလေသည်။ သူက ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓအရှင်ကိုကြည့်ကာ ခပ်တိုးတိုး ရယ်မောလိုက်ပြီး။
“မင်းက ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓဂိုဏ်းက လူငယ်လေးလင်း မဟုတ်လား”
ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓအရှင်သည် ချက်ချင်းပင်ဦးညွှတ်လိုက်ပြီး ရိုသေစွာဖြင့်။
“ကျွန်တော်မျိုးက ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓဂိုဏ်းကမျိုးဆက်သစ်ပညာရှင်လင်းပါပဲ၊ စီနီယာ ဝူရှင်းဆေးနတ်ဘုရားကို ဂါရဝပြုပါတယ်” ဟု ပြောလိုက်လေသည်။
လွန်ခဲ့သော နှစ်ပေါင်းသောင်းချီက သူသည်ဝူရှင်းချိုင့်ဝှမ်းတွင်ဆေးသွားတောင်းခဲ့ဖူးသဖြင့် ရှဲ့ဝူရှင်းနှင့် တွေ့ဆုံခဲ့ဖူးလေသည်။
ရှဲ့ဝူရှင်းက ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓအရှင်ကိုကြည့်ကာ။
“မင်းရဲ့ ဆရာ့မျက်နှာကိုထောက်ထားပြီးတော့ မင်းအခုထွက်သွားမယ်ဆိုရင် ငါ့သခင်လေး က မင်းရဲ့ အသက်ကို ချမ်းသာပေးလိမ့်မယ်”
ငါ့သခင်လေး ဟုတ်လား။
ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓအရှင်နှင့် အခြားသူများမှာရန်ရှောက်ထျန်းကို ထိတ်လန့်တကြားကြည့် လိုက်ကြလေသည်။
ရှဲ့ဝူရှင်းကဘယ်သူလဲ။ ဝမ်ကျန့်တိုက်ကြီးပေါ်ရှိအကြီးမြတ်ဆုံးဆေးနတ်ဘုရားလေး ဦးထဲမှတစ်ဦးဖြစ်လေသည်။ သူကတကယ်ပဲဟွန်ချွမ်ဘိုးဘေးရဲ့ ဆက်ခံသူဆီမှာသစ္စာခံလိုက်တာ လား။
ဒါဆိုရင် မိစ္ဆာတစ်သောင်းတို့ရဲ့နတ်ဘုရားဖြစ်တဲ့ တိုက်တန်ဧရာမမိစ္ဆာကလည်းဟွန်ချွမ်ဘိုး ဘေးရဲ့ ဆက်ခံသူဆီမှာ သစ္စာခံထားတာပေါ့။
ဘာလို့လဲ။
ဒီလူငယ်လေးမှာ နတ်ဘုရားအဆင့်ရွှေအမြုတေနှစ်ခုနဲ့ ကမ္ဘာဦးမူလကံကြမ္မာသုံးခု ရှိနေရုံနဲ့ တင်လား။
ပြီးတော့ တခြားအဘိုးကြီးကရော ဘယ်သူလဲ။
နေလစိန့်ဘုရင်၏မျက်နှာမှာ မည်းမှောင်နေခဲ့လေသည်။ သူသည်ရှဲ့ဝူရှင်းအား လက်ဖဝါး ချင်းယှက်ကာ။
“စီနီယာဝူရှင်း... စီနီယာကဒီဟွန်ချွမ်ဘိုးဘေးရဲ့ဆက်ခံသူအတွက်နဲ့ ကျွန်တော်တို့ထုန်း ထျန်းနတ်ဘုရားဂိုဏ်းကိုဘာလို့ရန်သူလုပ်ချင်နေရတာလဲ။ အကယ်၍စီနီယာအခုပြန်သွားမယ်ဆို ရင် ကျွန်တော်တို့ထုန်းထျန်းနတ်ဘုရားဂိုဏ်းက စီနီယာ့ကိုသေချာပေါက်ကျေးဇူးတင်ပါလိမ့်မယ်”
ရှဲ့ဝူရှင်းမှာ အကြီးမြတ်ဆုံးဆေးနတ်ဘုရားလေးဦးထဲမှတစ်ဦးဖြစ်ပြီး ဝမ်ကျန့်တိုက်ကြီး ပေါ်ရှိမရေမတွက်နိုင်သော ဆေးပညာရှင်များ၏ရိုသေလေးစားမှုကိုခံရသူဖြစ်လေသည်။ အလွန် တရာ လိုအပ်ခြင်းမရှိပါက နေလစိန့်ဘုရင်သည် သူနှင့်ရန်သူမဖြစ်ချင်ပေ။
ဤအခိုက်အတန့်တွင် ဟွန်ချွမ်တစ္ဆေဘုရင်သည်ဘေးသို့လျှောက်သွားပြီး မြေကြီးပေါ်မှ တစ္ဆေတစ်သောင်းဓားကို ဆွဲထုတ်လိုက်လေသည်။
ရန်ရှောက်ထျန်းက နေလစိန့်ဘုရင်နှင့်အခြားသူများကို တစ်ချက်ကြည့်လိုက်သည်။
ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓအရှင်က အခုထိမဆုတ်ခွာသေးသည်ကိုမြင်သောအခါ သူ၏အသံမှာ အေးစက်သွားပြီး။
“သူတို့အားလုံးကိုသတ်ပစ်လိုက်” ဟု အမိန့်ပေးလိုက်လေသည်။
ထိုသို့ပြောပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းမှကမ္ဘာဦးမူလကံကြမ္မာ ၁၂ ခုမှာ တစ်ပြိုင်နက် တည်းထွက်ပေါ်လာခဲ့လေသည်။
***