လင်းတုန်းက အမည်ခေါ်လိုက်သော နယ်မြေချဲ့ထွင်ရေးအဖွဲ့များသည် မိမိတို့အသိစိတ်ဖြင့်ပင် စစ်ကြောင်းမှ ထွက်လာကြပြီး နဂါးနက်လှေအနီးသို့ စုရုံးလာကြသည်။
၎င်းတို့သည် စိတ်ထဲရှိ တုန်လှုပ်မှုနှင့် သံသယများကို ဖိနှိပ်ထားကြသော်လည်း ဖန့်ချန်ရှိရာဘက်သို့ မကြာခဏဆိုသလို ခိုးကြည့်နေမိကြသည်။
နယ်မြေကိုးခု ချဲ့ထွင်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်လား သူတို့၏ စိတ်အစဉ်တွင် လှိုင်းလုံးကြီးများ တဝုန်းဝုန်း ရိုက်ခတ်နေပြီး စိတ်ခံစားချက်များမှာလည်း တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာသည်။
ပထမဆုံးအနေဖြင့် နယ်မြေကိုးခုအဖွဲ့ဝင် ကြာနီနတ်မိမယ်က ဝူရှန့်ငရဲပြည်တွင် အမာခံတပည့် ဖြစ်ခဲ့သည်။
ယခုမူ ဘယ်နှစ်နှစ်မှပင် မကြာသေးဘဲ နယ်မြေကိုးခုအဖွဲ့ခေါင်းဆောင်ကပါ အမာခံတပည့် ဖြစ်လာပြန်ပြီလား အမှတ် ၄၃၂ နယ်မြေချဲ့ထွင်ရေးကြယ်မှ ကျင့်ကြံသူများသည် စိတ်ထဲမှနေ၍ သက်ပြင်းရှည်ကြီး ချလိုက်မိကြတော့သည်။
အချိန်အခါနှင့် ကံကြမ္မာပင် ဖြစ်တော့သည်။
တစ်ချိန်တည်းမှာပင် သူတို့ စိတ်ထဲ၌ အလွန်အမင်း ဝမ်းသာသွားကြသည်။
အမှတ် ၄၃၂ ကြယ်မှ အမာခံတပည့် နှစ်ဦးတောင် ထွက်ပေါ်လာပြီဖြစ်ရာ နောင်တစ်ချိန် အပြင်လောကတွင် နယ်မြေရှာဖွေရင်း အခြားသော ကျွယ်မင်ကျင့်ကြံသူများနှင့် တွေ့ဆုံသည့်အခါ ပို၍ပင် မျက်နှာပွင့်လန်းပြီး အားကိုးရမည့် ကျောထောက်နောက်ခံ ရှိသွားပြီ မဟုတ်ပါလား။
"တကယ်ပဲ... ဖန့်ဂျူနီယာညီလေး ဖြစ်နေတာပဲ..."
ရွှမ်ဝမ်အဖွဲ့မှ ဝမ်ရွှမ်သည် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရေရွတ်နေမိသည်။
ရွှီချန့်၏ စိတ်ထဲမှ တုန်လှုပ်ခြောက်ခြားမှုမှာမူ တဖြည်းဖြည်း ငြိမ်သက်သွားသော်လည်း သူမ၏ မျက်နှာတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်လွင်နေသည်။
အမှန်အတိုင်း ပြောရလျှင် သူတို့သည် ထိုဖန့်ချန်နှင့် မည်သည့် ရင်းနှီးကျွမ်းဝင်မှုမျှ မရှိခဲ့ပေ။
ထိုမျှမက ယခင်က သူ၏လက်ထဲမှ အခွင့်အရေးကို လုယူပြီး မသေမျိုးလှေ ပြုပြင်ရန် ကြိုးစားခဲ့ခြင်းကြောင့် အငြိုးအတေးပင် ရှိနိုင်ပေသည်။
"တော်သေးတာက ဆရာက သူ့ရဲ့ နဂါးနက်လှေပေါ်မှာ ရှိနေလို့ပဲ။ ဆရာက ကြားခံအဖြစ် ရှိနေတာဆိုတော့ ဖန့်မောင်လေးရဲ့ အခုလို အဆင့်အတန်းနဲ့ဆိုရင် ကျမတို့ကို ပြန်ပြီး ရန်ငြိုးဖွဲ့နေမှာ မဟုတ်တော့ပါဘူး..."
ရွှီချန့်သည် စိတ်ထဲမှ သက်ပြင်းအသာချလိုက်မိသည်။
ခုနက သူမ၏ စိတ်ထဲတွင် အံ့အားသင့်မှုထက် ကြောက်ရွံ့မှုက ပို၍ ကြီးစိုးနေခဲ့ခြင်း ဖြစ်သည်။
"ဟေး... မင်းတို့လည်း ဒီမှာ ရှိနေတာလား"
လင်းယွမ်သည် နဂါးနက်လှေပေါ်မှ ခေါင်းပြူထွက်လာပြီး ရွှမ်ဝမ်အဖွဲ့မှ ကျင့်ကြံသူအချို့ကို လှမ်းကြည့်လိုက်သည်။
သူသည် ဖန့်ချန်ကို တစ်ချက်အသိပေးပြီးနောက် ကိုယ်ကို တစ်ချက်လှုပ်ရှားကာ ရွှမ်ဝမ်အဖွဲ့၏ လှေပေါ်သို့ ရောက်ရှိလာခဲ့၏။
ဝမ်ရွှမ်နှင့် အခြားသူများသည် မလေးမစား မလုပ်ဝံ့ကြဘဲ အလျင်အမြန် ရှေ့သို့တိုးကာ ဂါရဝပြု နှုတ်ဆက်ကြသည်။
ယခုအခါ တစ်ဖက်လူသည် သူတို့၏ ဂျူနီယာမဟုတ်တော့ဘဲ အမာခံတပည့်တစ်ဦး၏ နောက်လိုက်၊ အမာခံနယ်မြေချဲ့ထွင်ရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
သူ၏ အဆင့်အတန်းမှာ သာမန်ကျွယ်မင်ကျင့်ကြံသူများထက် များစွာ သာလွန်မြင့်မားသွားပြီ မဟုတ်ပါလား။
"အားလုံးပဲ အားနာမနေကြပါနဲ့၊ ကျုပ်က အရင်က သူငယ်ချင်းဟောင်းတွေကို လာပြီး နှုတ်ဆက်တာပါ"
လင်းယွမ်က သူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်းများကို ကြည့်ကာ ပြောလိုက်သည်။
ထိုသူအချို့၏ မျက်နှာပေါ်တွင် အားနာဟန် အပြုံးများ ပေါ်လာကြပြီး ရှေ့သို့တိုးကာ နှုတ်ဆက်ကြသည်။
သူတို့၏ စကားလုံးများထဲတွင် နှိမ့်ချမှုနှင့် ကြောက်ရွံ့တုန်လှုပ်မှုများ ရောယှက်နေသည်။
"မင်းတို့ မကြောက်ကြပါနဲ့။ အရင်က ပြင်ပဖိအားတွေကြောင့် မင်းတို့တွေ နယ်မြေကိုးခုအဖွဲ့ကနေ ခွဲထွက်သွားခဲ့ကြပေမဲ့ ကျုပ်တို့အားလုံးက လင်ကွေ့ကြယ်တာရာက လာတဲ့လူတွေပဲ မဟုတ်လား။ ဒါကြောင့် ဒီတစ်ခေါက် နံပါတ် ၉၇ ရှေးဟောင်းတားမြစ်နယ်မြေ ခရီးစဉ်မှာ ဘာအခက်အခဲပဲရှိရှိ ကျုပ် တတ်နိုင်သလောက် ကူညီပေးမှာပါ"
လင်းယွမ်က ပြုံးလျက် ဆိုသည်။
သူ၏ စကားကြောင့် ထိုသူများ၏ စိတ်ထဲမှ စိုးရိမ်မှုများ လွင့်စင်သွားပြီး သက်ပြင်းရှည်ကြီး ချနိုင်သွားကြသည်။
ယွီဝူရှီးနှင့် မုံ့ချင်းလင်တို့ကမူ ထိုသူများကို ဂရုမစိုက်အားပေ။
သူတို့သည် ထိုမသေမျိုးလှေများ၏ စုစုပေါင်း အင်အားကို တွက်ချက်နေကြသော်လည်း နောက်ဆုံးတွင် လက်လျှော့လိုက်ကြသည်။
တွက်၍ပင် မကုန်နိုင်အောင် များပြားလှသောကြောင့် ဖြစ်သည်။
အဆင့် ၁ မသေမျိုးများစွာ ပါဝင်သလို အဆင့် ၂ မသေမျိုးများလည်း ပါဝင်သည်။
လင်းတုန်းက အဖွဲ့ပေါင်း ၇၀၀ ကို ရွေးချယ်ပြီးနောက် ကျိကန်းက ရှေ့ထွက်၍ ကျန်ရှိသော အဖွဲ့ ၈၀၀ ကို ဆက်လက်ရွေးချယ်သည်။
ထိုအဖွဲ့များထဲတွင် အဆင့် ၃၊ အဆင့် ၄ နှင့် အဆင့် ၅ မသေမျိုး အချို့လည်း ပါဝင်ကြသည်။
ထိုသို့ဖြင့် မသေမျိုးလှေအစီရင်၏ အခြေခံမှာ စုစည်းမိသွားပြီဖြစ်ရာ နံပါတ် ၉၇ ရှေးဟောင်းတားမြစ်နယ်မြေသို့ ချီတက်ရန် အဆင်သင့် ဖြစ်သွားပြီ ဖြစ်သည်။
"ကျိမိတ်ဆွေ... အခုဆိုရင် အဖွဲ့ဝင်တွေ အစုံအလင် ရှိပြီဆိုတော့... ဟို မီယွီမိတ်ဆွေကကော..."
ဖန့်ချန်က ကျိကန်းကို လှည့်ကြည့်လိုက်သည်။
ကျိကန်း၏ မျက်နှာမှာ အနည်းငယ် အနေရခက်သွားဟန်ဖြင့်
"ကျုပ် ဆက်သွယ်နေတုန်းပါပဲ၊ သူက အခုချက်ချင်း ရောက်လာမယ်လို့ ပြောထားတယ်"
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ပျံလွှားရှဉ့် လေးတစ်ကောင်သည် အလင်းတန်းတစ်ခုသဖွယ် ပျံသန်းလာပြီး ဖန့်ချန်၏ ပခုံးပေါ်သို့ နားလိုက်သည်။
အားလုံးက ကြောင်အပြီး ကြည့်နေကြစဉ် ကျိကန်းက ခါးသက်သက် ပြုံးလိုက်ပြီး
"မီယွီမိတ်ဆွေ... မင်း အောက်ကို ဆင်းလိုက်ပါဦး၊ ဘယ်လိုလုပ်ပြီး အမာခံတပည့်ရဲ့ ပခုံးပေါ်မှာ တက်ရပ်နေရတာလဲ"
"မရဘူးလား "
ပျံလွှားရှဉ့်လေး၏ မျက်လုံးထဲတွင် ဝေခွဲမရဟန် ပေါ်လာသော်လည်း သူမ၏ လက်နှစ်ဖက်ကမူ ပိုးကောင်တစ်ကောင်ကို ကိုင်ပြီး ဝါးစားနေဆဲပင်။
"ကိစ္စမရှိပါဘူး၊ မီယွီမိတ်ဆွေက ဒီနေရာမှာ နေရတာ သက်တောင့်သက်သာရှိတယ်ဆိုရင် ကျုပ် မကန့်ကွက်ပါဘူး"
ဖန့်ချန်က ခေါင်းစောင်းပြီး ထိုမီယွီမိတ်ဆွေကို ပြုံးလျက် စပ်စုကြည့်နေမိသည်။
အဆင့် ၅ မသေမျိုး ဆိုကတည်းက လောကအတွေ့အကြုံ အတော်အတန် ရှိရမည်ဖြစ်သော်လည်း ယခုမြင်ရသည်မှာ အနည်းငယ် ကလေးဆန်နေသကဲ့သို့ပင်။
"ကျိမိတ်ဆွေ... ဖန့်အမာခံတပည့်က မကန့်ကွက်ဘူးဆိုတော့ ကျမ ဒီမှာပဲ နေတော့မယ်။ ကျမတို့ မျိုးနွယ်စုက ဒီလိုနေရတာကို ကြိုက်တယ်လေ"
ပျံလွှားရှဉ့်လေးက ပြောလိုက်သည်။
ထို့နောက်တွင် သူမသည် ရုတ်တရက် သမ်းဝေလိုက်ပြီး ဖန့်ချန်ကို မေးလာသည်။
"ဖန့်အမာခံတပည့်... ကျမ ဒီကနေ အသွားအပြန် လုပ်ရတာ နည်းနည်းပင်ပန်းလို့ ခဏလောက် အိပ်ချင်တယ်၊ ရမလား"
"ရတာပေါ့"
ပျံလွှားရှဉ့်လေးသည် ဖန့်ချန်၏ အင်္ကျီရင်ဘတ်ထဲသို့ တိုက်ရိုက်တိုးဝင်သွားပြီး ခေါင်းလေးကိုသာ အပြင်ထုတ်ထားကာ မျက်လုံးလေးမှိတ်လျက် ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။
"မီယွီမိတ်ဆွေကတော့ ကောလာဟလတွေအတိုင်းပါပဲလား..."
ချင်အကြီးအကဲ၏ မျက်နှာထားမှာ ထူးဆန်းနေသည်။
လင်းယွမ်သည် ရွှမ်ဝမ်အဖွဲ့မှ နဂါးနက်လှေပေါ်သို့ ပြန်ရောက်လာချိန်တွင် ဖန့်ချန်၏ ရင်ဘတ်၌ တစ်ခုခု တွဲလောင်းကျနေသည်ကို မြင်သဖြင့် စပ်စုကြည့်လိုက်ပြီး အံ့ဩတကြီး ပြောလိုက်သည်။
"ခေါင်းဆောင်... ခင်ဗျား ဘယ်တုန်းက အချစ်တော် အကောင်လေး မွေးလိုက်တာလဲ ကြည့်ရတာ အရမ်းချစ်ဖို့ကောင်းတာပဲ"
"ပါးစပ်ပိတ်ထားစမ်း"
မုံ့ချင်းလင်က လင်းယွမ်၏ ခြေသလုံးကို လှမ်းကန်လိုက်ရာ လင်းယွမ်မှာ နာကျင်သဖြင့် မျက်နှာရှုံ့မဲ့သွားသည်။
"အဲဒါက ကျွယ်မင်ကျင့်ကြံသူတစ်ယောက်၊ အဆင့် ၅ မသေမျိုးပဲ။ အတွေ့အကြုံက ကျုပ်တို့ထက် အများကြီး ပိုရင့်ကျက်တယ်။ အဲဒီစီနီယာကို အချစ်တော်အကောင်လေးလို့ ပြောမိလို့ သူ့ဆီကနေ အနှိပ်စက်ခံရရင် မင်းကို သေအောင်နာအောင် လုပ်လိမ့်မယ်"
ယွီဝူရှီးက တိုးတိုးသာသာ လှမ်းသတိပေးလိုက်သည်။
လင်းယွမ်မှာ အံ့အားသင့်သွားပြီး ဘာမျှမဖြစ်ခဲ့သလိုပင် စကားလမ်းကြောင်း လွှဲလိုက်တော့သည်။
"လူတွေ အကုန်စုံပြီလား"
စီနီယာအစ်မကြီး၏ နဂါးနက်လှေသည် အလယ်ဗဟိုတွင် ရှိနေပြီး သူမ၏ အကြည့်မှာ တစ်ချက်ဝေ့ကြည့်ကာ မေးလိုက်သည်။
"စုံပါပြီ "
"ဒါဆိုရင် ထွက်ခွာမယ်"
ခဏချင်းမှာပင် စီနီယာအစ်မကြီး၏ အနီးနားရှိ မသေမျိုးလှေပေါင်း တစ်သောင်းကျော်မှာ အဆက်မပြတ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် အလွန်ကြီးမားသော နဂါးနက်အစီရင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
အခြားသော အမာခံတပည့်များကလည်း နဂါးနက်အစီရင်များကို စတင်ဖွဲ့စည်းကြရာ ဖန့်ချန်လည်း ချွင်းချက်မဟုတ်ပေ။
ဖန့်ချန်၏ မျက်စိလျှင်မှုကြောင့် ထိုက်ရွှီမသေမျိုးသည် လီရှမ်းဇီ၏ နဂါးနက်လှေပေါ်တွင် ရှိနေသည်ကို မြင်လိုက်ရသည်။
လင်းယွမ်နှင့် အခြားသူများသည် ပတ်ဝန်းကျင်ရှိ မသေမျိုးလှေများကို ကြည့်ကာ မိမိတို့ရှိရာ နဂါးနက်လှေကို အဓိကထား၍ အချို့မှာ နဂါးအကြေးခွံများအဖြစ်၊ အချို့မှာ နဂါးလက်သည်းများအဖြစ် ပြောင်းလဲသွားသည်ကို မြင်သောအခါ ရင်ထဲ၌ ရဲရင့်တက်ကြွသော စိတ်ဓာတ်များ ပြည့်လျှံလာကြသည်။
ယခင်က သူတို့၏ နယ်မြေကိုးခုအဖွဲ့သည် နဂါးနက်အစီရင်၏ အကြေးခွံတစ်ခုမျှသာ ဖြစ်ခဲ့သည်။
ယခုမူ နယ်မြေကိုးခုအဖွဲ့သည် နဂါးနက်အစီရင်၏ ဗဟိုချက်မ ဖြစ်နေပြီ မဟုတ်ပါလား။
အရွယ်အစားအမျိုးမျိုးရှိသော နဂါးနက်အစီရင် တစ်ရာခန့်သည် စီနီယာအစ်မကြီးကို ဗဟိုပြု၍ နံပါတ် ၉၇ ရှေးဟောင်းတားမြစ်နယ်မြေဆီသို့ စတင်ချီတက်ကြတော့သည်။
အရှိန်မှာ တဖြည်းဖြည်း မြန်ဆန်လာပြီး အထွတ်အထိပ်သို့ ရောက်သောအခါ ထိုကြီးမားလှသော တပ်ပေါင်းစုကြီးမှာ ချင်းမင်ဟင်လင်းပြင်အတွင်းမှ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
၎င်းမှာ မသေမျိုးလှေအစီရင်၏ သီးသန့်အတတ်ပညာဖြစ်သော ထိုးဖောက်ပျံသန်းခြင်း ပင် ဖြစ်သည်။
ရွေးချယ်မခံရသော အဖွဲ့များသည် နှမြောတသ ဟန်ဖြင့်သာ ကြည့်ကျန်ရစ်ခဲ့ပြီး ထိုအခွင့်အရေးကို လက်လွှတ်လိုက်ရပေသည်။
နဂါးနက်လှေပေါ်တွင် ဖန့်ချန်မှာ အင်အားထုတ်ရန် မလိုပေ။
ကျိကန်းနှင့် အခြားသူများသည် နဂါးနက်လှေအတွင်းသို့ မသေမျိုးစွမ်းအင်များကို အဆက်မပြတ် သွန်းလောင်းပေးနေကြသည်။
ကျန်ရှိသော မသေမျိုးလှေ ၁၅၀၀ ကျော်သည်လည်း ထိုနည်းတူပင်။
သူတို့၏ အင်အားများကို ပေါင်းစပ်လိုက်မှသာ ဤမျှကြီးမားသော အစီရင်ကြီးကို ထိုးဖောက်ပျံသန်းနိုင်သည့် အရှိန်မျိုး ရရှိစေမည်ဖြစ်သည်။
ယခုအခါ နဂါးနက်အစီရင်၏ အရှိန်အဝါသည် စီနီယာအစ်မကြီး၏ အစီရင်နောက်သို့ လိုက်ပါနေခြင်းဖြစ်ရာ သွားရမည့် လမ်းကြောင်းနှင့် အရှိန်နှုန်းကို ဖန့်ချန် စဉ်းစားနေရန် မလိုပေ။
စွမ်းအင်မပြတ်တောက်သွားရန်သာ လိုအပ်သည်။
သူသည် စိတ်အေးလက်အေးဖြင့် အနားယူကာ ခရီးဆုံးသို့ ရောက်ရှိရန် စောင့်ဆိုင်းနေရုံသာ ဖြစ်သည်။
သူသည် လှေဝမ်းအတွင်းရှိ တိတ်ဆိတ်သော အခန်းသို့သွားကာ မှန်လေး ကို ထုတ်ယူလိုက်သည်။
"မှန်လေး... အဆင့် ၂ ဓားမသေမျိုး ဖြစ်ဖို့အတွက် လိုအပ်တဲ့ ဆေးဝါးတွေရယ်၊ ပြီးတော့ နဂါးသည်းခြေသွေး တစ်ရာ ၊ သက်တမ်းမျက်လုံး စတဲ့ ဒီသုံးမျိုးရဲ့ တိကျတဲ့ တည်နေရာကို သိချင်တယ်၊ မသေမျိုးကျောက်တုံး ဘယ်လောက်ကုန်မလဲ "
"မင်းရဲ့ အခြေခံက အခုထိ မလုံလောက်သေးဘူး၊ အဆင့် ၂ ဆေးဝါးကို သောက်လည်း အပိုပဲ"
"ကိစ္စမရှိပါဘူး၊ နောက်ထပ် နှစ်ပေါင်းအနည်းငယ်ကြာရင် အဆင်ပြေသွားမှာပါ "
သူ၏ ကိုယ်ပွား ၁၁ ခုလုံးမှာ ကျင့်ကြံနေကြဆဲဖြစ်ပြီး သူတို့ဆီမှ စွမ်းအင်ပြန်လည်ပေးပို့မှုသာ မပြတ်တောက်ပါက မကြာမီမှာပင် အဆင့် ၁ မသေမျိုး ကျင့်ကြံမှုမှာ တည်ငြိမ်သွားမည်ဖြစ်သည်။
"ဒါဆိုရင် ငါတွက်ချက်ပေးမယ်"
မှန်လေး၏ ကိုယ်ပေါ်မှ မှိန်ပျပျ ရွှေရောင်အလင်းတန်းများ စတင်ထွက်ပေါ်လာတော့သည်။
***