နောက်ဆုံးမှာတော့ ချီရွှမ်းစုသည် ယွီလန်ဘုရားကျောင်းထဲကနေ မထွက်နိုင်ခဲ့ပေ။ သူ၏ ဘယ်ဘက်လက်က အဖြတ်ခံရပြီး မြေပြင်ပေါ်လဲကျကာ သေရဖို့ကို စောင့်ဆိုင်းနေသည်။
ချီရွှမ်းစုသည် တဖြည်းဖြည်းပျောက်ကွယ်သွားသော ယန်ရှို၏ ပုံရိပ်ကို စောင့်ကြည့်ပြီးနောက် ခက်ခက်ခဲခဲဖြင့် ကိုယ်ကိုလှည့်ကာ ပက်လက်လှန်ချလိုက်သည်။ ထို့နောက် သူက ရွှမ်ကျောက်စိမ်းကို သူ့မျက်လုံးရှေ့သို့ မယူပြီး သူ့ဘာသာသူ တစ်ယောက်တည်းရယ်မောလိုက်သည်။
“လောဘကြောင့်သေရတယ်ဆိုတာ ဒါမျိုးလားကွာ.. ဟားဟား...”
သိပ်မကြာခင် ကောင်းကင်ထက်ကနေ အင်အားကြီးမားသော ဂမ္ဘီရစွမ်းအားတစ်ခု ကျဆင်းလာသည်ကို ချီရွှမ်းစု ခံစားမိလိုက်၏။ မည်သည့်သက်မဲ့အရာကမှ သက်ရောက်ခြင်းမခံရသော်လည်း ဤဂမ္ဘီရစွမ်းအားက သူ၏ အသက်ဓာတ်အားလုံးကို ဖျက်ဆီးပစ်ချင်နေသည်။
ဤကဲ့သို့သော ဂမ္ဘီရစွမ်းအားနှင့်ရင်ဆိုင်ရချိန်မှာ ကောင်းကင်ဘုံသက်ရှိများပင် သေသေချာချာကိုင်တွယ်ရပေမည်။ ကွေ့ကျန်းအဆင့်မှာရှိသော စွမ်းအားကြီးမားသည့် နတ်သက်ကြွေအင်မော်တယ်များနှင့် ဗုဒ္ဓပုတ္တများပင် ဤကဲ့သို့သောအင်အားအောက်မှာ သေကြေပျက်စီးရပေလိမ့်မည်။ ချီရွှမ်းစုလို ခွန်လွင်အဆင့် ရှန်းထျန်သက်ရှိတစ်ဦးကတော့ အသက်ရှင်ဖို့ မျှော်လင့်ချက်မရှိတော့သလောက်နီးပါးပင်။
နောက်ခဏ၌ သွေးနီရောင်အလင်းက ချီရွှမ်းစုကို လုံးလုံးလျားလျား လွှမ်းခြုံသွား၏။
တစ်ယောက်ယောက်က သူ့ခန္ဓာကိုယ်ပေါ် အလွန်ပြင်းထန်သည့် ဒုတ္ထာစိမ်းဆီများလောင်းချလိုက်သည့်အလား သူ၏ အသားများက အစိတ်စိတ်အမွှာမွှာပျက်စီးသွားသည်ဟု ခံစားလိုက်ရသည်။ ၎င်းက သူ၏ အရိုးများထိအောင် တိုက်စားပြီး သူ့တစ်ကိုယ်လုံးက ဒဏ်ရာများဖြင့် ပြည့်နှက်သွားသည်။
ချီရွှမ်းစု၏ အသိစိတ်က တဖြည်းဖြည်းဝေဝါးလာသော်လည်း သူက ညာဘက်လက်ထဲမှာ ရွှမ်ကျောက်စိမ်းကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။ အသိစိတ် မလွတ်တလွတ်အခြေအနေမှာ ပထမဆုံးအကြိမ်အဖြစ် တည်းခိုခန်းမှ လုပ်ကြံသတ်ဖြတ်သူက သူ့ကို ဓားဖြင့်ထိုးခဲ့သည့် ခံစားချက်ကို ပြန်လည်အမှတ်ရသွား၏။ ထို့နောက် လောကတစ်ဝန်း သူလှည့်လည်သွားလာခဲ့ပုံနှင့် သူ၏လည်ပင်း လှီးဖြတ်ခံရလုနီးပါးအချိန်များကို ပြန်လည်အမှတ်ရသွား၏။
‘ငါ သေရတော့မှာလား’
ထို့နောက် သူက သတိလစ်ပြီး အိပ်မက်တစ်ခုထဲသို့ စတင်၍ ဝင်ရောက်သွားသည်။
အိပ်မက်ထဲမှာ ချီရွှမ်းစုသည် ခါတိုင်းလိုပင် မြင့်မား၍ ညိုမှောင်နေသည့် တူညီသော တောင်တန်းကို တွေ့မြင်ရသည်။ ဤတစ်ခေါက်မှာ သူ့ကို လမ်းပြပေးမည့်သူ တစ်ယောက်မှမရှိပေ။ သူက ကြမ်းတမ်းသောလမ်းအတိုင်း တောင်ပေါ်ကို သူ့ဘာသာသူတက်သွားသည်။ လေက အော်မြည်တိုက်ခတ်၍ အမျိုးသမီး၏ တီးတိုးရေရွတ်သံနှင့် သီချင်းဆိုသံက သူ၏ နားထဲသို့ ပျံ့လွင့်လာ၏။ လမ်း၏တစ်ဘက်တစ်ချက်စီရှိ သစ်ပင်များမှာ ပိုးသားဖဲကြိုးများက လေနှင့်အတူယိမ်းနွဲ့နေပြီး လက်ပေါင်းများစွာက ရူးသွပ်စွာ ဝေ့ယမ်းပြနေသလိုပင်။ လမ်းကို ထူးဆန်းသည့် မွှေးရနံ့တစ်မျိုးဖြာထွက်နေသည့် ပွင့်ဖတ်ပွင့်ချပ်များစွာက ဖုံးအုပ်ထားသည်။
ဤတစ်ခေါက်မှာ သူ့ကို ထွက်ပြေးဖို့ အော်ပြောသည့် သူ့ဆရာ၏ အသံကို မကြားရသလို အစ်မချီ၏ တီးတိုးရေရွတ်သံကိုလည်း မကြားရပေ။ လမ်းပြပေးမည့် အမျိုးသမီးလည်း ဤနေရာမှာ ရှိမနေပေ။
ချီရွှမ်းစုသည် တောင်ထိပ်ကိုရောက်လာပြီး တူညီသောမြင်ကွင်းကို မြင်တွေ့ရဆဲပင်။ အလယ်မှာကြီးမားသည့် မိးဖိုတစ်ခုနှင့်အတူ ဟာလာဟင်းလင်းကျယ်ပြန့်သော နေရာလွတ်တစ်ခုရှိနေသည်။
ကွာခြားချက်မှာ မီးဖို၏ နောက်တွင် မတ်တတ်ရပ်နေသည့် မြင့်မားသော ပုံရိပ်ဆယ်ခုဖြစ်လေသည်။ မီးအလင်းရောင်ကြောင့် သူတို့၏ အရိပ်များက ရှည်ထွက်နေကြသည်။ အရပ်မြင့်မြင့် ပုံရိပ်ဆယ်ခုကို မည်းမှောင်နေသောတိမ်စိုင်တစ်လွှာက လွှမ်းခြုံထားပြီး သူတို့၏ ဝေဝေဝါးဝါး ကောက်ကြောင်းများနှင့် မျက်လုံးနှင့်တူသော သွေးနီရောင်အလင်းစက်များကိုသာ တွေ့မြင်နေရသည်။
ထပ်ဖန်တလဲလဲမြင်မက်ခဲ့သော သူ၏ အိပ်မက်မှာ အပြောင်းအလဲများရှိလာလိမ့်မည်ဟု ချီရွှမ်းစု ထင်မှတ်မထားခဲ့ပေ။ နောက်ဆုံးမှတော့ ဖြစ်စဉ်အသစ်တချို့ ပေါ်ထွက်လာသည်။ အိပ်မက်တစ်ခုသာဖြစ်သည်ဟု သူသိထားသော်လည်း ဤပုံရိပ်ဆယ်ခု၏ အရှိန်အဝါကြောင့် သူက ကျောရိုးတစ်လျှောက်ချမ်းစိမ့်လာဆဲဖြစ်၏။ တချို့က ကြင်နာတတ်ပြီး တချို့က ရန်လိုနေကြသည်။
ထို့နောက် ကြီးမားသော ပုံရိပ်ဆယ်ခုနှင့်ယှဉ်လျှင် ပိုမိုသေးငယ်ပြီး ကွဲထွက်နေသော ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရသည်။ ၁၁ခုမြောက်ပုံရိပ်က လူသားအရွယ်အစားနှင့် ပိုမိုနီးစပ်ပြီး ရုတ်တရက် ပေါ်ထွက်လာသည်ဟု ထင်ရသည်။
၁၁ခုမြောက်ပုံရိပ်က ဤနေရာနှင့် လိုက်ဖက်ညီမှုမရှိပေ။ သူမမှာ မည်သည့်လေးစားသမှုမှမရှိဘဲ မီးဖိုကိုကန်ကျောက်ကာ ရယ်မောနေလေသည်။
အခြားသောပုံရိပ်ဆယ်ခုက မျက်မှောင်ကြုတ်လိုက်ကြ၏။ သူမ၏ အပြုအမူမှာ တချို့က မကျေမနပ်ဖြစ်နေပြီး အော်ငေါက်လိုက်ကြ၏။ တချို့ကတော့ သူတို့၏ မျက်လုံးထဲရှိ စဉ်းလဲသော အငွေ့အသက်တချို့နှင့်အတူ နှုတ်ဆိတ်နေကြသည်။
ခဏနေပြီးနောက် ကွဲထွက်နေသောပုံရိပ်က ရယ်မောခြင်းကိုရပ်တန့်ပြီး ဘေးဘက်သို့လျှောက်လှမ်းလိုက်၏။ မီးဖိုက ပြန်လည်တောက်ပလာပြီး ပတ်ဝန်းကျင်ဧရိယာကို အလင်းပေးထား၏။ မီးက ပိုမိုတောက်ပလာစဉ် ပတ်ဝန်းကျင်က ပို၍မှောင်ကျသွားသည်ဟု ထင်ရသည်။
ပုံရိပ်၁၁ခုက အမှောင်ရိပ်ထဲမှာ မတ်တတ်ရပ်ပြီး စတင်၍ တတွတ်တွတ်ရွတ်ဆိုလာကြသည်။
ချီရွှမ်းစုသည် အချိန်နှင့်လေဟာနယ်ကို ဖြတ်ကျော်၍ သူ့အိပ်မက်ထဲကနေ ဤနေရာကို ရောက်ရှိလာသည့်အလား ဤတီးတိုးရွတ်ဆိုသံများက ပို၍ကျယ်လောင်လာသည်။ သူက မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်စဉ် မတူညီသော အော်ရာများကို ဖြာထုတ်ထားသည့် မြင့်မားသော ပုံရိပ် ၁၁ခု၏ ကောက်ကြောင်းများကို တွေ့မြင်လိုက်ရ၏။ သူတို့သည် ရေ၊ မီး၊ ကောင်းကင်၊ ကမ္ဘာမြေ၊ ရှင်သန်ခြင်း၊ သေဆုံးခြင်း၊ အလင်း၊ အမှောင်၊ အချိန်၊ လေဟာနယ်နှင့် ဝိညာဉ်တို့ကို ကိုယ်စားပြုနေသည်။
ဤအချိန်မှာ ပုံရိပ်ဆယ်ခုက တဖြည်းဖြည်းပျောက်ကွယ်ပြီး အမှောင်ထုထဲသို့ ဆုတ်ခွာသွားကြသည်။ နောက်ဘက်မှာကျန်ရစ်ခဲ့သည့် တစ်ဦးကသာ မီးပုံရှိရာသို့ လျှောက်လှမ်းလာပြီး သူမ၏ အစစ်အမှန်သွင်ပြင်ကို ပေါ်ထွက်လာစေ၏။ ဆယ်ပေခန့်မြင့်မားပြီး ပိတုန်းနက်ရောင်ဆံကေသာကို သူမ၏ ခြေသလုံးများရောက်သည်အထိ ဖြန့်ချထားသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမ၏ အသားအရေက ထူးဆန်းသော ဆေးတစ်မျိုးဖြင့် လိမ်းခြယ်ထားသည့်အလား အနီရောင်တောက်တောက်ဖြစ်နေ၏။ သူမသည် ဖျင်ကြမ်းဝတ်ရုံကို ဝတ်ဆင်၍ ဝင်္ကပါတစ်ခုနှင့်ဆင်တူသော ထူးဆန်းသည့် ရုပ်ပုံလွှာတစ်ခုရှေ့မှာ ခြေဗလာဖြင့် မတ်တတ်ရပ်နေ၏။
ထိုရုပ်ပုံလွှာသည် ငှက်ခန္ဓာ၊ လူမျက်နှာနှင့်အတူ ဝါးပင်ကဲ့သို့ အစိမ်းရောင်ဖြစ်လေသည်။
ချီရွှမ်းစုက ကြက်သီးမွေးညင်းထလာသည်။ အဲဒါက ဘာကိုဆိုလိုသည်ကို သူမသိပေ။ ယခုအချိန်မှာ ဆယ်ပေမြင့်သော ထိုပုံရိပ်က သူ့ထံသို့ လျှောက်လှမ်းလာ၏။ အစက လင်းထိန်တောက်ပနေသောမီးက ရုတ်တရက် ငြိမ်းသေပြီး အမှောင်ထုထဲသို့ သူ့ကို နစ်မြုပ်သွားစေသည်။
သူ့ခြေဖဝါးအောက်မှာရှိသောမြေပြင်က မဟူရာတွင်းနက်တစ်ခုဖြစ် ကြေမွပြီး ချီရွှမ်းစုက အထဲကိုကျွံကျသွား၏။ သိပ်မကြာခင် သူက သွေးကန်တစ်ကန်ထဲမှာ နစ်မြုပ်သွားလေသည်။ သူမြင်သမျှအရာရာတိုင်းက အနီရောင်သာဖြစ်နေသည်။
ဤဂမ္ဘီရစွမ်းအားသည် ချီရွှမ်းစုကို ဆွဲယူနှစ်မြှုပ်လိုက်သည့် သွေးမြစ်တစ်စင်းကဲ့သို့ဖြစ်သည်။ တစ်ချိန်တည်းမှာ ချီရွှမ်းစု၏ လက်ဖဝါးထဲရှိ ရွှမ်ကျောက်စိမ်းက ဂမ္ဘီရစွမ်းအားကို အဆက်မပြတ်စုပ်ယူနေ၏။ ရွှမ်ကျောက်စိမ်းထဲမှာ ပါးလွှာသော သွေးကြောမျှင်များက ပြန့်ကားလာပြီး နောက်ဆုံး မြစိမ်းရောင်ကျောက်စိမ်းက အနီရောင်အဖြစ် လုံးလုံးလျားလျားပြောင်းလဲသွားလေသည်။
အစက ရွှမ်ကျောက်စိမ်း၏ လခြမ်းကွေးသဏ္ဌာန်ကလည်း စက်လုံးတစ်လုံးအဖြစ် တဖြည်းဖြည်းပြောင်းလဲသွား၏။ အမှတ်တမဲ့ကြည့်လျှင် ချီရွှမ်းစုက သွေးနီရောင်လတစ်စင်းကို ဆုပ်ကိုင်ထားသည်နှင့်တူနေသည်။
ဤမြင်ကွင်းကို မည်သူကမှ မတွေ့မြင်ရသည်မှာ နှမြောစရာကောင်းသည်။ ဤသည်မှာ ဘုရားကျောင်းထဲရှိ ဗုဒ္ဓရုပ်တုထဲမှာ ထည့်ဝှက်ထားသည့် ရွှမ်ကျောက်စိမ်းဖြစ်ပြီး ပူဇော်ပသစွမ်းအားကို နှစ်ပေါင်းများစွာစုပ်ယူလာခဲ့သည်။ ထို့ကြောင့် ၎င်းသည် တစ်ဝက်တစ်ပျက် အသက်ဝင်သည့်အခြေအနေကို ရောက်ရှိနေပြီဖြစ်သည်။ ဤအချိန်မှာ သိပ်သည်းပြင်းထန်သော ဂမ္ဘီရစွမ်းအား၏ ရိုက်ခတ်မှုအောက်မှာ ရွှမ်ကျောက်စိမ်းက အပြည့်အဝအသက်ဝင်လာသည်။
ရွှမ်ကျောက်စိမ်းသည် ကြီးမားသော ပိုးအိမ်တစ်ခုအဖြစ် ပြောင်းလဲပြီး ချီရွှမ်းစုကို ထွေးပတ်လိုက်သည်။
ချီရွှမ်းစု၏ ခန္ဓာကိုယ်က တဖြည်းဖြည်း အရည်လည်လာ၏။ သူ၏ သွေး၊ မရီးဒါန်များ၊ ကြွက်သားများနှင့် အရေပြားက တဖြည်းဖြည်းဖျော့တော့သွားပြီး အရိုးများသာကျန်ခဲ့သည်။ အမှတ်တမဲ့ကြည့်လျှင် ချီရွှမ်းစုသည် အရိုးစုတစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟု ထင်ရသည်။
ထို့နောက် ချက်ချင်းပင် ချီရွှမ်းစု၏ အရိုးများက တစ်ချောင်းပြီးတစ်ချောင်းကျိုးသွား၏။ သူ၏ ခန္ဓာကိုယ်ကို မမြင်ရသော အင်အားတစ်ခုက ဖိခြေဖျက်ဆီးနေသည့်အလားပင်။ အရိုးများကျိုးသံကို နားထောင်ရသည်ကပင် ကြက်သီးထစရာကောင်းနေ၏။ ဤကဲ့သို့သော နာကျင်မှုနှင့် ကြောက်မက်ဖွယ်ရာက ဖီးနစ်စိမ်းတပ်သားများ၏ ညှင်းပန်းနှိပ်စက်သောနည်းလမ်းများထက်ပင် များစွာပိုမိုဆိုးဝါးလေသည်။
ချီရွှမ်းစု၏ ခန္ဓာကိုယ်ကနေထွက်လာသည့် နောက်ထပ်မမြင်ရသော အင်အားတစ်ခုသည် ထူးခြားသော သွေးကြောများအတိုင်း လှည့်ပတ်စီးဆင်းပြီး သူ၏ အရိုးများကို မူလပုံစံသို့ ပြန်လည်ပြုပြင်ပေးလာသည်။ ဤဖြစ်စဉ်က အကြိမ်ပေါင်းများစွာ ထပ်တလဲလဲဖြစ်ပွားပြီး တစ်ကြိမ်ရုပ်လုံးပေါ်လာတိုင်း သူ၏ အရိုးများက ပို၍အရောင်ရင့်လာသည်။
ဤအခိုက်အတန့်မှာ ချီရွှမ်းစုနိုးလာမည်ဆိုလျှင် သူက အရင်ဆုံး ထုံကျဉ်မှုကိုခံစားရပေလိမ့်မည်။ ထို့နောက် ထုံကျဉ်မှုသည် သူ၏ အရိုးများသို့ ပုရွက်ဆိတ်ပေါင်း ထောင်သောင်းချီ ကိုက်ခဲနေသလို မခံမရပ်နိုင်သည့် ယားယံမှုအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ဤနာကျင်မှုအမျိုးအစားသည် စကားလုံးဖြင့် မဖော်ပြနိုင်လောက်အောင် ပြင်းထန်ကြမ်းတမ်းလေသည်။ မည်သူကမှဤကဲ့သို့သော နာကျင်မှုမျိုးကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ထိုခံစားချက်သည် အရှင်လတ်လတ်အရေခွံစုတ်ခံရသည်ထက် ပိုမိုဆိုးရွားသည်။
ဤအချိန်မှာ ချီရွှမ်းစုက အိပ်မက်ထဲမှာ ပိတ်မိနေပြီး သူ့ခန္ဓာကိုယ်အသွင်ပြောင်းလဲမှုကို လုံးဝသတိမထားမိပေ။ သူက သေလူတစ်ယောက်လို မလှုပ်မယှက်ရှိနေရုံသာဖြစ်သည်။
သူ၏အရိုးများ ရုပ်လုံးပေါ်လာပြီးနောက် သူ၏ မရီးဒါန်များနှင့် ခြေလက်များကို ပြန်လည်ဖွဲ့စည်းလာသည်။ သူ့ အရိုးများနှင့် သွေးကြောများက နေရာတကျဖြစ်လာပြီး ပိတ်ဆို့မှုများအားလုံးက ရှင်းလင်းသွားကာ အရင်ကထက် ပိုမိုကောင်းမွန်လာသည့်ပုံပေါက်သည်။
သူ၏ အရေပြားနှင့် အသားက ပြန်လည်ပေါ်ထွက်လာပြီး သူ့ယခင်ဒဏ်ရာများနှင့် အမာရွတ်များကို ကုသပေးနေသည်။ ယခင်က ကျန်းယွဲ့လုကို သူထုတ်ပြခဲ့သည့် အမာရွတ်က မကျန်ရှိတော့ပေ။
သူ့ဘယ်ဘက်လက်၏ ပြတ်သွားသောနေရာမှာ ကြီးမားသော သွေးလုံးတစ်လုံးက ဖွဲ့စည်းလာပြီး လက်ငါးချောင်း၏ ပုံသဏ္ဌာန်များအဖြစ် တဖြည်းဖြည်း တွန့်လိမ်ကာ အရိုးများနှင့် မရီးဒါန်များက ရုပ်လုံးပေါ်လာသည်။ ထို့နောက် လက်တစ်ဖက်လုံးက အသွေးအသားများဖြင့် ပြည့်နှက်သွားလေသည်။ နောက်ဆုံးမှာတော့ သူ၏ ဘယ်ဘက်လက်မှာ အသစ်စက်စက် အရေပြားတစ်လွှာပေါ်ထွက်လာ၏။
ဤမြင်ကွင်းသည် အသွေးအသားနယ်ပယ် ကိုယ်ခံပညာသိုင်းသမားတစ်ဦးက သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းကို ပြန်ထွက်လာစေပုံနှင့် ဆင်တူလေသည်။ သို့သော်လည်း ပြန်လည်ကုသသည့် အမြန်နှုန်းက ယွီရှုအဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးထက် များစွာပိုမြန်လေသည်။
မသိလိုက်မသိဘာသာအချိန်တစ်ခုကြာသွားပြီးနောက် ချီရွှမ်းစုက သူ၏ အိပ်မက်ထဲကနေ တဖြည်းဖြည်းနိုးထလာ၏။ သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်သည့်အချိန်မှာ အပြင်ဘက်မှာရှိသော အရာရာတိုင်းက သွေးနီရောင်ဖြစ်နေဆဲပင်။ သို့သော်လည်း ဘုရားကျောင်းထဲရှိ ပင်မခန်းမက ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေပြီ။ အင်အားကြီးမားသော ဂမ္ဘီရစွမ်းအားက ဒီရေလှိုင်းကဲ့သို့ တဖြည်းဖြည်းဆုတ်ခွာသွား၏။
ချီရွှမ်းစုက ငုတ်တုတ်ထထိုင်လိုက်ပြီး သစ်လွင်လန်းဆန်းလာသလို ခံစားနေရသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ပင်ကိုယ်ချီက လွတ်လပ်ပေါ့ပါးစွာ စီးဆင်းနေပြီး သူ၏ အရိုးများက လိုက်လျောညီထွေ ရှိလွန်းနေ၏။ သူ့မှာ အဆုံးမဲ့စွမ်းအင်များ ရှိနေသည်ဟု ခံစားလာရ၏။
သူမတ်တတ်ထရပ်လိုက်သည့်အချိန်မှာ သူ့ခန္ဓာကိုယ်က များစွာပေါ့ပါးနေသည်ကို တွေ့ရှိလိုက်ရ၏။ သူ၏ သွေးချီပေါ် မှီခိုခြင်းမရှိလျှင်ပင် သူက ထုပ်တန်းပေါ်ကို အလွယ်တကူခုန်တက်နိုင်မည်ဟု ခံစားနေရသည်။ ဤသည်မှာ ကိုယ်ခံပညာသိုင်းသမားများသာ ပြုလုပ်နိုင်သည့် စွမ်းဆောင်ရည်ဖြစ်သည်။
ချီရွှမ်းစုက သူ၏ မျက်လုံးနှစ်ဖက်ကို အလောတကြီးမှိတ်ပြီး သူ၏ အသစ်စက်စက်ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကို ခံစားကြည့်နေ၏။ ထိုအခါမှသာ တုန်လှုပ်စရာကောင်းသောအချက်တစ်ချက်ကို သူရှာတွေ့သွားသည်။
သူသည် ခွန်လွင်အဆင့်ကနေ ယွီရှုအဆင့်သို့ ခုန်တက်သွားပြီဖြစ်၏။ သူက လေလွင့်ကျင့်ကြံသူ၏ ယွီတင်းနယ်ပယ်သို့ ရောက်ရှိသွားပြီဟု ဆိုလိုလေသည်။
ယွီတင်းနယ်ပယ်သည် အတွင်းအမြုတေနယ်ပယ်ထက် များစွာပိုမိုအဆင့်မြင့်သည်။ လူတစ်ယောက်၏ အမြုတေချီနှင့် စိတ်ဝိညာဉ်က အထက်ဒါန်ထျန်မှာ စုစည်းမိသွားသည့်အချိန်ဖြစ်သည်။ ဤနယ်ပယ်မှာ ကျင့်ကြံသူများသည် ပိုမိုများပြားသောစွမ်းအင်ကို ရရှိလာပြီး လိင်ကိစ္စ၊ အစားအစာနှင့် အိပ်စက်ခြင်းကဲ့သို့ သူတို့၏ အတွင်းပိုင်းစိတ်ဆန္ဒများကို ကျေနပ်စေဖို့နှင့် ပတ်သက်၍ စိုးရိမ်ပူပန်စရာ မလိုတော့ပေ။ သူတို့သည် ပိုမိုမြန်ဆန်စွာသင်ယူနိုင်၊ နှလုံးခုန်ကို ရပ်တန့်နိုင်ပြီး အသက်ပိုရှည်လာမည်ဟု ဆိုလိုလေသည်။
ချီရွှမ်းစုသည် ဤနယ်ပယ်မှာ အလယ်အလတ်ထွန်းပေါက်မှုကျင့်စဉ်နှစ်မျိုးကိုလည်း ကျင့်ကြံနိုင်မည်ဟု အဓိပ္ပါယ်ရသည်။
တစ်ခုသည် တိုက်ပွဲထဲမှာ များစွာအသုံးဝင်ခြင်းမရှိသည့် အစာဖြတ်နည်းစနစ်ဖြစ်သည်။ ကျင့်ကြံမှုအဆင့်ပေါ်မူတည်၍ အစားအသောက်ပေါ် မှီဝဲမှုကို ကြီးမားစွာလျှော့ချနိုင်သည်။ သူတို့သည် နှင်းကိုမှီဝဲခြင်းဖြင့် တစ်နေ့မှာ တစ်နပ် သို့မဟုတ် သုံးရက်မှာ သုံးနပ်သာ စားဖို့လိုအပ်တော့မည်။ နောက်ဆုံးမှာတော့ အစားအသောက်ကို လုံးဝဖြတ်တောက်နိုင်မည်ဖြစ်သည်။
အခြားသောနည်းလမ်းမှာ နတ်သက်ကြွေအင်မော်တယ်များ၏ ပုံရိပ်ယောင်ခန္ဓာနည်းစနစ်ကနေ ဆင်းသက်လာသည့် ပုစဉ်းအခွံလဲနည်းစနစ်ဖြစ်သည်။ ပုစဉ်းအခွံလဲနည်းစနစ်သည် သေဆုံးမှုကို အစားထိုးရန် အတုအယောင်ခန္ဓာတစ်ခုကို ယာယီဖန်တီးနိုင်သည်။ ၎င်းသည် လက်တွေ့မှာ အလွန်တရာအသုံးဝင်သည့် လျှို့ဝှက်ဆန်းကြယ်စွမ်းရည်တစ်မျိုးဖြစ်သည်။
သို့သော်လည်း ချီရွှမ်းစုသည် နောက်ထပ်တုန်လှုပ်စရာကောင်းသောအချက်တစ်ချက်ကို ရှာတွေ့သွား၏။ သူသည် စောစောက ကျင့်ကြံမှုအဆင့်မြင့်တက်လာခြင်းကိုသာ အာရုံစိုက်ထားသည့်အတွက် သူ၏ ဘယ်ဘက်လက်က အသစ်ပြန်ထွက်လာသည်ကို သတိမထားမိခဲ့ပေ။
ချီရွှမ်းစုက သူ့ဘယ်ဘက်လက်ကို မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေ၏။ ထိုလက်သည် ကျန်းယွဲ့လု၏ လက်ထက်ပင် ပို၍ဖြူဖွေးပြီး ပိုနုနေ၏။ ယန်ရှိုက သူ့ဘယ်ဘက်လက်အား ဖြတ်တောက်ခဲ့ပုံကို သူ ရှင်းရှင်းလင်းလင်းမှတ်မိနေသည့်အတွက် ဤလက်အသစ်က ဘယ်လိုရောက်ရှိလာသလဲ သူမသိပေ။
သို့သော်လည်း သူ့ဘယ်ဘက်လက်သည် မည်သည့်အသားမာမှမရှိဘဲ နူးညံ့သောအရေပြားနှင့် အကောင်းတိုင်းရှိနေသည်။ အဲဒါသည် ပြတ်သွားသောနဂိုသူ့လက်ကို ပြန်ဆက်ထားခြင်းမဟုတ်ဟု သူကောက်ချက်ချမိသည်။
ချီရွှမ်းစုက သူ့အိပ်မက်ကို ချက်ချင်းပြန်လည်အမှတ်ရသွား၏။
တစ်ချိန်တည်းမှာပင် သူကိုင်ထားသည့် ရွှမ်ကျောက်စိမ်းမှ သိသာထင်ရှားသော ပြောင်းလဲမှုများကို သတိထားမိသွား၏။ သူက အိပ်မက်အကြောင်း မစဉ်းစားတော့ဘဲ ဖြစ်ပျက်နေသည့်အရာနှင့်ပတ်သက်၍ အကြမ်းဖျင်းအတွေးတစ်ခုရရှိလာကာ သွေးနီရောင်စက်လုံးတစ်လုံးနှင့်တူသော ရွှမ်ကျောက်စိမ်းကို ကြည့်လိုက်၏။
‘ဂမ္ဘီရစွမ်းအားနဲ့ ငါကြုံတွေ့ပြီးတဲ့နောက် ရွှမ်ကျောက်စိမ်းက အပြောင်းအလဲတချို့ကို ဖြစ်စေခဲ့တာလား… အဲဒါက ငါ့ပေါ်မှာ ဘယ်လိုသက်ရောက်ခဲ့တာလဲ။’
ဤအချိန်မှာ ချီရွှမ်းစု၏ လက်ထဲရှိ ရွှမ်ကျောက်စိမ်းက တိတ်တဆိတ်ကြေမွပြီး ဖုန်မှုန့်များအဖြစ် မြေပြင်ပေါ်သို့ လျှောကျသွားသည်။
***