ဤလေဟာနယ်တံခါးချပ်ကို ယင်ယန်ဂိတ်တံခါးဟုခေါ်ဆိုပြီး ဂမ္ဘီရဝိဇ္ဇာများ၏ ထူးခြားသော နည်းစနစ်တစ်ခုဖြစ်သည်။ ၎င်းသည် မော်တယ်ဘုံရှိ ရုပ်ပိုင်းဆိုင်ရာအဟန့်အတားများကို ရှောင်ကွင်းပြီး ဖြစ်နိုင်သမျှလမ်းကြောင်းကို အသုံးချခြင်းဖြင့် ယင်နှင့်ယန်၏ နယ်ပယ်ကြားက အကြားအလပ်ကနေတစ်ဆင့် ဖြတ်ကျော်ခြင်းပင်။
သို့သော်လည်း ဤနည်းစနစ်မှာ ကြီးမားသော ကန့်သတ်ချက်များရှိနေသည်။ ဤနေရာမှာ ဝင်္ကပါတစ်ခုခုရှိနေမည်ဆိုလျှင် ယင်ယန်ဂိတ်တံခါးက အလုပ်ဖြစ်လိမ့်မည်မဟုတ်ပေ။ ဒါ့အပြင် အကြိတ်အနယ်တိုက်ပွဲတစ်ခုမှာ လေဟာနယ်တံခါးချပ်ကို ဖွင့်လှစ်ခြင်းပေါ် အာရုံစိုက်ရန် ခက်ခဲလေသည်။
ဂမ္ဘီရဝိဇ္ဇာက လေဟာနယ်တံခါးကို ဖွင့်နိုင်မည်ဆိုလျှင်ပင် ပြိုင်ဘက်က သူတို့ကို တားဆီးနိုင်သည်။ အထူးသဖြင့် သူတို့၏ ပြိုင်ဘက်က အနီးကပ်တိုက်ခိုက်ရာမှာ ကျွမ်းကျင်သော ကိုယ်ခံပညာသိုင်းသမားတစ်ဦး ဖြစ်နေမည်ဆိုလျှင်ပင်။ ဂမ္ဘီရဝိဇ္ဇာသည် လေဟာနယ်တံခါးကို မဖွင့်နိုင်ခင်မှာ နေရာမှာတင် သေဆုံးသွားရနိုင်ခြေရှိလေသည်။ ထို့ကြောင့်ပင် ဂမ္ဘီရဝိဇ္ဇာအများစုက ဤနည်းစနစ်ကို တိုက်ပွဲထဲမှာ အသုံးမပြုကြပေ။ အဲဒါကို အရင်က မတွေ့မြင်ဖူးသောသူများကတော့ ၎င်းသည် လျှို့ဝှက်ဆန်းကြယ်ပြီး ထူးခြားအံ့မခန်းဖြစ်သည်ဟု ထင်ပေလိမ့်မည်။
ထို့ကြောင့် စာပေပညာရှင်သည် ကျန်းယွဲ့လုကို ယာယီမှင်တက်စေပြီးနောက် ဆုတ်ခွာဖို့အတွက် ယင်ယန်ဂိတ်တံခါးကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ စာပေပညာရှင်သည် ထိုအခွင့်အလမ်းကို ချိန်ဆပြီး ကျန်းယွဲ့လုကို မတိုက်ခိုက်ခဲ့သည်မှာ သူသည် ဤမျှအချိန်တိုအတွင်း သူမကို သတ်ဖြတ်ဖို့ သို့မဟုတ် ဒဏ်ရာအပြင်းအထန်ရရှိစေဖို့ ယုံကြည်မှုမရှိသောကြောင့်ဖြစ်သည်။
ဒါ့အပြင် ကျန်းယွဲ့လုက သန်မာလွန်းသည်။ သူက တစ်ခုခုလုပ်မည်ဆိုလျှင် လင်းကျန်းယွမ်နှင့်အတူ ဤနေရာမှာ သေသွားရနိုင်ခြေရှိသည်။ ထို့ကြောင့် လောလောဆယ်မှာ အန္တရာယ်ကို ရှောင်ကွင်းကာ ဆုတ်ခွာခြင်းက အကောင်းဆုံးဖြစ်သည်။
ကျန်းယွဲ့လုက သတိပြန်ကပ်လာပြီးနောက် လေဟာနယ်ဂိတ်တံခါးက အမဲရောင်အစက်တစ်စက်အဖြစ် ကျုံ့ဝင်သွားပြီး နောက်ဆုံးမှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။ သူမ လက်ထဲကနေ ဒုတိယမြောက် ရှေးဟောင်းအင်မော်တယ်ယုံကြည်သူက ထွက်ပြေးလွတ်မြောက်သွားပြန်ပြီဖြစ်သောကြောင့် သူမက အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။
အခြားတစ်ဘက်မှာတော့ ချီရွှမ်းစုက အကြိမ်တိုင်းမှာ အယူဝါဒမိစ္ဆာများကို သတ်ဖြတ်နိုင်ခဲ့သည်။ သူမကိုယ်သူမ သူနှင့်ယှဉ်လျှင် အနည်းငယ်နိမ်ကျနေသည်ဟုပင် ခံစားလာရသည်။
ဤအခိုက်အတန့်မှာ ချီရွှမ်းစု၊ ဝမ်ကျိချန်၊ လောရှောင်နှင့် အခြားသူများကလည်း သူတို့နောက်ကို လိုက်မီလာကြ၏။
ဝမ်ကျိချန်က တည်တံ့သောအမူအရာဖြင့် ပြောလိုက်၏။
“အဲဒီ ဂမ္ဘီရဝိဇ္ဇာက နောက်ဆုံး ကိုယ်ထင်ပြလာပြီလား… ငါ့ကို တိုက်ခိုက်ပြီး ရွက်လှေကို နစ်မြှုပ်ခဲ့တာက သူပဲ ဖြစ်ရမယ်”
လောရှောင်၏ မျက်နှာက တည်တံ့နေ၏။ သူ၏ လက်အောက်ငယ်သားနှင့် အထက်လူကြီး နှစ်ဦးစလုံးက အယူဝါဒမိစ္ဆာဂိုဏ်းဝင်များ ဖြစ်နေသောကြောင့် သူက မအီမသာခံစားနေရသည်။ တောင်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံး၏ သံတမန် ကွပ်ကဲရေးဗိုလ်မှူးက သူ၏ ပိုင်နက်နယ်မြေထဲမှာ အယူဝါဒမိစ္ဆာများ၏ တိုက်ခိုက်ခြင်းခံခဲ့ရသည်။ မည်သို့ပင်ဆိုစေ သူ၏ တာဝန်ပျက်ကွက်မှုဟု ဆိုနိုင်သည်။
ချီရွှမ်းစုက ငေးငိုင်နေပြီး မည်သည့်စကားမှ မဆိုပေ။
ပိုင်ယုံကွမ်း၏ ဦးခေါင်းပြတ်က အသက်ပြန်ဝင်လာပြီးနောက် ထိုစကားကိုသာပြော၍ ချက်ချင်းပင် ပြန်လည်သေဆုံးသွားသည်။ သို့သော်လည်း ပိုင်ယုံကွမ်းနှင့် လင်းကျန်းယွမ်၏ စိတ်အားထက်သန်မှုအရ သူနှင့်ပတ်သက်၍ ထူးခြားမှုတစ်စုံတစ်ရာရှိနေသည်ကို သူနားလည်လာသည်။ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာ သန်မာရုံမျှသာ မဟုတ်လောက်ပေ။
ရလဒ်အနေဖြင့် ချီရွှမ်းစုက ပြဿနာနှစ်ခုနှင့် ရင်ဆိုင်လာရသည်။
ပထမပြဿနာသည် လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းက သူ့ခန္ဓာကိုယ်ကို အတော်လေးသဘောကျနေပုံရပြီး သူ့ကို ပေါင်းကူးခန္ဓာအဖြစ် အသုံးချရန် ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံကို အသုံးချလာနိုင်ခြေရှိသည်။ ထို့ကြောင့် သူတို့လက်ထဲသို့ ကျဆင်းမသွားစေရန် သူ့အနေဖြင့် အချိန်တိုင်း နိုးနိုးကြားကြားရှိနေရပေမည်။
ဒုတိယပြဿနာသည် ကျန်းယွဲ့လု သို့မဟုတ် တာအိုဂိုဏ်းတော်က သူ့လျှို့ဝှက်ချက်ကို ရှာတွေ့သွားနိုင်ခြင်းဖြစ်သည်။ သူသည် ထူးခြားခန္ဓာနှင့် မွေးဖွားလာခြင်းမဟုတ်ကြောင်း ချီရွှမ်းစုက ကောင်းကောင်းသိရှိထားသည်။ သူကိုယ်တိုင်ပင်မသိလိုက်သည့်ပုံစံဖြင့် ချင်းဖျင်အသင်းတော်က သူ့ကို အသွင်ပြောင်းလဲပေးခဲ့ခြင်းဖြစ်၏။ တာအိုဂိုဏ်းတော်က ရှာဖွေတွေ့ရှိမည်ဆိုလျှင် သူ၏ သရုပ်သကန်က ပေါက်ကြားကာ သူက အသက်အန္တရာယ်ရှိလာပေမည်။
ဤအချိန်မှာ ချီရွှမ်းစုသည် သူ၏ သရုပ်သကန်ကို ဘယ်လိုဖုံးကွယ်ရမလဲ စဉ်းစားနေသည်။ မည်သို့ပင်ဆိုစေ ထိုအချိန်တုန်းက ပိုင်ယုံကွမ်း၏ ဦးခေါင်းပြတ် ပြောခဲ့သည့်စကားကို လူတိုင်းကြားခဲ့ရသည်။
ချီရွှမ်းစုသည် သူ့အပေါ် ဖီးနစ်စိမ်းတပ်ဖွဲ့က ဘယ်လိုထင်မြင်မလဲ ဂရုမစိုက်ပေ။ သူဂရုစိုက်သည်မှာ ကျန်းယွဲ့လု၏ ထင်မြင်ချက်ဖြစ်သည်။
ကံကောင်းစွာဖြင့် သူသည် ကျန်းယွဲ့လုနှင့် ကောင်းမွန်သောဆက်ဆံရေးရှိထားပြီး သူမက သူ့ကို ရုတ်တရက် သံသယဝင်လာလိမ့်မည် မဟုတ်ပေ။ ဤအချက်ကြောင့်ပင် ချီရွှမ်းစုက အတော်လေးရှက်ရွံ့ကာ မလုံမလဲခံစားနေရသည်။ ကျန်းယွဲ့လုက သူ့အပေါ် ဤမျှထိ စိတ်ရင်းမှန်ကန်စွာ ဆက်ဆံခဲ့သော်လည်း သူက သိုဝှက်ထားပြီး သူ၏ သရုပ်သကန်ကို သူမထံမှ ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ဖုံးကွယ်ထားမိသည်။ သူသည် ဇနီးမသိအောင် ကာမဖောက်ပြန်ထားသော အမျိုးသားတစ်ယောက်လို ခံစားနေရ၏။
ချီရွှမ်းစုက စဉ်းစားတွေးတောပြီးနောက် အရင်စတင်စကားပြောလိုက်သည်။
“အဲဒီမိစ္ဆာတွေက နတ်ဘုရားဆင်းသက်မှုတစ်ခုအတွက် ပေါင်းကူးခန္ဓာတစ်ခုကို ရှာဖွေနေတဲ့ပုံပဲ… ငါ ချင်းပိုင်ဘုရားကျောင်းမှာ ရှိခဲ့တုန်းက ငါက သူတို့ရဲ့ရည်ရွယ်ချက်အတွက် အကောင်းဆုံးပေါင်းကူးခန္ဓာဖြစ်တယ်လို့ ပိုင်ယုံကွမ်းက တွက်ခဲ့တယ်။”
ကျန်းယွဲ့လုက ဤစကားကိုကြားသောအခါ ချီရွှမ်းစု၏ ကိုယ်ကာယအခြေအနေကို များစွာအာရုံမစိုက်ဘဲ နတ်ဘုရားဆင်းသက်ခြင်းဟူသော စကားကိုသာ စိတ်ဝင်စားနေ၏။
သူမက အံ့အားတသင့်ပြောလိုက်သည်။
“အဲဒီမိစ္ဆာတွေက နတ်ဘုရားဆင်းသက်ခြင်းအတွက် ပြင်ဆင်နေကြတာလား”
ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။
“သူတို့က စိတ်ပိုင်းဆိုင်ရာသန်မာတဲ့ ပေါင်းကူးခန္ဓာတစ်ခုကို လိုအပ်တယ်လို့ ပိုင်ယုံကွမ်းက အမှတ်တမဲ့ ထုတ်ဖော်ပြောဆိုခဲ့တယ်”
သူသည် ကျန်းယွဲ့လုပြောပြခဲ့သည့် ရှေးဟောင်းအင်မော်တယ်ယုံကြည်သူများ၏ အချက်အလက်များအပေါ် အခြေခံ၍ လုပ်ကြံဖန်တီးပြောဆိုလိုက်၏။ မည်သို့ပင်ဆိုစေ ပိုင်ယုံကွမ်းသည် ‘ပေါင်းကူးခန္ဓာ’ဟူသော စကားကိုသာပြောပြီး တခြားဘာမှမပြောခဲ့ပေ။
သူ၏ လုပ်ကြံပြောဆိုမှုက အံဝင်ခွင်ကျဖြစ်သွားလိမ့်မည်ဟု ချီရွှမ်းစု ထင်မှတ်မထားခဲ့ပေ။
ကျန်းယွဲ့လုက ၎င်းနှင့်ပတ်သက်၍ သံသယမဝင်ပေ။
“တကယ်တော့ ရှေးဟောင်းအင်မော်တယ်တွေရဲ့ ပေါင်းကူးခန္ဓာဆိုတာ တာအိုစိတ်ဝိညာဉ်တပ်သားတွေနဲ့ အခြေခံသဘောတရားခြင်းဆင်တူတယ်… ဒါပေမဲ့ တာအိုဂိုဏ်းတော်က စိတ်ဝိညာဉ်တပ်သားတွေရဲ့ အသိဉာဏ်ကို ပိတ်ပင်မထားဘူး… သူတို့ကို ဂမ္ဘီရစွမ်းအားပဲ ပေးထားတယ်… ဒါပေမဲ့ ရှေးဟောင်းအင်မော်တယ်တွေကတော့ ပေါင်းကူးခန္ဓာတွေကို ပူးကပ်သိမ်းပိုက်ပြီး သူတို့ရဲ့ အသိစိတ်ကို တဖြည်းဖြည်းအပိုင်စီးကြလိမ့်မယ်”
သူမက ထပ်ပြောလိုက်သည်။
“ထျန်းယွမ်… နင်နောက်ပိုင်း ပိုပြီးတော့ သတိထားရမယ်… အဲဒီမိစ္ဆာတွေ နင့်ကို အတင်းဖမ်းဆီးမသွားအောင် နင် ငါ့မျက်စိအောက်မှာ ရှိနေရင်အကောင်းဆုံးပဲ”
သူ့ကို ဤမျှအထိ ဂရုစိုက်လာသောအခါ ချီရွှမ်းစုက ဖော်မပြတတ်စွာဖြင့် ရှက်လာမိသည်။ သူက သူမကို အမှန်မပြောနိုင်ဘဲ တိတ်တဆိတ်ဖြင့် ခေါင်းသာညိတ်ပြလိုက်ရ၏။
ဝမ်ကျိချန်က မေးလိုက်သည်။
“အခု.. ဘာဆက်လုပ်ကြမလဲ”
ချီရွှမ်းစုက မှတ်ချက်ပေးလိုက်သည်။
“အယူဝါဒမိစ္ဆာခုနှစ်ဦးထဲ ငါးဦးကတော့ ပေါ်ထွက်လာပြီ… ကျုပ်တို့မသိသေးတာဆိုလို့ အထက်တန်းလွှာအမျိုးသားနဲ့ ဘုန်းကြီးပဲ… ဒီမြို့ထဲမှာ အဲဒီအချက်အလက်တွေနဲ့ ကိုက်ညီတဲ့ ဘုရားကျောင်းတစ်ခု ဒါမှမဟုတ် နာမည်ဂုဏ်သတင်းကြီးမားတဲ့ မိသားစုတစ်ခုရှိလား”
ဝမ်ကျိချန်က လောရှောင်ကို ချက်ချင်းပင်လှည့်ကြည့်လိုက်သည်။
“တပ်မှူးလော… ယီရှန်မြို့က မင်းရဲ့ နယ်မြေပဲ”
လောရှောင်က အလောတကြီးပြန်ဖြေလိုက်သည်။
“မြို့ထဲမှာ ဘုရားကျောင်းတစ်ခု တကယ်ပဲရှိပါတယ်”
ကျန်းယွဲ့လုက ပြောလိုက်၏။
“တပ်မှူးလော… ကျေးဇူးပြုပြီး ကျွန်မတို့ကို အဲဒီဘုရားကျောင်းဆီ ခေါ်သွားပေးပါ… ဒီအချိန်အတွင်းမှာ ဒဏ်ရာတွေကုသဖို့နဲ့ ဟဲနျန်ရဲ့ သဲလွန်စတစ်ခုခုတွေ့မလား ရှာဖို့ ကွပ်ကဲရေးဗိုလ်မှူးဝမ်ကတော့ တပ်မှူးရုံးမှာပဲ နေခဲ့ပေါ့”
ပြင်းထန်သောတိုက်ပွဲများကို တစ်ပွဲပြီးတစ်ပွဲနွဲပြီးနောက် ဝမ်ကျိချန်က ခြေကုန်လက်ပန်းကျနေပြီဖြစ်သည်။ သူက ခေါင်းမာမနေတော့ဘဲ ထိုအကြံကို သဘောတူလိုက်သည်။
“ကျေးဇူးတင်ပါတယ် ပညာရှိကျန်း”
လောရှောင်က ချက်ချင်းပင် ဖီးနစ်စိမ်းတပ်သားခေါင်းဆောင်သုံးဆယ်နှင့် စစ်သည် ၆၀ ကို စုဖွဲ့လိုက်၏။ သူတို့အားလုံးက ဒူးလေးများကို ကိုင်ဆွဲထားပြီး သူတို့သည် စစ်သည်လေးယောက်ထမ်းရသော အမြောက်ငယ်တစ်ခုကိုပင် ယူဆောင်လာကြသည်။ ထို့နောက် သူသည် ကျန်းယွဲ့လုနှင့်ချီရွှမ်းစုကို ဘုရားကျောင်းရှိရာသို့ ခေါ်ဆောင်သွား၏။
သိပ်မကြာခင် သူတို့အုပ်စုက တောင်ပေါ်ဘုရားကျောင်း၏ ဝင်းတံခါးသို့ ရောက်ရှိလာကြသည်။ ဤနေရာက တိတ်ဆိတ်ခြောက်ကပ်နေပြီး လာရောက်ပူဇော်သည့် လူများ၏ အရိပ်အယောင်ကိုပင် မတွေ့မြင်ရပေ။ ဤမြင်ကွင်းသည် ယီရှန်မြို့တော်က ဗုဒ္ဓဘာသာထွန်းကားရာနေရာဖြစ်သည်ဟူသော ကောလာဟလများနှင့် ကွဲလွဲနေ၏။ တကယ်ဆို ဤဘုရားကျောင်သည် ချင်းပိုင်ဘုရားကျောင်းနှင့် များစွာမကွာခြားပေ။
ဆန့်ကျင်ဘက်အနေဖြင့် ချင်းပိုင်ဘုရားကျောင်းသည် မြို့ပြင်ဘက်မှာ တည်ဆောက်ထားသောကြောင့် ပို၍ကျယ်ဝန်းပြီး ပို၍ ခမ်းနားသည့်ပုံပေါ်သည်။
ကျန်းယွဲ့လုက အရင်ဆုံး သူမ၏ နတ်ဘုရားသိမြင်ခြင်းနည်းစနစ်ကို အသုံးပြုကာ အမိန့်ပေးလိုက်သည်။
“တပ်မှူးလော… ရှင်တို့တွေအရင်ဆုံး လူစုခွဲပြီး ဘုရားကျောင်းရဲ့ ဘေးပတ်လည်ကိုဝိုင်းထားကြ… အမှုဆောင်ချီနဲ့ကျွန်မက အထဲကိုသွားပြီး စစ်ဆေးကြည့်မယ်”
ကျန်းယွဲ့လုက လောရှောင်၏ အထက်လူကြီး မဟုတ်သော်လည်း သူမ၏ အမိန့်ကို ကျေကျေနပ်နပ်နာခံလိုက်သည်။
ယီရှန်မြို့ကို တောင်ပေါ်မှာ တည်ဆောက်ထားသောကြောင့် မြို့၏ မြေပြင်အနေအထားက ဆင်ခြေလျှောများစွာဖြင့် ပြည့်နှက်နေ၏။ ဤဘုရားကျောင်းကိုလည်း တောင်ကုန်းတစ်ခုပေါ်မှာ တည်ဆောက်ထားပြီး ဘုရားကျောင်းဆီသို့ ဦးတည်နေသည့် ကျောက်သားလှေခါးထစ်လမ်းတစ်လမ်းရှိသည်။
ဤအချိန်မှာ လောရှောင်နှင့် ဖိးနစ်စိမ်းတပ်သားများက တောင်ခြေမှာ ဝိုင်းပတ်လိုက်ကြသည်။
ကျန်းယွဲ့လုနှင့်ချီရွှမ်းစုက တောင်ခြေဝင်းတံခါးကို ဖြတ်ကျော်ပြီး ကျောက်လှေခါးထစ်လမ်းအတိုင်း ဘုရားကျောင်းရှိရာသို့ လျှောက်လှမ်းသွားကြသည်။
သူမက ပုံသဏ္ဍာန်မဲ့စက္ကူကို ထုတ်ပြီး စက္ကူထီးတစ်လက်အဖြစ် ပြောင်းလဲလိုက်၏။ ဓားတစ်လက်နှင့်ယှဉ်လျှင် ထီး၏ အကြီးမားဆုံးအားသာချက်မှာ ခံစစ်အတွက်အသုံးချနိုင်ခြင်းဖြစ်သည်။ လိုအပ်သည့်အခါ ထီးကို ကြီးမားသော ဒိုင်းကာတစ်ခုအဖြစ် အသုံးချနိုင်သည်။
“ဒီနေရာက အယူဝါဒမိစ္ဆာတွေရဲ့ ခိုလှုံရာအသိုက်ဖြစ်မယ်ဆိုရင် သူတို့ထဲမှာ တိုက်ခိုက်နိုင်တဲ့သူ အနည်းဆုံးသုံးယောက်ရှိနေမယ်… ပိုင်ယုံကွမ်းနဲ့ ဟဲနျန်က သေသွားပြီ… တခြားနှစ်ယောက်က ဒဏ်ရာအပြင်းအထန်ရထားကြတယ်… အဲဒါကြောင့် သူတို့ လောလောဆယ်တိုက်ခိုက်နိုင်မှာမဟုတ်ဘူး.. ကျန်တဲ့သုံးယောက်ကတော့ စာပေပညာရှင်ရယ်၊ ဘုန်းကြီးရယ်၊ အထက်တန်းလွှာအမျိုးသားရယ်ပဲ”
“သူတို့အားလုံးက ကွေ့ကျန်းအဆင့်မှာရှိနေမယ်လို့ ငါခန့်မှန်းမိတယ်… ပုံသဏ္ဍာန်မဲ့စက္ကူနဲ့ဆိုရင် ငါ သူတို့ထဲကနှစ်ယောက်ကို ထိန်းထားနိုင်တယ်… ဒါပေမဲ့ သူတို့သုံးယောက်နဲ့ရင်ဆိုင်ရမယ်ဆိုရင်တော့ ငါ ယုံကြည်မှုမရှိဘူး… ဘာပဲပြောပြော ငါကလည်း ကောင်းကင်ဘုံသက်ရှိအဆင့်ကို မရောက်သေးဘူး… အဲဒါကြောင့် နင် ဂရုစိုက်ရမယ်”
ချီရွှမ်းစုက ထူးဆန်းသောအမူအရာတစ်ခုဖြင့် သူမကို ကြည့်နေသည်ကို လမ်းတစ်ဝက်မှာ ကျန်းယွဲ့လုက ရုတ်တရက် သတိထားမိသွားသည်။
“ဘာဖြစ်လို့လဲ”
ကျန်ယွဲ့လုက သူမကိုယ်သူမ အလိုလိုငုံ့ကြည့်လိုက်၏။ စောစောက တိုက်ပွဲမှာ သူမရဲ့အဝတ်အစားစုတ်ပြဲသွားသလားဟု တွေးနေ၏။
သို့သော်လည်း သူမကိုယ်မှာ မည်သည်မှားယွင်းမှုကိုမှ မတွေ့ရပေ။ သူမ၏ အဝတ်အစားများက သေသေသပ်သပ်ရှိနေဆဲပင်။
ချီရွှမ်းစုက ခပ်တိုးတိုးပြောလိုက်၏။
“ဘာရယ်မဟုတ်ပါဘူး… ငါ့ကို အခုလိုမျိုး ဂရုစိုက်ပေးမယ့်သူတစ်ယောက်မှမရှိတော့တာ ကြာခဲ့ပြီမို့လို့ပဲ… ငါ အဲဒါနဲ့ အသားမကျသေးလို့”
ကျန်ယွဲ့လုက ရယ်မောလိုက်၏။
“နင်က ငါ့ရဲ့ ပုဂ္ဂိုလ်ရေးပြဿနာကို ဖြေရှင်းပေးဖို့အတွက် တောင်တန်းတွေကို ဖြတ်ကျော်ပြီး ခြေကျင်ခရီးကြမ်းသွားဖို့ သဘောတူခဲ့တယ်… ဒီအချိန်အတွင်း နင်တစ်ခုခုဖြစ်သွားမယ်ဆိုရင် ငါ မလုံမလဲ ခံစားနေရမှာပေါ့”
ချီရွှမ်းစုကသက်ပြင်းချပြီး အနည်းငယ်စိတ်နုသွား၏။
“ပြောရမယ်ဆိုရင် ၇လပိုင်း ၁၅ ရက်နေ့ ကျုံးယွမ်ပွဲတော်မှာ ငါတို့တွေ့ခဲ့ကြတယ်… အဲဒါက သုံးလပဲရှိသေးပေမယ့် ငါတို့ တစ်ယောက်နဲ့တစ်ယောက်သိလာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီလို့ ခံစားနေရတယ်”
ကျန်းယွဲ့လုက ဝေဖန်လိုက်၏။
“မှတ်ဉာဏ်တွေက အတွေ့အကြုံပေါ်မှာ အများကြီးမှီခိုတယ်… နေ့ရက်တိုင်းမှာ တူညီတဲ့ပုံစံအတိုင်း တွေ့ကြုံနေရမယ်ဆိုရင် ဆယ်စုနှစ်တွေက ဘာမှမဟုတ်ဘူးလို့ ထင်ရတယ်… ဒါပေမဲ့ နင်က တစ်ရက်တည်းမှာ မှတ်မှတ်ရရ ကိစ္စများစွာနဲ့ ကြုံတွေ့ရမယ်ဆိုရင်တောင် အဲဒီတစ်ရက်ကို တစ်နှစ်တာလို ခံစားနေရလိမ့်မယ်… ငါတို့ တစ်ယောက်နဲ့တစ်ယောက် တွေ့ရတာ မကြာသေးဘူးဆိုပေမယ့် ငါတို့ အဖြစ်အပျက်တွေအများကြီးကို အတူဖြတ်ကျော်ခဲ့ပြီးပြီ… အဲဒါကြောင့် နင်ဒီလိုခံစားနေရတာဖြစ်မယ်”
“မင်းရော ဘယ်လိုခံစားရလဲ”
ချီရွှမ်းစုက မေးလိုက်သည်။
ကျန်းယွဲ့လုက ခဏမျှရပ်တန့်ပြီးနောက် ပြန်ဖြေလိုက်၏။ “ငါလည်း အဲလိုပဲ ခံစားရပါတယ်”
သူတို့စကားပြောရင်း ဘုရားကျောင်း၏ တံခါးပေါက်သို့ ရောက်ရှိလာကာ အထက်တွင်ချိတ်ဆွဲထားသော မော်ကွန်းကျောက်ပြားကို ဖတ်လိုက်သည်။
“ယွီလန်ဘုရားကျောင်း”
ဤအချိန်မှာ ဘုရားကျောင်းဝင်းတံခါးကို မဝင်နိုင်အောင် သော့ခတ်ထားသည်။
ကျန်းယွဲ့လု၏ မျက်လုံးက ခရမ်းရောင်အလင်းဖြင့် ဖျတ်ခနဲလက်သွား၏။
“ဘုရားကျောင်းကို ဖွဲ့စည်းပုံတစ်ခုနဲ့ ပိတ်ထားတယ်… အဲဒါကြောင့် ငါတို့ အတင်းအကျပ် ချိုးဖျက်ပြီးဝင်မှပဲရလိမ့်မယ်… ဒါပေမဲ့ ငါတို့ အားထုတ်ရသက်သာအောင် တစ်ယောက်ယောက်က လမ်းကြောင်းတစ်ခု ဖောက်ပေးထားခဲ့တဲ့ပုံပဲ”
ထိုသို့ပြောပြီးနောက် ကျန်းယွဲ့လုက ချီရွှမ်းစုကို ယွီလန်ဘုရားကျောင်း၏ အပြင်ဘက်တံတိုင်းအတိုင်း ပတ်ခေါ်သွားသည်။ သိပ်မကြာခင် တံတိုင်း၏ တစ်စိတ်တစ်ပိုင် ပြိုကျနေသည့် နေရာတစ်ခုကို သူတို့ရှာတွေ့လိုက်ပြီး ထိုနေရာကနေတစ်ဆင့် ဘုရားကျောင်းထဲသို့ ဝင်ရောက်လိုက်ကြ၏။
တံတိုင်းကိုဖြတ်ကျော်ပြီးသည်နှင့် အထဲမှာ လေးပေပတ်လည်ခန့်ရှိသော အလွန်တရာကျဉ်းမြောင်းသည့် လေးထောင့်ပုံစံ အမိုးပွင့်ဟင်းလင်းပြင်တစ်ခုကို တွေ့မြင်ရသည်။ ထိုနေရာက ခြောက်သွေ့နေသော ပေါင်းပင်ရိုင်းများဖြင့် ပြည့်နှက်နေပြီး လူသူအရောက်အပေါက်မရှိသည်မှာ အလွန်ကြာခဲ့ပြီကို ညွှန်ပြနေ၏။
သူတို့၏ နောက်ဘက်မှာ သူတို့ဝင်ရောက်လာသည့် အပေါက်ရှိနေသည်။ ညာဘက်မှာ နောက်ထပ်နံရံတစ်ခုရှိပြီး ဘယ်ဘက်မှာပိတ်ဆို့ထားသော ပြတင်းပေါက်တစ်ချပ်ရှိနေသည်။ သူတို့၏ ရှေ့တည့်တည့်မှာ တံခါးငယ်တစ်ချပ်ရှိနေပြီး တစ်ယောက်ယောက် အတင်းအကျပ်ချိုးဖျက်ဝင်ရောက်သွားသည့်အလား တံခါးက တိုးလိုးတန်းလန်းပွင့်ဟနေ၏။
ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက ရှေ့သို့ဆက်တက်သွားပြီး တံခါး၏ အခြားတစ်ဘက်မှာ ဘေးဘက်ခန်းမတစ်ခုကို တွေ့မြင်လိုက်ရသည်။
ခန်းမထဲမှာ တိုက်ပွဲဖြစ်ထားသည့် သဲလွန်စတချို့ရှိနေ၏။ ပြုံးနေသော အရိမေတ္တယျဘုရားရုပ်တုက အောက်ခံခုံပေါ်မှာ ထိုင်တော်မူနေပြီး လက်နှစ်ဖက်ပျောက်နေ၏။ ရုပ်ပွားတော်၏ မျက်နှာပေါ်ကို အရိပ်များကျဆင်းနေပြီး ရုပ်တုကို အနည်းငယ်ချောက်ချားစရာကောင်းသည့်ပုံပေါ်နေစေသည်။
***