ကျနော်တို့တွေ မကြာမီမှာပင် ယူဂျွန်ဟော့ စက်မှုဇုန် (ယခင် စစ်ဝစ်ဇ်သို့ ရောက်ရှိသွားခဲ့သည်။
လမ်းခရီးတစ်လျှောက်တွင် ယူဂျွန်ဟော့ က မည်သည့်စကားမျှ မပြောခဲ့သကဲ့သို့ စက်မှုဇုန်သို့ ရောက်ရှိလာပြီးနောက်တွင်လည်း ထိုနည်းတူပင် ပြုမူခဲ့သည်။ အဆင့်-X ဖာရာရီဂီနီ ကားစက်သတ်လိုက်သည့်ခဏတွင်တော့ ယူဂျွန်ဟော့ က ကားပေါ်မှ ဆင်းလိုက်ပြီး ကျနော့်ကို ပြောခဲ့သည်။
"အခုကစပြီး ငါက သီးခြားစီ လှုပ်ရှားမယ်"
" ရွေးချယ်ပွဲအတွက်တော့ မင်းဟာ ရောက်လာမှာ မလား"
ယူဂျွန်ဟော့က ခေါင်းညိတ်ပြခဲ့ပြီးနောက်တွင်တော့ ခြေလှမ်းများကို လှမ်းကာ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့၏။ သူသည် မည်သည့်နေရာသို့ သွားရမည်၊ မည်သည့်အရာကို လုပ်ဆောင်ရမည်ကို သိရှိနေပုံရသည်။ ကျနော် သေချာပေါက် သိရှိနေမိသည့် အရာတစ်ခုကတော့ သူ၏ မြင်ကွင်းထဲတွင် ရှိနေသမျှ အရာအားလုံးကို သူက ချေမှုန်းပစ်ပေလိမ့်မည်။
"သူ့ကို မတားတော့ဘူးလား"
ဂျန်ဟာယောင်း ၏ မေးခွန်းကို ကျနော် ခေါင်းညိတ်ပြလိုက်သည်။ မည်သို့ပင်ဖြစ်စေ ယူဂျွန်ဟော့ က ကျနော့်စကားကို နားမထောင်ဘူးဆိုသည့် အချက်အပေါ်တွင် အခြေခံ၍ အစီအစဉ်တစ်ခုကို ကျနော် ဆွဲထားခဲ့ခြင်း ဖြစ်သည်။ ယူဂျွန်ဟော့ အနေဖြင့် မိစ္ဆာဘုရင် ရွေးချယ်ပွဲအထိ ဘေးကင်းလုံခြုံစွာ အသက်ရှင်နေရန်သာ လိုအပ်၏။
အရေးကြီးဆုံး အရာမှာ ယခု ကျနော် ဘာလုပ်ရမလဲဆိုသည့် အချက်ပင် ဖြစ်သည်။ အသေးအဖွဲ လုပ်ငန်းစဉ်များကို ကျနော် လျစ်လျူရှုလိုက်ပြီး အိုင်လင်း ၏ ကောင်စီခန်းမဆီသို့ တိုက်ရိုက် ဦးတည်ခဲ့သည်။
"မတွေ့ရတာ ကြာပြီနော်"
အိုင်လင်း နှင့်ကျနော် မတွေ့ဖြစ်ခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ပြီး အိုင်လင်းသည် အလုပ်များလှသော စက်မှုဇုန်ကြောင့် လူပင် ပိန်ကျသွားခဲ့၏။
အိုင်လင်းက သူ၏ မျက်မှန်ကို ပင့်တင်လိုက်ပြီး အစီရင်ခံစာတစ်ခုကို တင်ပြခဲ့သည်။
"စော်ဘွားကြီး ထွက်သွားကတည်းက တခြားစက်မှုဇုန်တွေနဲ့ ရုန်းကန်နေခဲ့ရတာ။ အဖွဲ့သားတွေကတော့ အခြေအနေကို ကောင်းကောင်း ကိုင်တွယ်နိုင်ကြပါတယ်"
"အဖွဲ့သားတွေ ဟုတ်လား"
"ယူဂျွန်ဟော့ ရဲ့ အဖွဲ့သားတွေလေ။ ရှင် မသိဘူးလား။ မနက်တိုင်း 'ငါက ယူဂျွန်ဟော့' လို့ အော်ဟစ်ပြီး လမ်းလျှောက်နေတဲ့ လူတွေ ရှိတယ်။ အဲဒီအဖွဲ့က ရှင်မထွက်သွားခင်လေးမှာတင် တည်ထောင်ခဲ့တာ။ ရှင် မြင်ဖူးမှာ မဟုတ်ဘူး"
သူတို့တွေလား။ လဖွတ်ပဲ။
ထိုနေ့က အော်ဟစ်သံများကို ယခုအထိ ကြားနေရဆဲဟု တစ်ခါတစ်ရံတွင် ကျနော် တွေးထင်မိသည်။
အိုင်လင်းက ခေါင်းကို ခါယမ်းလိုက်ပြီး ဆက်ပြောသည်။
"အခုလတ်တလောတော့ 'ပြစ်ဒဏ်ပေးသူ' ရဲ့ နောက်လိုက်အုပ်စုတစ်ခု ပေါ်ပေါက်လာတယ်"
"ပြစ်ဒဏ်ပေးသူက မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ပေါက်သွားပြီလား"
"မပေါ်သေးဘူး။ စော်ဘွားကြီး ထွက်သွားပြီး သိပ်မကြာခင်မှာတင် ပြစ်ဒဏ်ပေးသူက ရုတ်တရက် ပျောက်ကွယ်သွားခဲ့တာ"
"ပျောက်ကွယ်သွားတယ် ဟုတ်လား"
ကျနော့် နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဝင်ရောက်လာခဲ့သည်။ ကျနော့်တွင် အတွေးတစ်ခု ရှိနေခဲ့သော်လည်း ထိုအတွေးမှာ မဖြစ်နိုင်သောအရာပင် ဖြစ်၏။ ကျနော် မည်သို့ပင် တွေးတောနေပါစေ ထိုကဲ့သို့သော အရာမျိုး အမှန်တကယ် ဖြစ်လာရန်မှာ မဖြစ်နိုင်သောအရာပင် ဖြစ်၏။
အိုင်လင်းက သက်ပြင်းကိုအသာအယာချလိုက်သည်။
"ကျမ ဘာလို့ ရှင့်ဆီကို ဆက်ပြီး အစီရင်ခံနေရလဲဆိုတာ မသိတော့ဘူး။ ဒီစက်မှုဇုန်ရဲ့ ပိုင်ရှင်က ယူဂျွန်ဟော့လေ"
" ဘာပဲဖြစ်ဖြစ်...အဲဒါက အရေးမကြီးပါဘူး"
"စော်ဘွားကြီး အနေနဲ့ အခု ကိုယ်ပိုင်တဲ့ စက်မှုဇုန်ဆီကို သွားသင့်ပြီ"
ဤစက်မှုဇုန်မှာ ကျနော့်၏ စက်မှုဇုန် မဟုတ်ပေ။ ကျနော်သည် မိစ္ဆာနယ်မြေ သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သောကြောင့် ကင်ဒေါ့ဂျာ စက်မှုဇုန် (ယခင် ဂီလိုဘတ်) ၏ လက်ရှိ အခြေအနေကို သွားရောက် စစ်ဆေးရမည် ဖြစ်သည်။ ကင်ဒေါ့ဂျာ စက်မှုဇုန်ကို မာ့ခ် ဆီတွင် ကျနော်အပ်နှံထားခဲ့သော်လည်း မည်သည့်အရာများ ဖြစ်ပျက်နေမည်ကို ကျနော် မသိရှိပေ။
ပြတင်းပေါက်မှတစ်ဆင့် စက်မှုဇုန်၏ ရှုခင်းကို ကျနော် စိုက်ကြည့်လိုက်မိသည်။ ဤနေရာသို့ ရောက်ရှိလာခဲ့ပြီးနောက်တွင် အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့၏။ ကျနော် နေရာမှ ထလိုက်ရာ အိုင်လင်း ကလည်း ကျနော်နှင့်အတူ ထလာခဲ့သည်။
"စော်... စော်ဘွားကြီး"
ကျနော် နောက်လှည့်ကြည့်လိုက်ရာ အိုင်လင်း ၏ မျက်နှာအမူအရာမှာ ထူးဆန်းနေခဲ့သည်။ သူ၏အမူအရာမှာ အေးစက်နေသလိုလို၊ ဝမ်းနည်းနေသလိုလို၊ စိတ်ပျက်နေသလိုလို ဖြစ်နေခဲ့သည်။ သို့သော်လည်း အိုင်ဟင်း စကားပြောလိုက်သည့် အချိန်တွင်တော့ အသံမှာ တည်ငြိမ်နေခဲ့သည်။ ကျနော်သည် Ways of Survival ထဲတွင် အိုင်လင်း အကြောင်းကို လေ့လာခဲ့ဖူးသဖြင့် အိုင်လင်းတစ်ယောက် ဤကဲ့သို့သော အသံမျိုး ပြုလုပ်သည့် အခါတိုင်းကို သိရှိနေခဲ့သည်။
အိုင်လင်းက ခဏတာမျှ မွှေနှောက်ရှာဖွေလိုက်ပြီးနောက်တွင်တော့ သေတ္တာငယ်လေးတစ်ခုကို ထုတ်ပေးခဲ့သည်။
"ဒါက ဟိုအရင်တုန်းက ရှင်တောင်းဆိုထားခဲ့တဲ့ အရာပါ"
ထိုသေတ္တာထဲတွင်တော့ နာရီငယ်လေးတစ်လုံး ပါဝင်နေခဲ့သည်။ ထိုနာရီလေးမှာ အလွန် သေးငယ်လှသော ပတ်လမ်းများဖြင့် ဒီဇိုင်းဖော်ထားသည့် အိတ်ဆောင်နာရီငယ်လေး တစ်လုံး ဖြစ်၏။ ထိုနာရီကို ကျနော်ကိုင်လိုက်သည့်အခါတွင်တော့ နာရီထံမှနေ၍ မသိသာသော တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။ နှေးကွေးသော်လည်း သေချာပေါက် ရွေ့လျားနေသော အချိန်ကို ကျနော် ခံစားလိုက်ရစဉ်မှာပင် အရာများစွာက ကျနော့်၏ စိတ်ထဲတွင် ဖြတ်သန်းသွားခဲ့သည်။
ဇာတ်လမ်း မိုးကုတ်စက်ဝိုင်း၊ တော်လှန်ရေးကစားပွဲ...
လက်လှမ်းမမီနိုင်သော နေရာတစ်ခုဆီသို့ ဆုတ်ခွာသွားခဲ့ကြသည့် အမှတ်တရများ အားလုံးမှာ တဂျောက်ဂျောက် မြည်ဟည်းနေခဲ့ကြသည်။
ထိုနာရီကို ကျနော်ခဏတာမျှ စိုက်ကြည့်နေမိသည်။ အိုင်လင်းကို နောက်တစ်ကြိမ် ကျနော် လှမ်းကြည့်လိုက်ရာ အိုင်လင်းက လက်ကောက်ဝတ် နှစ်ဖက်ကို ထပ်လျက် ကျနော့်ကို စိုက်ကြည့်နေခဲ့လေသည်။
"စော်ဘွား ယူဂျွန်ဟော့"
လက်ကောက်ဝတ် နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံတင်ထားသော အမူအရာမျိုးကို အိုင်လင်းက ပြုလုပ်နေခြင်းဖြစ်သည်။ ဤသည်မှာ အိုင်လင်း နေထိုင်ခဲ့သည့် မွေးရပ်မြေဂြိုဟ် ဖြစ်သော လင်းဘာ့ဂ် မှ နှုတ်ဆက်ခြင်း အမူအရာ ဖြစ်လေသည်။ သွေးကြောနှစ်ခုကို ဖြတ်ကျော်လိုက်ပြီး တုန်ခါမှုများကို တစ်ဖက်လူဆီသို့ ပေးပို့ခြင်း ဖြစ်၏။ နာရီ၏ စက္ကန့်တံကလေး ရွေ့လျားနေသကဲ့သို့ပင် အိုင်လင်း၏ သွေးခုန်နှုန်းမှာ ကျနော့်ထံသို့ ကူးစက်လာခဲ့သည်။
"ဒီစက်မှုဇုန်က ရှင့်ကို မေ့လျော့သွားမှာ မဟုတ်ပါဘူး"
-----
ကျနော်တို့သည် ယူဂျွန်ဟော့ စက်မှုဇုန်မှ ထွက်ခွာလာပြီးနောက်တွင်တော့ ကင်ဒေါ့ဂျာ စက်မှုဇုန်ဆီသို့ တိုက်ရိုက် ဦးတည်ခဲ့ကြသည်။ ပုံမှန်အတိုင်းခရီးသွားလျှင် တစ်ပတ်ခန့် ကြာမြင့်နိုင်သော်လည်း အဆင့်-X ဖာရာရီဂီနီ ၏ အင်ဂျင်စွမ်းအားကြောင့် နှစ်နာရီသာ ကြာမြင့်ခဲ့သည်။
ဘေးတွဲထိုင်ခုံတွင် ကျနော်ထိုင်ရင်း ဘေးဘီမှ ဖြတ်သန်းသွားသော ရှုခင်းများကို ကြည့်ကာ အိုင်လင်း ၏ စကားများကို တွေးတောနေမိသည်။ သူပြောပြခဲ့သည်မှာ ကျနော် မရှိခိုက်တွင် လာရောက်လည်ပတ်ခဲ့ကြသော ဧည့်သည်များအကြောင်း ဖြစ်ပြီး ၎င်းတို့ထဲတွင် ဒိုကဲဘီ တစ်ကောင်၊ အကျိတ်နှင့်လူ တစ်ယောက်နှင့် နက္ခတ်အချို့ ပါဝင်နေခဲ့သည်။ နက္ခတ်များမှာ သူတို့၏ ဘွဲ့အမည်များကို ချန်ထားခဲ့ခြင်း မရှိသဖြင့် ကျနော် ခန့်မှန်း၍ မရနိုင်ခဲ့ချေ။ အိုင်လင်း က မိစ္ဆာနယ်မြေ ထဲတွင် ကျနော့်ကို စောင့်ကြည့်နေကြသည့် အင်အားကြီးသူများ များပြားလှသဖြင့် သတိထားရန်လည်း မှာခဲ့သည်။
ထိုအချက်ကို အိုင်လင်း ပြောပြရန်ပင် မလိုဘဲ စနစ်၏ ချန်နယ်ကို ကြည့်လိုက်ရုံနှင့်ပင် သိရှိနိုင်ပေသည်။
[နက္ခတ်များစွာက သင်၏ လုပ်ဆောင်ချက်များကို အာရုံစိုက်နေကြပါသည်။]
[သင်၏ ဘွဲ့အမည်မှာ အကြွင်းမဲ့ မကောင်းဆိုးဝါး စနစ်၏ နက္ခတ်များအကြားတွင် ပျံ့နှံ့နေပါသည်။]
['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်က သင့်အား စိုးရိမ်ပူပန်သော မျက်လုံးများဖြင့် စောင့်ကြည့်နေပါသည်။]
မိစ္ဆာဘုရင် ရွေးချယ်ပွဲရောက်ရန် သုံးရက်ပင် မလိုတော့ပေ။ ကားနောက်ခန်းတွင် ဖက်လျက် အိပ်ပျော်နေကြသော ဂျန်ဟာယောင်း နှင့် ကောင်းကင်ဖြိုခွင်းဓါးသခင် တို့ကို ကျနော်လှမ်းကြည့်လိုက်မိသည်။ ကောင်းကင်ဖြိုခွင်းဓါးသိုသခင် နှင့် ဂျန်ဟာယောင်း တို့သည် ပင်ပန်းနေကြပုံရ၏။
အထူးသဖြင့် ဂျန်ဟာယောင်း သည် ကျနော့်ကြောင့် အမည်မသိတံတိုင်းကို အတင်းအဓမ္မ အသုံးပြုခဲ့ရလေသည်။ သို့သော်လည်း သူတို့ ရှိနေခြင်းကြောင့်သာ ကျနော် တစ်ခုခုကို ကြိုးစားကြည့်ရန် တွေးတောနိုင်ခဲ့ခြင်း ဖြစ်၏။
ကျနော် ကားမောင်းသူနေရာကို လှမ်းကြည့်လိုက်ပြီး လှမ်းခေါ်လိုက်မိသည်။
"ဌာနမှူး ဟန်မြုံအို"
"ဟမ်"
ဟန်မြုံအို က အဆင့်-X ဖာရာရီဂီနီ ၏ စွမ်းဆောင်ရည်များကို စမ်းသပ်နေရင်းမှ ဇဝေဇဝါ ဖြစ်နေသော မျက်နှာအမူအရာဖြင့် လှမ်းကြည့်လာခဲ့သည်။ ကျနော့်၏ အကြည့်ကို သူ သတိထားမိသွား၍လားတော့ မသိသော်လည်း ဟန်မြုံအို က ချောင်းတစ်ချက် ဟန့်လိုက်သည်။
"အဟမ်း။ အဟမ်း…. ဘဝဆိုတာ မလွယ်ကူဘူးနော်"
ဟန်မြုံအို က ကျနော့်၏ ဇဝေဇဝါ ဖြစ်နေမှုကို မြင်သွားပြီး အလျင်အမြန်ပင် ဆက်ပြောလာခဲ့သည်။
"ငါ ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက်မှာ ခံစားခဲ့ရတာကတော့ ဘဝဆိုတာ ဒီလိုပဲ ဖြစ်သင့်တာလို့ပဲ ယူဆတယ်။ ဘာမှ မတတ်နိုင်တဲ့ အချိန်တွေ ရှိသလို အဆင်မပြေဖြစ်တတ်တဲ့ အချိန်တွေလည်း ရှိတာပဲလေ"
ဟန်မြုံအို ၏ မျက်နှာအမူအရာတွင် နွေးထွေးမှုအချို့ ပါဝင်နေခဲ့သည်။ စဉ်းစားကြည့်မှပဲ ဟန်မြုံအိုသည် ကိစ္စများစွာကို အမှန်တကယ် ကြုံတွေ့ခဲ့ရသည်။ တစ်နည်းအားဖြင့် သူသည် ကျနော့်ထက်ပင် ပို၍ ခက်ခဲသော အချိန်များကို ဖြတ်သန်းခဲ့ရပုံပင်။
ကျနော် ထိုအကြောင်းကို တွေးတောနေရင်းမှ ဟန်မြုံအို ကို တစ်ခုခု မေးမြန်းချင်စိတ် ပေါက်လာခဲ့သည်။
"ကျနော် ခင်ဗျားကို တစ်ခုလောက် မေးလို့ ရမလား"
"မေးချင်တာ မေးပါ"
ဤကမ္ဘာကြီးထဲတွင် ကလေးတစ်ယောက် မွေးဖွားပေးခဲ့သည့် ထိုလူသည် ယုံကြည်စိတ်ချရသော မျက်နှာအမူအရာမျိုးကို ပြုလုပ်နိုင်ခဲ့သည်။ ကျနော် ဘာပြောရမလဲဟု တွေးတောရင်း စမတ်ဖုန်းကို ထပ်ခါတလဲလဲ ဖွင့်လိုက် ပိတ်လိုက် လုပ်နေမိသည်။
ဟန်မြုံအို က ကျနော့်၏ လုပ်ရပ်များကို လက်ခံသည့်အလား ပြောလာခဲ့သည်။
"အင်း... အဲဒါက တကယ် နာကျင်ခဲ့ရတယ်"
"ဘာကို ပြောတာလဲ"
"အဲဒါက မင်း မေးချင်တဲ့ အရာလို့ ငါ ထင်မှတ်နေခဲ့တာ။ အဲဒါက ဘယ်ယောက်ျား ဒါမှမဟုတ် ဘယ်မိန်းမမဆို ခံနိုင်ရည်ရှိဖို့ ခဲယဉ်းတဲ့ နာကျင်မှုမျိုးပဲ"
ဟန်မြုံအို ဘာပြောလိုသည်ကို နားလည်သွားသည့် ခဏတွင်တော့ ကျနော် အံ့အားသင့်သွားခဲ့ရသည်။
မဟုတ်သေးပါဘူး၊ ငါက သူ့ကို အဲဒီအကြောင်း မေးမလို့ မဟုတ်ဘူးလေ...
သို့သော်လည်း ကျနော် စိတ်ဝင်စားမိသွားခဲ့သည်။
"ထွက်လာတော့ရော ဘယ်ကနေ ထွက်လာတာလဲ"
"ငါ့ရဲ့ နှလုံးသားထဲကနေ မွေးဖွားလာခဲ့တာပါ"
"နာကျင်ခဲ့ရလား"
ဟန်မြုံအို က ဆေးလိပ်တစ်လိပ်ကို ထုတ်ယူလိုက်ပြီး ရုတ်တရက်ဆိုသလို တည်ကြည်သော မျက်နှာအမူအရာမျိုး ပြုလုပ်လိုက်သည်။
"ပထမတော့ ငါ မင်းကို သတ်ပစ်မလို့ပဲ"
ခါးသီးလှသော ဆေးလိပ်ငွေ့များက ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လွင့်ပျံသွားခဲ့သည်။
"အဲဒါက ရှက်ရွံ့စရာနဲ့ အရှက်ရစရာ ကောင်းခဲ့တာ။ ငါ အခြေအနေက ဘာလို့ ဒီလို ဖြစ်နေရတာလဲဆိုပြီး ဆွံ့အခဲ့ရတယ်"
"..."
"ဒရာမာရုပ်ရှင်တွေထဲမှာ ပါတဲ့ နည်းလမ်းတွေကို ငါ စမ်းသပ်ကြည့်ခဲ့သေးတယ်။ ဥပမာ ပဲငံပြာရည်တွေ အများကြီး သောက်တာမျိုးပေါ့။ ကြုံတွေ့နေရတဲ့အခြေအနေတွေကြောင့် ပဲငံပြာရည်တွေကို ရှာဖို့က မလွယ်ကူခဲ့ဘူး"
ဟန်မြုံအို ဆီမှ ဤဇာတ်ကြောင်းကို ကြားနေရသည်မှာ လက်တွေ့မဆန်သကဲ့သို့ ခံစားနေရသည်။ ကျနော့်အတွက်တော့ စိတ်ကူးကြည့်၍ပင် မရနိုင်လောက်သည့် အခက်အခဲမျိုး ဖြစ်၏။
"ငါ ကြောက်ခဲ့ရတယ်။ တကယ်လို့ ငါက မကောင်းဆိုးဝါးတစ်ကောင် မွေးဖွားပေးလိုက်ရင် ဘယ်လိုလုပ်မလဲ။ ကလေးက ငါ့ကို ပြန်စားပစ်ရင် ဘယ်လိုလုပ်မလဲ။ တစ်နေ့မှာ ရုတ်တရက်ဆိုသလို ငါ့ဗိုက်ကို ဖောက်ထွက်ပြီး ငါ့ကို သတ်ပစ်မလားဆိုပြီးတော့ပေါ့လေ..."
"ငါ တစ်ယောက်ထဲ ဖြတ်သန်းခဲ့ရတဲ့ ညပေါင်းများစွာမှာ စိုးရိမ်ပူပန်မှုတွေနဲ့အတူ ထွက်ပြေးခဲ့ရသလို သားရဲတွေကိုလည်း ရှောင်တိမ်းခဲ့ရတယ်။ ဒီကလေးကို ငါ ဘာလုပ်ရမလဲ။ သတ်ပစ်ရမလား၊ အသက်ရှင်ခွင့် ပေးရမလား၊ မွေးဖွားပေးရမလား ဒါမှမဟုတ်..."
ကျနော်သည် အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် ကို အသုံးမပြုခဲ့သော်လည်း ဟန်မြုံအို ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် မြောက်မြားလှစွာသော ဇာတ်ဝင်ခန်းများမှာ ကျနော့်၏ ခေါင်းထဲတွင် ဖြတ်သန်းသွားခဲ့သည်။
ဟန်မြုံအို သည် ကျနော် တစ်ခါမျှ မမြင်ဖူးသော မျက်နှာအမူအရာမျိုးဖြင့် စကားပြောခဲ့သည်။
"ဒါတောင်မှ မင်း သိလား။ ရယ်စရာကောင်းတာက အဲဒီအကြောင်းကို တွေးနေရင်းနဲ့တင် လပေါင်းများစွာ ကုန်ဆုံးသွားခဲ့တယ်။ အဲဒီလို ရုန်းကန်နေရင်းနဲ့ပဲ ငါ အသက်ရှင်ကျန်ရစ်ခဲ့တယ်"
ဟန်မြုံအိုသည် အကြီးကျယ်ဆုံးသော ဇာတ်ဝင်ခန်းများမှ ရှင်သန်နိုင်ခဲ့ခြင်းမှာ အကြောင်းရင်း တစ်ခုတည်းကြောင့် ဖြစ်သည်။
"အဲဒီအချိန်မှာပဲ ငါ သဘောပေါက်လိုက်တယ်။ မဟုတ်မှလွဲရော ဒီကလေးက ငါ့ကို ကယ်တင်ခဲ့တာပဲ ဖြစ်မယ်။ ဒါကြောင့် ငါ ဆုံးဖြတ်လိုက်တယ်။ ငါ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ဒီကလေးကို မွေးဖွားပေးမယ်လို့ပေါ့"
သူက ဆေးလိပ်ကို ပြတင်းပေါက်မှတစ်ဆင့် ရုတ်တရက် လွှင့်ပစ်လိုက်သည်။ ဟန်မြုံအို သည် ဆေးလိပ်အသစ်တစ်လိပ်ကို ထပ်မံ ထုတ်ယူလိုက်ပြန်သည်။ ထိုခဏတာအတွင်းတွင် ဟန်မြုံအိုသည် အတိတ်သို့ ပြန်လည် ရောက်ရှိသွားပုံရပြီးမှ ပြန်လည် သတိဝင်လာခဲ့သည်။
ဟန်မြုံအို အကြောင်းကို ကျနော်ကောင်းကောင်း သိသည်။ သူသည် ကျနော် သိရှိထားသမျှသော လူဆိုးများစာရင်းတွင် သေချာပေါက် ပါဝင်နေသူတစ်ဦး ဖြစ်၏။ သို့သော်လည်း ဤခဏတွင်တော့ ဟန်မြုံအိုသည် လူကောင်းတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။
"ငါ့သမီးက အတိုင်းအဆမရှိ လှပတဲ့ ကလေးလေးတစ်ယောက်ပါ။ သူက လူသား မဟုတ်ပေမဲ့ မယုံနိုင်လောက်အောင် ချောမောလှပခဲ့တယ်"
"…ကျနော် ခင်ဗျားသမီးကို မြင်ဖူးပါတယ်"
ဟန်မြုံအို၏ကလေးမှာ အလွန် ချောမောလှပခဲ့သဖြင့် အက်စ်မိုးဒီအက်စ် က ထိုကလေးမကို သူ၏ ကိုယ်စားလှယ် ခန္ဓာကိုယ်အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ကျနော် ထိုသို့ တွေးတောနေစဉ်မှာပင် ဟန်မြုံအို ၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားခဲ့သည်။ ဇာတ်လမ်းက ကောင်းမွန်စွာ အဆုံးသတ်မသွားခဲ့သော်လည်း ဟန်မြုံအို ဘာပြောချင်လဲဆိုသည်ကို ကျနော် မြင်တွေ့နိုင်ခဲ့သည်။
ခဏအကြာတွင်တော့ ဟန်မြုံအိုက စကားကို ဆက်ပြောလေသည်။
"ဒါကြောင့် ဒေါ့ဂျာလည်း အဲဒါကို ကြိုးစားကြည့်သင့်တယ်"
"…ကျနော်က ကလေးမွေးဖို့ ကြိုးစားရမယ် ဟုတ်လား"
"မဟုတ်ပါဘူး။ ငါက ဒေါ့ဂျာအတွက် စိုးရိမ်လို့ပါ"
ကျနော့်ထံတွင် ခဏတာမျှ စူးရှသော ခံစားချက်တစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ စမတ်ဖုန်း မျက်နှာပြင်ပေါ်တွင် ကျနော့်၏ ဇဝေဇဝါ ဖြစ်နေသော မျက်နှာက ပေါ်လာခဲ့သည်။
"ဒေါ့ဂျာ ဘာတွေ တွေးနေလဲဆိုတာ ငါ မသိဘူး။ အမှန်အတိုင်း ပြောရရင် အရင်တုန်းက ဒေါ့ဂျာကို ငါ သဘောမကျခဲ့ဘူး"
"အဲဒါကို သိရတာ ဝမ်းသာပါတယ်"
"ဒါပေမဲ့ မကြာသေးခင်ကစပြီး ဒေါ့ဂျာက တစ်မျိုး ဖြစ်နေတယ်လို့ ငါ ခံစားနေရတယ်"
ကျနော် နှုတ်ဆိတ်နေလိုက်မိသည်။
"အရာရာတိုင်းက အဆင်မပြေဖြစ်တတ်မှန်း ငါ သိပါတယ်။ အားလုံးက ကိုယ်ဖြစ်ချင်သလို ဖြစ်မလာနိုင်ဘူးလေ။ ဒါပေမဲ့ အဲဒါကို အရမ်း အာရုံမစိုက်ပါနဲ့။ မင်းရဲ့ နှလုံးသား ဦးဆောင်ရာနောက်ကိုပဲ လိုက်ပါ"
"…"
"ဘာတွေပဲ ဖြစ်ပျက်ခဲ့ပါစေ ရှင်သန်ခဲ့တာက ဒေါ့ဂျာပဲလေ။ တကယ်လို့ မင်းသာ လုပ်ဆောင်သင့်တာကို မှန်ကန်အောင် မလုပ်ဆောင်နိုင်ခဲ့ရင် နောက်ပိုင်းမှာ နောင်တရလိမ့်မယ်"
အမှန်တကယ်ပင် ကျနော်သည် အချိန်အတော်ကြာ အသက်ရှင်ခဲ့ပြီး ကမ္ဘာကြီးကို မြင်တွေ့ခဲ့ဖူးသော်လည်း ဤလူနှင့် ထပ်တူထပ်မျှ ခံစားရမည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်ဟု မည်သည့်အခါမှ မမျှော်လင့်ထားခဲ့ချေ။
စမတ်ဖုန်း၏ LCD မျက်နှာပြင် ပွင့်လာခဲ့ပြီး Ways of Survival ၏ ဖိုင်က ပေါ်လာခဲ့သည်။
「 ပျက်စီးသွားသော ကမ္ဘာကြီးတွင် ရှင်သန်နိုင်မည့် နည်းလမ်း သုံးသွယ် (ဒုတိယအကြိမ် ပြင်ဆင်ချက်).txt 」
ကျနော့်ထံတွင် ဟန်မြုံအို ကဲ့သို့သော အတွေ့အကြုံများ မရှိခဲ့ချေ။ ကျနော့်ထံတွင် ကလေးတစ်ယောက် မရှိခဲ့ဖူးသကဲ့သို့ ကလေးယူရန်လည်း အစီအစဉ် မရှိ။ သို့သော်လည်း ဟန်မြုံအို ၏ ခံစားချက်များကို ကျနော် အနည်းငယ်တော့ နားလည်သကဲ့သို့ ဖြစ်နေခဲ့သည်။
ဒုတိယအကြိမ် ပြင်ဆင်ချက်ကို ဖတ်ရမလား၊ မဖတ်ရဘူးလား။
လွန်ခဲ့သော နာရီအနည်းငယ်အတွင်းတွင် ဤအရာကသာ ကျနော့်၏ အတွေးများကို ကြီးစိုးနေခဲ့သည်။
ထိုဝတ္ထုဗားရှင်းအသစ်ကို ကျနော်ဖတ်လိုက်ရခြင်းကြောင့် ထိခိုက်မှုများ ရှိလာမည်ကို ကြောက်ရွံ့နေခဲ့သည်။ ကျနော့်၏ အလုပ်ရလဒ်များကို အတည်ပြုရခြင်းမှာလည်း နာကျင်စရာ ကောင်းလှသည်။ ကျနော့်၏ 'အနာဂတ်' က တည်မြဲသွားမည်ကိုလည်း ကျနော် ကြောက်ရွံ့နေခဲ့သည်။
သို့သော်လည်း အခြေအနေက အစကတည်းက ရယ်စရာ ကောင်းနေခဲ့ပြီးဖြစ်၏။
ဟုတ်ပေသည်။ ဤဇာတ်လမ်းမှာ ကောင်းမွန်စွာ မွေးဖွားမလာသေးချေ။ ကျနော်သည် တွန့်ဆုတ်နေခြင်း မရှိဘဲ Ways of Survival ၏ ဖိုင်ကို ဖွင့်လိုက်သည်။ ထို့နောက်တွင်တော့ ကျနော် အမြဲတမ်း လုပ်ဆောင်နေကျအတိုင်း စတင်၍ ဖတ်ရှုလိုက်တော့သည်။
Ways of Survival ၏ ဒုတိယအကြိမ် ပြင်ဆင်ချက်မှာ စတုတ္ထအကြိမ်မြောက်မှ စတင်ခဲ့သည်။
「 အဲဒီအချိန်မှာ ဖြစ်ပျက်ခဲ့သလိုမျိုးပါပဲ။ တတိယအကြိမ်မှာတုန်းက သူသာ မရှိခဲ့ရင် အဲဒီမှာတင် ဆရာဟာ သေဆုံးသွားခဲ့ရမှာ 」
အချို့သော ဖော်ပြချက်များက ကျနော့်ကို စိတ်သက်သာရာ ရစေခဲ့သည်။
「 ဒါတောင်မှ ငါဟာ အဲဒါကို မပြောင်းလဲနိုင်ခဲ့ဘူး။ 」
အချို့သော ဖော်ပြချက်များမှာတော့ ယခုအထိ မပြောင်းလဲသေးချေ။
「 အဲဒီကောင်ဟာ ဒီအကြိမ်မှာ မရှိဘူး」
ကျနော်သည် ယူဂျွန်ဟော့ ၏ စတုတ္ထအကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်း တွင် ရှိမနေခဲ့ချေ။
「 ငါဟာ တတိယအကြိမ်မှာ ကျရှုံးခဲ့တယ်။ ]
ကျနော်သည် ကြိုတင်၍ မျှော်လင့်ထားခဲ့ပြီး ဖြစ်သောကြောင့် ထိတ်လန့်သွားခြင်း မရှိခဲ့ချေ။ စာရေးသူက ကျနော့်ဆီကို ဘာလို့ ဒီလိုမျိုး ပေးပို့ခဲ့သလဲဆိုတာ ကျနော် မသိပေ။ေကျနော့်ကို ခြိမ်းခြောက်ရန် သို့မဟုတ် သူအလိုရှိသော ဇာတ်သိမ်းအတွက် ကျနော့်ကို အသုံးချရန် ဖြစ်ကောင်းဖြစ်နိုင်၏။ မူလကတည်းက ဤtxtကို ပေးပို့ခဲ့သူမှာ စာရေးသူ ဟုတ်မဟုတ်ကိုပင် ကျနော် မသိရှိခဲ့ချေ။
ကျနော် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်ကာ ပြန်လည် ဖွင့်ကြည့်လိုက်သည်။ ထို့နောက်တွင်တော့ Fourth Wall ကို တွေးတောလိုက်မိသည်။
[ ကင်ဒေါ့ဂျာ က တွေးလိုက်တယ်။ ]
ကျနော်သည် ဝတ္ထုတစ်ပုဒ်ထဲတွင် ဝါကျတစ်ခုကို ရေးသားနေသကဲ့သို့ပင် ဖြစ်နေခဲ့သည်။
[ သူဟာ နောက်ဆုံးမှာ ဘာကို အလိုရှိနေလဲဆိုတာ ငါ မသိဘူး။ ဒါပေမဲ့ ရလဒ်က ဘယ်လိုပဲ ဖြစ်နေပါစေ ငါကတော့ ငါ အလိုရှိတဲ့ ဇာတ်သိမ်းကိုပဲ ဖန်တီးသွားမှာပါ။ ]
ကျနော်သည် ထိုဝါကျကို ရေးသားလိုက်ပြီး လေထုထဲသို့ ခဏတာမျှ စိုက်ကြည့်နေမိသည်။
ထင်ထားသည့်အတိုင်းပင် မည်သည့် ပြန်လည် ဖြေကြားချက်မျှ ရှိမနေခဲ့ပါ။ ထိုအစား Fourth Wall ကသာ တုံ့ပြန်ခဲ့သည်။
[ Fourth Wall က ပျော်ရွှင်စွာဖြင့် လှုပ်ရှားပါနေသည်။ ]
ကျနော် အပြင်သို့ ရုတ်တရက် လှမ်းကြည့်လိုက်ရာ အဝေးတွင် စက်မှုဇုန်ကို မြင်တွေ့လိုက်ရသည်။ ကျနော်သည် ကင်ဒေါ့ဂျာ စက်မှုဇုန် သို့ ပထမဆုံးအကြိမ်အဖြစ် လာရောက်လည်ပတ်ခြင်း ဖြစ်သည်။ ထိုစဉ် ဟန်မြုံအို က ကား၏ အရှိန်ကို ရုတ်တရက် လျှော့ချလိုက်လေသည်။
"ဘာဖြစ်လို့လဲ"
"…ဇာတ်ဝင်ခန်းက တိုးတက်နေတယ်"
ဇာတ်ဝင်ခန်း ဟုတ်လား။ မဖြစ်နိုင်တာ... မိစ္ဆာဘုရင် ရွေးချယ်ပွဲက မစတင်ရသေးဘူး မဟုတ်လား။
[ သင်သည် ဝှက်ထားသော ဇာတ်ဝင်ခန်း နယ်မြေထဲသို့ ဝင်ရောက်လိုပါသလား။ ]
ဟန်မြုံအို သည် စက်မှုဇုန်ဆီသို့ သတိရှိရှိဖြင့် ချဉ်းကပ်သွားခဲ့သည်။ စက်မှုဇုန်၏ ဝင်ပေါက်တွင်တော့ အစောင့်တစ်ယောက်မျှ မရှိဘဲ ဗလာကျင်းနေခဲ့သည်။
ကျနော် ပြတင်းပေါက်ကို ဖွင့်လိုက်ရာ စက်မှုဇုန်ထဲမှနေ၍ အော်ဟစ်သံများကို ကြားလိုက်ရသည်။
"ငါက ကင်ဒေါ့ဂျာ ကွ"
"မဟုတ်ဘူး၊ ငါက ကင်ဒေါ့ဂျာ"
"ငါက ကင်ဒေါ့ဂျာ၊ ငါကမှ အစစ်"
ဟန်မြုံအို နှင့် ကျနော်သည် တစ်ပြိုင်နက်တည်း အချင်းချင်း လှမ်းကြည့်လိုက်ကြသည်။
"ဘာတွေလဲ..."
စနစ်၏ မက်ဆေ့ချ် တစ်ခုက ထပ်မံ ထွက်ပေါ်လာခဲ့လေသည်။
[ ဝှက်ထားသော ဇာတ်ဝင်ခန်း ― ကင်ဒေါ့ဂျာ ကစားပွဲက လုပ်ဆောင်နေဆဲ ဖြစ်သည်။ ]
ကျနော် မရှိခိုက်တွင် ကျနော့်၏ စက်မှုဇုန်ထဲ၌ ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်နေခဲ့ပြီ ဖြစ်သည်။
***