ချီရွှမ်းစုက အပျက်အစီးပုံများကို လက်ဖြင့်ယက်ပြီး နောက်ဆုံးမှာ အောက်ဘက်တွင် အစိမ်းရောင်အစတစ်စကို တွေ့မြင်သွားသည်။ ၎င်းသည် ရှေးခေတ်များက လခြမ်းကွေးပုံသဏ္ဌာန် ဓားအသပြာနှင့်ဆင်တူသည်။ ရွှမ်ကျောက်စိမ်းက အစိမ်းရောင်ရှိပြီး အရည်လည်နေကာ အထဲတွင် သွေးကြောများနှင့်ဆင်တူသည့် အနီရောင်အမျှင်များစွာရှိနေသည်။
သို့သော်လည်း ဖုန်ထိုက်ခရိုင်မှာ သူရှာတွေ့ခဲ့သည့် ရွှမ်ကျောက်စိမ်းနှင့်ယှဉ်လျှင် ဤရွှမ်ကျောက်စိမ်းသည် အထဲမှာ သွေးကြောကဲ့သို့အမျှင်များ ပိုမိုပါရှိပြီး အနီရောင်သန်းနေ၏။
ချီရွှမ်းစုသည် ရွှမ်ကျောက်စိမ်းကို ဆုပ်ကိုင်ကာ စိတ်လှုပ်ရှားနေမိ၏။
တစ်ချိန်တည်းမှာပင် လူနှစ်ဦးက ယီရှန်မြို့၏ တောင်ထိပ်ကနေ ယွီလန်ဘုရားကျောင်းကို ကြည့်နေကြသည်။
ဤလူနှစ်ဦးထဲမှာ တစ်ဦးသည် ခေါင်းကိုပြောင်နေအောင်တုံးထားပြီး အပေါ်ရုံသင်္ကန်းတစ်ထည်ကို ဝတ်ဆင်ထားသည်။ သူက သာမန်တွေ့မြင်နေကျ ဗုဒ္ဓဘာသာဘုန်းကြီးများ၏ ပုံစံဖြစ်သည်။ သူသည် ယီရှန်မြို့ဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော်ဖြစ်သည်။ သူ၏ ဘွဲ့နာမည်က ကျူးချန်ဖြစ်သည်။ ဤအချိန်မှာ သူသည် လက်ခြောက်ဖက်ရုပ်တုရှေ့မှာ ဒူးထောက်မနေဘဲ တောင်ထိပ်ပေါ်သို့ ရောက်နေလေသည်။
အခြားသောလူမှာ လေးထောင့်စပ်စပ်မျက်နှာနှင့် ကြီးမားသော နားရွက်များရှိသည်။ သူက လူကုံထံအသိုင်းအဝိုင်းမှ အထက်တန်းလွှာအမျိုးသားတစ်ဦး၏ ပုံစံမျိုး ဝတ်စားထားသည်။ လောရှောင်သာ ဤနေရာမှာရှိနေမည်ဆိုလျှင် ဤလူကြီးလူကောင်းက ရှချန်ဖြစ်သည်ကို မှတ်မိသိရှိပေလိမ့်မည်။ ရှချန်၏ ဖခင်သည် မြို့ထဲမှ ကျော်ကြားသော မြေပိုင်ရှင်တစ်ဦးဖြစ်သောကြောင့်ပင်။ သူသည် ဓားပြများ၏ လက်ချက်ဖြင် သေဆုံးသွားသော နာမည်ဆိုးဖြင့်ကျော်ကြားသည့် ကျောင်းတာယန်နှင့်မတူဘဲ ရှချန်၏ ဖခင်သည် အလှူအတန်းရက်ရောပြီး မြို့ထဲမှာ ပရဟိတဒါနရှင်တစ်ဦးအဖြစ် ကျော်ကြားလေသည်။
ဘုန်းကြီးနှင့် အထက်တန်းလွှာအမျိုးသား နှစ်ဦးစလုံးက လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်း၏ အဖွဲ့ဝင်များဖြစ်ကြသည်။ ဤအချိန်မှာ လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းမှ အဖွဲ့ဝင်ခုနှစ်ဦးစလုံးက ပေါ်ထွက်လာကြလေပြီ။
ဘုန်းကြီးကျူးချန်က ကျောက်စိမ်းဆွဲသီးလေးခုကို ကိုင်ဆွဲထားသည်။ သူ့အပိုင်တစ်ခုအပြင် အခြားသောကျောက်စိမ်းဆွဲသီးသုံးခုသည် ဒဏ်ရာရရှိထားသော နတ်ဆရာမ၊ လင်းကျန်းယွမ်နှင့် စာပေသမားတို့၏ ပစ္စည်းများ ဖြစ်သည်။
ရှချန်ကလည်း လက်ထဲမှာ သူ၏ ကျောက်စိမ်းဆွဲသီးကို ကိုင်ဆွဲထားပြီး စိတ်မကောင်းသည့်ဟန်ဖြင့် ပြောလိုက်သည်။
“အယူဝါဒခေါင်းဆောင်က ငါတို့ ခုနှစ်ယောက်ကို ကျောက်စိမ်းဆွဲသီးတစ်ခုစီ ပေးထားခဲ့တယ်… ကံဆိုးစွာနဲ့ပဲ ပိုင်ယုံကွမ်းနဲ့ ဟဲနန်ရဲ့ ကျောက်စိမ်းဆွဲသီးတွေက တာအိုဆရာတွေလက်ထဲကို ရောက်သွားပြီ… ငါတို့ရဲ့စွမ်းအားက လျော့ကျသွားမလား စိုးရိမ်မိတယ်”
ကျူးချန်က ပြုံး၍ပြောလိုက်သည်။
“လျော့ကျသွားမယ်ဆိုရင်တောင် သိပ်ပြီးကွာခြားမှာ မဟုတ်ဘူး… ဘာပဲပြောပြော ပြိုင်ဘက်က ကောင်းကင်သက်ရှိတစ်ဦးမဟုတ်ဘူး”
ရှချန်က ခေါင်းညိတ်ပြီး သူ၏ ကျောက်စိမ်းဆွဲသီးကို ကျူးချန်ထံ ကမ်းပေးလိုက်သည်။
ဤသည်မှာ လက်ရှိပြဿနာကို ဖြေရှင်းဖို့အတွက် သူတို့၏ နောက်ဆုံးမှီခိုအားထားရာဖြစ်သည်။ အခြေအနေသည် သူတို့ထင်ထားသည့်လမ်းကြောင်းအတိုင်း ဆင့်ကဲပြောင်းလဲလာနေသည်။
ကျန်းယွဲ့လုနှင့် ချီရွှမ်းစုသည် ယီရှန်မြို့မှ မူမမှန်မှုကို ရှာတွေ့ပြီးနောက် သူတို့သည် အယူဝါဒမိစ္ဆာများကို ခြေရာကောက်ကာ ဤဗုဒ္ဓဘုရားကျောင်းကို ရှာတွေ့ခဲ့သည်။ ထိုသို့ဖြင့် ကျူးချန်နှင့် ရှချန်သည် ယွီလန်ဘုရားကျောင်းကို ထောင်ချောက်အဖြစ်ပြောင်းလဲကာ သူတို့ကို ပြဿနာလာရှာသည့်သူများကို မြှုပ်နှံပစ်လိုခြင်းဖြစ်သည်။
ရွှမ်ကျောက်စိမ်းကိုတော့ ကျူးချန်သည် ဗုဒ္ဓလိုဏ်ဂူတစ်ခုထဲကနေ အမှတ်မထင်ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းသည် ရတနာတစ်မျိုးဖြစ်မည်ဟု အစက သူတွေးခဲ့သော်လည်း နှစ်ပေါင်းများစွာလေ့လာပြီးနောက် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။ နောက်ပိုင်းမှာ ထူးဆန်းသောဤကျောက်စိမ်းသည် ဗုဒ္ဓရုပ်တုများကို အသက်ဝင်စေနိုင်သည်ကို သူရှာတွေ့ခဲ့သည်။ ထို့ကြောင့် သူသည် ယွီလန်ဘုရားကျောင်း၏ ပင်မခန်းမထဲမှာတည်ရှိသော ဗုဒ္ဓရုပ်ပွားတော်ထဲမှာ ရွှမ်ကျောက်စိမ်းကို ထည့်မြှုပ်ခဲ့သည်။ ထိုသို့ဖြင့် ဘုရားကျောင်းထဲမှာရှိသော ဗုဒ္ဓရုပ်ပွားတော်များအားလုံးက အသက်ဝင်လာခဲ့၏။
ရွှမ်ကျောက်စိမ်းကို ပူဇော်ပသစွမ်းအားကနေ အသွင်ပြောင်းလဲထားသည့် ဂမ္ဘီရစွမ်းအားဖြင့် အသက်သွင်းနိုင်သည်မှာ တိုက်ဆိုင်မှုတစ်ခုဖြစ်သည်။ ပင်မခန်းမထဲမှာ ဗုဒ္ဓရုပ်တုသည် ပူဇော်ပသစွမ်းအားများကို စုစည်းထားသည့်နေရာမှာရှိနေသည်။ ထို့ကြောင့် ရွှမ်ကျောက်စိမ်းက တစ်စိတ်တစ်ဒေသအားဖြင့် အသက်ဝင်လာခဲ့သည်။
ကျူးချန်သည် စုံစမ်းစစ်ဆေးနေသည့် တာအိုဆရာများကို ဤဗုဒ္ဓဘုရားကျောင်းသို့ မျှားခေါ်ရန် ၎င်းကို ငါးစာအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ ယွီလန်ဘုရားကျောင်းက မူမမှန်သည်ကို မည်သူမဆိုပြောနိုင်ကြပေလိမ့်မည်။ ထို့ကြောင့် ယွီလန်ဘုရားကျောင်းသည် သူတို့၏ ခံတပ်ဖြစ်သည်ဟု တာအိုဆရာများက ယူဆသွားကြပေလိမ့်မည်။
သို့သော်လည်း ကျူးချန်က လူနှစ်ယောက်ကို လျစ်လျူရှုခဲ့မိ၏။ ယန်ရှိုသည် ကျန်းယွဲ့လုနှင့် ချီရွှမ်းစုမရောက်ခင် ယွီလန်ဘုရားကျောင်းထဲသို့ ဝင်ရောက်လာလိမ့်မည်ဟု သူထင်မှတ်မထားခဲ့ပေ။ အစိမ်းရောင်ဝတ်အမျိုးသမီးကလည်း သိပ်မကြာခင် ရောက်ရှိလာလိမ့်မည်ဟု သူထင်မှတ်မထားခဲ့ပေ။
ကျန်းယွဲ့လုသည် ဗုဒ္ဓရုပ်တုနှင့် ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်ရဖို့ ကျူးချန်က မျှော်လင့်ထားသည်။ သို့သော်လည်း ယန်ရှိုက ဗုဒ္ဓရုပ်တုကို အရင်ဖျက်ဆီးထားပြီဖြစ်သောကြောင့် ကျန်းယွဲလုနှင့် အခြားသူများက မည်သည့်အဟန့်အတားမှမရှိဘဲ ဘုရားကျောင်းထဲမှာ ဝင်နိုင်ထွက်နိုင်ကြပြီဖြစ်သည်။
ဘုန်းကြီးက သူ၏ လက်နှစ်ဖက်ကို ဖြန့်ကာ ကျောက်စိမ်းဆွဲသီးငါးခုကို လေထဲမှာလွင့်မျောစေပြီး ဒြပ်စင်ငါးမျိုး ဝင်္ကပါအတိုင်း သူတို့ကို နေရာချလိုက်သည်။
ထိုအချိန်မှာ ရှချန်က တစ်ဘက်သို့ လှည့်ထွက်သွားပြီဖြစ်၏။
ကျူးချန်က သူ၏ လက်ကောက်ဝတ်ကို လှီးဖြတ်ပြီး သွေးများကို ထွက်လာစေ၏။ ဒဏ်ရာမှထွက်လာသောသွေးများက ကျောက်စိမ်းဆွဲသီးများရှိရာသို့ လွင့်မျောသွား၏။ ယင်းသည် ကျောက်စိမ်းဆွဲသီးငါးခုထဲမှာပါဝင်သော ဂမ္ဘီရစွမ်းအားကို နှိုးဆွပေလိမ့်မည်။ ရုတ်တရက် သူ၏ ဘေးပတ်လည်မှာ သွေးနီရောင်မြူခိုးများက ပြည့်နှက်သွား၏။
ယွီလန်ဘုရားကျောင်း၏ ကျောင်းထိုင်ဆရာသည် ဆင်းရဲစွာဖြင် မွေးဖွားလာသော်လည်း သူက လောက၏ အနိမ့်အမြင့် အတက်အကျများစွာကို ခံစားခဲ့ဖူးခြင်းမရှိပေ။ သူအသက် ၂နှစ်ကို ရောက်သည့်အချိန်မှာ သူ၏ မိဘများသည် သာမဏေတစ်ဦးဖြစ်လာစေဖို့ သူ့ကို ဤတောင်ပေါ်သို့ ပို့ခဲ့သည်။
ကျူးချန်သည် ဤဘုရားကျောင်းမှာ ပျင်းရိငြီးငွေ့စွာဖြင့် နေထိုင်ခဲ့ရသည်။ သူက သူ့ဆရာကို ဘယ်လိုအကြိုက်ဆောင်ရမလဲ မသိသောကြောင့် ရောင်းရင်းကိုယ်တော်များ၏ ဖယ်ကြဉ်ခြင်းနှင့် အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည်။
သူက ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ ဒူးထောက်ပြီး ပိုမိုကောင်းမွန်သောဘဝတစ်ခုရရှိလာဖို့ အကြိမ်ကြိမ်ငိုယိုတောင်းဆိုခဲ့ဖူးသည်။ သို့သော်လည်း မည်သည့်တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။ ကံအကြောင်းအခွင့်တိုက်ဆိုင်စွာဖြင့် သူသည် လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းနှင့် ဆက်သွယ်မိပြီး သူတို့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့၏။
လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်း၏ အကူအညီနှင့်အတူ ကျုးချန်က သူ့ကိုအနိုင်ကျင့်ခဲ့သည့် ကိုယ်တော်များကို တိတ်တဆိတ်သတ်ဖြတ်ခဲ့သည်။ ထို့နောက် သူက သူ့ဆရာ၏ ပြဿနာများကို ကူညီဖြေရှင်းပြီး လက်တိုလက်တောင်းကိစ္စများကို ပြုလုပ်ပေးကာ နောက်ဆုံးတွင် သူ့ဆရာ၏ ယုံကြည်မှုကို ရရှိလာခဲ့၏။ သူ့ဆရာသည် ပိုမိုကြီးမားသော ဘုရားကျောင်းသို့ ရွှေ့ပြောင်းခံရသည့်အချိန်မှာ ယွီလန်ဘုရားကျောင်း၏ ကျောင်းထိုင်ဆရာအဖြစ် သူ့ကို ထောက်ခံပေးခဲ့သည်။
တာအိုချင်းပိုင်ဘုရားကျောင်း၊ ဗုဒ္ဓယွီလန်ဘုရားကျောင်း၊ တပ်မှူးရုံးနှင့် လူကုံထံရှမိသားစုတို့က လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်း၏ အဖွဲ့ဝင်များဖြစ်လာခဲ့ကြသည်။ ထိုသို့ဖြင့် ယီရှန်မြို့တစ်မြို့လုံးက သူတို့၏ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားခဲ့လေသည်။
ကျူးချန်၏ ရှေ့မှာရှိသော ကျောက်စိမ်းဆွဲသီးငါးခုက သွေးနီရောင်အလင်းဖြင့် တောက်ပလာ၏။
ကျူးချန်က ရေရွတ်လိုက်သည်။
“သွားတော့”
ကျောက်စိမ်းဆွဲသီးငါးခုသည် ယွီလန်ဘုရားကျောင်း၏ အရှေ့ဘက်၊ အနောက်ဘက်၊ မြောက်ဘက်၊ အရှေ့တောင်ဘက်နှင့် အနောက်တောင်ဘက်များသို့ အသီးသီးလွင့်မျောသွားပြီး လေထဲမှာ စွတ်ကြောင်းရာငါးခုကို ကျန်ရစ်ခဲ့စေ၏။
နောက်ခဏ၌ ကျောက်စိမ်းဆွဲသီးငါးခုက တစ်ပြိုင်နက်တည်း ပေါက်ကွဲပြီး သိပ်သည်းပြင်းထန်သော သွေးရေတံခွန်များအဖြစ် ပြောင်းလဲကာ အောက်ဘက်မှာရှိသော ယွီလန်ဘုရားကျောင်းပေါ်သို့ သွန်းလောင်းကျဆင်းလာ၏။
ကောင်းကင်တစ်ခုလုံးက သွေးနီရောင်အဖြစ်ပြောင်းလဲသွားပြီး ကပ်ဘေးတစ်ခုကျရောက်လာတော့မည်ကို ညွှန်ပြနေသည်။
ဤသည်ကိုမြင်ပြီး ယွီလန်ဘုရားကျောင်းထဲမှလူတချို့သည် တစ်စုံတစ်ရာမှားယွင်းနေသည်ကို နားလည်သဘောပေါက်လာသည်။ ကျန်းယွဲ့လုနှင့် အစိမ်းရောင်ဝတ်အမျိုးသမီးက တိုက်ခိုက်နေခြင်းကို အလျင်အမြန်ရပ်စဲလိုက်ကြ၏။
ဤအချိန်မှာ အမျိုးသမီးနှစ်ဦးသည် ဘုရားကျောင်း၏ ဝင်းတံခါးနှင့် မလှမ်းမကမ်းမှာရှိနေကြသည်။ အစိမ်းရောင်ဝတ်အမျိုးသမီးက အရင်ဆုံးထွက်ပြေးသွားသော်လည်း ကျန်းယွဲ့လုက ချီရွှမ်းစုနှင့်အတူ ထွက်ခွာလိုကာ တွေဝေတုံ့ဆိုင်းနေ၏။ သို့သော်လည်း ချီရွှမ်းစုက ခန်းမထဲကနေ ပြေးထွက်လာပြီး လှမ်းအော်ပြောလိုက်သည်။
“ငါ ဒီဘက်ကနေ ထွက်မယ်… မင်း အဲ့ဘက်ကနေ သွားတော့။”
ကျန်းယွဲ့လုက ဆက်လက်၍ တုံ့ဆိုင်းမနေတော့ဘဲ အပြင်ဘက်သို့ ခုန်ထွက်လိုက်၏။
ဘုရားကျောင်း၏ ဝင်းတံခါးသည် စံအိမ်တစ်လုံး၏ ဝင်းစောင့်တဲနှင့် ဆင်တူလေသည်။ ပုံမှန်အားဖြင့် ဝင်းတံခါး၏ အတွင်းဘက်မှာ တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေသည့် ခံ့ညားထည်ဝါသော ဝရဇိန်စစ်သည်တော်နှစ်ဦး၏ ရုပ်တုများရှိနေတတ်လေသည်။ ရုပ်တုများသည် မိစ္ဆာများနှင့် တစ္ဆေသရဲများကို ခြောက်လှန့်ဖို့အတွက် ဝရဇိန်လက်နက်တစ်ခုစီကို ကိုင်ဆွဲထားကြ၏။
ဝင်းစောင့်တဲ၏ ဘယ်ဘက်ခြမ်းမှာရှိသော ဝရဇိန်စစ်သည်တွင် ဒေါသချောင်းချောင်းထွက်နေသောအကြည့်နှင့် ဖွင့်ဟထားသော ပါးစပ်ပေါက်ရှိကာ ညာဘက်ခြမ်းမှာရှိသော ဝရဇိန်ကတော့ နှုတ်ခမ်းကိုတင်းတင်းစေ့က အမျက်ဒေါသမျက်နှာရှိနေသည်။ ထို့ကြောင့် သူတို့သည် စစ်သူကြီးဟန်နှင့် စစ်သူကြီးဟာ ဟူ၍ လူသိများကြသည်။
စစ်သူကြီးဟန်က ပါးစိတ်ပိတ်ထားသော ရုပ်တုဖြစ်ပြီး စစ်သူကြီးဟာက ပါးစပ်ဖွင့်ထားသောရုပ်တုဖြစ်သည်။
ဤအချိန်မှာ ချီရွှမ်းစုက ဘုရားကျောင်း၏ ဝင်းတံခါးနှင့် အတော်အတန်ကွာဝေးသော ပင်မခန်းမထဲမှာ ရောက်ရှိနေသည်။ သူသည် ကျန်းယွဲ့လုနှင့်အတူ လိုက်ပါသွားဖို့ အချိန်မရတော့ပေ။ ထို့ကြောင့် ယွီလန်ဘုရားကျောင်းသို့ သူတို့ဝင်ရောက်ခဲ့သည့်လမ်းကြောင်းအတိုင်း လမ်းကြောင်းပိုတိုသည့်ဘက်ကနေ ထွက်ခွာမည်ဖြစ်သည်။
ချီရွှမ်းစုက တစ်ဘက်သို့လှည့်ထွက်လိုက်သည့်အချိန်မှာပင် သူ၏ နောက်ကျောကနေ ဖိခြေလာသည့် နာကျင်မှုတစ်ခုကို ရုတ်တရက်ခံစားမိလိုက်၏။ တစ်ယောက်ယောက်က သူ့ကို နောက်ဘက်ကနေ တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
ချီရွှမ်းစု၏ ကိုယ်တွင်းအင်္ဂါများအားလုံးက ဒဏ်ရာရရှိသွားပြီး ပါးစပ်ထဲကနေ သွေးများပန်းထွက်လာ၏။ သူက ကိုယ်ကို ခက်ခက်ခဲခဲနှင့်လှည့်ကာ ကြည့်လိုက်စဉ် နောက်ဘက်ကနေ သူ့ကိုတိုက်ခိုက်လိုက်သူက ကိုယ်တော်ယန်ရှိုဖြစ်သည်ကို တွေ့မြင်လိုက်ရသည်။
ဤအချိန်မှာ ယန်ရှိုသည် ယခင်ကကဲ့သို့ ငယ်ရွယ်နုပျိုခြင်းနှင့် ရိုးသားခြင်း မရှိတော့ပေ။ သူက ရက်စက်ကြမ်းတမ်း၍ မကောင်းဆိုးဝါးဆန်သည့်ပုံပေါ်နေသည်။
“မင်း…”
ချီရွှမ်းစုသည် တုန်လှုပ်သည်ထက် ဒေါသက ပိုထွက်နေ၏။ သူ့လိုမျိုး သမ္ဘာရင့် ခရီးသွားတစ်ဦးက ဤဦးပဉ္စင်းငယ်ကို သတိမထားဘဲ ချောင်းမြောင်းတိုက်ခိုက်ခွင့်ပေးခဲ့မိလေသည်။
ယန်ရှိုက လှောင်ရယ်လိုက်သည်။
“ငါမင်းကို မသေခင် နားလည်သွားအောင် ပြောပြခဲ့မယ်… ဒါက သွေးယဇ်ပူဇော်မှုကို အကြိုက်ဆုံးဖြစ်တဲ့ ရှေးဟောင်းအင်မော်တယ်ဝူလောရဲ့ နတ်ဘုရားဆင်းသက်မှုပဲ… သူ့ရဲ့ နတ်ဘုရားဆင်းသက်မှုမှာ သွေးနဲ့သေဆုံးခြင်းကို မြင်ရဖို့လိုတယ်.. မဟုတ်ရင် သူ့ရဲ့သောင်းကျန်းမှုက ရပ်တန့်သွားမှာမဟုတ်ဘူး… ဒီဘုရားကျောင်းထဲက ငါတို့လေးယောက်ထဲမှာ မင်းက ကျင့်ကြံမှုအဆင့်အနိမ့်ဆုံးပဲ… အဲဒါကြောင့် ငါက မတတ်သာဘဲ မင်းကို စတေးလိုက်ရတာပဲ”
ဤစကားကိုပြောပြီးနောက် ယန်ရှိုက ချီရွှမ်းစုကို မြေပြင်ပေါ်သို့ ကန်ချကာ လှည့်ထွက်လိုက်၏။
ချီရွှမ်းစုက မြေပြင်ပေါ်ကို လဲကျပြီး သွေးများကို အန်ထုတ်လိုက်ရသည်။ သို့သော်လည်း သေရေးရှင်ရေးအခိုက်အတန့်မှာ ချီရွှမ်းစုက ရုန်းကန်ပေါက်ကွဲအားတချို့ကို ရရှိလာ၏။ သူ၏ ညာဘက်လက်က ရွှမ်ကျောက်စိမ်းကို ကိုင်ထားဆဲဖြစ်သော်လည်း ဘယ်ဘက်လက်က ယန်ရှို၏ ခြေချင်းဝတ်ကို အရူးအမူးဖမ်းဆွဲလိုက်၏။
ချီရွှမ်းစုက သေရမည်ဆိုလျှင်ပင် ယန်ရှိုကို သူနှင့်အတူ ဆွဲခေါ်သွားလိုသည်။
ယန်ရှိုက ဒေါသချောင်းချောင်းထွက်နေသောအကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။
ကျန်းယွဲ့လုက ယွီလန်ဘုရားကျောင်းထဲကနေ ထွက်ပြေးသွားပြီးနောက် သူက နောက်ပြန်လှည့်ကြည့်ကာ ကောင်းကင်ထက်ကနေ သွန်းလောင်းကျဆင်းလာသည့် သွေးရေတံခွန်ငါးခုကို တွေ့မြင်သွား၏။ ဘုရားကျောင်းက အောက်ဘက်မှာ လုံးဝနစ်မြုပ်သွားလေသည်။
သူမသာ ဘုရားကျောင်းထဲမှာရှိနေမည်ဆိုလျှင် သူမက ကွေ့ကျန်းအဆင့် နတ်သက်ကြွေအင်မော်တယ်တစ်ဦးဖြစ်သည်ဆိုလျှင်ပင် ထိုနေရာမှာ သေရပေလိမ့်မည်။ ဤသည်ကိုစဉ်းစားရင်း သူမက အနည်းငယ် ကြောက်လန့်နေမိသည်။ ထို့နောက် သူက ထွက်ပြေးနိုင်ပါ့မလားမသေချာသည့်အတွက် ချီရွှမ်းစုအတွက် စိုးရိမ်ပူပန်လာမိသည်။ သူသာအထဲမှာကျန်နေခဲ့မည်ဆိုလျှင် သေချာပေါက် သေရပေလိမ့်မည်။
အစိမ်းရောင်ဝတ်အမျိုးသမီးက ကျန်းယွဲ့လုနှင့် မလှမ်းမကမ်းမှာရပ်တန့်ပြီး သူမ၏ မျက်နှာပေါ်မှာ တွေဝေရှုပ်ထွေးသောအကြည့်တစ်ခုရှိနေ၏။
ဤအချိန်မှာ အစိမ်းရောင်ဝတ်အမျိုးသမီးက အသိစိတ်ပြန်ကပ်လာပြီး သူမ၏တာဝန် မကျေပွန်တော့သည်ကို နားလည်သိရှိသွားသည်။
အမျိုးသမီးနှစ်ဦးက ခပ်လှမ်းလှမ်းကနေ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြ၏။
ကျန်းယွဲ့လုက အေးစက်စွာပြောလိုက်သည်။
“ငါက တာအိုဂိုဏ်းတော်က အဆင့် ၄ ကျိကျိုးတာအိုအကြီးအကဲ ကျန်းယွဲ့လုပဲ… ငါနင့်ကို နောက်ကျရင် လာရှာမယ်… ငါတို့ရဲ့ မပြီးပြတ်သေးတဲ့တိုက်ပွဲကို ဆက်နွှဲကြတာပေါ့”
အစိမ်းရောင်ဝတ်အမျိုးသမီးက တည်ငြိမ်စွာပြန်ပြောလိုက်သည်။
“ငါက ချင်းဖျင်အသင်းတော်က ရှဲ့ချိုးနျန်… နင့်ရဲ့စိန်ခေါ်မှုကို အချိန်မရွေးလက်ခံဖို့အသင့်ပဲ”
အစိမ်းရောင်ဝတ်အမျိုးသမီး၏ နာမည်သည် နာမည်အရင်းမဟုတ်ဘဲ နာမည်ကြီးကဗျာတစ်ပုဒ်ထဲမှ နာမည်ဖြစ်နေသည့်အတွက် ကျန်းယွဲ့လုက မှင်တက်သွားသည်။
ရှဲ့ချိုးနျန်က ကျန်းယွဲ့လုကို အလေးအနက်တစ်ချက်ကြည့်ပြီး သူမ၏ ဓားပျော့ကိုကိုင်ဆွဲကာ နောက်သို့ ဖြည်းဖြည်းချင်းဆုတ်ခွာသွား၏။
ကျန်းယွဲ့လုက ချီရွှမ်းစု၏ ဘေးကင်းလုံခြုံမှုကို စိုးရိမ်ပူပန်နေသည့်အတွက် အမျိုးသမီးနောက်သို့ လိုက်သွားခြင်းမရှိပေ။
တောင်၏ ဘေးပတ်လည်မှာ စောင့်ကြပ်နေသည့် ဖီးနစ်စိမ်းတပ်သားများစွာသည် ထူးဆန်းသောဤဖြစ်စဉ်ကို တွေ့မြင်ရပြီး အနားသို့ ချဉ်းကပ်ရဲခြင်းမရှိကြပေ။
သို့သော်လည်း သွေးရေတံခွန်များသည် ယွီလန်ဘုရားကျောင်း၏ နယ်နိမိတ်ကို ကျော်လွန်ခြင်းမရှိဘဲ ဘုရားကျောင်း၏ တံတိုင်းများမှာ ကန့်သတ်ခံထားရသည်။
ဘုရားကျောင်းတံတိုင်း၏ အတွင်းဘက်နှင့် အပြင်ဘက်က သီးခြားလောကနှစ်ခုကဲ့သို့ဖြစ်နေသည်။ တံတိုင်း၏ အပြင်ဘက်က တောက်ပလင်းထိန်နေသော်လည်း အထဲမှာ ကောင်းကင်နှင့်မြေကြီးအပါအဝင် အရာရာတိုင်းက သွေးနီရောင်ပေါက်နေသည်။
ယွီလန်ဘုရားကျောင်း၏ အခြားတစ်ဘက်ကနေ လူတစ်ယောက်က တံတိုင်းပေါ်ကနေ အလျင်အမြန်ခုန်ဆင်းလာသည်။ သူသာ အနည်းငယ်နှေးကွေးသွားမည်ဆိုလျှင် သွေးရေကန်ထဲမှာ နစ်မြုပ်သွားပေလိမ့်မည်။
ထွက်ပြေးလွတ်မြောက်လာသူက ယန်ရှိုဖြစ်သည်။ မြေပြင်ပေါ်သို့ ကျဆင်းပြီးနောက် အရှိန်အဟုန်ကြောင့် သူက တောင်ပေါ်ကနေလိမ့်ကျကာ နောက်ဆုံး သစ်ပင်ကြီးတစ်ပင်ကို ပစ်တိုက်မိပြီးမှ ရပ်တန့်သွားသည်။
ယန်ရှိုက သစ်ပင်ကိုမှီကာ ဖြည်းဖြည်းချင်းမတ်တတ်ထရပ်လိုက်၏။ သွေးများဖြင့် လွှမ်းခြုံသွားပြီဖြစ်သည့် ယွီလန်ဘုရားကျောင်းကို သူက လှည့်ကြည့်ပြီး မျက်နှာပေါ်မှာ တွေဝေရှုပ်ထွေးသာအမူအရာများရှိနေသည်။
ချီရွှမ်းစုကို သူပြောခဲ့သည့်အရာက အမှန်ပင်ဖြစ်သည်။ သူသည် ဤဘုရားကျောင်းမှာ တည်းခိုဖို့ ကြံရွယ်ခဲ့သော်လည်း ဤနေရာမှာ တစ်စုံတစ်ရာမှားယွင်းနေသည်ကို ရှာဖွေတွေ့ရှိပြီး နတ်ဆိုးများကို နှိမ်နင်းသတ်ဖြတ်ရန် ဝင်ရောက်လာခဲ့သည်။ ထိုသို့ဆိုလျှင်တောင် ဤအချက်များသည် တာအိုဆရာတစ်ဦးကို မသတ်ဖြတ်အောင် သူ့ကို မတားဆီးနိုင်ခဲ့ပေ။
တာအိုဂိုဏ်းတော်မှာ ကောင်းကင်၊ မြေကမ္ဘာ၊ ရွှမ်နှင့် ဟွမ်ဟူသော အကျိုးဆောင်မှုအဆင့်များရှိသည်။ ချင်းဖျင်အသင်းနှင့် ဗုဒ္ဓဂိုဏ်းမှာလည်း ထိုကဲ့သို့သော အကျိုးဆောင်မှတ်များရှိလေသည်။
မိစ္ဆာများကိုနှိမ်နင်းပြီး အကျိုးဆောင်မှုကို စုဆောင်းဖို့အတွက် တွေဝေတုံ့ဆိုင်းမနေသင့်ပေ။ ဒါ့အပြင် ဤနေရာမှာ သေဆုံးရပါက ဂုဏ်သိက္ခာကျဆင်းဖွယ်ရာဖြစ်သည်ဟု ဗုဒ္ဓပုတ္တယန်ရှိုက တွေးခဲ့သည်။ ချီရွှမ်းစုသည် အဆင့်နိမ့်တာအိုဆရာတစ်ဦးသာ ဖြစ်နေသည့်အတွက် စတေးခံရမည့်သူက ထိုသူသာ ဖြစ်သင့်လေသည်။
ဤအကြောင်းကိုစဉ်းစားရင်း ယန်ရှိုက ဖြည်းဖြည်းချင်းခေါင်းငုံ့လိုက်ချိန် သူ၏ခြေချင်းဝတ်ကို ဆုပ်ကိုင်ထားဆဲ လက်တစ်ဖက်ကို တွေ့မြင်ရ၏။
ထိုလက်သည် လက်ကောက်ဝတ်ကနေ တိတိရိရိဖြတ်ခံထားရသည်။ လက်ချောင်းငါးချောင်းက ယန်ရှို၏ ခြေချင်းဝတ်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး သူ၏ အသားထဲပင် ဖောက်ဝင်နေ၏။ ယခုအချိန်မှာပင် လက်က မလွှတ်လိုသေးပေ။
ယန်ရှိုက လှောင်ရယ်၍ သူ၏ ခြေချင်းဝတ်မှ လက်ချောင်းများကို တစ်ချောင်းပြီးတစ်ချောင်းဖြေထုတ်ပြီးနောက် ထွက်ခွာသွားလေသည်။
***