တစ်ခါက ဤကဲ့သို့သော စကားတစ်ခွန်းကို ချန်ရစ်ခဲ့သည့် နက္ခတ်တစ်ပါး ရှိခဲ့ဖူးသည်။
「 "ဇာတ်လမ်းတိုင်းမှာ ချို့ယွင်းချက်တစ်ခုစီ ရှိကြတယ်။ အဲ့လို ရှိနေခြင်းက အရာရာကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်တယ်ဆိုတဲ့ သဘောပဲ" 」
ဒဏ္ဍာရီအဆင့် ဇာတ်လမ်း 'အရာရာကို မိမိစိတ်ကြိုက် ပုံဖျက်ခြင်း'။ ဤဇာတ်လမ်းမှာ ထိုစကားကို ချန်ရစ်ခဲ့သော ဒဏ္ဍာရီအဆင့် နက္ခတ်တစ်ပါးမှ ဖန်တီးခဲ့ခြင်း ဖြစ်သည်။
['အရာရာကို မိမိစိတ်ကြိုက် ပုံဖျက်ခြင်း' ဇာတ်လမ်းသည် ပုံဖျက်ရန် ပစ်မှတ်ကို ရှာဖွေနေပါသည်။]
ကျနော် ထရပ်လိုက်ပြီး ပျက်စီးနေသော အဆောက်အအုံမှ ထွက်ခွာခဲ့သည်။ ဖုန်မှုန့်များကြားမှ ကျနော့်နောက်ကို လိုက်နေကြသော နက္ခတ်သုံးပါးကို မြင်တွေ့နေရသည်။ မူလက လေးပါးဖြစ်သော်လည်း နောက်ဆုံးတစ်ပါးမှာ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို ကျနော် မသိရှိပေ။
[ဂါးးးး...]
[ငါ့ ကို ဇာတ် လမ်း အူ တိုင် ပေး]
ကိုယ်စားလှယ်ခန္ဓာကိုယ်များ၏ ဝိုင်းရံခြင်းကို ကျနော်ခံလိုက်ရသည်။ ဝန်းရံသူများအထဲတွင် အိုရိုချိကို အမှတ်ရစေသည့် ဧရာမမြွေကြီး တစ်ကောင်နှင့် ဧရာမလယ်ကြွက်ကြီးတစ်ကောင် ပါဝင်နေသည်။ နောက်ဆုံးတစ်ကောင်မှာမူ ကာဘာရပ်စ် နှင့် ဆင်တူသော မီးတောက်ခွေးကြီးတစ်ကောင် ဖြစ်သည်။ ကျနော် စားတော်ဆက်အသင်း သို့ သွားရောက်စဉ်က ထုတ်လုပ်ရေး လုပ်ငန်းရှင် သည် ကျနော့်အား စကားတစ်ခွန်း ပြောခဲ့ဖူးသည်။
–နက္ခတ်အားလုံးက မြင့်မြတ်တဲ့ စရိုက်မျိုး ရှိကြတာ မဟုတ်ဘူး။
နက္ခတ်အချို့သည် နက္ခတ်များဖြစ်လာရန် ကျနော်ကဲ့သို့ ဇာတ်လမ်းများကို တည်ဆောက်ကြသော်လည်း အချို့မှာမူ အခြားနက္ခတ်များ၏ 'အာဏာစက်' အောက်တွင် ခိုလှုံကြသည်။ အချို့သောအခြေအနေများတွင် ထိုနက္ခတ်တို့၌ ကောင်းမွန်သော ဇာတ်လမ်းများ စုဆောင်းထားခြင်း မရှိသော်လည်း အခွင့်သာသော နယ်မြေတစ်ခုအတွင်းသို့ ကျရောက်သွားခဲ့သဖြင့် နက္ခတ်တစ်ပါး ဖြစ်လာရန် ကံကောင်းမှုကို အဆိုပါနက္ခတ်တို့ ရခဲ့ကြခြင်းဖြစ်သည်။
" ငါက မင်းတို့ကို မပေးချင်ဘူးဆိုရင်ကော"
ထိုသို့ကံကောင်းခဲ့သောနက္ခတ်မျိုးဆိုသည်မှာ ကျနော့် ရှေ့မှောက်တွင် ရှိနေသော ကောင်တွေမျိုးပင် ဖြစ်သည်။
['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်သည် သင့်အား စိုက်ကြည့်နေပါသည်။]
သူတို့တွေသည် နက္ခတ်တွေ၏ ထောက်ပံ့မှုကို ရရှိထားသူများ သို့မဟုတ် အခြားသော အစပြုနက္ခတ်များနှင့် ကိုယ်စားလှယ်များကို စားသုံးခြင်းဖြင့် 'ကံကောင်းထောက်မစွာ' နက္ခတ်ဖြစ်လာခဲ့ကြသူများ ဖြစ်သည်။
['လက်သည်းစား ကြွက်' နက္ခတ်သည် သင့်လက်သည်းများကို လိုချင်တပ်မက်နေပါသည်။]
['မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး' နက္ခတ်သည် ပတ်ဝန်းကျင်ရှိ နက္ခတ်များကို ကြည့်ရှုနေပါသည်။]
ကျနော်၏ ရှေ့မှောက်တွင် ၎င်းတို့ပေါ်လာသည့် အခိုက်အတန့်ကတည်းက ၎င်းတို့နှင့်ကျနော် မလွဲမသွေ ရင်ဆိုင်ရမည်ကို သိရှိထားပြီး ဖြစ်သည်။
[နက္ခတ်များစွာသည် သင်၏ တိုက်ပွဲကို စောင့်မျှော်နေကြပါသည်။]
['ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ်သည် သင်၏ စွမ်းဆောင်မှုကို စောင့်မျှော်နေပါသည်။]
ကြယ်တာရာများ၏ ပြင်းပြလှသော အကြည့်များကို ကျနော်ခံစားနေရသည်။ ၎င်းတို့သည် သိချင်နေကြပေလိမ့်မည်။ ကျနော်သည် ဒဏ္ဍာရီအဆင့် နက္ခတ်တစ်ပါး ဖြစ်လာပြီးကတည်းက ကောင်းမွန်စွာ တိုက်ခိုက်ခဲ့ဖူးခြင်း မရှိသေးချေ။ ဒိုဂတ် က လေဟာပြင်ထဲမှနေ၍ စကားပြောလာသည်။
[ဟားဟား၊ မင်းက ခုထိ မိုက်မဲနေတုန်းပဲလား... မင်း တကယ်ပဲ တိုက်ခိုက်တော့မှာလား]
ဒိုဂတ် ၏ စကားများကို နားထောင်ပြီး ကျနော်အံကြိတ်လိုက်သည်။ ကျနော့် ရှေ့မှောက်မှ နက္ခတ်သုံးပါးသည် ကျနော်နှင့် အတိအကျ တူညီသော တိုက်ခိုက်ရေး စွမ်းရည်အဆင့် ရှိနေကြ၏။ ထိုသို့ဖြစ်ရခြင်းမှာ ဒိုဂတ် ၏ ပြစ်ဒဏ်ကြောင့် ဖြစ်သည်။ ထိုပြစ်ဒဏ်မှာ ဇာတ်ဝင်ခန်းအတွင်းရှိ လူတိုင်းတွင် တူညီသော တိုက်ခိုက်ရေးစွမ်းရည် ရှိစေသည့် အရာပင်ဖြစ်သည်။
နုဗာရစ်ချ် ဆရာမြွေကြီး ၏ ပါးစပ်မှ ထွက်ပေါ်လာသော အဆိပ်ရည်များကို ရှောင်ရှားရန် လေ၏လမ်းစဉ် ကို ကျနော်အသုံးပြုလိုက်သည်။ တစ်ချိန်တည်းမှာပင် လက်သည်းစား ကြွက်သည် ၎င်း၏ လက်သည်းများဖြင့် ကျနော်ထံသို့ ယမ်းခါကာ တိုက်ခိုက်လာခဲ့သည်။ မြေပြင်ပေါ်တွင် ကျနော် လူးလိမ့်ရှောင်တိမ်း လိုက်သည့် ခဏတွင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး ၏ မီးလျှံများဖြင့် ပြည့်နှက်သွားခဲ့သည်။
မီးလျှံများကြားမှ ကျနော်ရွေ့လျားလိုက်ပြီး ကျနော်၏ နောက်ဆုံးအရာကို ထုတ်ယူလိုက်သည်။ အကယ်၍ ကျနော်တို့သည် တစ်ဦးနှင့်တစ်ဦး ကိုယ်စားလှယ်ခန္ဓာကိုယ်များဖြင့်သာ ရင်ဆိုင်ရပါက ဤတိုက်ပွဲမှာ အနိုင်ရနိုင်မည် မဟုတ်ချေ။
[သီးသန့်စွမ်းရည် 'ဇာတ်ကောင်စာရင်း' အသက်ဝင်ပါပြီ။]
၎င်းတို့သည် တိရစ္ဆာန်များ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သမိုင်းဝင်အဆင့် နက္ခတ်များ ဖြစ်နေဆဲပင်။ မူလကတော့ ဤစွမ်းရည်ဖြင့် ၎င်းတို့ကို ကျနော်ကြည့်ရှုနိုင်ခြင်း မရှိခဲ့ပေ။
[အသူတစ်ရာကို စိုက်ကြည့်ခြင်း ၏ အကျိုးသက်ရောက်မှုကြောင့် သင်၏စွမ်းရည်အားလုံး၏ အာနိသင်မှာ တိုးမြင့်သွားပါပြီ။]
[သီးသန့်စွမ်းရည် 'ဇာတ်ကောင်စာရင်း' သည် ပိုမိုအားကောင်းလာပါပြီ။]
ယခုတစ်ကြိမ်တွင်မူ အခြေအနေချင်း ကွဲပြားသွားခဲ့သည်။
[သင်သည် သင့်ထက် အဆင့်နိမ့်သော နက္ခတ်များကို ကြည့်ရှုနိုင်ပါပြီ။]
.
[ယခုအခါ သင်သည် 'နုဗာရစ်ချ် ဆရာမြွေကြီး' ၏ နက္ခတ်အချက်အလက်များကို ဖတ်ရှုနိုင်ပါပြီ။]
[ယခုအခါ သင်သည် 'လက်သည်းစား ကြွက်' ၏ နက္ခတ်အချက်အလက်များကို ဖတ်ရှုနိုင်ပါပြီ။]
[ယခုအခါ သင်သည် 'မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး' ၏ နက္ခတ်အချက်အလက်များကို ဖတ်ရှုနိုင်ပါပြီ။]
ဤကောင်များ၏ ဝိသေသလက္ခဏာများကို ကျနော် ကြည့်ရှု လိုက်သည်။ တိုက်ခိုက်ရေးစွမ်းရည်ကို သတ်မှတ်ထားသော အချက်တစ်ခုအဖြစ် ပြင်ဆင်ထားချိန်တွင် စွမ်းရည်များ သို့မဟုတ် ဝိသေသလက္ခဏာ အချက်အလက်များကို ရိုးရိုးရှင်းရှင်း ခွဲခြားသတ်မှတ်နေခြင်းမှာ အဓိပ္ပာယ်မရှိလှသည်မှာ အမှန်ပင်ဖြစ်သည်။
['ဇာတ်ကောင်စာရင်း' ၏ အကျိုးသက်ရောက်မှုကြောင့် နက္ခတ်များ၏ ဇာတ်လမ်းများစာရင်းကို ကျပန်းဖော်ပြပေးပါမည်။]
၎င်းတို့၏ ဇာတ်လမ်းများစာရင်းမှာ ကျနော်၏ မျက်စိရှေ့မှောက်တွင် လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။
[အခြားမြွေများကို စားသုံးသောမြွေ]
[လူသားအဖြစ်သို့ ပြောင်းလဲသွားသောကြွက်]
[သခင်အပေါ် သစ္စာရှိမှု]
[အားနည်းသူများကို အနိုင်ကျင့်သော သားရဲ]
...
ထိုအတောအတွင်းမှာပင် ကျနော့်ထံသို့ မရေမတွက်နိုင်သော တိုက်ခိုက်မှုများ ကျရောက်လာခဲ့သည်။ နုဗာရစ်ချ် ဆရာမြွေကြီး ၏ လက်သီးချက်သည် ကျနော်၏ ပုခုံးတွေကို ခပ်ဖွဖွ ပွတ်တိုက်သွားခဲ့ပြီး လက်သည်းစား ကြွက် ၏ တိုက်ခိုက်မှုကြောင့် ကျနော့် ခန္ဓာကိုယ်မှာ လေထဲသို့ လွင့်စဉ်သွားခဲ့ရသည်။ ထို့အပြင် ကျနော်၏ အရေပြားမှာလည်း မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး ၏ မီးလျှံများကြောင့် လောင်ကျွမ်းသွားခဲ့ရသည်။
[ဝိသေသလက္ခဏာ ၏ အကျိုးသက်ရောက်မှုကြောင့် သင်၏စာဖတ်နှုန်း တိုးမြင့်သွားပါပြီ။]
ကျနော် နောက်မဆုတ်ဘဲ ၎င်းတို့၏ ဇာတ်လမ်းများစာရင်းကိုသာ ဆက်လက်ဖတ်ရှုနေခဲ့သည်။ ၎င်းတို့သည် နက္ခတ်များ ဖြစ်ကြသဖြင့် အလွန်ကောင်းမွန်သော ဇာတ်လမ်း အရေအတွက်များစွာကို ပိုင်ဆိုင်ထားကြသည်။ အချို့မှာ ဒဏ္ဍာရီအဆင့်များ ဖြစ်ကြပြီး အများစုမှာမူ သမိုင်းဝင်အဆင့်များ ဖြစ်ကြ၏။
[ည၏ စကားလုံးများကို ခိုးယူခဲ့သော ကြွက်]
[ကိုက်ဖြတ်စားသောက်တတ်သော သတ္တဝါများအား ကြောက်လန့်ခြင်း]
[ငါ့အပိုင်က ငါ့အပိုင်ပဲ၊ နင့်အပိုင်ကလည်း ငါ့အပိုင်ပဲ]
[ပလန်ဒါးစ် ဆီသို့]
အချိန်အနည်းငယ်ကုန်လွန်သွားခဲ့ပြီးနောက်တွင် ကျနော်၏ ခြေထောက်များမှာ ထုံကျင်သွားခဲ့ပြီး နုဗာရစ်ချ် ဆရာမြွေကြီး သည် ကျနော်၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားလိုက်သည်။ ၎င်း၏ ဇောက်ထိုးဆွဲ ဖမ်းဆီးခြင်းကို ခံလိုက်ရသဖြင့် ကျနော်၏ အမြင်အာရုံများမှာ ပြောင်းပြန် ဖြစ်သွားခဲ့ရသည်။
[ဇာတ် လမ်း အူ တိုင် ငါ့ ကို ပေး]
ကျနော့် ခန္ဓာကိုယ်ကို ပြင်းထန်စွာ ညှစ်ခြေထားသဖြင့် အရိုးများပင် ကျိုးပဲ့လိမ်တွန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ညှစ်အားမှာ အနန္တနယ်ပယ် အာကာသဝတ်ရုံပင် တောင့်မခံနိုင်သော အင်အားကြီးမားလှသည့် စွမ်းအားတစ်ခု ဖြစ်သည်။ ကျနော်၏ ခန္ဓာကိုယ်ပေါ်မှ ဇာတ်လမ်းအပိုင်းအစများသည် မုန့်အကျိုးအပဲ့များ ကဲ့သို့ ပြုတ်ကျလာခဲ့သည်။
[ရက်စက်ကြမ်းကြုတ်သော ဇာတ်လမ်းများကို နှစ်သက်ကြသည့် နက္ခတ်များမှာ စိတ်လှုပ်ရှားနေကြပါသည်။]
[နက္ခတ်အချို့သည် သင့်ခန္ဓာကိုယ် ဆုတ်ဖြဲခံရသည်ကို မြင်တွေ့လိုကြပါသည်။]
အခြားသော နက္ခတ်များ၏ သွယ်ဝိုက်သော မက်ဆေ့ချ်များကြောင့် မြွေကြီး၏ မျက်လုံးများမှာ ပြောင်းလဲသွားခဲ့သည်။ 'နက္ခတ်' ဟူသော ဘွဲ့အမည်ကို ပိုင်ဆိုင်ထားရုံဖြင့် ၎င်းတို့အားလုံးမှာ တူညီသောအဆင့်တွင် ရှိနေကြသည်ဟု မဆိုလိုနိုင်ချေ။
၎င်းတို့မှာ ကိုယ်စားလှယ်များနှင့် ပို၍တူညီလှသည်။ ၎င်းတို့သည် အခြားသော နက္ခတ်များ၏ စောင့်ကြည့်ခြင်းကို ခံကြရပြီး ဒင်္ဂါးများကို ရရှိတတ်ကြလေသည်။
"ငါ မေးခွန်းတစ်ခု မေးချင်တယ်... မင်းတို့က ဘာဖြစ်လို့ ဒီလိုပုံစံမျိုးနဲ့ အသက်ရှင်ချင်နေကြတာလဲ"
လက်သည်းစား ကြွက် သည် အသံတစ်ခု ပြုလုပ်ရင်း ဦးခေါင်းကို မော့ကြည့်လာခဲ့သည်။
[ကြွိ...]
ကျနော် ခါးသီးစွာ ပြုံးလိုက်မိသည်။ အမှန်တော့ ကျနော်အနေဖြင့် ထိုကဲ့သို့သောအရာများကို တွေးတောနေရန် အချိန်မရှိချေ။ ကျနော် ဤကောင်တွေ၏ လက်မှ ရှင်သန်အောင် ကြိုးစားရမည် ဖြစ်သည်။
"ငါ မင်းတို့ကို သနားမိတယ်။ ပုံမှန်ဆိုရင် နက္ခတ်တစ်ပါးမှာ 'ဘုရင့်ဇာတ်လမ်း' တစ်ပုဒ်တော့ ရှိသင့်တာလေ..."
['အရာရာကို မိမိစိတ်ကြိုက် ပုံဖျက်ခြင်း' ဇာတ်လမ်းသည် သင်၏ စကားများကို အာရုံစိုက်နေပါသည်။]
မြွေဖြစ်စေ၊ ကြွက်ဖြစ်စေ၊ ခွေးဖြစ်စေ သို့မဟုတ် လူသားဖြစ်စေ... မိမိတို့၏ ဇာတ်လမ်းများကို တည်ငြိမ်စွာ တည်ဆောက်ခဲ့ကြသူများတွင် အနည်းဆုံးတော့ 'ဘုရင်' တစ်ပါး၏ ဇာတ်လမ်းမျိုး ရှိကြစမြဲ ဖြစ်သည်။ သို့သော်လည်း ဤကောင်တွေထံ၌ ထိုကဲ့သို့သော ဇာတ်လမ်းမျိုး လုံးဝမရှိချေ။
"...မင်းတို့က ကိုယ့်ထက် အားနည်းတဲ့ တည်ရှိမှုတွေနဲ့ပဲ အမြဲတမ်း တိုက်ခိုက်ခဲ့ကြတာမလို့ ဒီလိုဇာတ်လမ်းမျိုး မရှိကြတာကွ"
[ဘယ် လို အ ရူး စ ကား တွေ လာ ပြော နေ တာ လဲ]
နောက်တစ်ခဏအကြာတွင် ကျနော့် ခန္ဓာကိုယ်မှ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
['အရာရာကို မိမိစိတ်ကြိုက် ပုံဖျက်ခြင်း' ဇာတ်လမ်းသည် ပုံဖျက်ရန် ဇာတ်လမ်းတစ်ခုကို ရှာတွေ့သွားပါပြီ။]
'အရာရာကို မိမိစိတ်ကြိုက် ပုံဖျက်ခြင်း' ဟူသော ဇာတ်လမ်းတွင် ကျနော်၏ တိုက်ခိုက်ရေးစွမ်းရည်ကို တိုးတက်စေသည့် စွမ်းအား မရှိချေ။
['အရာရာကို မိမိစိတ်ကြိုက် ပုံဖျက်ခြင်း' ဇာတ်လမ်းသည် ဇာတ်လမ်းပုံဖျက်ခြင်းကို စတင်နေပါသည်။]
သို့သော်လည်း အဆိုပါဇာတ်လမ်းသည် စစ်မှန်သော စွမ်းအားကို ရှာမတွေ့သေးသည့် ဇာတ်လမ်းတွေ၏ အလားအလာကို နိုးထလာစေနိုင်သည်။
['သာမန်ညောင်ညတွေ၏ဧကရာဇ်' ဇာတ်လမ်းကို ပုံဖျက်လိုက်ပါပြီ]
['သာမန်ညောင်ညတွေ၏ဧကရာဇ်' ဇာတ်လမ်း သည် ဇာတ်လမ်းကို စတင်နေပါသည်။]
ဇာတ်လမ်း၏ စွမ်းအားမှာ ကျနော်၏ ခန္ဓာကိုယ်အတွင်းပိုင်း၌ ဆူပွက်လာသည်ကို ခံစားလိုက်ရသည်။ လက်မောင်းနှစ်ဖက်စလုံးရှိ ကြွက်သားများမှာ ဖောင်းကြွလာခဲ့သည်။ ကျနော့် ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော နုဗာရစ်ချ် ဆရာမြွေကြီး ကို ကျနော်ဆုပ်ကိုင်လိုက်သည်။ ထိုမြွေကြီးမှာ ကျနော့် လက်ခုပ်ထဲတွင် အော်ဟစ်ညည်းတွားသွားခဲ့သည်။
「 ယခုအခါ ဘုရင်မဲ့ကမ္ဘာကြီးသည် ဤနေရာသို့ ရောက်ရှိလာခဲ့လေပြီ။ 」
ကြီးမားသော မှော်စွမ်းအင်များ ထွက်ပေါ်လာခဲ့ပြီး ဇာတ်လမ်းမှာ သူ့ဘာသာသူ စတင်စကားပြောလာခဲ့သည်။ နက္ခတ်တွေ၏ ဇာတ်လမ်းစာရင်းကို ကျနော်စစ်ဆေးခဲ့ရခြင်းမှာ ရိုးရှင်းပေသည်။ ဤစွမ်းအားကို အသုံးပြုရန်အတွက် ဖြစ်၏။
「 သူသည် သူ၏ မှောင်မိုက်သောကမ္ဘာတွင် ရာဇပလ္လင်အားလုံးကို ငြင်းပယ်ရင်း မွေးဖွားလာခဲ့သည်။ 」
ကျနော်၏ လက်ထဲရှိ ဓါးမှ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုဓါးမှာ ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါး ဖြစ်သည်။ ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါးသည် အကြွင်းမဲ့ပလ္လင် ကို ဖျက်ဆီးရန်အတွက် အသုံးပြုခဲ့သော ဓါးဖြစ်ပြီး 'ဘုရင်မဲ့ကမ္ဘာ၏ ဘုရင်' ဇာတ်လမ်းတွင် အသုံးပြုခဲ့သော လက်နက်လည်း ဖြစ်၏။ ထိုလက်နက်သည် ကျနော်၏ ဇာတ်လမ်းကို တုံ့ပြန်ခဲ့ပြီး ၎င်း၏ မူလပုံသဏ္ဌာန်ကို ပြန်လည်ရရှိသွားခဲ့သည်။
「 ဘုရင်မဟုတ်သော တည်ရှိမှုအားလုံးကို အုပ်စိုးလော့။ 」
[ခ-ခဏလေး။ ဒီခွန်အားက...]
ကျနော်တို့၏ တိုက်ခိုက်ရေးစွမ်းရည် တူညီနေတိုင်း ဇာတ်လမ်းများ၏ 'အဆင့်အတန်း'တူညီနေသည်ဟု မဆိုလိုနိုင်ချေ။
ဇာတ်လမ်းများ၏ သိပ်သည်းဆနှင့် အရေအတွက် နည်းပါးနေစေကာမူ ကျနော်သည်လည်း နက္ခတ်တစ်ပါးပင် ဖြစ်သည်။ ဒိုဂတ် အနေဖြင့် ဤအချက်ကို ကောင်းမွန်စွာ သဘောပေါက်ထားသင့်၏။
[နက္ခတ်အချို့သည် သင်၏ဇာတ်လမ်းအသုံးချပုံကို အထင်ကြီး လေးစားနေကြပါသည်။]
[ခုနစ်စင်ကြယ် ၏ နက္ခတ်များသည် သင့်အား အာရုံစိုက်နေကြ ပါသည်။]
ဒိုဂတ် သည် စိတ်ရှုပ်ထွေးသွားခဲ့ပြီး ဇာတ်ဝင်ခန်းကို အတင်းအကျပ် ခြယ်လှယ်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ယခုအခါတွင်မူ ဇာတ်ဝင်ခန်းအသေးကို ပြောင်းလဲရန် အလွန်ပင် နောက်ကျသွားခဲ့ချေပြီ။ သူသည် လွန်ကဲလှသော ဇာတ်ဝင်ခန်းအသေးကြောင့် ဖြစ်နိုင်စွမ်း များစွာကို ကုန်ဆုံးထားပြီး ဖြစ်၏။
['လက်သည်းစား ကြွက်' နက္ခတ်သည် နောက်ကြောင်းပြန်လှည့်၍ ထွက်ပြေးရန် ပြင်ဆင်နေပါသည်။]
ကြွက်သည် ပုံမှန်မဟုတ်သော လက္ခဏာများကို ရိပ်မိသွားပြီး ဦးစွာ နောက်ကြောင်းပြန်လှည့်ကာ ပြေးခဲ့သည်။ သို့သော်လည်း တစ်ကောင်ကိုမျှ ကျနော်လွတ်မြောက်ခွင့်ပေးမည် မဟုတ်ချေ။
"ရပ်လိုက်စမ်း"
['ဘုရင်မဲ့ကမ္ဘာ၏ ဘုရင်' ဇာတ်လမ်း၏ အကျိုးသက်ရောက်မှု အသက်ဝင်လာပါပြီ။]
[သင့်မြတ်သော အရှင်၏ ရှေ့မှောက်တွင် ဘုရင်အဖြစ် အရည်အချင်းမပြည့်မီသော တည်ရှိမှုအားလုံးသည် ဦးညွှတ်ရမည်။]
[ကြွိ]
[ရွှီ ရွှီး]
ပြင်းထန်သော မီးပွားများ ထွက်ပေါ်လာခဲ့ပြီး နုဗာရစ်ချ် ဆရာမြွေကြီးနှင့် လက်သည်းစား ကြွက် တို့၏ ခန္ဓာကိုယ်များမှာ တောင့်တင်းသွားခဲ့ရသည်။ မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး မှာမူ ကျနော်၏ ဇာတ်လမ်းကို မြင်လိုက်ရသည့် ခဏကတည်းက မြေပြင်ပေါ်တွင် ဝပ်သွားနေခဲ့ပြီးသား ဖြစ်လေသည်။
[ရွှီ။ ငါ့... ဆီ... မလာ... နဲ့]
ကျနော် ချဉ်းကပ်လာသောအခါ နုဗာရစ်ချ် ဆရာမြွေကြီး သည် မြေပြင်ပေါ်တွင် လူးလွန့်နေခဲ့သည်။ 'ဘုရင်' ၏ ဇာတ်လမ်းရှိသူများသာလျှင် ဤဇာတ်လမ်းကို တွန်းလှန်နိုင်စွမ်း ရှိကြ၏။
['ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ်သည် သဘောကျနှစ်ခြိုက်နေ ပါသည်။]
['ရာဂနှင့်အမျက်ဒေါသနတ်ဆိုး' မိစ္ဆာဘုရင်သည် သင့်အား ကြည့်ရှုနေပါသည်။]
မျောက်များ၏ ဘုရင်နှင့် ၃၂ ခုမြောက် မိစ္ဆာနယ်မြေ၏ ဘုရင်တို့က ကျနော်အား စောင့်ကြည့်နေကြစဉ်တွင် ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါး သည် လှုပ်ရှားသွားခဲ့သည်။
[ဂါးးး]
တစ်ချက်ခုတ်သည်။ နှစ်ချက်ခုတ်သည်။ နုဗာရစ်ချ် ဆရာမြွေကြီး ၏ ဦးခေါင်းကို အကြိမ်အနည်းငယ် ကျနော်ခုတ်ချလိုက်သည်။ နုဗာရစ်ချ် ဆရာမြွေကြီး ၏ အကြေးခွံများမှာ လွယ်လွယ်ကူကူ ပျက်စီးသွားခြင်း မရှိချေ။ နုဗာရစ်ချ် ဆရာမြွေကြီး ၏ အသားစများသည် အသန့်စင်ဆုံးဓါးစွမ်းအင် ကြောင့် ပြတ်တောက်သွားခဲ့ပြီး သူ၏ သွေးများမှာ ပန်းထွက်လာကာ ပတ်ဝန်းကျင်ရှိ မြေပြင်ကို နီရဲသွားစေခဲ့သည်။ နုဗာရစ်ချ် ဆရာမြွေကြီး သည် နာကျင်စွာ အော်ဟစ်သံ အနည်းငယ် ပြုလုပ်ပြီးနောက် ငြိမ်သက်သွားခဲ့၏။
[အကြွင်းမဲ့ကောင်းမြတ်ခြင်းစနစ်ရှိ နက္ခတ်များသည် သင်၏ ရက်စက်မှုအပေါ် မျက်မှောင်ကြုတ်နေကြပါသည်။]
ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါး ကို နုဗာရစ်ချ် ဆရာမြွေကြီး ၏ ဦးခေါင်းမှ ကျနော်ဆွဲနှုတ်လိုက်သည်။
[' ငွေလက်သည်း ဇီးကွက် ' မိစ္ဆာဘုရင်သည် သင်၏ ကွပ်မျက်မှုအပေါ် ဝမ်းမြောက်နေပါသည်။]
[ဒင်္ဂါး ၂,၀၀၀ ကို ထောက်ပံ့ပေးလိုက်ပါပြီ။]
နက္ခတ်များသည် အဘယ်အရာက အမှန်တကယ် ရက်စက်သည်ကို မသိရှိကြပေ။
"မင်းတို့က ငါ့နေရာကို လိုချင်တပ်မက်ခဲ့နေမှတော့ အခုလိုမျိုး အသတ်ခံရဖို့ အဆင်သင့်ဖြစ်နေခဲ့သင့်တယ်"
ထိုစကားမှာ နက္ခတ်တွေကို သတိပေးလိုက်ခြင်း ဖြစ်သည်။ မဟာဇာတ်လမ်းကြီးကို ဝင်ရောက်မစွက်ဖက်ရန် သတိပေး လိုက်ခြင်းပင် ဖြစ်၏။ မိုးကောင်းကင်ကို ကြည့်ရှုရင်း ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါး ကို ကျနော်ဝှေ့ယမ်းလိုက်သည်။
[သင်သည် နုဗာရစ်ချ် ဆရာမြွေကြီး ၏ ကိုယ်စားလှယ်ခန္ဓာကိုယ်ကို သတ်ဖြတ်လိုက်ပါပြီ။]
[သင်သည် နုဗာရစ်ချ် ဆရာမြွေကြီး ၏ ဇာတ်လမ်းအချို့ကို ရရှိလိုက်ပါပြီ။]
၎င်းမှာ နက္ခတ်နှင့် ကိုယ်စားလှယ်ခန္ဓာကိုယ်ကြားက ဆက်သွယ်မှုကို ဖြတ်တောက်နိုင်သည့် ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါး ၏ စွမ်းအား ဖြစ်သည်။
['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်သည် အော်ဟစ်သံနှင့်အတူ နှစ်ခြိုက်စွာ အိပ်မောကျခြင်းသို့ ကျရောက်သွားပါပြီ။]
နုဗာရစ်ချ် ဆရာမြွေကြီး သည် ကိုယ်စားလှယ်ခန္ဓာကိုယ်တစ်ခုဆီသို့ မည်သည့်အခါမျှ ပြန်လာနိုင်တော့မည် မဟုတ်လောက်ချေ။ ထို့နောက် ကျနော်သည် လက်သည်းစား ကြွက် ကို ကြည့်ရှုလိုက်သည်။ မကြာမီတွင်ပင် လက်သည်းစား ကြွက်သည်လည်း ထိုကဲ့သို့သော ကံကြမ္မာမျိုးကို ရရှိခဲ့၏။
['မဟူရာမီးလျှံ အသူတစ်ရာနဂါး' နက္ခတ်သည် သင်၏ ရူးသွပ်မှုအပေါ် ပျော်ရွှင်နေပါသည်။]
['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်သည် သင့်အား ဝမ်းနည်းသော မျက်လုံးများဖြင့် ကြည့်ရှုနေပါသည်။]
ကျနော့် ပါးပေါ်မှ သွေးများကို ကျနော်သုတ်လိုက်ပြီး နောက်ဆုံးကျန်ရှိနေသော နက္ခတ်ကို ကြည့်ရှုလိုက်သည်။ မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး မှာမူ ၎င်း၏ ဦးခေါင်းကို ငိုက်စိုက်ချထားရင်း မထိန်းချုပ်နိုင်လောက်အောင် တုန်ယင်နေခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော မီးလျှံများမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ခွေး၏ ခန္ဓာကိုယ်ပေါ်တွင် ကျန်ရှိနေသော တစ်ခုတည်းသောအရာမှာ ၎င်း၏ သခင်ကို ကာကွယ်ခြင်းမှ ရရှိခဲ့သော အမည်းရောင် မီးလောင်ရာများသာ ဖြစ်သည်။ ကျနော်သည် ထိုခွေး၏ ဇာတ်လမ်းများစာရင်းကို ပြန်လည်အမှတ်ရလိုက်သည်။ ဤခွေးသည် ဆယ့်နှစ်ရာသီခွင် ထဲရှိ အခြားနှစ်ကောင်နှင့် ကွဲပြားခြားနားခဲ့သည်။
['မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး' နက္ခတ်သည် သင့်အပေါ် သစ္စာရှိရန် ကတိပြုနေပါသည်။]
ကျနော်သည် ဆောက်တည်ရာမရဖြစ်နေသော ခွေးကို ကြည့်ရှုရင်း ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားခဲ့သည်။ အကယ်၍ ကျနော် ဤခွေးကို ဤနေရာတွင် မသတ်လိုက်ပါက အချို့သော နက္ခတ်များမှာ စိတ်ပျက်သွားကြပေလိမ့်မည်။ သို့သော်လည်း... ကျနော့်ကို ဦးတည်နေကြသည့် အခြားသော နက္ခတ်များမှာ အဝေးမှနေ၍ ပြေးလာနေကြပြီ ဖြစ်သည်။
['အရာရာကို မိမိစိတ်ကြိုက် ပုံဖျက်ခြင်း' ဇာတ်လမ်းသည် ကုန်ဆုံးသွားပါပြီ။]
လွန်ကဲလှသော မှော်စွမ်းအင်ပမာဏကို ကျနော်အသုံးပြုထားသဖြင့် ပြန်လည်ဖြည့်တင်းရန် လိုအပ်နေသည်။ ကျနော်၏ ဓါးကို သိမ်းဆည်းလိုက်ပြီး ခွေးပေါ်သို့ ကျနော်တက်လိုက်သည်။
"ယူဂျွန်ဟော့ စက်မှုဇုန် ဆီကို သွားကြစို့"
စောင့်ဆိုင်းနေသည့်အလား ခွေးသည် အားအင်အပြည့်ဖြင့် စတင်ခြေလှမ်းလိုက်သည်။ ရှုခင်းများမှာ လျင်မြန်စွာ ဖြတ်သန်းသွားခဲ့ပြီး မိုးကောင်းကင်ကို ကျနော်မော့ကြည့်လိုက်သည်။
ညအမှောင်ယံ ကောင်းကင်ယံရှိ ကြယ်တာရာများမှာ မတူညီသော နေရာများသို့ စီးဆင်းနေကြပုံ ရသည်။ အချို့မှာ စောင့်ကြည့်ရန် ရွေးချယ်ခဲ့ကြပြီး အချို့မှာမူ ပါဝင်ဆင်နွှဲရန် ရွေးချယ်ခဲ့ကြ၏။ လူတိုင်းသည် မိမိတို့၏ အသီးသီးသော ဆန္ဒများအလျောက် ဇာတ်လမ်း၏ ခြေရာများကို စတင်ပုံဖော်နေကြချေပြီ။
မိစ္ဆာဘုရင် ရွေးချယ်ပွဲအစစ်သည် မကြာမီ စတင်တော့မည် ဖြစ်သည်။
***