[သင်သည် ဝှက်ထားသော ဇာတ်ဝင်ခန်း နယ်မြေထဲသို့ ဝင်ရောက်ခဲ့ပါသည်။]
[ဝှက်ထားသော ဇာတ်ဝင်ခန်း ဖြစ်သည့် ‘ကင်ဒေါ့ဂျာ ကစားပွဲ’ တွင် ပါဝင်လိုပါသလား]
ဟန်မြုံအိုက ကျနော့်ကို စိုက်ကြည့်ပြီး ဆွံ့အမှင်သက်စွာဖြင့် ရေရွတ်လိုက်သည်။
"ဘာတွေ ဖြစ်ကုန်တာလဲ"
ဘီယူ ကို ကျနော်လှမ်းကြည့်လိုက်သည်။
[ဘတ်၊ ဘတ်...]
ဘီယူ က ခေါင်းကို အခါခါ ခါယမ်းပြခဲ့သည်။ ဤအရာကို ပြုလုပ်ခဲ့သည်မှာ ဘီယူ မဟုတ်ပေ။ ဝှက်ထားသော ဇာတ်ဝင်ခန်း အများစုမှာ အဓိကဇာတ်ဝင်ခန်းများကဲ့သို့ပင် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ၏ အလိုဆန္ဒနှင့်အညီ အသက်ဝင်လာလေ့ ရှိကြသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ဤအချိန်မှ ဖြစ်ရသနည်း။ နောက်ဆက်တွဲ စနစ်မက်ဆေ့ချ်က အရိပ်အမြွက် ပေးလာခဲ့၏။
[စက်မှုဇုန်၏ ပိုင်ရှင်မှာ လက်ရှိအချိန်တွင် ကင်းကွာနေပါသည်။]
[အရေးပေါ် ရာထူးတိုးမြှင့်ခြင်း ဇာတ်ဝင်ခန်း အသက်ဝင်လာပါပြီ။]
ကျနော် ပျောက်ကွယ်နေသည်မှာ အလွန် ကြာမြင့်သွားခဲ့ပုံရသည်။
"ကျနော်က စော်ဘွား ရာထူးကို ဆက်ခံဖို့ ဆန္ဒမရှိဘူးလို့ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု က ဆုံးဖြတ်လိုက်ပုံရတယ်"
"အခု မင်း ဒီကို ရောက်နေပြီဆိုတော့ အဆင်ပြေသွားပြီ မဟုတ်ဘူးလား"
"အဲဒါဆိုရင်တော့ ကောင်းတာပေါ့"
ကျနော်သည် စက်မှုဇုန်ထဲသို့ ဝင်ရောက်ခဲ့ပြီးနောက်တွင်ပင် ဇာတ်ဝင်ခန်းမှာ အပြောင်းအလဲ မရှိဘဲ ကျန်ရှိနေခဲ့သည်။ ကျနော်နှင့် ယူဂျွန်ဟော့ တို့ ပြုလုပ်ခဲ့သော အယောင်ဆောင်မှု လုပ်ရပ်ကြောင့် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ဇာတ်ဝင်ခန်းမှာ လွဲချော်သွားခဲ့ပုံရသည်။ ထိုအချိန်တုန်းက အမှားအယွင်းတစ်ခု ဖြစ်ပွားခဲ့သည်ဟူသော မက်ဆေ့ချ်တစ်ခု တက်လာခဲ့ဖူးသည်။
"ကင်ဒေါ့ဂျာ ကစားပွဲ ဆိုတာ ဘာလဲ။ အဲဒါက လွတ်လပ်စွာ ပါဝင်နိုင်တဲ့ ဇာတ်ဝင်ခန်းလား"
ဂျန်ဟာယောင်း သည် နောက်ခန်းတွင် မျက်လုံးများကို ဖွင့်လိုက်ပြီး အကြောဆန့်လိုက်သည်။
[ငါတို့က လက်ရှိမှာ စက်မှုဇုန်ရဲ့ 'ကင်ဒေါ့ဂျာအစစ်' ကို ရွေးချယ်နေကြတာလေ]
ဤအတိုင်းဆိုလျှင် ကျနော့်၏ နာမည်မှာ အခိုးခံရတော့မည် ဖြစ်သည်။ ကျနော်သည် ဟန်မြုံအို ဘက်သို့ လှည့်ကြည့်ပြီး မေးမြန်းလိုက်သည်။
"ခင်ဗျားကော ပါမလား"
"ငါက ဘာလို့ အဲဒီလို လုပ်ရမှာလဲ"
"နင်ကော ဘယ်လိုလဲ၊ ဂျန်ဟာယောင်း"
"ကျုပ်ကတော့ ကင်ဒေါ့ဂျာ မဖြစ်ချင်ပါဘူး"
သူ၏ မျက်နှာအမူအရာက အလျင်အမြန်ပင် ပြောင်းလဲသွားပြီး စိတ်ကောက်နေပုံရသည်။
"ကျုပ်က ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်ကိုလည်း မသိဘူး"
လက်တွေ့ဘဝကို ရှောင်တိမ်းရန်အတွက် သူသည် ကျနော်နှင့် ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် ကို သီးခြားစီ ခွဲခြားထားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ကျနော် နောက်ဆုံး လှမ်းကြည့်လိုက်သည့်သူမှာ ကောင်းကင်ဖြိုခွင်းဓါးသခင် ဖြစ်သည်။
ဝုတ်၊ ဝုတ်
ကျနော် ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင်တော့ ငါ တစ်ယောက်ထဲပဲ ပါလိုက်တော့မယ်"
"အဆင်ပြေပါ့မလား။ ဘာတွေ ဖြစ်နေလဲဆိုတာကိုလည်း မင်းလည်း မသိသေးဘူးလေ..."
"ဘာပဲဖြစ်ဖြစ် ကျနော် သွားမှ ဖြစ်မယ်။ ဒါက ကျနော့်ရဲ့ စက်မှုဇုန်ပဲလေ"
ဇာတ်ဝင်ခန်းတွင် ပါဝင်ပြီးသည်နှင့် ချက်ချင်းပင် မက်ဆေ့ချ်ဇယားတစ်ခု ထွက်ပေါ်လာခဲ့သည်။
[ဝှက်ထားသော ဇာတ်ဝင်ခန်း - ကင်ဒေါ့ဂျာ၏ ဖြစ်တည်မှု သက်သေ]
အမျိုးအစား အဓိက
ခက်ခဲမှု ???
အောင်မြင်ရန် လိုအပ်ချက် ‘ကင်ဒေါ့ဂျာ စက်မှုဇုန်’ ချန်နယ်၏ နက္ခတ်များအား သင်သည် ကင်ဒေါ့ဂျာ ဖြစ်ကြောင်း သက်သေပြပါ။
အချိန်ကန့်သတ်ချက် ၃ နာရီ
ဆုလာဘ် ကင်ဒေါ့ဂျာ စက်မှုဇုန်၏ စော်ဘွား ဖြစ်လာခြင်း နှင့် ဒင်္ဂါး ၂၀၀,၀၀၀
ကျရှုံးမှု ???
ဇာတ်ဝင်ခန်းအတွင်းရှိ ‘ကင်ဒေါ့ဂျာ’ ဖြစ်ရန် ရည်မှန်းထားသူအားလုံးသည် ဇာတ်ဝင်ခန်း မပြီးဆုံးမချင်း တူညီသော ရုပ်သွင်ပြင်ကို ရရှိနေမည် ဖြစ်သည်။
အချိန်ကန့်သတ်ချက်အတွင်း နက္ခတ်များထံမှ ရမှတ်အများဆုံး ရရှိသော ‘ကင်ဒေါ့ဂျာ’ ဖြစ်ရန် ရည်မှန်းထားသူသည် ကင်ဒေါ့ဂျာ စက်မှုဇုန်ကို ဆက်ခံရရှိမည် ဖြစ်၏။
...ဤကဲ့သို့သော ဇာတ်ဝင်ခန်းမျိုးကို ကျနော် ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။ ဤဇာတ်ဝင်ခန်းမှာ မူရင်းစာအုပ်ထဲတွင် မပါဝင်ခဲ့ပေ။
[‘ကင်ဒေါ့ဂျာ’ ဖြစ်ရန် ရည်မှန်းထားသူ အသစ်တစ်ဦး ဝင်ရောက်လာခဲ့ပါသည်။]
[ဇာတ်ဝင်ခန်း ပြီးဆုံးရန် သုံးနာရီ ကျန်ရှိပါတော့သည်။]
[သင်သည် နက္ခတ်အများစု၏ အသိအမှတ်ပြုခြင်းကို ‘ကင်ဒေါ့ဂျာ’ အဖြစ် ခံယူရပါမည်။]
[သင်သည် ၁၁၃၁ ယောက်မြောက် ‘ကင်ဒေါ့ဂျာ’ ဖြစ်ရန် ရည်မှန်းထားသူ ဖြစ်ပါသည်။]
ဇာတ်ဝင်ခန်း စတင်ခဲ့ပြီး ကျနော်သည် ကင်ဒေါ့ဂျာ စက်မှုဇုန်ရှိ ရင်ပြင်၏ အစွန်အဖျားသို့ ဆင့်ခေါ်ခြင်း ခံခဲ့ရသည်။ ထိုနေရာတွင် သူတို့ကိုယ်သူတို့ ကင်ဒေါ့ဂျာ ဖြစ်ကြောင်း သက်သေပြရန်အတွက် ရုန်းကန်နေမှုများ ရှိနေနှင့်ပြီးသား ဖြစ်သည်။
[ဟားဟား၊ အားလုံးပဲ။ နက္ခတ်တွေရဲ့ အသိအမှတ်ပြုမှုကို ခံယူချင်ကြတာလား။ မင်းတို့က ကင်ဒေါ့ဂျာအစစ် ဖြစ်ကြောင်း ငါတို့ကို ပြသစမ်းပါ]
ဒိုကဲဘီ တစ်ကောင်၏ အသံကို ကျနော်ကြားလိုက်ရသည်။ ကျနော် မရှိသည့် အတောအတွင်း စီမံခန့်ခွဲရေးဌာနသည် မိစ္ဆာနယ်မြေထဲသို့ အောင်မြင်စွာ တိုးချဲ့ဝင်ရောက်လာနိုင်ခဲ့ပုံရသည်။ ဤသို့တိုးချဲ့ဝင်ရောက်ခြင်းက အကျိတ်နှင့်လူ များအတွက် အနှောင့်အယှက်တစ်ခု ဖြစ်လာလောက်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဇာတ်လမ်းတစ်ခု ရှိလာတိုင်း သရဲတစ္ဆေများကဲ့သို့ စုပြုံရောက်ရှိလာကြစမြဲ ဖြစ်၏။
[ဘတ်]
ဘီယူ က စိတ်ပိုင်းဖြတ်လိုက်ပြီး ချန်နယ်ကို စတင်ချဲ့ထွင်လိုက်သည်။
[နက္ခတ်များစွာသည် ချန်နယ်ထဲသို့ ဝင်ရောက်လာခဲ့ကြပါသည်။]
ကျနော်သည် ‘ကင်ဒေါ့ဂျာ’ ဖြစ်ရန် ရည်မှန်းထားကြသော အခြားသူများကို ဖြည်းညှင်းစွာ လှည့်ပတ်ကြည့်ရှုလိုက်မိသည်။
"ငါက ကင်ဒေါ့ဂျာပဲ။ ကြည့်လိုက်စမ်း"
"ငါက ကင်ဒေါ့ဂျာကွ"
ကင်ဒေါ့ဂျာ ဖြစ်ရန် ရည်မှန်းထားကြသူများအော်ဟစ်နေချိန်တွင် သူတို့၏ မျက်နှာများမှာ ဝေဝါးနေ၏။
အတိအကျပြောရမည်ဆိုလျှင် အခြားသော နက္ခတ်များ၏ အမြင်တွင်လည်း ကျနော်သည် ဤကဲ့သို့ပင် ဖြစ်နေလောက်ပေမည်။
...ချီး
တစ်ခုခုတော့ ထူးဆန်းနေသလို ခံစားလိုက်ရသည်။ ကင်ဒေါ့ဂျာ ဖြစ်ရန် ရည်မှန်းထားကြသူ အများစုမှာ ကျနော့် နာမည်ကိုသာ ထပ်ခါတလဲလဲ အော်ဟစ်နေကြပြီး ထူးခြားသည့် အမူအရာမျိုးကို ပြသနိုင်ခြင်း မရှိကြပေ။ သူတို့မှာ စော်ဘွား ရာထူးကို မက်မောပြီး ပါဝင်လာကြသူများသာ ဖြစ်ကြ၏။
သို့သော်လည်း သူတို့အားလုံးကတော့ တူညီမနေခဲ့ကြပေ။
"ငါက ပရောဟိတ် ကင်ဒေါ့ဂျာ"
"ငါက ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်"
[နက္ခတ်အချို့က စိတ်ဝင်စားနေကြပါသည်။]
[ကိုယ်စားလှယ် ၉၈၆ က ၁၀ မှတ် ရရှိသွားပါသည်။]
ဆီလျော်လှသော ဝတ်စုံများကို ဝတ်ဆင်ထားပြီး ‘ကင်ဒေါ့ဂျာ’ ဟု အော်ဟစ်နေကြသော ကိုယ်စားလှယ် အချို့ကို မြင်လိုက်ရသဖြင့် ကျနော် ခဏမျှ ရပ်တန့်သွားခဲ့ရသည်။
"ငါက ဘုရင်မဲ့ကမ္ဘာ၏ ဘုရင်ပဲ"
[နက္ခတ်အနည်းငယ်က ဤကိုယ်စားလှယ်ကို စိတ်ဝင်စားနေကြ ပါသည်။]
[ကိုယ်စားလှယ် ၉၈၆ က ၂၀ မှတ် ရရှိသွားပါသည်။]
...သူက တော်တော်လေး တော်သားပဲ။
စက်မှုဇုန်၏ ဗဟိုချက်ဆီသို့ ကျနော်ဝင်ရောက်ခဲ့ရာ ပို၍ ဆီလျော်သော စကားများကို ပြောဆိုနေကြသူများမှာ တဖြည်းဖြည်း ပိုမိုများပြားလာခဲ့သည်။
ကင်ဒေါ့ဂျာ အချို့မှာ အချင်းချင်း စိန်ခေါ်တိုက်ခိုက်နေကြသည်ကိုလည်း မြင်တွေ့ရသည်။ ရင်းနှီးနေသော နက္ခတ်တစ်ပါးထံမှ မက်ဆေ့ချ်တစ်ခုကို ကြားလိုက်ရချိန်တွင်တော့ ဤနယ်မြေက ဘာကြောင့် ဤမျှအထိ သွေးချောင်းစီးနေရသည်ကို ကျနော် နားလည်ချင်စိတ် ပေါက်သွားခဲ့သည်။
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က ကင်ဒေါ့ဂျာမှာ သတ္တိရှိသူတစ်ဦး ဖြစ်သည်ဟု အငြင်းပွားနေပါသည်။]
...ကောင်းကင်တစ်မျှ မဟာပညာရှိ က ဘာကြောင့် ဤမျှအထိ တိတ်ဆိတ်နေရသနည်းဟု ကျနော် တွေးတောမိခဲ့ဖူးသည်။ သူသည် ဤအခြေအနေ၏ အလယ်ဗဟိုသို့ ရောက်ရှိနေနှင့်ပြီးသား ဖြစ်နေခဲ့၏။ ထိုစဉ် လေထုကို ဖြတ်သန်းသွားသော ဓါးသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကင်ဒေါ့ဂျာ ဖြစ်ရန် ရည်မှန်းထားသူတစ်ဦးမှာ လဲပြိုသွားခဲ့ရသည်။
"အား"
ပြင်းထန်သော မှော်စွမ်းအင်တစ်ခုက ကင်ဒေါ့ဂျာ ဖြစ်ရန် ရည်မှန်းထားသည့် အခြားတစ်ဦး၏ ခါးကို ဖြတ်တောက်သွားခဲ့သည်။ ကိုယ်စားလှယ်အချို့မှာ ထွက်ပြေးသွားကြပြီး အနိုင်ရရှိသွားသော ကင်ဒေါ့ဂျာ က အော်ဟစ်လိုက်သည်။
"ဒါက ငါဟာ ကင်ဒေါ့ဂျာ ဖြစ်တယ်ဆိုတဲ့ သက်သေပဲ"
ပြာလဲ့သော မှော်စွမ်းအင်များဖြင့် ပြုလုပ်ထားသည့် ဓါးသွားတစ်ခုက သူ၏ လက်ထဲတွင် ရှိနေခဲ့သည်။ ကျနော် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
[နက္ခတ်အမြောက်အမြားက ဤကိုယ်စားလှယ်ကို စိတ်ဝင်စားနေကြ ပါသည်။]
[ကိုယ်စားလှယ် ၃၁၂ က ၁၀၀ မှတ် ရရှိသွားပါသည်။]
ကိုယ်စားလှယ် ၃၁၂ သည် အသန့်စင်ဆုံးဓါးစွမ်းအင် ကို အသုံးမပြုခဲ့သော်လည်း ပုံပန်းသဏ္ဍာန်အားဖြင့်တော့ ဆင်တူနေခဲ့သည်။ ကိုယ်စားလှယ် ၃၁၂ သည် အခြားသော ကိုယ်စားလှယ်များကို ပြန်လည်သုတ်သင်ခြင်း မပြုမီ ကျနော့်ဘက်သို့ လှမ်းကြည့်လာခဲ့သည်။ လှမ်းကြည့်မှုမှာ ခဏတာမျှသာ ဖြစ်သော်လည်း သူနှင့် မျက်လုံးချင်း ဆုံလိုက်ရသည့် ခဏတွင်တော့ အိုင်လင်း ၏ စကားများမှာ ကျနော့်၏ ခေါင်းထဲသို့ ဖြတ်သန်းသွားခဲ့သည်။
--စော်ဘွား ထွက်ခွာသွားကတည်းက တခြား စက်မှုဇုန်တွေနဲ့ ရုန်းကန်နေခဲ့ရတယ်... အဖွဲ့သားတွေကတော့ ကောင်းကောင်း ကိုင်တွယ်နိုင်ကြပါတယ်
အခြေအနေများက မည်ကဲ့သို့ ဖြစ်ပျက်နေသည်ကို ကျနော် အကြမ်းဖျင်း သဘောပေါက်လိုက်မိသည်။ ဤနေရာရှိ ကင်ဒေါ့ဂျာ ဖြစ်ရန် ရည်မှန်းထားသူအချို့မှာ အခြားသော စက်မှုဇုန်များမှ ရောက်ရှိလာကြသူများ ဖြစ်ကြ၏။ တစ်နည်းအားဖြင့်ဆိုရသော် ကျနော့်နှင့် ပတ်သက်သည့် အချက်အလက်များကို ထောက်ပံ့မှု ရရှိထားကြပြီး ကင်ဒေါ့ဂျာ အဖြစ် ဟန်ဆောင်နေကြသူများလည်း ရှိနေကြခြင်း ဖြစ်၏။
ကျနော့်၏ စိတ်ထဲတွင်တော့ အနည်းငယ် ရှုပ်ထွေးသွားခဲ့ရသည်။ အကယ်၍ ကျနော်သည် ဤကစားပွဲတွင် ရှုံးနိမ့်သွားခဲ့လျှင် မှားယွင်းသော ကင်ဒေါ့ဂျာ ကသာ မိစ္ဆာဘုရင် ရွေးချယ်ပွဲသို့ တက်ရောက်သွားရပေလိမ့်မည်။
[နက္ခတ်အနည်းငယ်က သင့်ကို စိတ်ဝင်စားနေကြပါသည်။]
[နက္ခတ်အနည်းငယ်က သင်သည် ကင်ဒေါ့ဂျာ ဖြစ်ကြောင်း သက်သေပြရန် တောင်းဆိုနေကြပါသည်။]
ကျနော့်၏ ဖြစ်တည်မှုကို ကျနော် မည်သို့ သက်သေပြရမည်နည်း။ ကျနော့်တွင် ကိုယ့်ကိုယ်ကိုယ် သက်သေပြရန်အတွက် မှတ်ပုံတင် သို့မဟုတ် သက်သေခံကတ်ပြားဟူ၍ ဘာမှမရှိချေ။
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က ကင်ဒေါ့ဂျာအစစ်မှာ အပေါင်းအဖော်ကို ချစ်မြတ်နိုးသူ ဖြစ်သည်ဟု ဆိုပါသည်။]
...ယူရီအယ်
ကျနော်သည် ယူရီအယ်ကို လှမ်းအော်တော့မည့် ဆဲဆဲတွင် ရင်ပြင်၏ အလယ်ဗဟိုရှိ ကိုယ်စားလှယ်တစ်ဦးမှာ ဒူးထောက်လိုက်ပြီး ငိုကြွေးလာခဲ့သည်။
"ယူဂျွန်ဟော့။ ယူဂျွန်ဟော့။ ထစမ်းပါ။ ကျေးဇူးပြုပြီး ထစမ်းပါဦးကွာ"
ကင်ဒေါ့ဂျာ အယောင်ဆောင်မှာ သူ၏ ရင်ခွင်ထဲတွင် စိတ်ကူးယဉ် ယူဂျွန်ဟော့ ကို ပိုက်ထွေးထားရင်းမှ အော်ဟစ်နေခဲ့သည်။ ကျနော်သည် မရယ်ဘဲ မနေနိုင်တော့ပေ။ ကျနော်က ထိုကဲ့သို့ အပြုအမူမူး မလုပ်ခဲ့ဘူးချေ။ ယူရီအယ်သည်လည်း ဤကဲ့သို့သော သရုပ်ဆောင်မှုမျိုးဖြင့် လှည့်စားခြင်းကို ခံရမည် မဟုတ်သည်မှာ သေချာ…
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က မျက်ရည်များ ဝဲနေပါသည်။]
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က ထပ်မံပြသပေးရန် တောင်းဆိုနေပါသည်။]
[ကိုယ်စားလှယ် ၃၂ က ၃၀၀ မှတ် ရရှိသွားပါသည်။]
...ကျနော် မယုံနိုင်အောင် ဖြစ်သွားခဲ့ရသည်။ ကျနော် ခေါင်းကို ခါယမ်းလိုက်ပြီး ကိုယ်စားလှယ် ၃၂ ကို ကျော်ဖြတ်သွားခဲ့ရာတွင်တော့ မမျှော်လင့်ထားသော စကားတစ်ခွန်းကို ကြားလိုက်ရပြန်သည်။
[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်က ကင်ဒေါ့ဂျာအစစ်မှာ အုံ့ပုန်းတစ်ယောက်ဖြစ်ကြောင်း အခိုင်အမာ ဆိုပါသည်။]
မဟူရာမီးလျှံ အသူတစ်ရာနဂါး လား။ သူက ဘယ်အချိန်က ရောက်လာတာလဲ...
[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်က ကင်ဒေါ့ဂျာအစစ်မှာ လျှို့ဝှက်ချက်တွေရှိသူဖြစ်ကြောင်း အခိုင်အမာ ဆိုပါသည်။]
ဘာတွေ ဖြစ်ပျက်နေသည်ကို ကျနော် သိရှိလိုက်ပြီ ထင်သည်။ အံ့အားသင့်စရာ ကောင်းလှသည်မှာ တစ်ချိန်တည်းမှာပင် အော်ဟစ်လာခဲ့သည့် ကိုယ်စားလှယ်တစ်ဦး ရှိနေခဲ့ခြင်း ဖြစ်သည်။
"အာ... ယူဆန်းအာ။ ခင်ဗျား သိလား။ ဟက်ဟက်။ ကျနော်က စာဖတ်သူ တစ်ယောက်ပဲ။ ကျနော့်မှာ စာဖတ်သူ တစ်ယောက်ရဲ့ ဘဝ ရှိတယ်"
ကျနော့်၏ စိတ်ကူးများမှာ မယုံနိုင်လောက်အောင်ပင် ရှုပ်ထွေးသွားခဲ့ရသည်။ ထိုကိစ္စက ဇာတ်ဝင်ခန်း မပေါ်ပေါက်မီက ဇာတ်ကြောင်းတစ်ခု ဖြစ်သည်။
သူက ဘယ်လိုလုပ်ပြီး သိနေရတာလဲ... မဟုတ်သေးဘူး၊ နေပါဦး၊ ငါက ဘယ်တုန်းကမှ အဲဒီလိုမျိုး မပြောခဲ့ပါဘူး။
[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်က ကျေနပ်နေပါသည်။]
[ ‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်က ကိုယ်စားလှယ် ၉၇ ကို ၃၀၀ မှတ် ပေးလိုက်ပါသည်။]
စိတ်ပျက်အားငယ်မှုကို ကျနော်ခံစားလိုက်ရပြီး နှုတ်ခမ်းများမှာလည်း တုန်ရီနေခဲ့သည်။ ဤအတိုင်းသာဆိုလျှင် ကျနော့်၏ နာမည်မှာ ထိုကဲ့သို့သော ရယ်စရာကောင်းသည့် လူများဆီသို့ ဆုံးရှုံးသွားပေတော့မည်။
ကျနော် တည်ငြိမ်စွာ စဉ်းစားရမည်။ ကျနော်သည် ကင်ဒေါ့ဂျာ ဖြစ်ကြောင်း သက်သေပြနိုင်ရန်အတွက် ကျနော်နှင့် နက္ခတ်များသာ မျှဝေခံစားခဲ့ဖူးသည့် ဖြစ်ရပ်များကို သူတို့အား ပြန်လည်အမှတ်ရစေရန် လိုအပ်သည်။
"ငါ့ကိုယ်ပေါ်က မင်းလက်ကို ဖယ်ပြီး ဝေးဝေးသွားစမ်း။ မအေဘေး"
[ကိုယ်စားလှယ် ၃၂ က ၂၀၀ မှတ် ရရှိသွားပါသည်။]
နက္ခတ်များနှင့် ကျနော်သာ သိရှိထားသည့် အရာတစ်ခု...
"ငါက ဒီလိုမျိုး ပြုံးရတာကို သဘောကျတယ်"
[ကိုယ်စားလှယ် ၉၇ က ၂၅၀ မှတ် ရရှိသွားပါသည်။]
နက္ခတ်များနှင့် ကျနော်...
"ငါ အကြိုက်ဆုံးက တရုတ်ဝတ်စုံနဲ့ ခြေအိတ်ရှည်ပါတဲ့ အတွင်းခံမျိုးပဲ"
[ကိုယ်စားလှယ် ၃၁၂ က ၄၀၀ မှတ် ရရှိသွားပါသည်။]
ချီး။ ဘာတွေလဲကွာ။
ကျနော်သည် ရှုပ်ထွေးနေသော စိတ်ကူးများကို စုစည်းလိုက်ပြီး ပိုမိုလွယ်ကူသော နည်းလမ်းတစ်ခုကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ ကျနော်သည် ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် ၏ သွယ်ဝိုက်သော မက်ဆေ့ချ်မှတစ်ဆင့် ကျနော်သည် ကင်ဒေါ့ဂျာ ဖြစ်ကြောင်း သူတို့ကို တိုက်ရိုက် အသိပေးလိုက်မည် ဖြစ်သည်။
[ဇာတ်ဝင်ခန်းတစ်လျှောက်တွင် ‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်သည် စကားမပြောနိုင်ပါ။]
...ခွေးမသား။
[ဇာတ်ဝင်ခန်း ပြီးဆုံးရန် တစ်နာရီသာ ကျန်ရှိပါတော့သည်။]
ယခုဆိုလျှင် အချိန် သိပ်မကျန်တော့ပေ။ မကျိုးပဲ့နိုင်သောယုံကြည်မှုဓါးကို လက်ထဲတွင် တိတ်တဆိတ် ကျနော် ဆုပ်ကိုင်ထားလိုက်မိသည်။ ကင်ဒေါ့ဂျာ ဖြစ်ရန် ရည်မှန်းထားကြသူများ၏ အရေအတွက်တွင် ကန့်သတ်ချက်တစ်ခု ရှိနေ၏။ အကယ်၍ ကျနော်သည် ကင်ဒေါ့ဂျာ ဖြစ်ရန် ရည်မှန်းထားကြသူ အားလုံးကို သတ်ပစ်လိုက်လျှင် နောက်ဆုံး ကျန်ရှိမည့် ကိုယ်စားလှယ်မှာ ကင်ဒေါ့ဂျာအစစ် ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း ဤနည်းလမ်းကို ကျနော်အသုံးမပြုချင်ပေ။ သူတို့သည် လက်ရှိတွင် အာဏာမက်ပြီး လောဘအမှောင်ဖုံးနေကြသော်လည်း သူတို့အနက်မှ အများစုမှာ ကျနော့်၏ စက်မှုဇုန်မှ နိုင်ငံသားများသာ ဖြစ်ကြသည်...
ကျနော် သက်ပြင်းတစ်ချက် ချလိုက်ပြီး ခေါင်းကို ခါယမ်းလိုက်ကာ ကျနော့် ဓါးလက်ကိုင်ကို ထပ်ခါတလဲလဲ ဆုပ်ကိုင်လိုက် လွှတ်လိုက် ပြုလုပ်နေမိသည်။
「 ဒီလို လုပ်ရပ်တွေက မင်းနဲ့ မတူဘူး 」
ကျနော် စိတ်ပျက်လက်ပျက် ဖြစ်ရသည်မှာ ယူဂျွန်ဟော့ ပြောသည်မှာ မှန်ကန်နေခြင်းပင် ဖြစ်သည်။ ကင်ဒေါ့ဂျာ သည် ဤကဲ့သို့သော နည်းလမ်းမျိုးဖြင့် အရာရာကို ဘယ်တော့မှ ဖြေရှင်းမည် မဟုတ်ပေ။ ကျနော် ထိုအကြောင်းကို တွေးတောနေမိသည်။ ကျနော့်၏ ဖြစ်တည်မှုကို ကျနော် မည်သို့ သက်သေပြရမည်နည်း။ မဟုတ်သေးပေ။ ကျနော်သည် ‘ကျနော်’ ဖြစ်ကြောင်း သက်သေပြရန်မှာ ဘာကို ဆိုလိုခြင်း ဖြစ်သနည်း။
ထိုအချိန်တွင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ဒါက လျှပ်စစ်ဓာတ် အားဖြည့်ခြင်းပါ။ ဝိရောဓိ ဘတ်ချုံး ဆီကနေ သင်ယူခဲ့တဲ့ အဆင့်မြင့်ဆုံး နည်းစနစ်ပါ... "
ကိုယ်စားလှယ် ၃၁၂ သည် လျှပ်စီးဓါးကို ကိုင်ဆောင်ထားရင်းမှ အော်ဟစ်လိုက်သည်။ ဘတ်ချုံး မဟုတ်ဘဲ ဘတ်ချွန်း ဖြစ်သည်ဟု ကျနော် ထောက်ပြတော့မည့် ဆဲဆဲတွင် မိုးကောင်းကင်မှ လျှပ်စီးများ လက်ခနဲ ဖြစ်သွားခဲ့သည်။
ဖြူပြာရောင် လျှပ်စီးများက ထိုကိုယ်စားလှယ်၏ ဓါးသွားကို ထိမှန်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကို ဆုတ်ဖြဲပစ်လိုက်သည်။ ကိုယ်စားလှယ် အချို့မှာ အော်ဟစ်ပြီး နောက်ဆုတ်သွားကြသလို နက္ခတ်အချို့ကတော့ သဘောကျပြီး ရမှတ်များကို ကျပန်း ပေးနေကြလေသည်။ ရှုပ်ထွေးမှုများ၏ ကြားတွင် ကျနော်သည် မိုးကောင်းကင်ကို မော့ကြည့်လိုက်မိသည်။ သေးငယ်သော အရာတစ်ခုမှာ မိုးကောင်းကင်မှ ပြုတ်ကျလာခဲ့သည်။
...သူ ရောက်ရှိလာမည့် အချိန်ရောက်တော့မည်ဟု ကျနော် တွေးထားခဲ့သော်လည်း ဤမျှအထိ မြန်ဆန်လိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။ ကြီးမားသော ဖိအားများကို ထုတ်လွှတ်နေသည့် သေးငယ်သော အစက်အပြောက်မှာ နားကွဲလုမတတ် ဟိန်းဟောက်သံကြီးနှင့်အတူ စက်မှုဇုန်၏ ရင်ပြင်ဆီသို့ ဆင်းသက်လာခဲ့သည်။
ဖြူပြာရောင် အလင်းတန်းများက ရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ သေးငယ်သော လူသားတစ်ဦးမှာ လျှပ်စီးများ၏ အလယ်ဗဟိုတွင် ရပ်နေခဲ့ပြီး ကြီးမားသော တည်ရှိမှုတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။ ဖုန်မှုန့်များကြားမှ အသံတစ်သံကို ကြားလိုက်ရချိန်တွင် လျှပ်စစ်မီးပွားများမှာ စင်ထွက်သွား၏။
[ငါ့ရဲ့ တပည့် ဘယ်မှာလဲ]
ခဏအကြာတွင် ထိုအသံရှင်၏ ပုံပန်းသဏ္ဍာန်မှာ ပေါ်ပေါက်လာခဲ့သည်။
[နက္ခတ်များစွာက အံ့အားသင့်နေကြပါသည်။]
ထိုသေးငယ်သော လူသားမှာ နက္ခတ်များ အံ့အားသင့်သည်ဖြစ်စေ မအံ့အားသင့်သည်ဖြစ်စေ ဂရုမစိုက်ခဲ့ပေ။ ထိုလူ၏ ဖြစ်တည်မှုကို သဘောပေါက်လိုက်ကြသော နက္ခတ်အချို့လည်း ရှိနေခဲ့ကြသည်။
"ဒီသေးငယ်တဲ့ ခန္ဓာကိုယ်က..."
"နေပါဦး၊ မဟုတ်မှလွဲရော"
သူတို့သည် အချင်းချင်း လှမ်းကြည့်လိုက်ကြပြီး ထိုလူ၏ ရှေ့တွင် လဲပြိုကျသွားခဲ့ကြသည်။
"ကျ... ကျနော်ပါ"
"ကျနော်က ကင်ဒေါ့ဂျာပါ။ ဆရာ..."
မြောက်မြားလှစွာသော ကင်ဒေါ့ဂျာ များမှာ ထိုသေးငယ်သော လူသား၏ ရှေ့တွင် လဲပြိုကျသွားခဲ့၏။ ကျနော်သည် သူတို့ကို ကြည့်ပြီး နှုတ်ခမ်းတစ်ချက် သပ်လိုက်မိသည်။ သူတို့၏ ပါးနပ်မှုကိုတော့ သဘောကျမိသည်။ သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်များက ပို၍ မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်ခဲ့လျှင် ပို၍ ကောင်းပေလိမ့်မည်။
"အ"
ကင်ဒေါ့ဂျာ များမှာ ဖြူပြာရောင် လျှပ်စီးများ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ ကျနော်သည် သူ၏ တပည့်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ခေါ်ယူရန် စိတ်ကောင်းရှိလှသော ဆရာကို ကြည့်ပြီး တစ်ခုခုကို သဘောပေါက်လိုက်မိသည်။
...ကျနော် နားလည်သွားပေပြီ။ ပထမဆုံးအနေဖြင့် ‘ကျနော်’ ဆိုသည်မှာ သက်သေပြ၍ ရနိုင်သောအရာ မဟုတ်ပေ။
[သင်၏ သီးသန့် ဇာတ်လမ်းကို ဖွင့်လှစ်ပါတော့မည်။]
[ဇာတ်လမ်း ‘ပြန်လာသူ၏ တပည့်’ စတင်ပါပြီ။]
‘ကျနော်’ ဆိုသည်မှာ ကျနော့်တစ်ဦးတည်း ပိုင်ဆိုင်သည့် အရာများဖြင့်သာ ဖွဲ့စည်းထားခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ ထွက်ပြေးနေကြသော ကင်ဒေါ့ဂျာ များ၏ အလယ်တွင် ကင်ဒေါ့ဂျာအစစ် ကို သိရှိထားသည့် လူတစ်ဦး ရှိနေခဲ့သည်။
[ငါ့ရဲ့ တပည့်အစစ်က ဘယ်မှာလဲ]
အကယ်၍ ကျနော် ရှေ့သို့ ထွက်သွားခဲ့လျှင် အခြားသော အတုအယောင်များကဲ့သို့ပင် ဆုတ်ဖြဲခြင်း ခံရပေလိမ့်မည်။ ထိုစဉ် ရင်းနှီးနေသော အသံတစ်ခုကို ကျနော် ကြားလိုက်ရသည်။
"ချီး။ ဒါက ဘာကြီးလဲ။ သူတို့အားလုံးက ကင်ဒေါ့ဂျာ တွေချည်းပဲလား"
ကျနော် နောက်သို့ လှည့်ကြည့်လိုက်ရာ ဂျန်ဟာယောင်း က မြည်တွန်တောက်တီးနေသည်ကို မြင်လိုက်ရသည်။
ကျနော်သည် ဂျန်ဟာယောင်း ကို လှမ်းပြောလိုက်၏။
"ဂျန်ဟာယောင်း"
သူက သူ၏ နာမည်ကို ကြားလိုက်ရသဖြင့် အံ့အားသင့်စွာဖြင့် လှမ်းကြည့်လာခဲ့ပြီးနောက် ထိတ်လန့်သွားကာ နောက်သို့ တွန့်ဆုတ်သွားခဲ့သည်။
"...ကင်ဒေါ့ဂျာ လား"
ကျနော် ခေါင်းညိတ်ပြလိုက်ပြီး မေးလိုက်သည်။
"မင်းက ကောင်းကင်ဖြိုခွင်းဓါးသိုင်း ကို သင်ယူခဲ့တယ်မလား"
"...သေချာပေါက် သင်ယူခဲ့တာပေါ့။ ဘာဖြစ်လို့လဲ"
ကျနော် ပြုံးလိုက်ပြီး ကျနော့်၏ လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်။
"အခု ငါ့အပေါ်မှာ အဲ့ဒီဓါးသိုင်းကို သုံးလိုက်စမ်းပါ"
***