ပါးပြင်ပေါ်တွင် ပူစပ်ပူလောင် နာကျင်မှုတစ်ခုကို အကြိမ်ကြိမ် ခံစားလိုက်ရသည်။
"ကင်ဒေါ့ဂျာ… သတိထားဦး။ ဟေ့… ဘာတွေဖြစ်နေတာလဲ"
ကျနော့်၏ အမြင်အာရုံများ ဝေဝါးသွားပြီး အသိစိတ်က ဖြည်းဖြည်းချင်း ပြန်လည် နိုးထလာခဲ့သည်။
[သီးသန့်စွမ်းရည် Fourth Wall အားကောင်းစွာ အသက်ဝင်လာပါပြီ။]
"အင်း..."
ကျနော့်၏ အသံမှာ ကျနော့်အသံနှင့်ပင် မတူတော့ချေ။ ခေတ္တခဏတာမျှသာ ဖြစ်သော်လည်း အခြားသော တည်ရှိမှုတစ်ခုအဖြစ်သို့ ကူးပြောင်းသွားပြီးမှ ပြန်ရောက်လာသလို ခံစားလိုက်ရသည်။ တစ်ကိုယ်လုံးတွင်လည်း ကြောက်မက်ဖွယ် ကောင်းသော ခံစားချက်ကြီး ကျန်ရစ်နေဆဲပင် ဖြစ်သည်။ ဂျန်ဟာယောင်း၏ လက်ချောင်းများ ထိတွေ့နေသော ပုခုံးများမှာ တုန်ရီနေခဲ့သည်။
"ခင်ဗျား ဘာဖြစ်တာလဲ"
ဘာတွေဖြစ်ပျက်ခဲ့သည်ကို ကျနော် ကောင်းကောင်း မမှတ်မိတော့ချေ။ ဝိသေသ လက္ခဏာပြ ဇယား ကို စစ်ဆေးရန် Fourth Wall ကို တောင်းဆိုခဲ့ပြီးနောက် အသံတစ်ခု ကြားလိုက်ရသည်အထိသာ မှတ်မိ၏။
ကျနော် နားထင်ကို ပွတ်သတ်ရင်း မေးလိုက်သည်။
"...ငါ ဘယ်လိုလုပ် သတိမေ့သွားတာလဲ"
"ကျုပ်လည်း မသိဘူး။ ရုတ်တရက်ကြီး လျှပ်စီးကြောင်းကြီး ဖြာထွက်လာလို့ ပြေးလာခဲ့တာ"
"လျှပ်စီးကြောင်း ဟုတ်လား"
"ဖြစ်နိုင်စွမ်းကို ချိုးဖောက်တဲ့အခါ ပေါ်လာတတ်တဲ့ ဖြာထွက်တဲ့ အလင်းတွေလေ။ အဲဒါက..."
"အဲဒါက မိုးကြိုးလိုမျိုး ပစ်ချလိုက်တာလား"
ဂျန်ဟာယောင်းက ခေါင်းညိတ်ပြလိုက်ရင်း
"ဒီလောက်အထိ ကြီးမားတဲ့ အရာမျိုး ကျုပ် တစ်ခါမှ မမြင်ဖူးဘူး" ဟု ပြောလိုက်သည်။
ကျနော့်၏ ဝတ်ရုံနှင့် အခြားသော အဝတ်အစားများမှာ မီးလောင်ထားသကဲ့သို့ အနက်ရောင် သန်းနေခဲ့သည်။ အလိုအလျောက် ပြန်လည်ကောင်းမွန်နိုင်သော စွမ်းရည်ရှိသည့် ဝတ်ရုံက ဤမျှအထိ ပျက်စီးသွားလိမ့်မည်ဟု ကျနော် မယုံကြည်နိုင်အောင် ဖြစ်ရသည်။ ရုံးခန်း၏ မျက်နှာကျက်မှာလည်း ဥက္ကာခဲတစ်ခု ထိမှန်ထားသကဲ့သို့ ဖြစ်နေခဲ့သည်။
"ခင်ဗျား အဆင်ပြေရဲ့လား"
"ပြေပါတယ်။ အဆင်ပြေတာပေါ့..."
ထူးဆန်းသည်မှာ ကျနော့်၏ စိတ်က ပို၍ ပေါ့ပါးနေခြင်းပင် ဖြစ်သည်။ ဤသို့ ဖြစ်ရန်မှာ မဖြစ်နိုင်ချေ။ ကျနော့်၏ ခန္ဓာကိုယ်မှာ ဤကဲ့သို့ လောင်ကျွမ်းနေသော်လည်း စိတ်ကမူ ကြည်လင်နေခဲ့သည်။ ကျနော့်၏ ဇာတ်လမ်းများထံမှ စွမ်းအားများကလည်း ပို၍ ပြည့်ဝလာသကဲ့သို့ ခံစားရသည်။
[သီးသန့်စွမ်းရည် စာဖတ်နားလည်နိုင်စွမ်း၏ အကျိုး သက်ရောက်မှုကြောင့် နားလည်နိုင်စွမ်း မြင့်တက်လာပါသည်။]
ထိုမက်ဆေ့ချ်ကို မြင်လိုက်ရမှ ယခင်က မှတ်ဉာဏ်တစ်ခု ပြန်လည် ပေါ်ထွက်လာခဲ့သည်။ မှန်သည်။ ဤကဲ့သို့သော မက်ဆေ့ချ်မျိုးကို ကျနော် အသေအချာ မြင်တွေ့ခဲ့ရသည်။
[ဇာတ်ကောင် ‘ကင်ဒေါ့ဂျာ’ အပေါ် သင်၏ နားလည်နိုင်စွမ်း မြင့်တက်လာပါသည်။]
ထိုမက်ဆေ့ချ်က ကျနော့်ကို ဇာတ်ကောင်တစ်ခုအဖြစ် သတ်မှတ်လိုက်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ ယခင်က တစ်ခါမှ မဖြစ်ဖူးသေးသော အရာတစ်ခု ဖြစ်သဖြင့် ကျနော့်၏ ရင်ဘတ်တစ်နေရာတွင် အေးစက်စက် အသိတစ်ခု ဝင်ရောက်လာခဲ့သည်။
ကျနော်သည် ‘ဇာတ်ကောင်’ များ၏ တည်ရှိမှုကို အကြိမ်ကြိမ် မြင်တွေ့ဖူးခဲ့သည်။ ထိုသူတို့မှာ မူရင်းဝတ္ထု၏ ပြင်ပမှ ရောက်ရှိလာကြသူများ ဖြစ်သော်လည်း နောက်ဆုံးတွင်မူ မူရင်းဝတ္ထုနှင့် တစ်သားတည်း ဖြစ်သွားခဲ့ကြရသည်။ ထိုသူများမှာ အများအားဖြင့် ဝတ္ထုကို ဆက်လက် မဖတ်ရှုတော့ဘဲ ရပ်တန့်လိုက်ကြသူများ ဖြစ်ကြ၏။
ကျနော် အလျင်အမြန်ပင် ဝိသေသ လက္ခဏာပြ ဇယား ကို ခေါ်ယူလိုက်သည်။
'ဝိသေသ လက္ခဏာပြ ဇယား'
သို့သော်လည်း ဝိသေသ လက္ခဏာပြ ဇယား မှာ အလွယ်တကူ ပွင့်မလာခဲ့ချေ။ ထိုအကြောင်းရင်းကို ကျနော် အသေအချာ သိရှိနေခဲ့သည်။
[Fourth Wall က သင့်ကို ကြည့်နေပါသည်။]
ကျနော့်ထံမှ ချွေးများ စီးကျလာခဲ့သည်။
「 ကင် ဒေါ့ ဂျာ က ၁၅ စ က္ကန့် ကြာ ကြည့် ခဲ့ တယ် 」
'တောင်းပန်ပါတယ်။ တကယ်ပါ'
မည်မျှလောက်သော အချိန်များ ကုန်ဆုံးသွားခဲ့ပြီလဲ။
အမှန်တကယ်တော့ ဝိသေသ လက္ခဏာပြ ဇယား ကို ကြည့်ရန် ၁၀ စက္ကန့် သို့မဟုတ် ၁၅ စက္ကန့်ဟူသည်မှာ အလွန်ပင် နည်းပါးလွန်းသော အချိန်ကာလတစ်ခု ဖြစ်သည်။
「 အ ခု လော လော ဆယ် တော့ ငါ မင်း ကို မ တွေ့ ချင် သေး ဘူး 」
'ခဏလေး ငါ တစ်ခုလောက် မေးပါရစေဦး'
Fourth Wall ပျောက်ကွယ်မသွားမီ ကျနော် အမြန် ဖမ်းဆွဲလိုက်ရင်း 'အဲဒီ တံတိုင်းရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေတာလဲ' ဟု မေးလိုက်သည်။
ဝေဝါးသော မှတ်ဉာဏ်တစ်ခုသာ ရှိသော်လည်း ကျနော် သတိမေ့မသွားမီ တစ်စုံတစ်ခုကို အသေအချာ မြင်တွေ့ခဲ့ရသည်။ ကျနော် အနည်းငယ် ပို၍ အာရုံစိုက်ကြည့်လိုက်သောအခါ တစ်စုံတစ်ယောက်နှင့် စကားပြောနေခဲ့သလို ခံစားလိုက်ရ၏။ ထိုနေရာတွင် အရိပ်အချို့ အထင်အရှား ရှိနေခဲ့သည်။
「 ...အိပ် ချင် ပြီ 」
ထို့နောက်တွင်မူ Fourth Wall မှာ အိပ်ပျော်သွားခဲ့တော့သည်။ စွမ်းရည်မှာ အလုပ်လုပ်နေဆဲ ဖြစ်သော်လည်း စိတ်အာရုံမှာ ပိတ်သွားခဲ့ချေပြီ။
ချီးပဲ။
[သင်သည် ဇာတ်လမ်းသစ်တစ်ခုကို ရရှိခဲ့ပါသည်။]
[‘အသူတစ်ရာကို ငုံ့ကြည့်ခြင်း’ ဇာတ်လမ်းကို ရရှိခဲ့ပါသည်။]
[ဤဇာတ်လမ်းတွင် အဆင့် သတ်မှတ်ချက် မရှိပါ။]
လေထုထဲမှ ထိုမက်ဆေ့ချ်များကို ထုံပေပေ မျက်လုံးများဖြင့် ကျနော်စိုက်ကြည့်နေမိသည်။
'အသူတစ်ရာကို ငုံ့ကြည့်ခြင်း'။ မူရင်းဝတ္ထုမှတစ်ဆင့် ဤဇာတ်လမ်း၏ တည်ရှိမှုကို ကျနော်သိရှိထားခဲ့သည်။ ထို့ကြောင့် ကြက်သီးများ ဖြန်းဖြန်းထသွားခြင်းကို ကျနော်မတားဆီးနိုင်ခဲ့ချေ။
ကျနော့်၏ ခေါင်းထဲတွင် အဖြေမရှိသော မေးခွန်းများစွာ ပြည့်နှက်လာခဲ့သည်။
ငါ ဘာကြောင့် ဒီဇာတ်လမ်းကို ဒီနေရာမှာ ရခဲ့တာလဲ။ အဲဒီဇာတ်လမ်းနဲ့ ဇာတ်ကောင်လို့ အခေါ်ခံရတာနဲ့ ဘယ်လို ပတ်သက်နေတာလဲ။ ငါက အခု ဇာတ်ကောင်တစ်ခု ဖြစ်သွားပြီလား ဒါမှမဟုတ် စာဖတ်သူတစ်ယောက်အဖြစ် ရှိနေဆဲပဲလား။ ငါ... ငါ အနာဂတ်ကို ပြောင်းလဲနိုင်စွမ်း ရှိနေသေးရဲ့လား။
"ကင်ဒေါ့ဂျာ"
ဂျန်ဟာယောင်းက ကျနော့်ကို စိုးရိမ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။
ကျနော့်၏ အခြေအနေမှာ သူ၏ မျက်လုံးများကဲ့သို့ပင် ရှင်းလင်းနေခဲ့ပါက မည်မျှ ကောင်းလိုက်မည်နည်း။ ကျနော်သည် ဤမျက်လုံးများကို ဖတ်ရှုသကဲ့သို့ ကျနော့်ကိုယ်ကျနော်လည်း ပြန်လည် ဖတ်ရှုနိုင်ခဲ့ပါက...
ဤအချိန်တွင် ကျနော့်၏ ခေါင်းထဲ၌ အတွေးတစ်ခု ဖျတ်ခနဲ လက်သွားခဲ့သည်။
「 ငါ့ကိုယ်ငါ 'အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်' ကို အသုံးပြုလိုက်ရင် ဘာဖြစ်သွားမလဲ 」
ဤအရာကို ယခင်က ကျနော် တစ်ခါမှ မတွေးမိခဲ့ဖူးချေ။ ကျနော် မသိရှိသော တစ်စုံတစ်ခုသည် ကျနော့်၏ အတွင်း၌ ပုန်းအောင်းနေခဲ့သည်မှာ အသေအချာပင် ဖြစ်သည်။ ထိုအရာသည် စာရေးသူ ချန်ရစ်ထားခဲ့သော အရာလား သို့မဟုတ် ကမ္ဘာကြီး ပြောင်းလဲသွားသည့် ဖြစ်စဉ်အတွင်း ကျနော့်ထံသို့ သဘာဝအလျောက် ပျံ့နှံ့ဝင်ရောက်လာခဲ့သော အရာလား ဆိုသည်ကိုမူ ကျနော် မသိချေ။ သို့သော်လည်း အသေအချာ သိရှိရသော အချက်မှာ ထိုအရာသည် မည်သည့်အရာ ဖြစ်သည်ကို ကျနော် ဖော်ထုတ်ရန် လိုအပ်နေခြင်းပင်။
သို့သော်လည်း အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်ကို အသုံးပြုရန် ကျနော် တွန့်ဆုတ်နေမိခဲ့သည်။
...ဒီစွမ်းရည်ကို အသုံးပြုပြီး ငါ ဖော်ထုတ်နိုင်ပါ့မလား။
ပထမဦးစွာ အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် ဆိုသည်မှာ ပစ်မှတ်ထားသူ၏ အတွေးများနှင့် လှုပ်ရှားမှုများကို ဖတ်ရှုသည့် စွမ်းရည်တစ်ခုသာ ဖြစ်သည်...
[ဟေ့… ကင်ဒေါ့ဂျာ။ မင်း အဆင်ပြေရဲ့လား]
ကျနော့် ရှေ့တွင် ပျံဝဲနေသော ဒိုကဲဘီကြောင့်သာ အတွေးများထဲမှ မနည်း ရုန်းထွက်နိုင်ခဲ့တော့သည်။
"ဘီဟွန်း"
ဘီဟွန်းကို အူကြောင်ကြောင် အမူအရာဖြင့် ကျနော်စိုက်ကြည့်နေမိသည်။
သူ စောစောကပဲ ထွက်သွားတော့မယ်လို့ ပြောခဲ့တာမလား။
ဘီဟွန်းက အထစ်အငေါ့ငေါ့ဖြင့် စကားစပြောလာခဲ့သည်။
[အာ... ခုနက ရုတ်တရက်ကြီး မုန်တိုင်း ဖြစ်သွားတာနဲ့…]
သူက အလုပ်ရှုပ်နေသည်ဟု ပြောခဲ့သော်လည်း အနီးအနားမှနေ၍ စောင့်ကြည့်နေခဲ့သည်မှာ အသေအချာပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူသည် ဉာဏ်နီဉာဏ်နက်များလှသော ကောင်ပင် ဖြစ်သည်။ သူ့ကို ကျနော် ယုံကြည်၍ မရချေ။
[မ-မင်း အထင်မလွဲပါနဲ့။ ငါ ပြန်ရောက်လာတာကို ပြောဖို့ မေ့သွားလို့ပါ]
ဘီဟွန်းဆိုသည့်ဒိုကဲဘီကို တည်ငြိမ်သော အကြည့်ဖြင့် ကျနော် စကားပြောနေစဉ် ဂျန်ဟာယောင်းက ကျနော့်ကို ယုန်ကလေးတစ်ကောင်ကဲ့သို့ ထိတ်လန့်နေသော မျက်လုံးများဖြင့် လှမ်းကြည့်နေခဲ့သည်။ ကျနော်သည် သူ၏ ပုခုံးကို ညင်သာစွာ ပုတ်ပေးလိုက်ရင်း ဘီဟွန်းကို မေးလိုက်သည်။
"မင်း ဘာကို မပြောရသေးတာလဲ"
[မင်း သိတဲ့အတိုင်းပဲ 'မိစ္ဆာဘုရင် ရွေးချယ်ပွဲ' က အရမ်းကို ကြီးမားတဲ့ ပွဲကြီး ဖြစ်လာလိမ့်မယ်]
ဤအရာကို ကြိုတင် မျှော်လင့်ထားပြီးသား ဖြစ်သည်။ စားတော်ဆက်အသင်းတွင် ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းများမှာ နက္ခတ်များကြားတွင် ပျံ့နှံ့နေလောက်ချေပြီ။ ထိုနေရာသို့ ရောက်ရှိနေကြသူ အချို့သည်လည်း မိစ္ဆာဘုရင် ရွေးချယ်ပွဲတွင် ပါဝင်လာကြမည်မှာ အသေအချာပင် ဖြစ်သည်။
[ဒီပွဲက ပိုကြီးလာရုံတင် မကဘူး။ ရုပ်သံထုတ်လွှင့်ခွင့် အတွက်လည်း တိုက်ပွဲတွေ ရှိနေတယ်။ မင်းလည်း မျှော်လင့်ထားပြီးသား ဖြစ်နိုင်ပေမဲ့ မိစ္ဆာနယ်မြေထဲကို စေလွှတ်ခံရတာ ငါ တစ်ယောက်တည်း မဟုတ်ဘူး]
"ဒါဆိုရင် ဘယ်သူရှိသေးတာလဲ"
[တစ်ဖက်က ဒိုကဲဘီကို မင်း သိပါတယ်]
ငါက ထိုဒိုကဲဘီကို သိတယ်တဲ့လား။
[သူက မင်းအပေါ်မှာ အရမ်းကို ရန်ငြိုးကြီးနေတဲ့ ကောင်လေ]
ကျနော့်ကိုအငြိုးကြီးသူနှစ်ယောက် ရှိခဲ့သော်လည်း တစ်ယောက်မှာ သိုင်းလောကထဲတွင် ရှိနေသဖြင့် နောက်ထပ် တစ်ယောက်သာ ကျန်ရှိတော့သည်။
"...ဒိုဂတ် လား"
[ဟုတ်တယ်]
ဒိုဂတ်။ ဂျပန်ချန်နယ်ကို တာဝန်ယူထားသော ထိုဒိုကဲဘီသည် ကျနော်နှင့် ဘီဟွန်းတို့ကြောင့် အရှက်ရခဲ့ဖူးသည်။
ထိုစဉ်က ကျနော် ကံကောင်းခဲ့သော်လည်း ယခုမူ အခြေအနေက ကွဲပြားသွားခဲ့ချေပြီ။ Ways of Survival ထဲတွင် ဖော်ပြထားသော ဒိုကဲဘီများထဲ၌ ဒိုဂတ်သည် ချန်နယ်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ထူးချွန်သော အရည်အချင်းရှိသူ တစ်ဦး ဖြစ်၏။ အကယ်၍ သူသာ ဤ ‘မိစ္ဆာဘုရင် ရွေးချယ်ပွဲ’ ကို ဦးဆောင်ရန် ဒိုကဲဘီများထဲမှ တစ်ဦးအဖြစ် ရွေးချယ်ခံရပါက အနာဂတ် အစီအစဉ်များမှာ ချောမွေ့စွာ စီးဆင်းနိုင်တော့မည် မဟုတ်ချေ။
[ဘာပဲဖြစ်ဖြစ် သတိထားပါ။ သူက ချန်နယ် စီမံခန့်ခွဲတဲ့နေရာမှာ တော်တယ်... နေဦး။ ခဏလေး… မင်းရဲ့ ဒိုကဲဘီက ဘယ်ရောက်နေတာလဲ]
"ငါ့ရဲ့ ဒိုကဲဘီ ဟုတ်လား"
ယခုမှပဲ အထီးကျန်ဆန်လှသော ခံစားချက်ကြီး ကျနော့်ထံ ဝင်ရောက်လာခဲ့သည်။ အက်ကွဲနေသော မျက်နှာကျက်မှတစ်ဆင့် ကောင်းကင်ယံတွင် တောက်ပနေသော နက္ခတ်များကို မြင်တွေ့နေရသည်။ ဤသည်မှာ ထူးဆန်းလှချေသည်။ ကျနော်သည် ချန်နယ်ကို ပိတ်ထားရန် အမိန့်ပေးထားခဲ့သော်လည်း နက္ခတ်တို့၏ တိုင်ကြားသံများကို ကြားနေရမည် ဖြစ်သည်။ သို့သော်လည်း မည်သည့် မက်ဆေ့ချ်မျိုးကိုမှ ကျနော်မကြားရချေ။
"ဘီယူ"
စိတ်မအေးသော နှလုံးသားဖြင့် ဘီယူ၏အမည်ကို ကျနော်ခေါ်လိုက်သည်။
ဘီယူသည် ပေါ်မလာခဲ့ချေ။ အစပိုင်းတွင်မူ သူသည် နောက်တစ်ကြိမ် ပြန်လည် အိပ်ပျော်နေသည်ဟု ကျနော် ထင်မှတ်ခဲ့သည်။ သို့သော်လည်း မိနစ်အနည်းငယ် ကုန်ဆုံးသွားသည်အထိ ဘီယူမှာ ရောက်မလာခဲ့ချေ။ မကောင်းသော အငွေ့အသက်များက ကျနော့်ကို လာရောက် ရိုက်ခတ်လိုက်သည်။
...မဟုတ်မှလွဲရော...
ဘီယူသည် ပျောက်ကွယ်သွားခဲ့ချေပြီ။
[BI-90594 ချန်နယ်ထဲသို့ နက္ခတ်အသစ်တစ်ပါး ဝင်ရောက်လာခဲ့ပါသည်။]
-----
[‘တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး’ နက္ခတ်က သင်ပြန်ပေါ်လာသည့် အတွက် အလွန်အမင်း စိတ်လှုပ်ရှားနေပါသည်။]
[‘ပင်လယ်စစ်နတ်ဘုရား’ နက္ခတ်က သင့်ကို ပြုံးရယ်လျက် ကြိုဆိုနေပါသည်။]
[နက္ခတ်များစွာက သင်ပြန်ပေါ်လာခြင်းကို ကြိုဆိုနေကြပါသည်။]
ဘီဟွန်း၏ ချန်နယ်ထဲသို့ ကျနော်ဝင်ရောက်လိုက်ရာ ရင်းနှီးနေသော အမည်များက ကျနော့်ကို နှုတ်ဆက်လာကြသည်။ အော်ဟစ်အားပေးသံများ မိုးမွှန်နေသော်လည်း ကျနော် အနည်းငယ်မျှပင် မပျော်ရွှင်နိုင်ခဲ့ချေ။
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်က ဒိုကဲဘီ ‘ဘီယူ’ ၏ သတင်းကို မေးမြန်းနေပါသည်။]
အချို့သော နက္ခတ်များက ချက်ချင်းပင် ပြန်ဖြေခဲ့ကြသည်။
[‘တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး’ နက္ခတ်က အခက်တွေ့နေသည့်အလား သူ၏ ဦးခေါင်းကို ပွတ်သတ်နေပါသည်။]
[‘ဟောင်းမူ ဘုရင်ကြီး’ နက္ခတ်က ချောင်းဆိုးလိုက်ပြီး သူ၏ လက်မနှင့် လက်ညှိုးကို ပူးကပ်လိုက်ပါသည်။]
[နက္ခတ်အချို့က သင်သည် ၎င်းတို့ကို ဒင်္ဂါးများ ပေးမည်ဆိုပါက ဖြေကြားပေးရန် ဆန္ဒရှိသည်ဟု ပြောဆိုနေကြပါသည်။]
...ကိုရီးယားကျွန်းဆွယ်၏ နက္ခတ်များမှာ ငွေအလွန် နည်းပါးလှသည်မှာ ပေါ်လွင်နေခဲ့သည်။ ဂျန်ဟာယောင်းက "မဟုတ်မှလွဲရော ဘီယူက မုန်တိုင်းထဲမှာ ပါသွားတာများလား" ဟု စကားစလာစဉ် ကျနော်သည် အိတ်ကပ်ထဲမှ ဒင်္ဂါးများကို ရှာဖွေနေမိသည်။
ဘီယူသည် စီမံခန့်ခွဲရေးဌာနမှ မဟုတ်သကဲ့သို့ သူ့ကိုသူ ကြီးမားသော မုန်တိုင်းတစ်ခုမှ ကာကွယ်နိုင်ရန် အစွမ်းထက်သော ဇာတ်လမ်းလည်း ရှိမနေချေ။ ထို့ကြောင့် သူသည် မုန်တိုင်းအတွင်း လွင့်ပါးသွားနိုင်သည့် အခြေအနေကို ကျနော် လျစ်လျူရှုထား၍ မရချေ။ သို့သော်လည်း—
"အဲဒီလိုတော့ မဖြစ်နိုင်ဘူး။ ဘာလက္ခဏာမှ မရှိခဲ့ဘူး"
အကယ်၍ ထိုသို့သာ ဖြစ်ပွားခဲ့ပါက ကြောက်မက်ဖွယ်ကောင်းသော အပျက်အစီးများကို မြင်တွေ့ရမည် ဖြစ်သည်။ သို့သော်လည်း ဘီယူ၏ မည်သည့် ခြေရာလက်ရာမျှ ရှိမနေချေ။ တစ်စုံတစ်ယောက်က ဘီယူ၏ တည်ရှိမှုကို လုံးဝ ဆွဲဖြဲပစ်လိုက်သလိုမျိုး ခံစားလိုက်ရသည်။ ထိုသူမှာ မည်သူနည်း။ မည်သူက ဘီယူကို ခေါ်ဆောင်သွားသနည်း...
ဘီဟွန်းသည် သူ၏ လက်သည်းများကို ကိုက်နေရာမှ အပေါ်သို့ မော့ကြည့်လိုက်သည်။ ကျနော်တို့၏ မျက်လုံးချင်း ဆုံသွားခဲ့ကြပြီး ကျနော်တို့နှစ်ဦးစလုံး စိတ်ကူးတစ်ခုတည်း ရှိနေကြသည်ကို သိရှိလိုက်ကြသည်။ ဘီယူသည် သီးခြားလွတ်လပ်သော ချန်နယ်တစ်ခု ရှိသည့် တစ်ဦးတည်းသော ဒိုကဲဘီ ဖြစ်သည်။
[ချီး။ အဲဒီကောင်တွေပဲ]
"အကျိတ်နှင့်လူတွေ"
မူရင်းဝတ္ထု၏ စာကြောင်းများက ကျနော့်၏ ခေါင်းထဲသို့ စီးဆင်းလာခဲ့သည်။
「 ဒိုကဲဘီများ၏ စီရင်ပိုင်ခွင့်အာဏာ အောက်တွင် မရှိသော တစ်ခုတည်းသော ဇာတ်ဝင်ခန်း နယ်မြေ။ ၎င်းမှာ မိစ္ဆာနယ်မြေ ဖြစ်သည်။ 」
Ways of Survival ထဲတွင် ရေးသားထားသကဲ့သို့ မိစ္ဆာနယ်မြေသည် အခြေခံအားဖြင့် အကျိတ်နှင့်လူတို့၏ နယ်မြေပင် ဖြစ်သည်။ ထိုသို့သော နယ်မြေဇုန်အတွင်း၌ ၎င်းတို့သည် စီမံခန့်ခွဲရေးဌာန၏ အဖွဲ့ဝင်မဟုတ်သော ဒိုကဲဘီတစ်ဦး ရှိနေကြောင်း အတည်ပြုနိုင်ခဲ့ကြသည်။ 'ထိုဝိညာဉ်က ငါ့ဟာပဲ' ဟု ကျနော်တို့ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကပင် သူသည် ဒိုကဲဘီဥကို တပ်မက်ခဲ့ဖူးသည်။ သီးခြားလွတ်လပ်သော ချန်နယ်တစ်ခု၏ တန်ဖိုးမှာ လက်ရှိတွင် တွက်ချက်၍ မရနိုင်လောက်အောင်ပင် ကြီးမားလှချေသည်။
လတ်တလောတွင် မိစ္ဆာနယ်မြေအတွင်း၌ မဟာဇာတ်လမ်းကြီး ဖြစ်ရပ်တစ်ခု ပေါ်ပေါက်နေခဲ့သည်။ ထို့ကြောင့် အကျိတ်နှင့်လူတို့သည် ၎င်းတို့၏ သြဇာအာဏာ သက်ရောက်ရာ နယ်ပယ်အတွင်း ဖြစ်ပျက်နေသော အရာတစ်ခုကို လွဲချော်ခံမည် မဟုတ်ချေ။ ၎င်းတို့သည် မိစ္ဆာဘုရင် ရွေးချယ်ပွဲအတွက် ချန်နယ်ကို အသေအချာ ခိုးယူသွားခဲ့ကြခြင်း ဖြစ်၏။
အကျိတ်နှင့်လူတို့သည် သဘာဝအလျောက် ဖြစ်နိုင်စွမ်းကို ခုခံနိုင်စွမ်း ရှိကြသည်။ ထို့ကြောင့် ကျနော် သတိလစ်နေစဉ်နှင့် ကျနော့်၏ ပတ်ဝန်းကျင်တွင် မုန်တိုင်းများ တိုက်ခတ်နေစဉ်အတွင်း ၎င်းတို့သည် ဘီယူကို ခေါ်ဆောင်သွားနိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
.. ဘာဖြစ်လို့ ဒီလိုအချိန်မှ ဖြစ်ရတာလဲ။
[ဒါကို ငါ့တာဝန်သာထားလိုက်။ ငါ သူတို့ကို ရှာလိုက်မယ်]
ဘီဟွန်း၏ မျက်လုံးများထဲတွင် အမျက်ဒေါသများကို ကျနော် မြင်တွေ့နေရသည်။
[ဒိုကဲဘီတွေရဲ့ သိက္ခာနဲ့ သက်ဆိုင်နေတယ်။ ဘီယူက စီမံခန့်ခွဲရေးဌာနရဲ့ အဖွဲ့ဝင် မဟုတ်ပေမဲ့ ငါ ဒါကိုတော့ ဒီအတိုင်း ကြည့်မနေနိုင်ဘူး]
"ငါတို့ အတူတူ သွားကြရအောင်"
ဘီဟွန်းက ခေါင်းခါပြလိုက်သည်။
[မိစ္ဆာဘုရင် ရွေးချယ်ပွဲအတွက် အချိန်သိပ်မကျန်တော့ဘူး။ ဒီအတောအတွင်းမှာ မင်း မဖြစ်မနေ လုပ်ဆောင်ရမယ့် အချို့သော အရာတွေ ရှိနေတယ် မဟုတ်လား]
မှန်သည်။ ကျန်ရှိသော အချိန်မှာ အလွန်ပင် တိုတောင်းလှချေပြီ။ အကယ်၍ ကျနော်သာ ဘီယူကို ရှာဖွေရန် ဤအချိန်ကို အသုံးပြုလိုက်ပါက ပြိုင်ပွဲ၏ အစမှာပင် ရှုံးနိမ့်သွားနိုင်ချေ ရှိသည်။
"...မင်း ဘာဖြစ်လို့ ဒီလိုတွေ လုပ်ပေးနေရတာလဲ"
[မင်းက အခု ငါ့ရဲ့ ချန်နယ်ပိုင် ဖြစ်နေပြီလေ]
ဘီဟွန်းက ထိုသို့ ပြန်လည် ဖြေကြားနေစဉ် ကျနော့်၏ အကြည့်များကို ရှောင်လွှဲနေခဲ့သည်။
[ငါက ငါ့ရဲ့ ချန်နယ်အတွက်ပဲ လှုပ်ရှားနေတာပါ။ မင်း မဖြစ်မနေ အနိုင်ရရမယ်။ အဲဒါမှ နက္ခတ်တွေက မင်းကို သဘောကျပြီး ငါ့ရဲ့ ချန်နယ်ကလည်း ပိုပြီး ကြီးမားလာမှာ]
ထို့နောက်တွင်မူ ဘီဟွန်းသည် လေထုထဲ၌ ပျောက်ကွယ်သွားခဲ့တော့သည်။
ဂျန်ဟာယောင်းက "...သူ့ကို ယုံကြည်ဖို့ အဆင်ပြေပါ့မလား" ဟု မေးမြန်းလာခဲ့သည်။
ဒိုကဲဘီတစ်ဦးကို ယုံကြည်ရန် မေးမြန်းသည့် မေးခွန်းထက် ပို၍ မိုက်မဲသော အရာ မရှိချေ။ ဘီဟွန်းအပေါ် ကျနော့်၏ ယုံကြည်မှုကို ဖယ်ထားပါက တစ်ခုလုံးသော ကြယ်တာရာရုပ်သံထုတ်လွှင့်မှု အတွင်း၌ ဒိုကဲဘီများလောက် လျှို့ဝှက်ဆန်းကြယ်သော မျိုးနွယ်စု မရှိချေ။
ကျနော် ခေတ္တခဏတာမျှ သက်ပြင်းချလိုက်မိသည်။ ယခုအချိန်တွင် ယူဂျွန်ဟော့၏ အခြေအနေမှာ မကောင်းသကဲ့သို့ ဂျန်ဟာယောင်းသည်လည်း ဘီဟွန်း၏ နောက်သို့ လိုက်နိုင်လောက်အောင် အားမကောင်းချေ။
ကျနော့်ကို ကူညီနိုင်သော တည်ရှိမှုတစ်ခုမှာ ညဘက် ကောင်းကင်ယံတွင် ရှိနေသော်လည်း ပြဿနာမှာ ကျနော်သည် ယခုအခါ ဘီဟွန်း၏ ချန်နယ်ထဲသို့ ရောက်ရှိနေခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ကျနော်သည် ချန်နယ်မှတစ်ဆင့် ပေးပို့သော မက်ဆေ့ချ် အားလုံးကို ဘီဟွန်းက မလွဲမသွေ ဖတ်ရှုရမည် ဖြစ်သည်။
အကယ်၍ ထိုသို့သာဆိုပါက... နည်းလမ်းတစ်ခုသာ ရှိတော့သည်။
"ဂျန်ဟာယောင်း တံတိုင်းကို ခေါ်လိုက်ပါ"
----
မှောင်မိုက်နေသော လမ်းမပေါ်တွင် အလျင်အမြန် လျှောက်လှမ်းနေသော ခြေလှမ်းသံများ ထွက်ပေါ်နေခဲ့သည်။
[ဘတ် ဘတ်]
လှောင်အိမ်တစ်ခုအတွင်း၌ ပိတ်လှောင်ခံထားရသော ဘီယူသည် အော်ဟစ်ငိုကြွေးနေခဲ့သည်။
[ဘတ် ဘတ်...]
ဘယ်ဘက်ပါးပြင်ပေါ်တွင် အကျိတ်ငယ်တစ်ခု ရှိနေသော သက်ကြီးရွယ်အိုတစ်ဦးသည် မှောင်မိုက်နေသော လမ်းအတိုင်း ပြေးလွှားနေခဲ့သည်။ သူ၏ အလျင်စလို ခြေလှမ်းများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့သည်။ ထိုလူကြီးသည် အလွန်ပင် စိတ်ကြည်လင်နေခဲ့သည်။
[ဒိုကဲဘီတွေရဲ့ ခေတ်က အခုဆိုရင် ကုန်ဆုံးသွားခဲ့ပြီ]
ထိုလူကြီးသည် သူ၏ အောင်မြင်မှုကို အခြားသော အကျိတ်နှင့်လူများအား ကြွားလုံးထုတ်ရန် တွေးတောရင်း စိတ်လှုပ်ရှားနေခဲ့သည်။ မကြာသေးမီကပင် သူ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ‘ဒိုကဲဘီကို ရိုက်နှက်ခြင်း ဇာတ်လမ်း’ ကို ရရှိခဲ့သည်ဟု လာရောက်ကြွားဝါစဉ်က သူသည် မည်မျှအထိ မနာလိုဖြစ်ခဲ့ရသည်ကို မဖော်ပြနိုင်လောက်အောင်ပင် ဖြစ်ခဲ့ရသည်။ ယခုမူ သူသည် ဒိုကဲဘီကို ရိုက်နှက်ရသည့် ဇာတ်လမ်း မဟုတ်ဘဲ ဒိုကဲဘီ အစစ်အမှန်ကိုပင် ခေါ်ဆောင်လာနိုင်ခဲ့ချေပြီ။ ထိုလူကြီးသည် ဘီယူ၏ လှောင်အိမ်ကို ချစ်စနိုးဖြင့် ပုတ်လိုက်သည်။
[ငါ့ကလေး မင်းက ချန်နယ်တစ်ခုကို ပိုင်ဆိုင်ခွင့်ရတဲ့ ပထမဆုံး ‘အကျိတ်နှင့်လူ’ ဖြစ်လာလိမ့်မယ်]
ဤသည်မှာ အကျိတ်နှင့်လူတို့၏ ကာလရှည်ကြာသော ဆန္ဒတစ်ခုပင် ဖြစ်သည်။ ထိုအရာမှာ ဇာတ်လမ်းများအပေါ် လွှမ်းမိုးထားနိုင်စွမ်းကို ဒိုကဲဘီများထံမှ ပြန်လည် ရယူရန်ပင် ဖြစ်သည်။
[၏ ရုပ်သံထုတ်လွှင့်သူလေး။ ဒီကြောက်မက်ဖွယ်ကောင်းတဲ့ ဇာတ်ဝင်ခန်း ငရဲဘုံထဲကနေ ငါက ကျွန်တွေကို လွတ်မြောက်စေမယ်...]
ထိုလူကြီး၏ ဘယ်ဘက်ပါးပြင်ပေါ်မှ အကျိတ်မှာ ကြီးမားစွာ ဖောင်းကြွလာခဲ့သည်။ ဘီယူရှိရာ လှောင်အိမ်နှင့် ထိတွေ့မိသောအခါ ထိုအကျိတ်မှာ စိတ်လှုပ်ရှားစွာဖြင့် လှုပ်ရှားနေခဲ့သည်။ ဘီယူသည် ထိုအကျိတ်ကို ထိတ်လန့်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ရင်း ဘေးပတ်ပတ်လည်ကို အလျင်အမြန် ဝေ့ဝဲကြည့်ရှုလိုက်သည်။ ဘီယူသည် အကူအညီကို ရှာဖွေနေခဲ့ခြင်း ဖြစ်သော်လည်း ကံဆိုးစွာပင် ထိုနေရာ၌ ဘီယူကို ကယ်တင်ပေးမည့် ‘လူ’ တစ်ယောက်မှ မရှိချေ။
[ဟေ့]
တိတိကျကျ ပြောရမည်ဆိုပါက ထိုအရာမှာ ‘လူ’ တစ်ယောက် မဟုတ်ချေ။
[မင်း အဲဒီအကျိတ်ကို ဖယ်လိုက်ပါလား]
***