"အကြမ်းလောက်တော့ ကိစ္စတွေကို ရှင်းလင်းပြီးသွားပြီ"
ရုပ်သံလိုင်း၏ ဖန်သားပြင်မှတစ်ဆင့် ယူဂျွန်ဟော့ ကို ကြည့်ရှုရင်း စိတ်သက်သာရာရစွာဖြင့် ကျနော် သက်ပြင်းချလိုက်သည်။ စီမံခန့်ခွဲရေးဌာန ရောက်ရှိလာမည်ကို ကျနော် စိုးရိမ်နေခဲ့သော်လည်း ကံကောင်းထောက်မစွာပင် ယူဂျွန်ဟော့ က ပိုမိုမြန်ဆန်ခဲ့သည်။ ဂျန်ဟာယောင်း မှတစ်ဆင့် ယူရီအယ် ထံသို့ မက်ဆေ့ချ် ပေးပို့ခဲ့ခြင်းမှာ ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့၏။
['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်သည် တောက်ပစွာ ပြုံးနေပါသည်။]
ယူဂျွန်ဟော့ ကို ထိုနေရာသို့ ခေါ်ဆောင်ခဲ့သူမှာ ယူရီအယ် ဖြစ်သည်။ ယူဂျွန်ဟော့ သည် ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ကိစ္စနှင့် ပတ်သက်ပြီး ကျနော့်အပေါ် ဒေါသထွက်နေခဲ့သဖြင့် ယူရီအယ် ၏ စကားများကသာ ယူဂျွန်ဟော့ အပေါ်တွင် ပိုမိုလွှမ်းမိုးမှုရှိလိမ့်မည်ဟု ကျနော် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဂျန်ဟာယောင်း သည် ဖန်သားပြင်ပေါ်ရှိ ဘီဟွန်း ကို ကြည့်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒိုကဲဘီ တစ်ကောင် ဒီလောက်အထိ အကူအညီမဲ့နေတာကို ကျုပ် ပထမဆုံးအကြိမ် မြင်ဖူးတာပဲ"
"မျိုးနွယ်စု ဇာတ်လမ်းတွေက ရောယှက်နေလို့ပါ။ အကျိတ်နှင့်လူ တစ်ယောက်ကို ရင်ဆိုင်ဖို့အတွက်ဆိုရင် မဟာ ဒိုကဲဘီ တစ်ကောင် ဒါမှမဟုတ် အနည်းဆုံး ဒိုကဲဘီ လေးကောင် ပေါ်လာမှ ဖြစ်မှာ"
"...ခင်ဗျားက တော်တော်လေး သိနေတာပဲ။ အိုင်လင်း ပြောတာတော့ ဒိုကဲဘီ တွေနဲ့ အကျိတ်နှင့်လူတွေရဲ့ အကြောင်းအားလုံးကို ကန့်လန့်ကာနောက်ကွယ်မှာ ဖုံးကွယ်ထားတာတဲ့"
"အဲ့ဒီအကြောင်းက နက္ခတ်တွေကြားထဲမှာသိထားတဲ့ အခြေခံ အချက်အလက်တွေပဲလေ"
ဂျန်ဟာယောင်း သည် ကျနော်၏ စကားကို ကြားပြီးနောက် ကျနော့်အား ထူးဆန်းစွာဖြင့် ရိုသေလေးစားသော မျက်လုံးများဖြင့် စိုက်ကြည့်လာခဲ့သည်။ အမှန်စင်စစ် နက္ခတ်များ အားလုံးက ဤအချက်အလက်ကို သိရှိနေကြခြင်း မဟုတ်ပေ။ ဖန်သားပြင်ပေါ်တွင် ဘီယူ နှင့် ဘီယူကို ပွေ့ချီထားသော ယူဂျွန်ဟော့တို့၏ ပုံရိပ်ကို အနီးကပ် ခေတ္တခဏမျှ ပြသနေခဲ့သည်။
「 ငါ နင့်အတွက် လက်စားချေပေးမယ် 」
「 နှုတ်ဆက်ပါတယ်၊ ခေါင်းဆောင်ကြီး 」
「 ကောင်းကောင်း လုပ်နိုင်ခဲ့ပါပေတယ် 」
「 ဒီကိစ္စကို နင့်လက်ထဲအပ်ထားလိုက်ပြီ 」
「 အနားယူလိုက်ပါ 」
ကျနော်တစ်ဦးတည်းသာ မြင်တွေ့နိုင်သော စာကြောင်းများက ကျနော်၏ ဦးခေါင်းထဲတွင် ဖြတ်သန်းသွားခဲ့သည်။်
"...ကင်ဒေါ့ဂျာ"
ဂျန်ဟာယောင်း က ကျနော့်ကို စိုက်ကြည့်နေခဲ့သည်။
ကျနော်သည် ခေါင်းကို ကုတ်လိုက်ပြီး အမြန်ပင် ပြောလိုက်၏။
"ဘာပဲဖြစ်ဖြစ် ယူဂျွန်ဟော့ က တစ်နည်းနည်းနဲ့တော့ လုပ်စရာရှိတာ ဆက်လုပ်သွားလိမ့်မယ်။ ငါတို့ဘက်ကလည်း အဆင်သင့် ဖြစ်နေဖို့…"
...ချီး။ အချိန်မစေ့သေးဘူးလေကွာ။
ဂျန်ဟာယောင်း နှင့် ကျနော် ရုံးခန်း၏ ပြတင်းပေါက် အပြင်ဘက်သို့ တစ်ပြိုင်တည်း လှမ်းကြည့်လိုက်ကြသည်။ စက်မှုဇုန် ၏ တံတိုင်းများ အလွန်တွင် သဲတိမ်တိုက်များ စုရုံးရောက်ရှိနေခဲ့သည်။ နိုင်ငံသားများကြားတွင်လည်း အုတ်အော်သောင်းနင်း ဖြစ်ပွားမှုများ ရှိနေခဲ့သည်။ မာ့ခ် နှင့် အခြားသော ဥပဒေပြုအရာရှိများက အုတ်အော်သောင်းနင်းဖြစ်မှုအား တည်ငြိမ်အောင် ဖျောင်းဖျနေ ကြသည်ကို ကျနော် မြင်တွေ့နေရသည်။
[အို…. စိတ်မြန်လက်မြန်ရှိတဲ့ နက္ခတ်အချို့ ရှိနေတာပဲ။ မိစ္ဆာဘုရင် ရွေးချယ်ပွဲ အတွက် ၄၈ နာရီ တောင် လိုနေသေးတာကို]
ဒိုကဲဘီ တစ်ကောင်၏ ရင်းနှီးနေသော အသံသည် လေထုထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။ စက်မှုဇုန် ၏ အထက် ကောင်းကင်ယံတွင် ဒိုဂတ် သည် ကျနော်ကို စိုက်ကြည့်ရင်း ရယ်မောလိုက်သည်။
[မူလကတော့ အစပိုင်းကို ပိုပြီး ပျင်းစရာကောင်းအောင် လုပ်ရမယ်လို့ ငါ စဉ်းစားထားခဲ့တာ...]
သူသည် အသေအချာပင် ပြုံးနေခဲ့သော်လည်း သူ၏ မျက်လုံးများထဲတွင်မူ ကျနော်အပေါ် မုန်းတီးမှုများ ပြည့်နှက်နေခဲ့သည်။ သူသည် ကျနော့်ကို မည်မျှပင် မုန်းတီးနေပါစေ သူကိုယ်တိုင်၏ ကစားပွဲကို မိစ္ဆာဘုရင် ရွေးချယ်ပွဲ ဇာတ်လမ်းအတွင်းတွင် စတင်နိုင်ခြင်း မရှိပေ။
[ဒီတစ်ကြိမ်မှာတော့ စောစောစရတာလည်း မဆိုးပါဘူး]
...ဘာ
[ဇာတ်ဝင်ခန်းအသေးအသစ်တစ်ခုကို ရရှိလိုက်ပါပြီ။]
[ဇာတ်ဝင်ခန်းအသေး ― 'အသေးစားတိုက်ပွဲ' စတင်ပါပြီ။]
ပေါ်ထွက်လာသော ဇယားကို မြင်တွေ့လိုက်ရပြီး မည်သို့ ဖြစ်ပျက်နေကြောင်းကို ကျနော်သတိပြုမိလိုက်သည်။ ဇာတ်ဝင်ခန်း အသေးတစ်ခု။ ဘီယူ နှင့် ဘီဟွန်း တို့ မရှိခိုက်တွင် ဤမအေဘေးက...
[ဇာတ်ဝင်ခန်းအသေး - အသေးစားတိုက်ပွဲ]
အမျိုးအစား ဇာတ်ဝင်ခန်းအသေး ခက်ခဲမှု ??? အောင်မြင်ရန် လိုအပ်ချက် သတ်မှတ်ထားသော အချိန်အတွင်း စက်မှုဇုန် ၏ 'ဇာတ်လမ်းအူတိုင်'ကို ကာကွယ်ပါ။ သို့မဟုတ် ၎င်းကို ခိုးယူပါ။
အချိန်ကန့်သတ်ချက် ၄၈ နာရီ
ဆုလာဘ် တိုက်ခိုက်သူဘက်မှ― မိစ္ဆာဘုရင် ရွေးချယ်ပွဲ အတွက် အရည်အချင်း ပြည့်မီခြင်း
ခုခံကာကွယ်သူဘက်မှ― ဒင်္ဂါး ၂၀၀,၀၀၀ ၊ ???
ကျရှုံးမှု -
ကျနော် မျက်မှောင်ကြုတ်လိုက်သည်။ ဇာတ်ဝင်ခန်းအသေးတစ်ခု ဖြစ်သော်လည်း ဇာတ်ဝင်ခန်းတစ်ခုကို ဤကဲ့သို့သော နည်းလမ်းဖြင့် ဖွင့်လှစ်ခြင်းမှာ ထင်ရှားစွာပင် ပုံမှန်မဟုတ်သော အခြေအနေ ဖြစ်၏။
[နက္ခတ်အချို့သည် ဒိုဂတ် ၏ မတရားသော လုပ်ဆောင်မှုအပေါ် မကျေမနပ် ဖြစ်နေကြပါသည်။]
[နက္ခတ်အချို့သည် 'ဖြစ်နိုင်စွမ်း ညီညွတ်မှုဆိုင်ရာ စိစစ်မှု' တစ်ခု ပြုလုပ်ရန် တောင်းဆိုနေကြပါသည်။]
ကံကောင်းထောက်မစွာပင် ထိုသို့ တွေးတောမိသူမှာ ကျနော်တစ်ဦးတည်း မဟုတ်ခဲ့ပေ။
[အာ…လူကြီးမင်းတို့ထဲက တချို့က မတရားဘူးလို့ ထင်ကြလိမ့်မယ်ဆိုတာ သိပြီးသားပါ။ အသေအချာပါပဲ၊ မမျှတမှု အချို့တော့ ရှိနေပါတယ်။ ခုခံသူတွေနဲ့ တိုက်ခိုက်သူတွေရဲ့ အရေအတွက်က မတူညီကြဘူးလေ]
ဒိုဂတ် သည် ကျနော့်ကို လှောင်ပြုံး ပြုံးပြနေခဲ့သည်။ ကျနော့်အနေဖြင့် ဤကဲ့သို့သော ဇာတ်ဝင်ခန်းကို ကိုင်တွယ်နိုင်လိမ့်မည်ဟု ဆိုလိုနေသည့် အပြုံးမျိုး ဖြစ်သည်။ ထိုအပြုံးမှာ ထင်ရှားသော ရန်စမှုတစ်ခုပင် ဖြစ်၏။
[ဒါကြောင့် ကျုပ်က ခက်ခဲမှုအဆင့်ကို အနည်းငယ် ညှိနှိုင်းပေးလိုက်ပါတယ်။ ဒီဇာတ်ဝင်ခန်းအသေးနဲ့ ပတ်သက်နေသရွေ့ တိုက်ခိုက်သူတွေနဲ့ ခုခံသူတွေရဲ့ နက္ခတ်တွေမှာ တူညီတဲ့ အဆင့်တွေ ရှိနေအောင် ချိန်ညှိပေးပါမယ်]
ဒိုဂတ် စကားပြောလိုက်သည့် ခဏတွင် မှိန်ဖျော့သော အရှိန်အဝါတစ်ခုက ကျနော်၏ ကိုယ်စားလှယ် ခန္ဓာကိုယ်များကို ဝန်းရံသွားခဲ့သည်။
[ဇာတ်ဝင်ခန်းတွင် ပါဝင်နေသူ အားလုံး၏ စွမ်းရည်များကို ချိန်ညှိပြီးဖြစ်ပါသည်။]
ကျနော် လက်သီးကို ဖြည်းညှင်းစွာ ဆုပ်လိုက်ပြီးမှ ပြန်ဖြန့်လိုက်သည်။ တိုက်ခိုက်လာမည့် နက္ခတ်များ လည်း ဤပြစ်ဒဏ်မျိုးကိုပင် ရရှိကြလိမ့်မည် ဖြစ်၏။ ကျနော်၏ စွမ်းရည်များ ကျဆင်းသွားခြင်း သို့မဟုတ် တိုးမြင့်လာခြင်း ရှိမရှိကိုမူ ကျနော် မမြင်တွေ့နိုင်ခဲ့ပေ။
[နက္ခတ်အချို့သည် ဤဇာတ်ဝင်ခန်းမှာ ဖြစ်နိုင်စွမ်းကို ဆန့်ကျင်နေသည်ဟု ဆက်လက် ကန့်ကွက်နေကြပါသည်။]
ဒိုဂတ် တွင် စိတ်အနှောင့်အယှက်ဖြစ်ရသည့် အမူအရာတစ်ခု ရှိနေခဲ့သည်။
[အာ…. အဲဒီလို မပြောကြပါနဲ့။ ဒါက တကယ်တော့... လူကြီးမင်းတို့အားလုံး အားနည်းသွားကြပြီပဲလေ။ ဇာတ်ဝင်ခန်းတွေဆိုတာက ခက်ခဲမှ ပျော်စရာကောင်းတာကို လူကြီးမင်းတို့အားလုံး မေ့နေကြပြီလား]
ရုပ်သံလိုင်းအတွင်း၌ ထောက်ခံသည့် သို့မဟုတ် ဆန့်ကျင်သည့် သွယ်ဝိုက်သော မက်ဆေ့ချ်များကြောင့် ဆိုးရွားစွာ ပရမ်းပတာ ဖြစ်သွားခဲ့သည်။ ထိုအတောအတွင်းမှာပင် ဒိုဂတ် သည် ဇာတ်ဝင်ခန်းကို ဆက်လက် တွန်းအားပေး လုပ်ဆောင်ခဲ့သည်။
[သင်သည် လက်ရှိတွင် ကင်ဒေါ့ဂျာ စက်မှုဇုန်၏ ပိုင်ရှင် ဖြစ်ပါသည်။]
[သင်သည် အသေးစားတိုက်ပွဲ တွင် 'ခုခံသူ' အဖြစ် ပါဝင်နေခြင်း ဖြစ်ပါသည်။]
[သင်သည် တိုက်ခိုက်လာသော နက္ခတ်များထံမှ ဇာတ်လမ်းအူတိုင်ကို ကာကွယ်ရမည် ဖြစ်ပါသည်။]
ဒိုဂတ် နှင့် မျက်နှာချင်းဆိုင်လိုက်ရင်း ခါးသီးစွာ ကျနော်ပြုံးလိုက်မိသည်။ ဟုတ်ပေသည်၊ ဤသည်က သူ ကြံစည်ထားခဲ့သည့် အရာပင် ဖြစ်သည်။
"ကင်ဒေါ့ဂျာ၊ ဘယ်လိုလုပ်ရ..."
ကျနော်သည် ဂျန်ဟာယောင်း ကို ပြန်ဖြေမည့်အစား အဝေးသို့ အသံလွှင့်ကာ ပြည်သူများထံသို့ အော်ဟစ်လိုက်သည်။
[ပြည်သူများအားလုံး။ ဒါက ငါ့အနေနဲ့ မင်းတို့ကို ကိုယ်တိုင်ကိုယ်ကျ ပထမဆုံးအကြိမ် နှုတ်ဆက်ခြင်းပါပဲ]
ကျနော်၏ စစ်မှန်သော အသံသည် စက်မှုဇုန် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။ အသက်ပြင်းပြင်းထပ်မံရှူသွင်းလိုက်ပြီး ကျနော်အော်ဟစ်လိုက်၏။
[ကျေးဇူးပြုပြီး တည်ငြိမ်ကြပါ၊ ပြီးတော့ ငါ့ရဲ့ စကားတွေကို အာရုံစိုက်ပေးကြပါ]
စော်ဘွား တစ်ဦး၏ အသံကို ပထမဆုံးအကြိမ်အဖြစ် ကြားလိုက်ရသဖြင့် ပြည်သူများ အားလုံးက ကျနော့်အား လှမ်းကြည့်လာကြသည်။ နေရာအနှံ့အပြားမှ အသံများ ထွက်ပေါ်လာခဲ့သည်။
"ဒါ ကင်ဒေါ့ဂျာရဲ့အသံပဲ"
"အဲဒီလူက စော်ဘွားကွ"
ကံဆိုးစွာပင် ကျနော်သည် ၎င်းတို့၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိခဲ့ပေ။
[ငါ မင်းတို့ကို မကာကွယ်နိုင်ပါဘူး]
မိစ္ဆာနယ်မြေတွင် ကျနော်ကဲ့သို့သော စော်ဘွားမျိုး တစ်ခါမျှ ရှိခဲ့ဖူးမည် မဟုတ်ပေ။ ထို့အပြင် အနာဂတ်တွင်လည်း ထပ်မံ မရှိတော့ရန် ကျနော် မျှော်လင့်မိ၏။
[ဒါကြောင့် ဒီနေရာမှာ ခွေးတွေလိုမျိုး အသေမခံကြပါနဲ့၊ ရှင်သန်နိုင်မယ့် ကိုယ့်လမ်းကိုယ် ရှာဖွေကြပါ။ ကိုယ်တိုင်ကိုယ်ကျ ယူဂျွန်ဟော့ စက်မှုဇုန်ကို သွားကြဖို့ တိုက်တွန်းလိုပါတယ်]
ကျနော်၏ မဆီလျော်သော ကြေညာချက်ကြောင့် ပြည်သူများမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်ကို ကျနော် မြင်တွေ့လိုက်ရသည်။ ပြည်သူများကို တည်ငြိမ်အောင် ဖျောင်းဖျနေသည့် မာ့ခ် ပင်လျှင် အံ့အားသင့်စွာဖြင့် မော့ကြည့်လာခဲ့သည်။ သို့သော်လည်း ဤနည်းလမ်းတစ်ခုတည်းကသာ လူတွေအား ကယ်တင်နိုင်မည် ဖြစ်သည်။ ဤဇာတ်ဝင်ခန်းတွင် မလိုအပ်သော စွန့်လွှတ်အနစ်နာခံမှုများ မရှိသင့်ပေ။
[သင်၏ စက်မှုဇုန်ရှိ ပြည်သူများကို လွတ်လပ်ခွင့် ပေးလိုပါသလား။]
"လွတ်လပ်ခွင့် ပေးမယ်"
[စက်မှုဇုန်၏ ပြည်သူများအားလုံးသည် သင့်သြဇာအောက်မှ လွတ်မြောက်သွားကြပြီ ဖြစ်ပါသည်။]
[ကင်ဒေါ့ဂျာ စက်မှုဇုန်၏ ပြည်သူများထံသို့ 'ထွက်ပြေးလွတ်မြောက်ရေး ဇာတ်ဝင်ခန်း' ကို ပေးအပ်ပြီး ဖြစ်ပါသည်။]
[ကင်ဒေါ့ဂျာ စက်မှုဇုန်၏ ပြည်သူများသည် ယခုအခါ စက်မှုဇုန်တစ်ခုကို ရွေးချယ်နိုင်ပြီ ဖြစ်ပါသည်။]
[သင်သည် ဒဏ္ဍာရီ ဇာတ်လမ်းသစ်တစ်ခုကို ရရှိလိုက်ပါပြီ။]
['စက်မှုဇုန်အား လွတ်မြောက်စေသူ' ဇာတ်လမ်းကို ရရှိလိုက်ပါပြီ။]
မက်ဆေ့ချ်များ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး နောက်ဆုံး မက်ဆေ့ချ်တစ်ခုကို ကျနော်ထားခဲ့လိုက်သည်။
[အားလုံးပဲ၊ ကျေးဇူးပြုပြီး ထွက်ခွာသွားကြပါ။ အားလုံး ထွက်ခွာလို့မပြီးမချင်း ငါ သူတို့ကို တားဆီးထားပါ့မယ်]
ဘီဟွန်း သာ ဤနေရာတွင် ရှိနေခဲ့လျှင် ငြင်းခုံကောင်း ငြင်းခုံလိမ့်မည် ဖြစ်သော်လည်း ယခုအခါတွင်မူ သူသည် ဝေးလံသော နေရာတစ်ခုတွင် လဲလျောင်းနေခဲ့ပြီ ဖြစ်သည်။
[စက်မှုဇုန်၏ ပြည်သူများသည် သင်၏ မြင့်မြတ်သော စွန့်လွှတ်အနစ်နာခံမှုအတွက် မတ်တတ်ရပ်ကာ လက်ခုပ်သြဘာ ပေးနေကြပါသည်။]
ကျေးဇူးတင်မိသော်လည်း ကျနော်သည် မြင့်မြတ်သော စွန့်လွှတ်အနစ်နာခံမှုတစ်ခုကို ပြုလုပ်ရန် အစီအစဉ် မရှိခဲ့ပေ။ စက်မှုဇုန်၏ အကာအရံ အလွန်မှ ထွက်ပေါ်လာသော စွမ်းအင်များကိုသာ ကျနော် အာရုံစိုက်ထားခဲ့သည်။ ဧရာမ စွမ်းအင် အရင်းအမြစ် လေးခု ရှိနေလေသည်။ အနည်းဆုံး နက္ခတ် လေးပါး ချဉ်းကပ်လာနေခြင်း ဖြစ်၏။
"ဂျန်ဟာယောင်း။ ဟန်မြုံအို နဲ့ ကောင်းကင်ဖြိုခွင်းဓါးသခင် တို့ကို ခေါ်သွားပါ။ ထွက်ပြေးကြပါ၊ ပြီးတော့ နောက်ကို ပြန်မကြည့်ပါနဲ့။ သူတို့ကို တိုက်ခိုက်ဖို့ ဘယ်တော့မှ မတွေးပါနဲ့"
"ဘာ။ ကျုပ် မသွားချင်ဘူး"
"မင်း သွားချင်တာ မသွားချင်တာ ငါ ဂရုမစိုက်ဘူး။ ယူဂျွန်ဟော့ ဆီကို တိုက်ရိုက်သွားပါ။ အမြန်သွားတော့"
ယခုအခါ 'လေးပါး' ရောက်ရှိလာခြင်း ဖြစ်သော်လည်း ထိုလေးပါး၏ နောက်တွင် ထပ်မံ၍ရောက်ရှိလာကြဦးမည် ဖြစ်သည်။ ၎င်းတို့မှာ အဆင့်ကျော်လွန်သူ ခွေးတစ်ကောင်၊ ကျားမ ခွဲခြားရန် ခက်ခဲသော လူသားတစ်ဦးနှင့် ကိုယ်ဝန်ဆောင်ခဲ့ဖူးသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးတို့ ရင်ဆိုင်နိုင်မည့် အရာများ မဟုတ်ပေ။
"ဘာပဲဖြစ်ဖြစ် ငါကတော့ သူတို့ထဲက တစ်ယောက်ပဲလေ"
အောက်ထပ်သို့ ချက်ချင်းပင် ကျနော် ပြေးဆင်းသွားခဲ့ပြီး စက်ရုံ၏ ဇာတ်လမ်းအူတိုင် ကို ဆွဲထုတ်လိုက်သည်။
[စက်ရုံသည် လည်ပတ်မှု ရပ်တန့်သွားခဲ့ပါပြီ။]
အရေးကြီးသောအရာမှာ ဤ ဇာတ်လမ်းအူတိုင် ကို ကာကွယ်ရန် ဖြစ်သည်။ ၎င်းကို ကာကွယ်ရန်အတွက် ကျနော်အနေဖြင့် စက်မှုဇုန်တွင် ဆက်လက်နေထိုင်ရန် မလိုအပ်ပေ။ စာမှတ် ကို ဖွင့်လိုက်ပြီး စက်မှုဇုန်၏ တံတိုင်းပေါ်သို့ တက်ရန်အတွက် လေ၏လမ်းစဉ် ကို ကျနော်အသုံးပြုလိုက်သည်။
[ဒါက မင်းတို့ လိုချင်နေတဲ့ အရာမလား]
ချဉ်းကပ်လာနေသော နက္ခတ် လေးပါးမှာ ကျနော့်စကားကို နားထောင်လိုက်ကြသည်။
[မင်းတို့ ဒါကို လိုချင်တယ်ဆိုရင်တော့ လုယူမှပဲ ရလိမ့်မယ်]
----
ကြောက်မက်ဖွယ်ကောင်းသော နက္ခတ်များ သည် ကျနော်၏ နောက်မှ လိုက်နေကြသည်။ ကျနော့်အနေဖြင့် ထွက်ပြေးနိုင်ခဲ့ခြင်းမှာ ကျနော်တို့တွင် တူညီသော စွမ်းရည်အဆင့်များ ရှိနေသောကြောင့် ဖြစ်သည်။
နောက်ကလိုက်လာသူအရေအတွက်မှာ လေးပါး ဖြစ်ပြီး ကျနော်ကမူ တစ်ဦးတည်းသာ ဖြစ်သည်။ နက္ခတ်များ မှာ အဆင့်မြင့်သည်ဖြစ်စေ၊ အဆင့်နိမ့်သည်ဖြစ်စေ ကျနော့်အတွက် ရင်ဆိုင်နိုင်ရန် အခွင့်အရေး သိပ်မရှိပေ။
လေ၏လမ်းစဉ် ကို အသုံးပြုကာ အကာအရံများကို ကျနော် ကျော်ဖြတ်ပြေးလွှားခဲ့သည်။ နက္ခတ်များ သည် ကျနော် ဇာတ်လမ်းအူတိုင်ကို ကိုင်ဆောင်ထားကြောင်း အတည်ပြုလိုက်ကြ ပြီးနောက် ကျနော့်အား စတင်၍လိုက်လံဖမ်းဆီးကြတော့သည်။ အကယ်၍ သူတို့သည် ကျနော့်ကို ဤနေရာတွင် ဖြုတ်ချနိုင်ခဲ့လျှင် မိစ္ဆာဘုရင် ရွေးချယ်ပွဲ တွင် ပါဝင်ခွင့် ရရှိကြမည် ဖြစ်၏။ ထို့ကြောင့် သူတို့တွေ ဤကဲ့သို့ သောင်းကျန်းနေကြခြင်းမှာ မဆန်းပေ။
ဒိုဂတ်က ကျနော့်ကို လှောင်ရယ်လိုက်သည်။
[ဟားဟားဟား၊ ထွက်ပြေးရတာ တော်တော်လေး လွယ်ကူနေတာပဲ။ နက္ခတ်အပေါင်းတို့၊ ခင်ဗျားတို့က ဒီလိုလူမျိုးကို ကြည့်ဖို့အတွက် ဘီဟွန်း ရဲ့ ရုပ်သံလိုင်းမှာ တကယ်ပဲ ဆက်နေချင်ကြသေးတာလား]
ခွေးသားကတော့ကွာ…
ဘီဟွန်း သာ အာရုံမလွင့်နေခဲ့ပါက ကျနော် ဤဇာတ်ဝင်ခန်းအသေးကြောင့် ခံစားရမည် မဟုတ်ပေ။ ဘီဟွန်း ဤနေရာတွင် မရှိသဖြင့် ကျနော် မည်သို့မှ မတတ်နိုင်ပေ။
"ဒိုကဲဘီအိတ်ရဲ့အဖွဲ့ဝင်အဆင့်ကို တိုးမြှင့်ရန် တောင်းဆိုပါတယ်"
အဆင့်နှစ်ဆင့် တိုးမြှင့်ပြီးဖြစ်သော 'ပလက်တီနမ်' အဆင့်သို့ ကျနော်ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း ပလက်တီနမ် မှာ အမြင့်ဆုံးအဆင့် မဟုတ်သေးပေ။
[တာဝန်ခံ ဒိုကဲဘီ သည် လတ်တလောတွင် မရှိပါ။]
[ဒိုကဲဘီ မရှိသဖြင့် အဆင့်မြှင့်တင်ခြင်းကို အလိုအလျောက် ဆောင်ရွက်ပေးပါမည်။]
[ဒင်္ဂါး ၅၀၀,၀၀၀ ကို အသုံးပြုလိုက်ပါပြီ။]
[ဂုဏ်ယူပါသည်။ သင်သည် ဒိုကဲဘီအိတ် ၏ စိန် အဖွဲ့ဝင် ဖြစ်လာပါပြီ။]
[အဖွဲ့ဝင်အဆင့် တိုးမြင့်သွားသဖြင့် ဒိုကဲဘီအိတ် ၏ ပစ္စည်းစာရင်းကို အဆင့်မြှင့်တင်ပေးပါမည်။]
စိန် အဆင့်ဝင်များသည် VIP သီးသန့်ပစ္စည်းများကို ဝယ်ယူနိုင်သည်။ ကျနော့် မှတ်ဉာဏ်များ မမှားယွင်းခဲ့လျှင် ထို 'ပစ္စည်းများ' သည် ယခုအချိန်လောက်တွင် ထွက်ရှိနေလောက်ပြီ ဖြစ်သည်။
[သင်သည် VIP သီးသန့်ပစ္စည်းများစာရင်းကို ကြည့်ရှုနိုင်ပါပြီ။]
အကယ်၍ ဘီဟွန်း သာ ဤနေရာတွင် ရှိနေခဲ့ပါက သူ သေလျှင်သေသွားပါစေ ဤစာရင်းကို ဖုံးကွယ်ထားလိမ့်မည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် ဘီဟွန်း ၏ မလှပသော အတိတ်သမိုင်းကြောင်းများက ဤစာရင်းရှိ ပစ္စည်းများထဲတွင် ပါဝင်နေသောကြောင့် ဖြစ်သည်။
ကျပန်းဇာတ်လမ်းသေတ္တာ (ဗားရှင်း ၁.၃) ― ၂၀,၀၀၀ ဒင်္ဂါး
ဇာတ်လမ်းပေါင်းစပ်သေတ္တာ (ဗားရှင်း ၁.၃) ― ၂၀၀,၀၀၀ ဒင်္ဂါး
...မျှော်လင့်ထားသည့်အတိုင်းပင်။ ဤကဲ့သို့ ရူးသွပ်ဖွယ်ကောင်းသော ဒင်္ဂါးစား ပစ္စည်းများကို ရောင်းချနေကြ၏။ ကံကောင်းထောက်မစွာဖြင့် အဆင့်မြှင့်တင်ထားသော ဗားရှင်းမှာ ကျနော် ရှာဖွေနေသည့်အရာ ဖြစ်နေလေသည်။
「 "ချီး… ဖြစ်နိုင်ခြေတွေက ဘယ်လောက်ရှိလဲ... သူတို့က ဘာဖြစ်လို့ ဖြစ်နိုင်ခြေတွေကို ထုတ်ပြန်မထားကြတာလဲ" 」
၇၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းတွင် ကင်နမ်ဝန် သည် ဤသောက်တလွဲအရာကို ဝယ်ယူခဲ့ပြီးနောက် ဘဝပျက်သွားခဲ့ ဖူးသည်။
[သင်သည် ကျပန်းဇာတ်လမ်းသေတ္တာ ဆယ်လုံးကို ဝယ်ယူလိုက်ပါပြီ။]
[သင်သည် ဇာတ်လမ်းပေါင်းစပ်သေတ္တာ တစ်လုံးကို ဝယ်ယူလိုက်ပါပြီ။]
[ဒင်္ဂါး ၄၀၀,၀၀၀ ကို အသုံးပြုလိုက်ပါပြီ။]
ကျပန်းဇာတ်လမ်းသေတ္တာ သည် 'ဇာတ်လမ်းများ' ကို ရရှိရန်အတွက် ဒင်္ဂါးများကို သုံးစွဲကာ လောင်းကစားရသော ရှားပါးပစ္စည်းများထဲမှ တစ်ခု ဖြစ်သည်။ အကောင်းဆုံး ဒဏ္ဍာရီအဆင့် နီးပါးရှိသော ဇာတ်လမ်းကို ရရှိနိုင်သည်ဟူသော ဖော်ပြချက်ကြောင့် ဤပစ္စည်း ဈေးကွက်သို့ ထွက်ရှိလာချိန်တွင် ကိုယ်စားလှယ်များ နှင့် နက္ခတ်များမှာ ဤပစ္စည်းကို အလုအယက်ဝယ်ခဲ့ကြသည်။
အသေအချာပင်။ ဝယ်ယူခဲ့သူအားလုံးမှာ မွဲပြာကျခဲ့ကြရသည်။ ရလဒ်မှာ သဘာဝကျလှ၏။ ကျပန်းသေတ္တာ မှ သမိုင်းဝင်အဆင့် ဇာတ်လမ်းတစ်ခု ရရှိရန် ဖြစ်နိုင်ခြေမှာ ၀.၀၀၁ ရာခိုင်နှုန်း အောက်သာရှိပြီး ဒဏ္ဍာရီအဆင့်နီးပါး ရရှိရန် ဖြစ်နိုင်ခြေမှာ ၀.၀၀၀၀၁ ရာခိုင်နှုန်း ပင် မရှိချေ။ သို့ဆိုလျှင် ကျန်ရှိနေသော ၉၉.၉၉ ရာခိုင်နှုန်း က ဘာဖြစ်မည်နည်း။
「 "ရူးနေတာပဲ။ သမိုင်းဝင်အဆင့်အောက် ဇာတ်လမ်း ၅၀ လား။ အနိမ့်ဆုံးအဆင့်တောင် ပါနေသေးတယ်လား။ လာနောက်နေတာလား" 」
ပြုတ်ကျလာသော သေတ္တာတစ်လုံးကို ဖမ်းဆီးလိုက်ပြီး ကျနော်၏ ပါးစပ်ဖြင့် ကိုက်ကာ ဖွင့်လိုက်သည်။
[ကျပန်းဇာတ်လမ်းသေတ္တာ ကို အသုံးပြုလိုပါသလား။]
ဤသေတ္တာမှ ကောင်းမွန်သော ဇာတ်လမ်းတစ်ခု ထွက်ပေါ်လာရန် ဖြစ်နိုင်ခြေ အလွန်နည်းပါးကြောင်း ကျနော် သိရှိထားသည်။ သို့ဆိုလျှင် ကျနော် အဘယ်ကြောင့် ဤသေတ္တာကို အလိုရှိနေရသနည်း။ ကျနော် အလိုရှိသော ဇာတ်လမ်းမှာ ကောင်းမွန်သော ဇာတ်လမ်းမျိုး မဟုတ်ပေ။
.
['ဦးခေါင်း၊ ပုခုံး၊ ဒူး၊ ခြေထောက်' ဇာတ်လမ်းကို ရရှိလိုက်ပါပြီ။]
['ငါ့ဆံပင်ကို မဖြတ်ပါနှင့်' ဇာတ်လမ်းကို ရရှိလိုက်ပါပြီ။]
['နှာခေါင်းတွင် ချိတ်ထားသော နှာခေါင်းဆွဲ' ဇာတ်လမ်းကို ရရှိလိုက်ပါပြီ။]
['နားတွင် ချိတ်ထားသော နားကွင်း' ဇာတ်လမ်းကို ရရှိလိုက်ပါပြီ။]
အမှန်စင်စစ် ၎င်းမှာ Ways of Survival ထဲတွင် ကျနော် တွေ့မြင်ခဲ့ရသည့်အတိုင်းပင် ဖြစ်သည်။ ဇာတ်လမ်းသေတ္တာ ၏ ဗားရှင်း ၁.၃ တွင် 'ခန္ဓာကိုယ်' နှင့် သက်ဆိုင်သော ဇာတ်လမ်းများ ထွက်ပေါ်လာရန် ၈၀ ရာခိုင်နှုန်း ကျော် သေချာနေခဲ့သည်။ ထွက်ပေါ်လာသည့်ဇာတ်လမ်းအများစုမှာ နှာခေါင်းတွင် ချိတ်ထားသော နှာခေါင်းဆွဲ နှင့် နားတွင် ချိတ်ထားသော နားကွင်း တို့ ဖြစ်ကြသည်။
ကျနော်၏ နောက်ကွယ်မှ မြွေတစ်ကောင်၏ အစွယ်များသည် ကျနော်၏ ခန္ဓာကိုယ် ဘေးဘက်တွေနှင့် ကျနော်၏ပေါင်တွေကို ခပ်ဖွဖွ ထိမှန်သွားခဲ့သည်။ ၎င်းမှာ ဇာတ်လမ်းတစ်ပုဒ်၏ စွမ်းအား ပါဝင်နေသော တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ ကျနော်သည် အံကို ကြိတ်ကာ လေ၏လမ်းစဉ် ကို အစွမ်းကုန် အသက်သွင်းလိုက်ပြီး ပျက်စီးနေသော အဆောက်အအုံတစ်ခု၏ အပျက်အစီးများ နောက်ကွယ်တွင် ပုန်းကွယ်လိုက်သည်။ ကျနော်အတွက် အချိန်အနည်းငယ် ထပ်မံလိုအပ်နေသေးသည်။
[မင်း... ဘယ်... မှာ... လဲ...!]
ရုပ်ဆိုးလှသော စစ်မှန်သော အသံကို ကျနော်လျစ်လျူရှုလိုက်ပြီး ယခုလေးတင် ရရှိထားသော ဇာတ်လမ်းများကို စစ်ဆေးလိုက်သည်။
[သမိုင်းဝင်အဆင့် ဇာတ်လမ်း: နှာခေါင်းတွင် ချိတ်ထားသော နှာခေါင်းဆွဲ]
ဖော်ပြချက် အကယ်၍ သင်သည် သင်၏ နှာခေါင်းပေါ်တွင် တစ်ခုခုကို တင်ထားပါက တင်လိုက်သောအရာကို အဆင်တန်ဆာတစ်ခုကဲ့သို့ မြင်တွေ့ရစေမည့် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။ မည်သည့် ပစ္စည်းဖြစ်ပါစေ အရေးမကြီးပေ။
[သမိုင်းဝင်အဆင့် ဇာတ်လမ်း - နားတွင် ချိတ်ထားသော နားကွင်း] ဖော်ပြချက် အကယ်၍ သင်၏ နားများတွင် တစ်ခုခုကို ချိတ်ဆွဲထားပါက ချိတ်ဆွဲလိုက်သောအရာကို နားကွင်းတစ်ခုကဲ့သို့ မြင်တွေ့ရစေမည့် အကျိုးသက်ရောက်မှုတစ်ခု အသက်ဝင်လာလိမ့်မည် ဖြစ်သည်။ ၎င်းမှာ နှာခေါင်းတွင် ချိတ်ထားသော နှာခေါင်းဆွဲ နှင့် ပေါင်းစပ်ဖန်တီးထားသော ဇာတ်လမ်းတစ်ခု ဖြစ်၏။
လက်ရှိ အခြေအနေကို ဖြတ်ကျော်ရန် ကြိုးပမ်းရာတွင် ဤဇာတ်လမ်းများမှာ အထောက်အကူ မပြုကြောင်း အထူးတလည် ပြောနေရန် မလိုပေ။ သို့သော်လည်း နောက်ထပ် ပစ္စည်းတစ်ခုမှာမူ အခြေအနေချင်း ကွဲပြားခြားနားသွားခဲ့သည်။
[ပစ္စည်း အချက်အလက်] အမည် ဇာတ်လမ်းပေါင်းစပ်သေတ္တာ ဗားရှင်း ၁.၃ အဆင့် - ဖော်ပြချက် ဤပစ္စည်းသည် မတူညီသော ဇာတ်လမ်းအမျိုးအစားများကို တစ်ခုနှင့်တစ်ခု ပေါင်းစပ်ပေးနိုင်သည်။ ပိုမိုမြင့်မားသော အဆင့်ရှိ ဇာတ်လမ်းတစ်ခုကို ကျပန်း ဖန်တီးနိုင်ရန် အလွန်နည်းပါးသော ဖြစ်နိုင်ခြေ ရှိပါသည်။
ဇာတ်လမ်းအချို့၏ ပေါင်းစပ်မှုများကို ရောနှောလိုက်သောအခါ အဆင့်မြင့် ဇာတ်လမ်းတစ်ခု ထွက်ပေါ်လာရန် အလွန်နည်းပါးသော ဖြစ်နိုင်ခြေရှိသည့် ပစ္စည်းတစ်ခု ဖြစ်သည်။ မူလကတော့ ဤပစ္စည်းမှာ သိပ်ပြီး အသုံးမဝင်လှပေ။ တူညီသော ဇာတ်လမ်းများကို အတူတကွ ထည့်သွင်းသော်လည်း အကြိမ်တိုင်းတွင် မတူညီသော ရလဒ်များသာ ထွက်ပေါ်လာတတ်ပြီး ကောင်းမွန်သော ဇာတ်လမ်းတစ်ခု ရရှိရန် ဖြစ်နိုင်ခြေမှာလည်း ရယ်စရာကောင်းလောက်အောင် အလွန်ပင် နည်းပါးလှ၏။
သို့သော်လည်း ဇာတ်ကောင်များ၏ ပြောကြားချက်များအရ ပေါင်းစပ်သေတ္တာ၏ ဗားရှင်း ၁.၃ တွင် ချို့ယွင်းချက်တစ်ခု ရှိနေခဲ့သည်။
「 "ဒီအချက်ကြောင့်ပဲ သေတ္တာ ရောင်းချမှုကို ရပ်ဆိုင်းလိုက်ရတာ။ ချီး… အန်နာခရော့ဖ် မတိုင်ခင် ငါ ဒါကို စမ်းသပ်ကြည့်ခဲ့သင့်တာကွာ" 」
ဇာတ်လမ်းပေါင်းစပ်သေတ္တာ ဗားရှင်း ၁.၃ တွင် ချို့ယွင်းချက်တစ်ခု ရှိနေခဲ့သည်။ ထိုချို့ယွင်းချက်မှာ ဇာတ်လမ်းအချို့ကို ရောနှောလိုက်သည့်အခါတွင် ရောနှောမှုကို ပထမဦးဆုံး ပြုလုပ်သူသည် 'အတိအကျ သတ်မှတ်ထားသော ဇာတ်လမ်း' တစ်ခုကို မလွဲမသွေ ရရှိရမည်ဟူသော အချက်ပင် ဖြစ်သည်။
ဇာတ်လမ်းနှစ်ခုကို မဆိုင်းမတွပင် သေတ္တာထဲသို့ လောင်းထည့်လိုက်သောအခါ တောက်ပသော အလင်းတန်းတစ်ခု ဖြာထွက်လာခဲ့သည်။ တဆစ်ဆစ် နာကျင်ကိုက်ခဲမှုများနှင့်အတူ ကျနော်၏ နားထဲသို့ မက်ဆေ့ချ်တစ်ခု ဝင်ရောက်လာခဲ့သည်။
[သင်သည် ဒဏ္ဍာရီအဆင့် ဇာတ်လမ်း 'အရာရာကို မိမိစိတ်ကြိုက် ပုံဖျက်ခြင်း' ကို ရရှိလိုက်ပါပြီ။]
***