ဤအချိန်မှာ အစိမ်းရောင်ဝတ်အမျိုးသမီးက ဗုဒ္ဓဘုရားကျောင်း၏ ပင်မခန်းမရှိရာသို့ သွားဖို့ကြိုးစားနေသည်ကို ကျန်းယွဲ့လုကလည်း နားလည်သဘောပေါက်သွားသည်။ သို့သော်လည်း ကျန်းယွဲ့လုသည် ရွှမ်ကျောက်စိမ်း၏ တည်ရှိမှုကို သတိမထားမိပေ။ ထို့ကြောင့် အကြမ်းဖျင်းခန့်မှန်းရုံသာ တတ်နိုင်သည်။ မည်သို့ပင်ဆိုစေ သူမသည် အစိမ်းရောင်ဝတ်အမျိုးသမီးကို ထွက်သွားခွင့်ပေးဖို့ စိတ်ကူးမရှိချေ။ အစိမ်းရောင်ဝတ်အမျိုးသမီးသည် ချင်းဖျင်အသင်းဝင်တစ်ဦးဖြစ်နေသောကြောင့်ပင်။
ကျန်းယွဲ့လု၏ ဓားများက ပို၍လျင်မြန်လာပြီး အမျိုးသမီးကို ရှေ့ဆက်မတက်နိုင်အောင် တားဆီးထားသည်။
ချီရွှမ်းစုက ပင်မခန်းမရှိရာသို့ ဝင်ရောက်သွားစဉ် အစိမ်းရောင်ဝတ်အမျိုးသမီးက စိတ်တို ဒေါသထွက်စွာဖြင့် စောင့်ကြည့်နေ၏။ ချီရွှမ်းစုကြောင့်မဟုတ်လျှင် အမျိုးသမီးသည် ကျန်းယွဲ့လုကို အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်ခဲ့ပေလိမ့်မည်။ သူမ၏ တာဝန်ကို ဖျက်ဆီးလိုက်သည့်အတွက် အစိမ်းရောင်ဝတ်အမျိုးသမီးက ချီရွှမ်းစုကို မုန်းတီးနေမိ၏။
အစိမ်းရောင်ဝတ်အမျိုးသမီးက ကျန်းယွဲ့လုကို သူမ၏ အပ်ဖြင့် နောက်တစ်ဖန် ထိုးစိုက်လိုက်၏။ ဤအတတ်ကို ဂမ္ဘီရကြိုးကြာအပ်ဟု ခေါ်ဆိုပြီး အထူးသဖြင့် ချီဒိုင်းကာများ၊ မဖျက်ဆီးနိုင်သော ရွှေခန္ဓာများနှင့် စိတ်ဝိညာဉ်အကာအကွယ်များကို ဖျက်ဆီးရန်အတွက် အထူးတလည် ပုံဖော်ထားခြင်းဖြစ်သည်။
ဤအပ်က လူတစ်ယောက်၏ ခန္ဓာကို စူးမိသွားလျှင် ချီစီးဆင်းမှုကို ပိတ်ဆို့တားဆီးပြီး ပြိုင်ဘက်၏ ကျင့်ကြံမှုအဆင့်ကို ဖိနှိမ်နိုင်သည်။
လက်အပူမလောင်ဘဲ မီးကို ကိုင်ထားဖို့ ဖြစ်နိုင်သည်။ သို့သော် အလွန်တရာမြန်ဆန်ရပေမည်ဟူသောစကားရှိသည်။ အင်အားများအားလုံးကို အမှတ်တစ်ခုတည်းမှာ စူးစိုက်ထားသည်နှင့် ထက်ရှသော လက်သည်းတစ်ခုက သတ္တုနှင့်ကျောက်တုံးတို့ကို ထိုးဖောက်နိုင်သည်ဟူသော နောက်ထပ်ဆိုရိုးစကားလည်းရှိသည်။
ငွေအပ်က အလွန်တရာသေးငယ်သော်လည်း ကျန်းယွဲ့လု၏ စိတ်ဝိညာဉ်ရုပ်တုက ကြီးမားလွန်းနေ၏။ ပေခြောက်ဆယ်ကျော်မြင့်မားသော စိတ်ဝိညာဉ်ရုပ်တုသည် အပ်၏ ထိုးနှက်မှုကို ခဏမျှသာတောင့်ခံနိုင်ပြီး အပ်များက ထိုးဖောက်ဝင်ရောက်လာ၏။
ကျန်းယွဲ့လုက ယခင်တစ်ခါ အစူးခံထားရပြီဖြစ်ပြီး ဤတစ်ခေါက်မှာ သတိထားနေသည်။ သူမသည် စက္ကူဓား ၆၄ လက်ကို ထိန်းမထားတော့ဘဲ သူတို့ကို ချက်ချင်းပင် ကာကွယ်ဖို့အတွက် စက္ကူထီးတစ်လက်အဖြစ် ပြောင်းလဲလိုက်သည်။
ပုံသဏ္ဍာန်မဲ့စက္ကူက အင်မော်တယ်တစ်ပိုင်းပစ္စည်းဖြစ်သည်။ ဂမ္ဘီရကြိုးကြာအပ်များက စိတ်ဝိညာဉ်ရုပ်တုကို ထိုးဖောက်နိုင်သော်လည်း သူတို့သည် စက္ကူထီး၏ မျက်နှာပြင်ပေါ်သို့ ဆင်းသက်သောအခါ သေးငယ်သောအလင်းစီးကြောင်းများအဖြစ် ကြေမွသွား၏။
ကျန်းယွဲ့လုက စိတ်အာရုံပျံ့လွင့်သွားသည်ကိုကြည့်ပြီး အစိမ်းရောင်ဝတ်အမျိုးသမီးက အခွင့်ကောင်းယူကာ ချီရွှမ်းစုကို ဓားချီဖြင့် ခုတ်ပိုင်းချလိုက်၏။ ချီရွှမ်းစုက ခန်းမထဲသို့ ဝင်ရောက်လာသည်နှင့် နောက်ဘက်က ဝင်ရောက်လာသည့် အေးစက်သောလေပြင်းတစ်ချက်ကို ခံစားမိလိုက်ပြီး မြေပြင်ပေါ် လျင်မြန်စွာလှိမ့်ချကာ ဓားချီကို ပွတ်ကာသီကာ ရှောင်တိမ်းလိုက်နိုင်သည်။
ထိုသို့ဖြင့် ချီရွှမ်းစုအပေါ် အမျိုးသမီး၏ ပထမဆုံးတိုက်ခိုက်မှုက ထိရောက်မှု မရှိလိုက်ပေ။ အမျိုးသမီးက ဒုတိယမြောက်တိုက်ခိုက်မှုကို မထုတ်ဖော်ခင် ကျန်းယွဲ့လုက သူမအား နောက်တစ်ဖန်တိုက်ခိုက်လာသည်။
အစိမ်းရောင်ဝတ်အမျိုးသမီးသည် ကျန်းယွဲ့လုကို ခါမထုတ်နိုင်သည့်အတွက် စိတ်တိုနေသော်လည်း ဆက်လက်၍ တိုက်ခိုက်ရသည်။
ဓားချီက အက်ကွဲနေပြီးသားဖြစ်သော ဗုဒ္ဓဆင်းတုတော်ပေါ်သို့ ဆင်းသက်သောအခါ ၎င်းက ချက်ချင်းပင် ပေါ်ကွဲထွက်သွားသည်။
အပျက်အစီးပုံများအောက်မှာနစ်မြုပ်သွားသည့် အစိမ်းရောင်အလင်းတစ်ချက်ကို ချီရွှမ်းစုက ရှင်းရှင်းလင်းလင်းတွေ့မြင်လိုက်ရသည်။ သို့သော်လည်း အနီးနားမှာ ဗုဒ္ဓပုတ္တတစ်ပါးရှိနေသည်ကို အမှတ်ရသွားသောကြာင့် ချီရွှမ်းစုက ရွှမ်ကျောက်စိမ်းကို ချက်ချင်းမွှေနှောက်ရှာဖွေခြင်းမရှိပေ။ ကိုယ်တော်မှာ မည်ကဲ့သို့သော ရည်ရွယ်ချက်ရှိနေသည်ကို သူသေချာမသိရသေးပေ။
ဗုဒ္ဓပုတ္တက မိစ္ဆာတွေကို နှိမ်နှင်းဖို့အတွက် ဒီနေရာကိုရောက်လာတာလား။ ဒါမှမဟုတ် သူက အစိမ်းရောင်ဝတ်အမျိုးသမီးလိုပဲ ရွှမ်ကျောက်စိမ်းကို လာရှာတာလားဟု သူတွေးနေမိသည်။
ဗုဒ္ဓပုတ္တက နတ်ဆိုးများကို နှိမ်နှင်းဖို့အတွက် ဤဘုရားကျောင်းသို့ ရောက်ရှိလာသည်ဆိုလျှင် အဆင်ပြေပေလိမ့်မည်။ ရွှမ်ကျောက်စိမ်းကိုလာရှာတာဆိုလျှင်တော့ ချီရွှမ်းစုသည် ဤကိုယ်တော်ကို သတိထားရပေလိမ့်မည်။
ချီရွှမ်းစုက မတ်တတ်ထရပ်ပြီး မြေပြင်ပေါ်မှာထိုင်နေသော ဗုဒ္ဓပုတ္တရှိရာသို့ လျှောက်လှမ်းသွား၏။ သူက သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်သည်။
“ကျုပ်က တာအိုဂိုဏ်းတော်ရဲ့ ထျန်ကန်းခန်းမက အမှုဆောင်တစ်ဦး ချီရွှမ်းစုပါ… ခင်ဗျားရဲ့ သရုပ်သကန်ကို သိလို့ရမလား”
ဤဗုဒ္ဓပုတ္တသည် ချီရွှမ်းစုနှင့်ကျန်းယွဲ့လုထက် နှစ်အနည်းငယ်ပိုငယ်သည့်ပုံပေါ်သည်။ သူက အသက်နှစ်ဆယ်ဝန်းကျင်မှာသာရှိပေမည်။
သူသည် အပေါ်ရုံသင်္ကန်းမပါဘဲ ဝတ်ရုံတစ်ထည်ကိုသာ ဝတ်ဆင်ထားပြီး သူ၏ဆံပင်များအားလုံးကို ရိတ်ထားလေသည်။
ဦးပဥ္စင်းငယ်က သူ၏ လက်ဖဝါးနှစ်ဖက်ကို ရှေ့မှာပူးကပ်(လက်အုပ်ချီ)ပြီး ပြောလိုက်သည်။
“အမှုဆောင်ချီ… ကျုပ်က ကျင်းချန်ဘုရားကျောင်းက ချီရှစ်ကိုယ်တော်ယန်လျှိုပါ… လောကရဲ့ဆင်းရဲဒုက္ခတွေကို အတွေ့အကြုံယူဖို့ ကျုပ်ဆရာက အမိန့်ပေးထားတယ်”
ကိုယ်တော်၏ အမည်မှ ယန်ဟူသောအသံကိုအခြေခံ၍ ချီရွှမ်းစုက ဤဦးပဥ္စင်းငယ်သည် ဘယ်မျိုးဆက်က ဖြစ်သည်ကို တွက်ချက်နိုင်သည်။
နှိုင်းယှဉ်မည်ဆိုလျှင် ကျန်းယွဲ့လုသည် တာအိုဂိုဏ်းတော်မှ ဝါရင့်ပုဂ္ဂိုလ်တစ်ဦးဟုဆိုနိုင်သော လက်ထောက်မဟာအကြီးအကဲ၏ တပည့်ဖြစ်သော်လည်း ကျန်းယွဲ့လုက ဤဗုဒ္ဓပုတ္တထက် မျိုးဆက်တစ်ဆင့်နိမ့်နေဆဲဖြစ်သည်။
ကျင်းချန်ဘုရားကျောင်းသည် ကျုံးကျိုးနယ်မှာ အကြီးမားဆုံး ဗုဒ္ဓဘုရားကျောင်းအဖြစ် ကျော်ကြားပြီး ဝမ်ရှန်းတာအိုနန်းတော်နှင့် မလှမ်းမကမ်းမှာရှိသော ကျုံးယွဲ့တောင်ပေါ်မှာတည်ရှိသည်။ သို့သော်လည်း ချီရွှမ်းစုသည် ထိုနေရာကို မရောက်ဖူးဘဲ နာမည်ကိုသာကြားဖူးထား၏။
ချီရွှမ်းစုက လက်နှစ်ဖက်ကိုယှက်ပြီး မေးလိုက်၏။
“ကျန်းဆရာတော်ယန်လျှို… ခင်ဗျား ဒီဘုရားကျောင်းကို ဘာလို့ရောက်လာတာပါလဲ… ဒီနေရာက ဘယ်လိုလုပ်ပြီး ဒီလိုပုံစံဖြစ်သွားရတာလဲ”
ယန်လျှိုက သူ၏လက်ဖဝါးနှစ်ဖက်ကို ပူးကပ်ပြီး ပြောလိုက်၏။ “ကျုပ် ခရီးသွားရင်း ဒီနေရာမှာအနားယူနိုင်မယ်တွေးပြီး မြို့ထဲက ဒီဗုဒ္ဓဘုရားကျောင်းကို ရောက်လာခဲ့တာပဲ… ဒါပေမဲ့ ဒီဘုရားကျောင်းမှာရှိတဲ့ ဝင်းတံခါးတွေအားလုံးကို ပိတ်ဆို့ထားတယ်… အဲဒါကြောင့် ဂမ္ဘီရဗေဒင်တွက်ကြည့်တဲ့အခါ ဒီနေရာမှာ တစ်ခုခုထူးဆန်းနေတာကို တွေ့ရတယ်… အဲဒါကြောင့် တံတိုင်းကိုချိုးဖျက်ပြီးတော့ ကျုပ်ဝင်လာခဲ့တာပဲ.. ဒီနေရာမှာရှိတဲ့ ဗုဒ္ဓရုပ်တုအတော်များများက မိစ္ဆာတွေဖြစ်ကုန်ကြပြီ… ဘုရားကျောင်းထဲမှာရှိတဲ့ ကိုယ်တော်တွေအားလုံးကလည်း အသတ်ခံထားရတယ်”
“ဗုဒ္ဓသားတပည့်တွေက အကြင်နာမေတ္တာထားရသလို နတ်ဆိုးတွေကိုလည်း နှိမ်နင်းရမယ်လို့ ကျုပ်ဆရာက ကျုပ်ကို ခဏခဏ သတိပေးထားတယ်… အဲဒါကြောင့်ပဲ ကျုပ်က ဝရဇိန်စစ်သည်တော်ကိုသုံးပြီး ဒီနေရာမှာရှိတဲ့ ဗုဒ္ဓရုပ်ပွားတော် အတော်များများကို ဖျက်ဆီးပစ်ခဲ့တာပဲ.. ဒီနေရာက ဘာလို့ ဒီလိုပုံစံဖြစ်သွားရလဲဆိုတာတော့ ကျုပ်လည်းမပြောတတ်ဘူး”
ချီရွှမ်းစုသည် ကိုယ်တော်၏ ဖြေရှင်းစကားမှ မည်သည့်ဟာကွက်ကိုမှ မတွေ့မြင်ရပေ။
“ဪ.. ဒါ့ကြောင့်ကိုး… ကျန်းဆရာတော်ယန်.. ဒီနေရာက တကယ်တော့ လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းက မိစ္ဆာတွေနေထိုင်တဲ့ အသိုက်အမြုံပဲ… ကျုပ်ရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ ကျုပ်က သူတို့ကိုခြေရာခံရင်း ဒီကိုရောက်လာတာပါ။”
ယန်လျှို့က တံခါးအပြင်ဘက်ကိုကြည့်ပြီး မေးလိုက်သည်။
“အမှုဆောင်ချီ… အပြင်ဘက်မှာတိုက်ခိုက်နေတဲ့ အမျိုးသမီးနှစ်ဦးထဲမှာ ခင်ဗျားရဲ့လုပ်ဖော်ကိုင်ဖက်က ဘယ်တစ်ယောက်လဲ”
ချီရွှမ်းစုက ဖြေလိုက်သည်။
“အစိမ်းရောင်ဝတ်အမျိုးသမီးက အယူဝါဒမိစ္ဆာပဲ… နောက်တစ်ယောက်ကတော့ တာအိုဂိုဏ်းတော်က ပညာရှိကျန်းပါ။”
ယန်လျှိုက ခေါင်းညိတ်ပြလိုက်သည်။
“ညီကိုချီ… ကျေးဇူးပြုပြီး ကျုပ်ခွန်အားနည်းနည်း ပြန်ရလာတာကို စောင့်ပါ… အဲဒါပြီးရင် အဲဒီမိစ္ဆာကိုနှိမ်နင်းဖို့ ပညာရှိကျန်းကို ကျုပ်ကူညီပေးမယ်”
ကိုယ်တော်သည် သူ၏ အင်္ကျီလက်အိုးထဲကနေ သစ်အယ်သီးနှင့်တူသော ဆေးလုံးတစ်လုံးကိုထုတ်ယူကာ ပါးစပ်ထဲကိုထည့်လိုက်သည်။ ထို့နောက် သူက ခြေချိတ်ထိုင်ပြီး မျက်လုံးနှစ်ဖက်ကိုမှိတ်ကာ စတင်၍ တရားထိုင်နေ၏။
ရိုးသားလွန်းသောဗုဒ္ဓပုတ္တငယ်ကိုကြည့်ပြီး ချီရွှမ်းစုက သက်ပြင်းချမိသည်။ သူ့မှာသာ မကောင်းသောစိတ်ကူးရှိနေမည်ဆိုလျှင် သူသည် နတ်နဂါးပစ္စတိုဖြင့် ဤဗုဒ္ဓပုတ္တကို ပစ်နိုင်လေသည်။ ဤမျှနီးကပ်သောအကွာအဝေးမှာ ထိုသူက ခုခံနိုင်မည်မဟုတ်ပေ။
သို့သော်လည်း ချီရွှမ်းစုမှာစည်းတစ်ခုရှိသည်။ သူက အကြောင်းအရင်းမရှိဘဲ လူများကိုသတ်ဖြတ်လိမ့်မည် မဟုတ်ပေ။ သူ ပြန်လှည့်ကြည့်လိုက်စဉ် အမျိုးသမီးနှစ်ဦးက အပြင်ဘက်မှာ ပြင်းထန်ကြမ်းတမ်းစွာတိုက်ခိုက်နေဆဲဖြစ်သည်ကို တွေ့မြင်ရသည်။ ထို့ကြောင့် သူက ဗုဒ္ဓရုပ်တု၏ အပျက်အစီးပုံများရှိရာသို့ လျှောက်လှမ်းသွား၏။
စောစောက အောက်ဘက်မှာ ရွှမ်ကျောက်စိမ်းနစ်မြုပ်သွားသည်ကို သူတွေ့မြင်ခဲ့ရသည်။ ချီရွှမ်းစုအတွက်တော့ ရွှမ်ကျောက်စိမ်းသည် ချင်းဖျင်အသင်းတော်ကနေ ဆုလာဘ်များကိုသာမက အကျိုးဆောင်မှတ်များကိုပါ ရရှိစေမည်ဖြစ်သည်။ ယခုအချိန် သူ့မှာ အကျိုးဆောင်မှတ် ၆၀၀ သာရရှိထားပြီး ချင်းဖျင်အသင်းကနေ ထွက်ခွာနိုင်မည့် အကျိုးဆောင်မှတ် ၉၀၀၀ သူ့ပန်းတိုင်နှင့် ဝေးကွာလွန်းနေဆဲဖြစ်၏။
သူက ရွှမ်ကျောက်စိမ်းကို အရယူနိုင်မည်ဆိုလျှင် အကျိုးဆောင်မှတ်တစ်ထောင်လောက်ကို စုစည်းနိုင်ပေလိမ့်မည်။ ထိုပမာဏသည် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း သူရရှိထားသည့် ပမာဏထက်ပိုများလေသည်။
. . . . . . .
မျက်စိဖြင့် မြင်မြင်သမျှက မည်သည့်သစ်ပင်ဝါးပင်မှမရှိသည့် ခြောက်သွေ့နေသောကုန်းမြေတစ်ခုဖြစ်သည်။ တွေ့မြင်ရသည်မှာ လျှိုမြောင်များနှင့် မီးသင့်ထားသောမြေဆီလွှာဖြစ်သည်။
စစ်မြေပြင်တစ်ခုကဲ့သို့ အရိုးများ၊ အလောင်းများနှင့် ကျိုးပဲ့နေသော မှော်လက်နက်များက နေရာအနှံ့ပြန့်ကျဲနေ၏။ အထဲမှာ တိရိစ္ဆာန်အရိုးများ ပုံထပ်နေသည့် လျှိုမြောင်များနှင့် ကြီးမားသော တွင်းချိုင့်များလည်းရှိနေသည်။
မိုးနှင့်မြေကြားမှာ ခံ့ညားထည်ဝါစွာရပ်တည်နေသည့် ညိုမှောင်နေသော တောင်တစ်လုံးရှိပြီး ကောင်းကင်နေရာအများစုကို ဖုံးကွယ်ထားလေသည်။ တောင်၏ အပေါ်ပိုင်းကို မတွေ့မြင်နိုင်ပေ။ တောင်ထွတ်အပိုင်းအစများစွာသည် တောင်၏ ဘေးပတ်လည်မှာ လွင့်မျောနေကြ၏။ သူတို့သည် တည်ငြိမ်မနေဘဲ အလွန်တရာနှေးကွေးစွာဖြင့် ရွေ့လျားနေကာ နေရောင်ခြည်အောက်တွင်မြင်ရသော ဖုန်မှုန့်များကဲ့သို့ဖြစ်သည်။
မိုးကုပ်စက်ဝိုင်း၏ အစပ်မှာ တွန့်လိမ်၍ ကသောင်းကနင်းဖြစ်နေသော မြင်ကွင်းတစ်ခုရှိသည်။ မိုးနှင့်မြေကို တဖျပ်ဖျပ်ချိတ်ဆက်နေသည့် လျှပ်စီးများကိုလည်း ခပ်ရေးရေးတွေ့မြင်နိုင်သည်။ ထိုလျှပ်စီးကြောင်းများက အလွန်တရာဝေးကွာသည်ဆိုလျှင်ပင် ၎င်း ဆောင်ကြဉ်းလာသည့် ကြောက်စရာကောင်းသောစွမ်းအားကို ခံစားမိနိုင်ဆဲဖြစ်၏။
ဤသည်မှာ ပြိုကျတော့မည့်ဆဲဆဲ ဖျက်ဆီးခံထားရသည့် သုခဘုံတစ်ခုဖြစ်သည်။ သို့သော်လည်း ၎င်းသည် ကျယ်ပြောသောနေရာလွတ်တစ်ခုဖြစ်သောကြောင့် အချိန်၏ တိုက်စားမှုကို တောင့်ခံထားပြီး လုံးလုံးလျားလျား ပျောက်ကွယ်မသွားသေးပေ။
မိုးမျှော်တောင်တန်းသည် ဖျက်ဆီးခံထားရသော ဤသုခဘုံ၏ အလယ်ဗဟိုဖြစ်သည်။ အနီးကပ်ကြည့်ပါက ညိုမှောင်၍ အရှိန်အဝါကြီးမားသော တောင်ပေါ်တွင် အက်ကွဲကြောင်းများစွာရှိနေသည်ကို တွေ့မြင်ရပေလိမ့်မည်။ ဤအက်ကွဲကြောင်းများသည် တောင်၏ဘေးဘက်လည်မှာ အကာအရံကွန်ရက်တစ်ခုကို ဖြစ်ပေါ်စေသည့် လျှိုမြောင်များကဲ့သို့ဖြစ်နေကြသည်။
ညိုမှောင်နေသောတောင်၏ ခါးလယ်မှာ လက်ရှိလောကရှိ မည်သည့်အဆောက်အအုံနှင့်မှ မတူသော ကြီးမားသည့် နန်းတော်တစ်ခုရှိနေသည်။ အဆောက်အအုံ၏ အနားသတ်များက ကြမ်းတမ်းသော်လည်း ရှေးကျသောအငွေ့အသက်ဖြင့် ပြည့်နှက်နေ၏။ ဤအချိန်မှာ နန်းတော်က ယိုယွင်းပျက်စီးနေပြီး ခန်းမထဲမှာ အမျိုးမျိုးသော ရုပ်တုများ၏ ပြတ်တောက်နေသော ခြေလက်များသာကျန်ရှိနေ၏။
ဤအချိန်မှာ ယိုယွင်းပျက်စီးနေသောနန်းတော်၏ ပင်မခန်းမထဲတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက မျက်နှာချင်းဆိုင်ထိုင်နေကြသည်။
“ပြောရမယ်ဆိုရင် ရွှမ်ကျောက်စိမ်းကို ဂမ္ဘီရစွမ်းအားနဲ့ပဲ အသက်သွင်းရမှာပေါ့… ဟုတ်လား”
အမျိုးသားက သူ့လက်ထဲရှိ ရွှမ်ကျောက်စိမ်းကို လက်ဖြင့်သပ်ပြီး သူ့ရှေ့မှာထိုင်နေသော အမျိုးသမီးကိုမေးလိုက်သည်။
“ဟုတ်တယ်”
အမျိုးသမီးကို ထူထဲသောမြူခိုးတစ်လွှာက လွှမ်းခြုံထားပြီး သူမ၏ အစစ်အမှန်ရုပ်ရည်သွင်ပြင်ကို ဖုံးကွယ်ထားလေသည်။ သန်မာသောလေပြင်းတစ်ချက်တိုက်ခတ်ပါက သူမက လွင့်ပါသွားသည့်ပုံရှိသည်။
“သွေးချီ… ဉာဏ်ကွန့်မြူးမှုနဲ့ ပင်ကိုယ်ချီတို့ကို ချိတ်ဆက်လို့မရဘူး… နင်က သူတို့ထဲကတစ်ခုကို ထိန်းထားချင်တယ်ဆိုရင် နောက်တစ်ခုကို အရင်ဆုံးဖျက်ဆီးရမယ်… ဂမ္ဘီရစွမ်းအားကတော့ ရွှေလိုမျိုး ခြွင်းချက်ပဲ… အဲဒါက ဘယ်နေရာမှာပဲ အသုံးပြုပြု တန်ဖိုးရှိတယ်”
အမျိုးသားက သူ့လက်ထဲက ရွှမ်ကျောက်စိမ်းကိုကြည့်ပြီး အလေးအနက်စဉ်းစားတွေးတောသွားသည်။
ခဏနေပြီးနောက် သူက ပြောလိုက်သည်။
“ဂမ္ဘီရစွမ်းအားက ကောင်းတယ်ဆိုပေမယ့် အဲဒါကို ပူဇော်ပသစွမ်းအားကနေ အသွင်ပြောင်းရမယ်.. ပြီးခဲ့တဲ့နှစ်နှစ်ရာအတွင်း တာအိုဂိုဏ်းတော်၊ ရှေးဟောင်းအင်မော်တယ်တွေ၊ ဗုဒ္ဓဂိုဏ်းနဲ့ လျှို့ဝှက်အသင်းအဖွဲ့တွေကြားမှာ အဲဒီပူဇော်ပသစွမ်းအားအတွက်နဲ့ စစ်ပွဲများစွာပေါ်ထွက်ခဲ့တယ်… အနောက်တိုင်းမွန်မြတ်သန့်စင်နန်းတော်ကတောင် ပူဇော်ပသစွမ်းအားကို လိုချင်လာကြတယ်… အဲဒီအဖွဲ့အစည်းတွေနဲ့ယှဉ်ပြိုင်ဖို့က မလွယ်ဘူး”
“ဒီလောကမှာ အကုန်လုံးက သူ့အကြံနဲ့သူ လှုပ်ရှားနေကြတာပဲ”
အမျိုးသမီးက ရယ်မောကာ ပြောလိုက်သည်။
“မော်တယ်တွေက ထိုက်ဖျင်ဒင်္ဂါးတချို့အတွက် ပင်ပင်ပန်းပန်းကြိုးစားရသလို အင်မော်တယ်တွေကလည်း ပူဇော်ပသစွမ်းအားအတွက် အပင်ပန်းခံကြိုးစားနေရတာပဲ… သူတို့လည်း အဲဒီဆင်းရဲဒုက္ခကနေ မလွတ်မြောက်နိုင်ကြဘူး.. ပူဇော်ပသစွမ်းအားက အင်မော်တယ်ငွေကြေးဖြစ်တယ်လို့ တချို့က ဆိုကြတယ်… အဲဒီစကားက ယုတ္တိတန်တယ်လို့ ငါထင်တယ်”
အမျိုးသားက မေးလိုက်သည်။
“အဲဒါဆို ငါတို့က ဒီရွှမ်ကျောက်စိမ်းနဲ့ ဘာလုပ်ရမှာလဲ”
အမျိုးသမီးက များစွာဂရုမစိုက်ဘဲ ပြောလိုက်သည်။
“နင် အဲဒါကိုသိမ်းထားလို့ရတယ်… အခြားတစ်ယောက်ကိုပေးမယ်ဆိုလည်းရတယ်… နင်အဲဒါကို ပြန်ပေးလို့လည်းရတယ်.. အဲဒါကို ဘာလုပ်ပစ်မယ်ဆိုတာက ငါ့ကိစ္စမဟုတ်ဘူး”
အမျိုးသားက နောက်တစ်ဖန် အလေးအနက်စဉ်းစားတွေးတောသွား၏။
အမျိုးသမီးက သူ့ကို သတိပေးလိုက်သည်။
“နဂါးပန်းချီကားတစ်ချပ်မှာ နောက်ဆုံးစုတ်ချက်တွေ ထည့်သွင်းရတာက ထင်ရသလောက် မရိုးရှင်းဘူး… အဓိကအချက်က ပန်းချီဆရာပေါ် မူတည်နေတယ်… ဆရာသခင်တစ်ဦးကပဲ ကောင်းမွန်တဲ့ရလဒ်တွေကို ထွက်ပေါ်စေနိုင်တယ်”
“လီမိသားစုက အဲဒီကောင်လေးကလား…”
အမျိုးသမီးက ပြောလိုက်၏။
“လီမိသားစုကကောင်လေးမှာ ရွှမ်အရှင်မြတ်ရဲ့ မျိုးဆက်သွေးရှိတယ်… အဲဒါက ပြဿနာရှိမှာမဟုတ်လောက်ဘူး”
အမျိုးသားက ရုတ်တရက်နှုတ်ဆိတ်သွားလေသည်။
***