ချီရွှမ်းစုထင်မှတ်ထားသည့်အတိုင်း ကျန်းယွဲ့လုက ခြေကုန်လက်ပန်းကျလုနီးပါးဖြစ်လာပြီး အစိမ်းရောင်ဝတ်အမျိုးသမီးက ချက်ချင်းပင် တန်ပြန်စတင်တိုက်ခိုက်လာနိုင်သည်။
တာအိုဂိုဏ်းတော်၏ ထိပ်တန်းဓားပညာရပ်များဖြစ်သော ပေတူဓား ၃၆ လက်နည်းစနစ်၊ ထိုက်ယင်ဓား ၁၃ လက်၊ နန်တူဓား ၂၈ လက်နှင့် စီဟန်ဓားသိုင်းစဉ်တို့သည် အလှည့်အပြောင်းများပေါ် အခြေခံထားသည်။
သို့သော် ကွန်ဖြူးရှပ်ဓားပညာရပ်များက ဆန့်ကျင်ဘက်ဖြစ်သည်။ သူတို့မှာ အလှည့်အပြောင်းအနည်းငယ်သာရှိပြီး ပို၍ တဲ့တိုးဆန်ကာ ပကတိခွန်အားဖြင့် ပြိုင်ဘက်ကို ဖိအားပေးတိုက်ခိုက်တတ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ကွန်ဖြူးရှပ်ဓားပညာရပ်များသည် ထိုက်ကျိသဘောတရားကိုဆောင်ပြီး တာအိုဓားပညာရပ်များကတော့ ကွဲပြားခြားနားမှုများစွာထဲမှ ပေါင်းစည်းမှုကို ရှာဖွေခြင်းဖြစ်သည်။
အမျိုးသမီး၏ ကောင်းကင်နှလုံးသား ဓားပညာရပ်ကလည်း ထိုသို့ပင်ဖြစ်၏။ အလှည့်အပြောင်းတချို့ရှိသော်လည်း လှုပ်ရှားကွက်များက သိမ်မွေ့မှုသိပ်မရှိဘဲ အင်အားက အလွန်တရာပြင်းထန်၍ ဟာကွက်မရှိဘဲ သဘာဝဆန်သည်။ ကျန်းယွဲ့လုသည် လမ်းဆုံးတစ်ခုကို ရောက်ရှိလာပြီး ပုန်းကွယ်ဖို့ သို့မဟုတ် ထွက်ပြေးဖို့ မဖြစ်နိုင်တော့သလောက်ပင်။
ကျန်းယွဲ့လုက ကြောက်ရွံ့မှုကို လုံးဝမပြသပေ။ သူမက နောက်သို့မျှောချပြီး စောစောက သူမလက်ထဲကနေ လွတ်ကျသွားသည့် ပုံသဏ္ဌာန်မဲ့စက္ကူကို လက်ဆန့်ကာ ပြန်လည်ဆင့်ခေါ်လိုက်သည်။
ဤအချိန်မှာ ကျန်းယွဲ့လုသည် ပုံသဏ္ဌာန်မဲ့စက္ကူထဲသို့ သူမ၏ ချီကို ထည့်သွင်းပြီး ၎င်းကို လှံတစ်လက်အဖြစ် ပြောင်းလဲလိုက်သည်။
ကျန်းယွဲ့လုက လှံကိုဆုပ်ကိုင်လိုက်သည်နှင့် သူမ၏ လှုပ်ရှားကွက်များက လုံးဝကို ပြောင်းလဲသွား၏။ ယခင်က အစိမ်းရောင်ဝတ်အမျိုးသမီးအသုံးပြုခဲ့သည့် ထိုက်ရွှမ်ဓားနှလုံးသားသိုင်းစဉ်နှင့် တစ်နည်းတစ်ဖုံဆင်တူစွာဖြင့် ကျန်းယွဲ့လုသည် ချီယင်၏ အနန္တဓားနည်းစနစ်ကို အသုံးပြုနေသည်။
ကျန်းယွဲ့လုသည် လမ်းပိတ်ကနေ ဖောက်ထွက်ပြီး စက္ကူလှံအရိပ်ပေါင်းများစွာဖြင့် အစိမ်းရောင်ဝတ်အမျိုးသမီးကို လျင်မြန်စွာလွှမ်းခြုံလာနိုင်သည်။
အစိမ်းရောင်ဝတ်အမျိုးသမီးက ချက်ချင်းပင် သူမ၏ ဓားကို ရုပ်ပြီး အချင်းဆယ်ပေခန့်ရှိသော ချောမွေ့သည့် စက်ဝိုင်းတစ်ခုကို ရေးဆွဲကာ ရေဝဲဂယက်များကဲ့သို့ သူမ၏ ဘေးပတ်လည်မှာ တစ်လွှာပြီးတစ်လွှာဖြာထွက်သွားစေ၏။ သူမ၏ ခံစစ်က ထိုးဖောက်၍မရနိုင်ပေ။ ကျန်းယွဲ့လုက ဘယ်လိုပင်တိုက်ခိုက်သည်ဖြစ်စေ သူမက အစိမ်းရောင်ဝတ်အမျိုးသမီးကို ထိခိုက်အောင်မလုပ်နိုင်ပေ။
ဤအချိန်မှာ ပင်မခန်းမကနေ ကျယ်လောင်သော ညောင်းညောင်းညုန်းညုန်းအသံတစ်သံ ထွက်ပေါ်လာ၏။ ချီရွှမ်းစုက အသံထွက်ပေါ်လာရာဘက်သို့ လှည့်ကြည့်လိုက်ပြီး အသက်ဝင်နေသော ကြီးမားသည့် ဗုဒ္ဓရုပ်တုကို ချိုးဖျက်လိုက်သည့် ဦးပဥ္စင်းငယ်ကို တွေ့မြင်လိုက်ရ၏။ ဦးပဥ္စင်းငယ်က ရုပ်တု၏ လက်များကို ဖြတ်တောက်ရုံမျှသာမဟုတ်ဘဲ ထိုရုပ်တု၏ ကိုယ်ထည်တစ်ခုလုံးကို ကြေမွပျက်စီးစေသွား၏။
သို့သော် ဦးပဥ္စင်းငယ်ကလည်း ဒဏ်ရာအပြင်းအထန်ရရှိသွားသည်။ သူက မြေပြင်ပေါ်မှာ ခြေပစ်လက်ပစ်ထိုင်နေပြီး သည်းထန်စွာမောဟိုက်နေ၏။ သူ့မှာ လောလောဆယ်တိုက်ခိုက်ဖို့ မည်သည့်ခွန်အားမှ မကျန်ရှိတော့သည့်ပုံပင်။
တိုက်ခိုက်နေသော အမျိုးသမီးနှစ်ဦးကလည်း ဦးပဥ္စင်းငယ်ကို လှည့်ကြည့်လာကြ၏။ သို့သော်လည်း အစိမ်းရောင်ဝတ်အမျိုးသမီးက အနည်းငယ်စိတ်မရှည်နိုင်ဖြစ်လာပြီး ကျန်းယွဲ့လုကို ခါချလိုသည့်အတွက် ခံစစ်ကနေ တိုက်စစ်သို့ ပြောင်းလဲလိုက်သည်။
ကျန်းယွဲ့လုက တစ်စုံတစ်ရာလွဲမှားနေသည်ကို သတိထားမိသော်လည်း လောလောဆယ်မှာ တိုက်ခိုက်ခံနေရသည့်အတွက် လေးလေးနက်နက်စဉ်းစားတွေးတောဖို့ အချိန်မရပေ။
ချီရွှမ်းစုသည် အမျိုးသမီးနှစ်ဦး၏ တိုက်ပွဲကို ဘေးကနေ ရပ်ကြည့်နေသူဖြစ်သောကြောင့် ဖြစ်ပျက်နေသည့်အရာကို သတိထားမိလာ၏။ အစိမ်းရောင်ဝတ်အမျိုးသမီးသည် သတ်ဖြတ်ဖို့အတွက် တိုက်ခိုက်ခြင်းမဟုတ်ပေ။ ထိုအစား သူမသည် တစ်စုံတစ်ရာရှာဖွေဖို့အတွက် ပင်မခန်းမရှိရာသို့ သွားချင်နေပုံရသည်။ အရာရာတိုင်းက ချီရွှမ်းစုအတွက် စတင်၍ အဓိပ္ပါယ်ရှိလာ၏။
အစိမ်းရောင်ဝတ်အမျိုးသမီးသည် ယခင်က တိတ်တဆိတ်ချဉ်းကပ်ခဲ့သော်လည်း ထိုအမျိုးသမီး၏ တည်ရှိမှုကို ချီရွှမ်းစုက သတိပေးခဲ့၏။ ထိုအချိန်မှာ အမျိုးသမီးက ကျန်းယွဲ့လုနှင့် စတင်တိုက်ခိုက်ခဲ့ရသည်။ သူတို့ကို အံ့အားသင့်သွားစေသည်မှာ အမျိုးသမီးနှစ်ဦးစလုံးက လက်ရည်တူနေခြင်းပင်။
အစိမ်းရောင်ဝတ်အမျိုးသမီးသည် အစက ကျန်းယွဲ့လုကို အလွယ်တကူအနိုင်ပြီးမှ သူမ ရှာဖွေလိုသည့်အရာကို သွားရောက်ရှာဖွေမည်ဟု တွေးထားခဲ့ပုံရသည်။
ရလဒ်အနေဖြင့် အမျိုးသမီးနှစ်ဦးက ပြင်းထန်ကြမ်းတမ်းသောတိုက်ပွဲတစ်ခုမှာ ကျဆင်းသွားပြီး အစိမ်းရောင်ဝတ်အမျိုးသမီးက ပျာပျာသလဲဖြစ်လာ၏။
အစိမ်းရောင်ဝတ်အမျိုးသမီးက ချင်းဖျင်အသင်းဝင်တစ်ဦးဖြစ်သည်ကိုလည်း ချီရွှမ်းစုက ပြန်လည်အမှတ်ရသွားသည်။
ထိုကနေတစ်ဆင့် ဖုန်ထိုက်ခရိုင်မှာတုန်းက ရွှမ်ကျောက်စိမ်းကိုရှာဖွေရန် ချင်းဖျင်အသင်းတော်က ပေးခဲ့သည့် သူ့တာဝန်ကိုလည်း ပြန်လည်အမှတ်ရသွားခဲ့သည်။
ဖုန်ထိုက်ခရိုင်မှတာဝန်ကို အရိပ်များကြားမှာ ပုန်းကွယ်နေသည့် အစ်မချီက ဦးဆောင်ခဲ့ပြီး သူမ၏လက်အောက်ငယ်သား ချီရွှမ်းစုကတော့ ညစ်ညမ်းသည့်အရာများအားလုံးကို ပြုလုပ်ခဲ့ရသည်။ သို့သော်လည်း အစိမ်းရောင်ဝတ်အမျိုးသမီးသည် သူ့ထက် ကျင့်ကြံမှုအဆင့် များစွာပိုမြင့်လေသည်။ သူမသည် အစ်မချီနှင့် တန်းတူရည်တူရှိလောက်သည်။ သူတို့နှစ်ယောက်စလုံးမှာ ချင်းဖျင်အသင်းတော်တွင် (ခ)အဆင့် အဆင့်အတန်းများကို ညွှန်ပြနေသည့် ရွှေခရမ်းငါးရုပ်အဆောင်တစ်ခုစီ ရှိနေသောကြောင့်ဖြစ်သည်။
ထို့သို့ဆိုပါက အစ်မချီကဲ့သို့ပင် ဤအမျိုးသမီးသည် ရွှမ်ကျောက်စိမ်းကို ရှာဖွေရန်တာဝန်ကို လက်ခံရရှိထားသည်ဟုဆိုပါက အဓိပ္ပါယ်ရှိလေသည်။ တစ်နည်းအားဖြင့်ဆိုသော် ရွှမ်ကျောက်စိမ်းက ဤဗုဒ္ဓဘုရားကျောင်းထဲမှာ ရှိလောက်သည်။
ဤသို့စဉ်းစားရင်း ချီရွှမ်းစုက သူ၏ သားရေအိတ်ကို အလိုလိုစမ်းလိုက်၏။ ထင်မှတ်ထားသည့်အတိုင်း ၎င်းထံကနေ အနည်းငယ်တုန်ခါမှုကို သူခံစားလိုက်ရသည်။ သူက အဲဒါကို မခံစားမိလျှင် မည်သည့်အရာကိုမှ သတိထားမိလိမ့်မည် မဟုတ်ပေ။
၎င်းသည် ချီရွှမ်းစုအား အစ်မချီပေးထားသည့် ထူးခြားသည့် သံလိုက်အိမ်မြောင်မှလာသော တုန်ခါမှုဖြစ်သည်။ ထိုသံလိုက်အိမ်မြှောင်သည် တာအိုဆရာများ ဆောင်ထားလေ့ရှိသည့် ဖုန်းရွှေသံလိုက်အိမ်မြှောင်တစ်ခုလိုပင်ဖြစ်သည်။ ပုံပန်းသဏ္ဌာန်အရ သာမန်သံလိုက်အိမ်မြှောင်တစ်ခုနှင့် ရွှမ်ကျောက်စိမ်းကို ထောက်လှမ်းရန် အသုံးပြုသောထူးခြားသည့် သံလိုက်အိမ်မြှောင်ကြား ကွာခြားမှုကို ရှာတွေ့ဖို့ မလွယ်ပေ။ ထို့ကြောင့် ချီရွှမ်းစုသည် ၎င်းကို ဖုံးကွယ်မထားဘဲ ပိုးထည်စတစ်စဖြင့် ရစ်ပတ်ပြီး သူ၏သားရေအိတ်ထဲမှာသာ ထည့်ထား၏။
ဖုန်ထိုက်ခရိုင်သို့ သူသွားရောက်ခဲ့သည်မှာ နှစ်ဝက်နီးပါးရှိသွားခဲ့လေပြီ။ ထို့ကြောင့် ချီရွှမ်းစုသည် ဤသံလိုက်အိမ်မြှောင်ကို မေ့လျော့သလောက်နီးပါးဖြစ်နေ၏။ ဗုဒ္ဓဘုရားကျောင်းသို့ ဝင်ရောက်လာပြီးနောက် ဤနေရာမှာ ရွှမ်ကျောက်စိမ်းကို တွေ့ရလိမ့်မည်ဟု ထင်မှတ်မထားသောကြောင့် သူက ဤသံလိုက်အိမ်မြှောင်ကို အာရုံမစိုက်ခဲ့ပေ။ ဤဖြစ်နိုင်ခြေကို တွေးမိပြီးမှ သူသည် သံလိုက်အိမ်မြှောင်ထံမှ အနည်းငယ်တုန်ခါမှုကို ခံစားလိုက်ရပြီး ဤနေရာမှာ ရွှမ်ကျောက်စိမ်းရှိနေကြောင်း အတည်ပြုနိုင်သွားသည်။
ရွှမ်ကျောက်စိမ်းက မည်ကဲ့သို့အသုံးဝင်သည်ကို ချီရွှမ်းစုမသိသော်လည်း သူ သေချာသိရှိထားသည့် အချက်တစ်ချက်မှာ ရွှမ်ကျောက်စိမ်းက အလွန်တရာအဖိုးတန်လေသည်။ ရွှမ်ကျောက်စိမ်းကို လိုချင်နေသည်မှာ ချင်းဖျင်အသင်းတော်သာလျှင် မဟုတ်ပေ။ ထိုက်ဖျင်ဂိုဏ်းမှ ပညာရှိတစ်ဦးကလည်း ၎င်းကို လိုချင်နေသည်။
အစ်မချီ၏ အကူအညီနှင့်အတူ ချီရွှမ်းစုသည် ချင်းဖျင်အသင်းတော်ထံမှ ရွှမ်ကျောက်စိမ်းတစ်တုံးကိုရရှိခဲ့ပြီး ဆုလာဘ်အဖြစ် ထျန်ကန်းခန်းမသို့ ဝင်ရောက်နိုင်မည့်အခွင့်အရေးရရှိခဲ့သည်။ သူသည် (ခ)အဆင့် အသင်းဝင်တစ်ဦးအဖြစ်လည်း တိုးမြှင့်ပေးခံခဲ့ရသည်။ သူက ယခုတစ်ခေါက် ရွှမ်ကျောက်စိမ်းကို သူ့ခွန်အားနှင့်အတူ ရယူနိုင်မည်ဆိုလျှင် ဘယ်လိုဆုလာဘ်မျိုးကို သူရရှိမလဲ။
ဤအကြောင်းကိုစဉ်းစားရင်း ချီရွှမ်းစုက စိတ်လှုပ်ရှားမိလာ၏။
ဝမ်ရှန်းတာအိုနန်းတော်မှ ဒေသခံတစ်ဦးအဖြစ် ကြီးပြင်းလာသော ချီရွှမ်းစုက ချမ်းသာကြွယ်ဝသူအဖြစ် မွေးဖွားလာခြင်း မဟုတ်ပေ။ သူသည် ချင်းဖျင်းအသင်းမှ ပေးအပ်သည့်တာဝန်များကို ပြီးမြောက်စေရန် အစ်မချီနှင့်အတူ နေရာအနှံ့လှည့်လည်သွားလာရပြီး ဘယ်တုန်းကမှ သက်တောင့်သက်သာမနေခဲ့ရပေ။ ထို့ကြောင့် ချမ်းသာကြွယ်ဝမှုသည် ကြီးမားသောအန္တရာယ်ကို စွန့်စားဖြင့်သာ ရရှိနိုင်သည်ဟု သူအမြဲတမ်းလက်ခံယုံကြည်ထားသည်။ ဤကဲ့သို့သော စိတ်နေစရိုက်မရှိဘဲ သူသည် ဒက်စ်မန်နှင့် ပိုင်ယုံကွမ်းတို့ကို ဆက်တိုက်သတ်ဖြတ်နိုင်ခဲ့လိမ့်မည်မဟုတ်ပေ။
ခန်းမ၏ အခြားတစ်ဘက်မှာတော့ ကျန်းယွဲ့လုက တစ်ဘက်အမျိုးသမီး တဇွတ်ထိုးဝင်လာခြင်းကို အခွင့်ကောင်းယူကာ အမျိုးသမီး၏ ဝါးခမောက်ကို လှံဖြင့် လွှဲရိုက်ချလိုက်၏။ အမျိုးသမီး၏ ခေါင်းဆောင်းက ကြေမွသွားပြီး ပြင်းထန်ကြမ်းတမ်းသောအင်အားကြောင့် သူမ၏ မျက်နှာပေါ်မှာ သေးငယ်သောအက်ကွဲကြောင်းများစွာ ပေါ်ထွက်လာသည်။
အစိမ်းရောင်ဝတ်အမျိုးသမီးသည် သူမ၏ အစစ်အမှန်ရုပ်ရည်သွင်ပြင်ကို ဖုံးကွယ်ဖို့အတွက် မျက်နှာဖုံးတစ်ခုတပ်ထားသည်မှာ သိသာလေသည်။ ကွဲအက်သွားသည်က သူမ၏ မျက်နှာမဟုတ်ဘဲ မျက်နှာဖုံးဖြစ်သည်။
အစိမ်းရောင်ဝတ်အမျိုးသမီး၏ ဆံပင်များက ဖိုသီဖပ်သီဖြစ်နေ၏။ ရုတ်တရက် အမျိုးသမီး၏ အနက်ရောင်ဆံပင်များက ပေတစ်ရာကျော်ရှည်ထွက်သွား၏။ သူ၏ ဆံချည်မျှင် သုံးထောင်က ကျန်းယွဲ့လုထံသို့ ရောက်ရှိလာ၏။ ဤသည်မှာ တိုက်ခိုက်ဖို့၊ နောက်ဆုတ်ဖို့နှင့် ခုခံဖို့အတွက် အသုံးချနိုင်သော ထိုက်ယင်ဓား ၁၃ လက်ပညာရပ်မှ မဟူရာဆံကေသာချပ်ဝတ်တန်ဆာဖြစ်သည်။
အမျိုးသမီး၏ ဆံပင်က အစုလိုက်ယှက်လိမ်ပြီး ပိုးအိမ်တစ်ခုဖွဲ့စည်းနေသကဲ့သို့ ကျန်းယွဲ့လုကို ရစ်ပတ်လာ၏။ ချက်ချင်းပင် ကျန်းယွဲ့လုက သူမ၏ ဆံပင်ပိုက်ကွန်ထဲမှာ ပိတ်မိသွားသည်။
ဆံချည်မျှင်များက သိုးမွေးကဲ့သို့ နူးညံ့ပြီး ရန်လိုခက်ထန်သော ဓားစွမ်းအင်နှင့် လုံးဝကွဲပြားလေသည်။ ကျန်းယွဲ့လုသည် ရွှံ့ညွန်ထဲမှာ ကျဆင်းသွားသည့်အလား ခံစားလိုက်ရပြီး လှုပ်ရှားဖို့မတတ်နိုင်လုနီးပါးပင်။
တစ်ချိန်တည်းမှာပင် ဆံချည်မျှင်များသည် ကျန်းယွဲ့လု၏ စိတ်ထဲသို့ မရေမတွက်နိုင်သောအတွေးများနှင့် စိတ်ခံစားချက်များကို သွန်းလောင်းပေးလာ၏။
ဆံပင်က ရှည်လျား၍ ဖြူဖွေးလာသည်နှင့် လူတစ်ယောက်၏ စိုးရိမ်ပူပန်မှုများက အကန့်အသတ်မဲ့လာသည်ဟူသော ဆိုရိုးစကားရှိသည်။ ရုပ်ပိုင်းဆိုင်ရာတည်ရှိမှုကို အချိန်က ကန့်သတ်ထားသော်လည်း မကျေမချမ်းမှုများက ထာဝရတည်မြဲလေသည်။
မကျေမချမ်းမှုများသည် ချိုသာသောစကားကိုမုန်းတီးခြင်း၊ ကံဆိုးမိုးမှောင်ကို မုန်းတီးခြင်း၊ နှလုံးသားမဲ့သောလူများကို မုန်းတီးခြင်း၊ အသက်မပါသောဆက်ဆံရေးများကို မုန်းတီးခြင်း၊ လောက၏ ရက်စက်ကြမ်းတမ်းမှုကို မုန်းတီးခြင်း၊ တရားမမျှတမှုကို မုန်တီးခြင်းနှင့် အသွားအလာမရှိသောမေတ္တတရားကို မုန်းတီးခြင်းတို့ ဖြစ်ကြသည်။
မကျေမချမ်းမှု ၇မျိုးဟု လူသိများသော ဤမကျေမချမ်းမှုများသည် လူတစ်ယောက်၏ ဝိညာဉ်ကို တိုက်ရိုက်ချိန်ရွယ်ထားသည့် ဓား ၇လက်ကဲ့သို့ဖြစ်သည်။ ၎င်းသည် ထွက်လမ်းမရှိသော ပင့်ကူအိမ်မှာ ကပ်ညှိသွားသည့် ပိုးမွှားတစ်ကောင်ကဲ့သို့ စိတ်ကိုခိုးယူနိုင်သည်။
ကျန်းယွဲ့လုက အသက်အောင့်ထားပြီး သူမစိတ်ကို တည်ငြိမ်စေလိုက်၏။ သူမလက်ထဲရှိ ပုံသဏ္ဌာန်မဲ့စက္ကူက စက္ကူဓားတစ်လက်အဖြစ် ပြောင်းလဲသွား၏။ ထို့နောက်သူမက စီဟန်ဓားသိုင်းစဉ်မှ ကြွေလွင့်ပန်းများလှုပ်ရှားကွက်ကို အသုံးပြုလိုက်သည်။
နောက်ခဏ၌ မရေမတွက်နိုင်သောဓားချီများက ဆံချည်ပိုက်ကွန်ကို ထိုးဖောက်ကာ အမှတ်တစ်ခုမှစတင်၍ နောက်ဆုံးမှာ အပေါက်များစွာ တိုးလာခဲ့သည်။ ၎င်းသည် အဝတ်တစ်စကို အပ်ပေါင်းများစွာဖြင့် ထိုးဖောက်သကဲ့သို့ဖြစ်သည်။
သတ္တုနှင့်ကျောက်တုံးထိခတ်သည့်အသံက အဆက်မပြတ်ထွက်ပေါ်ပြီး အမျိုးသမီး၏ ဆံချည်မျှင်များက ပြတ်ကျကုန်၏။ သို့သော်လည်း မထိန်းချုပ်နိုင်သည့်ပေါင်းပင်ရိုင်းများကဲ့သို့ ဆံချည်မျှင်များက ထပ်မံ၍ ထွက်ပေါ်လာ၏။ ဆံချည်မျှင်များလျော့ကျသွားစဉ် ကျန်းယွဲ့လု၏ ခန္ဓာကိုယ်က နောက်တစ်ဖန်ပေါ်ထွက်လာသည်။
သို့သော်လည်း ကျန်းယွဲ့လု၏ မျက်နှာက တည်တံ့နေဆဲဖြစ်သည်။ သူမဖြတ်တောက်လိုက်သည့် ဆံချည်မျှင်များသည် အနီးနားမှာ လွင့်မျောပြီး ပို၍ပင်ပြင်းထန်ကြမ်းတမ်းလာသည့် ရှုပ်ထွေးသောအတွေးပေါင်းစုံကို ဖြစ်ပေါ်လာစေခြင်းကြောင့်ပင်။ မကျေမချမ်းမှုများအပြင် ချစ်ခြင်းမေတ္တာခံစားချက်များလည်း ပါဝင်လာသည်။
ချစ်ခြင်းမေတ္တာခံစားချက်များရှိနေသည့် ဤဆံချည်မျှင်အသစ်များနှင့် မကျေမချမ်းမှုများကို ဆုပ်ကိုင်ထားသည့် ဆံချည်မျှင်အဟောင်းများက ရောထွေးယှက်ဖြာပြီး ဧရာမပိုက်ကွန်တစ်ခုကို ယက်လုပ်လိုက်၏။ ဤသည်မှာ ထိုက်ယင်ဓား ၁၃ လက်၏ စွမ်းအားဖြစ်သည်။ အမှားတစ်ချက်မှာ ပြိုင်ဘက်ကို ဤစိတ်ခံစားချက် ပင့်ကူအိမ်ထဲ ရုန်းထွက်မရအောင် ပိတ်လှောင်နိုင်သည်။
မဟာဓားပညာရပ်လေးခုထဲမှာ နန်တူဓား ၂၈ လက်နည်းစနစ်နှင့် ပေတူ ဓား ၃၆ လက်နည်းစနစ်သည် တူညီသောလမ်းစဉ်ကနေလာပြီး ဓားပညာရပ်အပေါ် အာရုံစိုက်ထားသည်။ ဆန့်ကျင်ဘက်အနေဖြင့် စီဟန်ဓားသိုင်းစဉ်နှင့် ထိုက်ယင်ဓား ၁၃ လက်သည် ပြိုင်ဘက်၏ နှလုံးသားနှင့်စိတ်အပေါ် တိုက်ခိုက်ခြင်းမှာ အာရုံစိုက်ထားပြီး အရမ်းကို ရင်သပ်ရှုမောဖွယ်ရာဖြစ်သည်။
ကံကောင်းစွာဖြင့် ကျန်းယွဲ့လုသည် စီဟန်ဓားသိုင်းစဉ်မှ နှလုံးသားဓားသိုင်းစဉ်ကို လေ့ကျင့်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူမသည် စိတ်ကိုတည်ငြိမ်စေနိုင်ပြီး ဤကဲ့သို့သောနည်းလမ်းများမှာ အရူးလုပ်မခံရေပေ။ သို့သော်လည်း သူမသည် နောက်ဆုံးမှီခိုအားထားရာအဖြစ် အခြားသောနည်းလမ်းတစ်ခုကို ထုတ်သုံးလာရသည်။
နတ်သက်ကြွေအင်မော်တယ်များသည် အရာရာတိုင်းမှာ ကျွမ်းကျင်နှံ့စပ်သောပညာရှင်များဖြစ်သောကြောင့် သူတို့သည်လည်း နတ်ဆရာများ၏ စိတ်ဝိညာည်ရုပ်တုဆင့်ခေါ်ခြင်းကို သိရှိထား၏။
ကျန်းယွဲ့လုက ပေခြောက်ဆယ်ကျော်မြင့်မားသည့် အဖြူရောင်ခန္ဓာနှင့် စိတ်ဝိညာဉ်ရုပ်တုတစ်ခုကို ဆင့်ခေါ်လိုက်၏။ ရုပ်တုက လက်များစွာပေါ်ထွက်လာပြီး တစ်ခဏချင်းမှာပင် ကျန်းယွဲ့လု၏ စိတ်ဝိညာဉ်ရုပ်တုမှာ လက် ၆၄ ဖက် ရှိလာခဲ့ပြီဖြစ်သည်။
ထို့နောက် ပုံသဏ္ဌာန်မဲ့စက္ကူကလည်း ဓား ၆၄ လက်အဖြစ် ပြောင်းလဲသွားသည်။
စိတ်ဝိညာဉ်ရုပ်တုက ပုံသဏ္ဌာန်နှင့်အရွယ်အစားမတူညီသော ဓား ၆၄ လက်ကို ကိုင်ဆွဲထား၏။ ဓားတချို့က ကြီးမားတုတ်ခိုင်ပြီး တချို့က ပေါ့၍ ပါးလွှာသည်။ တချို့က မြွေများကဲ့သို့ ပျော့ပျောင်းပြီး တချို့က တံခါးရွက်များကဲ့သို့ ကျယ်ပြန့်နေ၏။ ဓားများအားလုံးက ပြင်းထန်ကြမ်းတမ်းသော ဓားချီကို ထုတ်ဖော်ထားသည်။ ထို့နောက် စိတ်ဝိညာဉ်ရုပ်တုသည် လက်များထဲမှာ ဓား ၆၄ လက်ကိုကိုင်ပြီး လှည့်ပတ်လိုက်၏။
စီဟန်ဓားသိုင်းစဉ်မှ ဓားနည်းစနစ်များသည် ရှုပ်ထွေးပြီး ခန့်မှန်းဖို့မဖြစ်နိုင်လောက်အောင် ပြောင်းလဲနိုင်လေသည်။ ဓား ၆၄ လက်ထဲ တစ်လက်ချင်းစီမှာ ဓားနည်းစနစ်၏ ကွဲပြားသော အလှည့်အပြောင်းများရှိနေ၏။
စိတ်ဝိညာဉ်ရုပ်တုသည် ဓားနည်းစနစ်၏ အလှည့်အပြောင်း ၆၄ မျိုးကို တစ်ပြိုင်နက်တည်း အသုံးပြုနေသည်ဆိုလျှင်တောင် သူတို့က မည်သည့် ပဋိပက္ခမှမရှိဘဲ လိုက်ဖက်ညီ၍ အလွန်တရာခန့်မှန်းလို့မရဖြစ်နေ၏။
ဓားချီက စွမ်းအားကြီးမားပြီး ဆံချည်ပိုက်ကွန်ကို ဖျက်ဆီးကာ ဆံပင်အပိုင်းအစများကို ပြန့်ကျဲသွားစေ၏။ ထိုသို့ဖြင့် ကျန်းယွဲ့လုသည် မဟူရာဆံချည်ချပ်ဝတ်တန်ဆာကနေ ရုန်းထွက်လာနိုင်ခဲ့သည်။
အမျိုးသမီးက သူမ၏ ဆံပင်ရှည်များကို ပြန်ရုပ်လိုက်၏။ ထိုအခါ မူလက ခါးထိရှည်သောဆံပင်က တစ်ဝက်သာကျန်တော့လေသည်။ ကျန်းယွဲ့လုက အသာစီးရရှိလာသည်ကို ချီရွှမ်းစုတွေ့မြင်ရသည်နှင့် သူက ထိုအခွင့်အလမ်းကို အသုံးချကာ ပင်မခန်းမရှိရာသို့ ဦးတည်လိုက်လေသည်။ သူက ဤနေရာမှာ အကူအညီများစွာ ပေးစရာမလိုတော့သည့်အတွက်ကြောင့်ဖြစ်သည်။
***