ကမ္ဘာဦးမူလ ကံကြမ္မာ ၁၂ ခုထွက်ပေါ်လာသောအခါ ကောင်းကင်နှင့်မြေကြီးမှာတုန်ခါသွား ခဲ့လေသည်။
တောင်တန်းများ ပြိုကျပြီး ဒီရေများလှိုင်းထန်လာခဲ့လေသည်။
မိုင်တစ်သိန်းအတွင်းတွင် ပင်လယ်မရှိသော်လည်း ရောက်ရှိနေသူများအားလုံးမှာ ဒီရေလှိုင်း သံကြီးကိုကြားလိုက်ရလေသည်။
ကမ္ဘာဦးမူလကံကြမ္မာတစ်ခုချင်းစီမှာ မိုင်ပေါင်း ၁၂,၉၆၀ အထိ ရှည်လျားပြီး ကောင်းကင်ကိုး ထပ်အထိမြင့်မားကာ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့လေသည်။
ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာဦးမူလစွမ်းအားများမှာ ကောင်းကင်နှင့်မြေကြီးကို ရိုက်ခတ်နေခဲ့လေသည်။
ဤကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာဦးမူလစွမ်းအားများ၏ရှေ့တွင် နေလစိန့်ဘုရင်၊ ဟင်းလင်းပြင်ဓားနတ်ဘုရားနှင့် ဂလက်ဆီဓားနတ်ဘုရားတို့ကဲ့သို့သော ပြိုင်ဘက်ကင်းပညာရှင်များ ပင်လျှင် အသက်ရှူရခက်ခဲလာခဲ့ကြလေသည်။
လူတိုင်းမှာ ကောင်းကင်ယံတစ်ခုလုံးကိုဖုံးလွှမ်းထားသော ကမ္ဘာဦးမူလ ကံကြမ္မာ ၁၂ ခုကို ထိတ်လန့်တကြား ကြည့်လိုက်ကြလေသည်။
“ကမ္ဘာဦးမူလ ကံကြမ္မာ ၁၂ ခုပါလား”
“ဒါက ဘယ်လိုမျိုးပါရမီရှင်လဲ။ သူကတကယ်ပဲကမ္ဘာဦးမူလ ကံကြမ္မာ ၁၂ ခုကို ကျင့်ကြံ ထားတာလား”
“သူက ကံကြမ္မာနတ်ဘုရားတောင်တန်းကိုတက်လှမ်းနိုင်ခဲ့တာပဲ၊ သူက တကယ်ပဲကံကြမ္မာ ရဲ့ သားတော် ဖြစ်နိုင်မလား”
ချောက်နက်မိစ္ဆာအရှင်သခင်၊ ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓအရှင်နှင့် အခြားသောဘိုးဘေးများအား လုံးမှာ အကြီးအကျယ်ထိတ်လန့်သွားကြတော့သည်။
ကံကြမ္မာနတ်ဘုရားနန်းတော်တွင်ရှိစဉ်က ရန်ရှောက်ထျန်းသည် အချိန်ကျောက်စာချပ်ကို အသက်သွင်းလိုက်ပြီး ကမ္ဘာဦးမူလကံကြမ္မာသုံးခုကိုထုတ်ဖော်ပြသခဲ့သဖြင့် တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့သော်လည်း ယခုမူကမ္ဘာဦးမူလ ကံကြမ္မာ ၁၂ ခုတောင်ဖြစ်လေသည်တကား။
နေလစိန့်ဘုရင်သည်လည်း ကြောက်လန့်သွားခဲ့လေသည်။
နေလစိန့်ဘုရင်တင်မကဘဲ ရှဲ့ဝူရှင်းနှင့်ဟွန်ချွမ်တစ္ဆေဘုရင်ပင်လျှင် ကြောက်လန့်သွားခဲ့ ကြလေသည်။
“ကောင်းကင်ယံထက်မှာ ကမ္ဘာဦးမူလကံကြမ္မာ၊ ဒါကကမ္ဘာဦးမူလကံကြမ္မာပဲ၊ ငါတို့ ဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ကမ္ဘာဦးမူလကံကြမ္မာ ၁၂ ခုကို ကျင့်ကြံထားတာပဲ”
ဟွန်ချွမ်တစ္ဆေဘုရင်သည်မော့ကြည့်လိုက်ပြီး စိတ်လှုပ်ရှားမှုများဖြင့် အော်ဟစ်ကာရယ်မော လိုက်လေသည်၊ သူ၏ဆံပင်များမှာလည်း လွင့်ပျံနေခဲ့လေသည်။
ချက်ချင်းဆိုသလိုပင် ရန်ရှောက်ထျန်း၏နတ်ဘုရားအဆင့်ရွှေအမြုတေနှစ်ခုမှာလည်း ပျံထွက်လာခဲ့လေသည်။
ဧရာမနတ်ဘုရားအဆင့်ရွှေအမြုတေနှစ်ခုမှာ ရွှေရောင်နေမင်းကြီးများအလား ကောင်းကင် ကိုးထပ်တွင်ရှိနေခဲ့ပြီး ကမ္ဘာဦးမူလကံကြမ္မာ၁၂ခု၏အောက်တွင် တစ်ကမ္ဘာလုံးကိုရွှေရောင်အလင်း တန်းများဖြင့်လွှမ်းခြုံထားခဲ့လေသည်။
“နတ်ဘုရားအဆင့် ရွှေအမြုတေနှစ်ခုပါလား”
စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေသော ဟွန်ချွမ်တစ္ဆေဘုရင်မှာ အသက်ရှူပင်ကျပ်သွားခဲ့ လေသည်။ သူ၏တစ်ကိုယ်လုံးတုန်ယင်သွားပြီးနောက် သူ၏မျက်နှာမှာစိတ်လှုပ်ရှားမှုကြောင့် နီမြန်း လာကာ။
“ဂိုဏ်းချုပ်က ပြိုင်ဘက်ကင်းပဲ၊ ကောင်းကင်ကြီးကငါတို့ဟွန်ချွမ်မိစ္ဆာဂိုဏ်းကို ကောင်းချီး ပေးလိုက်တာပဲ၊ ဘိုးဘေးကြီးမှာကောင်းကင်ယံက မျက်လုံးတွေရှိနေတာပဲ”
ဟွန်ချွမ်တစ္ဆေဘုရင်၏ မျက်နှာနီမြန်းနေစဉ်မှာပင် ရန်ရှောက်ထျန်းကသူ၏အမြင့်မြတ်ဆုံး ဘုရင်ဝိညာဉ်နှစ်ခုကို တစ်ခုပြီးတစ်ခုခေါ်ယူလိုက်လေသည်။
ချက်ချင်းဆိုသလိုပင် အမှောင်ထုများလွှမ်းမိုးလာပြီး ကမ္ဘာကြီးပေါ်သို့ နှင်းများ ကျဆင်းလာခဲ့ လေသည်။
အဆုံးမဲ့သော အမှောင်စွမ်းအားများမှာ ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါစေခဲ့လေသည်။
လိပ်နက်ဝိညာဉ်မှာတိုက်ကြီးတစ်ခုအလားရှိနေပြီး မှောင်ရွှေရောင် မီးလျှံနဂါးမှာမူ ရှေးဟောင်းနတ်ဘုရားတောင်တန်းကြီးအလား ကောင်းကင်ယံတွင်ရစ်ပတ်နေခဲ့လေသည်။
ထို့နောက်တွင် လိပ်နက်နှင့်မှောင်ရွှေရောင်မီးလျှံနဂါးတို့တွင် ရွှေနီရောင်အလင်းကွင်းများ ပေါ်လာသည်ကို လူတိုင်းမြင်တွေ့လိုက်ရလေသည်။
ရွှေနီရောင်ဝိညာဉ်ကွင်းများ ပေါ်လာသောအခါ တွင်းနက်အရှင်သခင်နှင့် ပင်လယ်နက်မိစ္ဆာ ဝေလငါးတို့၏ပုံရိပ်များမှာလည်းပေါ်ထွက်လာခဲ့ပြီး နှစ်ပေါင်းသန်းချီဝိညာဉ်သားရဲနှစ်ကောင်၏ စွမ်း အားများမှာ ကောင်းကင်နှင့် မြေကြီးကိုလွှမ်းခြုံသွားခဲ့လေသည်။
ကမ္ဘာဦးမူလ ကံကြမ္မာ ၁၂ ခု၏ စွမ်းအားကြောင့် အသက်ရှူကျပ်နေကြသော ပညာရှင်များမှာ ယခုအခါတွင် နှစ်ပေါင်းသန်းချီဝိညာဉ်သားရဲနှစ်ကောင်၏စွမ်းအားအောက်တွင် မုန်တိုင်းထဲက သစ်ရွက်ခြောက်များအလား တုန်လှုပ်နေကြလေသည်။
“နှစ်ပေါင်းသန်းချီ ဝိညာဉ်သားရဲ နှစ်ကောင်ပါလား”
နေလစိန့်ဘုရင်၊ ဟင်းလင်းပြင်ဓားနတ်ဘုရား၊ ဂလက်ဆီဓားနတ်ဘုရားနှင့် အခြားသူများမှာ ထိတ်လန့်သွားကြတော့သည်။
ချောက်နက်မိစ္ဆာဂိုဏ်းမှ ဘိုးဘေးအချို့မှာအလွန်တရာကြောက်လန့်သွားသဖြင့် ဒူးပင် ထောက်ချင်နေကြလေပြီ။
ဆေးနတ်ဘုရားရှဲ့ဝူရှင်းလည်း အကြီးအကျယ်ထိတ်လန့်သွားခဲ့လေသည်။
ဘိုးဘေးကြီးတွင် ကောင်းကင်ယံ၌မျက်လုံးများရှိနေသည်ဟု စိတ်လှုပ်ရှားစွာအော်ဟစ် နေသောဟွန်ချွမ်တစ္ဆေဘုရင်မှာ နောက်ဆုံးတွင်ဆွံ့အသွားခဲ့လေသည်။ သူသည်နှစ်ပေါင်းသန်းချီ ဝိညာဉ်သားရဲ နှစ်ကောင်၏ ပုံရိပ်ကို ထိတ်လန့်တကြား ကြည့်နေမိလေသည်။
ဒါက... ဒါက...
ကမ္ဘာဦးမူလ ကံကြမ္မာ ၁၂ ခု၊ နတ်ဘုရားအဆင့်ရွှေအမြုတေနှစ်ခု၊ အမြင့်မြတ်ဆုံး ဘုရင် ဝိညာဉ် နှစ်ခုနဲ့ နှစ်ပေါင်းသန်းချီဝိညာဉ်ကွင်းနှစ်ကွင်း။
ပြိုင်ဘက်ကင်းလား။
ပြိုင်ဘက်ကင်းဆိုတဲ့ စကားလုံးကတောင်မှ ဒီလိုမျိုးအစီအစဉ်ကိုဖော်ပြဖို့ မလုံလောက် တော့ပေ။
ဤအခိုက်အတန့်တွင် ရန်ရှောက်ထျန်း၏ဘယ်ဘက်လက်ထဲတွင် ချန်ဆန်းနတ်ဘုရားဓား ပေါ်လာခဲ့လေသည်။
“ဒါက ချန်ဆန်းနတ်ဘုရားဓားပဲ၊ ချန်ဆန်းနတ်ဘုရားဓားက ဘယ်လိုလုပ်ပြီးဟွန်ချွမ်ဘိုး ဘေးရဲ့ ဆက်ခံသူရဲ့ လက်ထဲကိုရောက်နေတာလဲ”
“သူက ချန်ဆန်းတိုက်ကြီးရဲ့ အရှင်သခင်ပဲ”
လူတိုင်းမှာ ရန်ရှောက်ထျန်း၏လက်ထဲရှိ ချန်ဆန်းနတ်ဘုရားဓားကိုကြည့်ကာ မှင်တက် သွားကြတော့သည်။
သူတို့ အမြဲတမ်းဟွန်ချွမ်ဘိုးဘေးရဲ့ဆက်ခံသူလို့ထင်ထားတဲ့သူက တကယ်တော့ချန်ဆန်း တိုက်ကြီးရဲ့ အရှင်သခင်ဖြစ်နေခဲ့သည်တဲ့လား။
နေလစိန့်ဘုရင်၊ ဟင်းလင်းပြင်ဓားနတ်ဘုရားနှင့် ဂလက်ဆီဓားနတ်ဘုရားတို့ အားလုံးမှာ ဤအခိုက်အတန့်တွင် မကောင်းသောအငွေ့အသက်တစ်ခုကို ခံစားလိုက်ရလေသည်။
သူတို့ အမြဲတမ်းဆုကြေးထုတ်ထားခဲ့တဲ့ ဟွန်ချွမ်ဘိုးဘေးရဲ့ဆက်ခံသူက တကယ်တော့ ချန်ဆန်းတိုက်ကြီးရဲ့ အရှင်သခင် ဖြစ်နေခဲ့သည်လေ။
လူတိုင်းမှာ ရန်ရှောက်ထျန်း၏လက်ထဲရှိ ချန်ဆန်းနတ်ဘုရားဓားကြောင့် ထိတ်လန့်နေပြီး ရန်ရှောက်ထျန်းမှာ ချန်ဆန်းတိုက်ကြီး၏အရှင်သခင်ဖြစ်ကြောင်းသိသွားချိန်မှာပင် ရုတ်တရက် ရန်ရှောက်ထျန်း၏ ညာဘက်လက်ထဲတွင် ထုန်းထျန်းနတ်ဘုရားဓားပေါ်ထွက်လာခဲ့လေသည်။
“ထုန်း... ထုန်းထျန်းနတ်ဘုရားဓား”
နေလစိန့်ဘုရင်၊ ဟင်းလင်းပြင်ဓားနတ်ဘုရားနှင့် ဂလက်ဆီဓားနတ်ဘုရားတို့သည် ရန်ရှောက် ထျန်း၏လက်ထဲရှိ ထုန်းထျန်းနတ်ဘုရားဓားကိုမြင်လိုက်ရသောအခါ သူတို့၏မျက်နှာအမူအရာများ မှာ သိသိသာသာပြောင်းလဲသွားကြတော့သည်။
ချောက်နက်မိစ္ဆာအရှင်သခင်နှင့် ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓအရှင်တို့မှာ ပို၍ပင်အသက်ရှူကျပ် သွားကြလေသည်။
ဒီလူငယ်လေးက တကယ်ပဲဟုန်ဖုန်းနတ်ဘုရားအရှင်သခင်ရဲ့ ဆက်ခံသူလား။
ဟွန်ချွမ်ဘိုးဘေးရဲ့ဆက်ခံသူက ချန်ဆန်းတိုက်ကြီးရဲ့အရှင်သခင်ဖြစ်နေရုံတင်မကဘဲ ဟုန်ဖုန်းနတ်ဘုရား အရှင်သခင်ရဲ့ ဆက်ခံသူလည်း ဖြစ်နေတာလား။
ဟုန်ဖုန်းနတ်ဘုရားအရှင်သခင်ရဲ့ ဆက်ခံသူဟုတ်လား။ ဒါဆိုရင် သူကထုန်းထျန်းနတ်ဘုရား ဂိုဏ်းရဲ့ ဂိုဏ်းချုပ်မဟုတ်ဘူးလား။
ချောက်နက်မိစ္ဆာအရှင်သခင်၊ ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓအရှင်နှင့် အခြားသူများမှာ နေလစိန့်ဘုရင် ကို ထူးဆန်းသောမျက်နှာအမူအရာများဖြင့်လှည့်ကြည့်လိုက်ကြလေသည်။ အမလေး... ထုန်းထျန်း နတ်ဘုရားဂိုဏ်းက သူတို့ရဲ့ ကိုယ်ပိုင်ဂိုဏ်းချုပ်ကိုတောင်မှ ဆုကြေးထုတ်နေကြတာလား။
ဒါက ဘယ်လိုမျိုး အခြေအနေလဲ။
ဒါက တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းတော့မယ်။
နေလစိန့်ဘုရင်၏နောက်ကွယ်ရှိ ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှဘိုးဘေးများမှာ ပို၍ပင် တုန်ယင်နေခဲ့ကြလေသည်။
သူတို့ သတ်ဖို့ကြိုးစားနေတဲ့လူက သူတို့ရဲ့ထုန်းထျန်းနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ် ဖြစ်နေတာလား။
နေလစိန့်ဘုရင် အသက်ပြင်းပြင်းရှူလိုက်ပြီးသူ၏မျက်လုံးများမှာ ရက်စက်မှုများဖြင့် ပြည့်နှက်နေကာ တုန်ယင်နေသောအသံဖြင့်ပြောလိုက်သည်။
“သူ့ရဲ့ ထုန်းထျန်းနတ်ဘုရားဓားကအတုပဲ၊ သူကဟွန်ချွမ်ဘိုးဘေးရဲ့ဆက်ခံသူပဲ၊ သူ့ကို သတ်လိုက်ကြ”
“သတ်ပစ်”
နေလစိန့်ဘုရင်က ဟိန်းဟောက်လိုက်ပြီး။
“ဂိုဏ်းချုပ်ကျောက်ရုန်ကသာ ငါတို့ထုန်းထျန်းနတ်ဘုရားဂိုဏ်းရဲ့ အစစ်အမှန်ဂိုဏ်းချုပ်ပဲ”
ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှဘိုးဘေးများအားလုံး အကြီးအကျယ်တုန်လှုပ်သွားခဲ့ကြလေ သည်။
“သတ်”
“ဘယ်သူမှ မတိုက်ခိုက်ဘူးဆိုရင် ထုန်းထျန်းနတ်ဘုရားဂိုဏ်းကို သစ္စာဖောက်တယ်လို့ သတ်မှတ်ပြီးသတ်ပစ်မယ်”
နေလစိန့်ဘုရင်ကဟိန်းဟောက်လိုက်ပြီး သူ၏ဓားကိုကိုင်ကာ ရန်ရှောက်ထျန်းဆီသို့ ဦးဆောင်၍ တိုက်ခိုက်ခဲ့လေသည်။
ဟင်းလင်းပြင်ဓားနတ်ဘုရားနှင့် ဂလက်ဆီဓားနတ်ဘုရားတို့မှာ တုံ့ဆိုင်းနေသော်လည်း သူတို့၏ဓားများကိုကိုင်ကာ ရန်ရှောက်ထျန်းကို တိုက်ခိုက်ခဲ့ကြလေသည်။
ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှ အခြားသောဘိုးဘေးများမှာလည်း တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင်တော့ အံကြိတ်ကာရန်ရှောက်ထျန်းကို တိုက်ခိုက်ခဲ့ကြလေသည်။
ဤသည်ကို မြင်သောအခါ ရန်ရှောက်ထျန်းကချန်ဆန်းနတ်ဘုရားဓားနှင့် ထုန်းထျန်းနတ် ဘုရားဓားတို့ကိုကိုင်ကာ ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှဘိုးဘေးများဆီသို့ ဦးတည်တိုက်ခိုက်ခဲ့လေ သည်။
“ဓားက အရပ်မျက်နှာအားလုံးကို သတ်ဖြတ်ခြင်း”
“ချန်ဆန်းရဲ့ ဝမ်းနည်းမှု”
ကမ္ဘာဦးမူလ ကံကြမ္မာ ၁၂ ခု၊ နှစ်ပေါင်းသန်းချီဝိညာဉ်ကွင်းနှစ်ကွင်းနှင့် နတ်ဘုရားအဆင့် ရွှေအမြုတေနှစ်ခုတို့၏စွမ်းအားဖြင့် စွမ်းအားအပြည့်တိုက်ထုတ်မောင်းနှင်လိုက်လေသည်။
ချန်ဆန်းနတ်ဘုရားဓားမှ ငိုကြွေးသံတစ်ခုထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့်မြေကြီးသို့ ဟိန်း ဟောက်သွားခဲ့လေသည်။
ထုန်းထျန်းနတ်ဘုရားဓားမှာ ရှေ့သို့ထိုးထွက်လိုက်ရာ ဓားချီများမှာအရပ်မျက်နှာအားလုံးသို့ ပျံထွက်သွားခဲ့လေသည်။
ချက်ချင်းဆိုသလိုပင် ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှ ဘိုးဘေးလေးဦးမှာ သူတို့၏လည်ပင်း တွင် အေးစက်မှုကိုခံစားလိုက်ရပြီး သတိမေ့သွားခဲ့ကာ သူတို့၏ဦးခေါင်းများမှာလွင့်ထွက်သွားပြီး မြေကြီးပေါ်သို့ လိမ့်ကျသွားခဲ့လေသည်။
သူတို့၏မျက်လုံးများမှာပြူးနေခဲ့ပြီး သူတို့သေဆုံးသွားသည်အထိ သူတို့ကဲ့သို့သော နတ် ဘုရားတွေက ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးရဲ့လက်ထဲမှာ သေဆုံးရလိမ့်မယ်လို့ မယုံကြည်နိုင်ဘဲ ရှိနေကြလေသည်။
ချောက်နက်မိစ္ဆာဂိုဏ်းနှင့် ကမ္ဘာမြေဘဏ္ဍာဗုဒ္ဓဂိုဏ်းမှပညာရှင်များအားလုံး ဆွံ့အသွားခဲ့ ကြလေသည်။
နတ်ဘုရားတွေဆိုတာ ဘယ်ဧကရာဇ်နိုင်ငံ ဒါမှမဟုတ်ဘယ်ထိပ်တန်းဂိုဏ်းမှာမဆို အရပ် မျက်နှာအားလုံးကိုဖိနှိပ်ထားနိုင်တဲ့ပြိုင်ဘက်ကင်းပညာရှင်တွေ ဖြစ်လေသည်။ နတ်ဘုရားတစ်ပါးက အသက်တစ်ချက်ရှူလိုက်ရုံနဲ့တင် ထွက်ပေါ်လာတဲ့မုန်တိုင်းက ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ကိုတောင်မှ သတ်နိုင်တယ်လို့ ပြောရင်ပင်လွန်အံ့မထင်ပေ။
ဒါပေမဲ့ အခုတော့ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးကနတ်ဘုရားတစ်ပါးကို တကယ်ပဲသတ် လိုက်သည်တဲ့လား။
အစွမ်းထက်လှတဲ့ နတ်ဘုရားတစ်ပါးကဧကရာဇ်အဆင့်ပညာရှင်တစ်ဦးရဲ့ လက်ထဲမှာ သေဆုံးသွားခဲ့ရပြီ။
ထိုတွင်မကပါဘဲ နတ်ဘုရားလေးပါးစလုံးမှာဧကရာဇ်အဆင့်ပညာရှင်တစ်ဦးရဲ့ လက်ထဲမှာ တစ်ပြိုင်နက်တည်း သေဆုံးသွားခဲ့ရခြင်းဖြစ်လေသည်။
“ဒါက ကောင်းကင်ကို ဆန့်ကျင်နေတာလား”
ဘိုးဘေးတစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။
ထိုလေးဦးစလုံးမှာ နတ်ဘုရားအဆင့်ပထမအလွှာသာဖြစ်သော်လည်း ရန်ရှောက်ထျန်းက ဧကရာဇ်အဆင့်မှာတင်နတ်ဘုရားတွေကိုသတ်လိုက်ခြင်းမှာ ဤသတင်းသာပြန့်သွားမည်ဆိုပါက တစ်ကမ္ဘာလုံးကို အချိန်အတော်ကြာအောင် တုန်လှုပ်စေမည်မှာသေချာလှပေသည်။
“ဝုန်း…”
ရုတ်တရက် အလွန်တရာထက်မြက်လှသောဓားချီတစ်ခုမှာ ရန်ရှောက်ထျန်း၏ကျောပြင် ဆီသို့ တိုက်ခိုက်လာခဲ့လေသည်။
၎င်းမှာ နေလစိန့်ဘုရင်၏ နေလဓားပင်ဖြစ်လေသည်။
နေလဓားက ရန်ရှောက်ထျန်းကိုထိုးဖောက်တော့မည့်အချိန်တွင် ရုတ်တရက်ဓားအလင်း တန်းတစ်ခုလက်သွားခဲ့ပြီး ပို၍မြန်ဆန်လှသောဓားချီတစ်ခုမှာ နေလဓားချီကိုဖြတ်တောက် လိုက် ကာ နေလစိန့်ဘုရင်၏ လည်ပတ်ကိုပါဖြတ်တောက်လိုက်လေသည်။
နေလစိန့်ဘုရင်မှာ ထိုနေရာတွင်ပင်အေးခဲသွားပြီး သူ၏ရှေ့တွင်ရုတ်တရက် ပေါ်လာသော ဟွန်ချွမ်တစ္ဆေဘုရင်ကို မယုံကြည်နိုင်စွာကြည့်လိုက်ကာ။
“မင်း... မင်းက ဟွန်... ဟွန်ချွမ်”
သူ၏လည်ချောင်းမှာ တုန်ယင်နေသော်လည်း သူသည်စကားကို အဆုံးအထိမပြောနိုင်တော့ ဘဲ လဲကျသွားခဲ့လေတော့သည်။
***