ချီရွှမ်းစုသည် သူ့လက်ထဲက ရွှမ်ကျောက်စိမ်း၏ အကြွင်းအကျန်အစအနများကို ငေးကြည့်ပြီး ခေတ္တခဏမှင်တက်နေမိသည်။
ချင်းဖျင်အသင်းနှင့် ထိုက်ဖျင်ဂိုဏ်းက ရွှမ်ကျောက်စိမ်းကို ဘာ့ကြောင့်အသည်းအသန်ရှာဖွေနေသလဲ နောက်ဆုံးမှာ သူနားလည်သဘောပေါက်သွားသည်။ ၎င်းက တကယ့်ကိုမှော်ဆန်လွန်းပြီး လူသားများအတွက် အကျိုးကြီးမားလွန်းလေသည်။
ချီရွှမ်းစုသည် အသစ်စက်စက်ပြန်ပေါက်လာသော သူ၏ ဘယ်ဘက်လက်ကို လှုပ်ရှားကြည့်ပြီး မည်သည့်မပြေပြစ်မှုကိုမှ မခံစားရပေ။ သူ့ခန္ဓာကိုယ်က နုပျိုလန်းဆန်းပြီး သက်တောင့်သက်သာရှိလွန်းနေသည်။ သူက အင်္ကျီလက်ကို လိပ်တင်ပြီး ရင်ဘတ်ကော်လာကို ဖွင့်လိုက်သည်။ ထင်မှတ်ထားသည့်အတိုင်း သူ၏ အမာရွတ်များအားလုံးက ပျောက်ကွယ်သွားပြီဖြစ်သည်။ သူသည် ယခုအချိန်မှာ တရားထိုင်ပြီး အသက်ရှူလေ့ကျင့်ခန်းပြုလုပ်မည်ဆိုလျှင် သူ၏ ကျင့်ကြံမှုက ပို၍ပင် တိုးတက်လာနိုင်သည်ဟု ချီရွှမ်းစုခံစားနေရသည်။
သို့သော်လည်း ချီရွှမ်းစုက ထိုသို့ချက်ချင်းမပြုလုပ်ပေ။ ထိုအစား အပြင်ဘက်က ဂမ္ဘီရစွမ်းအား လုံးဝပျောက်ကွယ်မသွားခင် ပြဿနာနှစ်ရပ်ကို သူစဉ်းစားထားရမည်ဖြစ်သည်။
ပထမပြဿနာက အိပ်မက်နှင့်ပတ်သက်၍ဖြစ်သည်။
ဒုတိယပြဿနာမှာ သူ့ခန္ဓာကိုယ်၏ အပြောင်းအလဲများနှင့်ပတ်သက်၍ ကျန်းယွဲ့လု သို့မဟုတ် အစ်မချီကို ပြောပြသင့်သလားဆိုတာပင်။
ချီရွှမ်းစုသည် သူ့အိပ်မက်ထဲက ညိုမှောင်နေသောတောင်ပေါ်သို့ ယခင်က များစွာရောက်ရှိခဲ့ဖူးသည်။ ယခင်အခေါက်များတုန်းက မီးပုံ၏ နောက်ဘက်မှာ ပုံရိပ်တစ်ခုကိုသာ သူတွေ့မြင်ခဲ့ရသည်။ အခြားသောပုံရိပ်များက အမှောင်ထုထဲမှာ ရပ်နေခဲ့ကြ၏။ သို့သော် ဤတစ်ခေါက်မှာ သူသည် မီးပုံနောက်မှာ ရပ်နေသည့် ပုံရိပ် ၁၁ခုကို မြင်ခဲ့ရပြီး နောက်ကွယ်က အနက်ရောင်အရိပ်များက ပျောက်ကွယ်သွားခဲ့သည်။
အဆင့်မြင့်အရာရှိတစ်ဦးက နန်းတွင်းထဲသို့ မဝင်ရောက်ခင် သူ၏ အခြွေအရံများက အပြင်ဘက်မှာ နေရစ်နေခဲ့ရသည့်အလားပင်။
ဤအပြောင်းအလဲသည် ရွှမ်ကျောက်စိမ်းကြောင့်ဖြစ်လာသည်မှာ မလွဲဧကန်ပင်။
ပုံရိပ် ၁၁ခုကြားမှာ ပိုမိုသေးငယ်သည့် ပုံရိပ်တစ်ခုရှိနေသည်။ သူမသည် နောက်ဆုံးမှရောက်ရှိလာပြီး မီးဖိုကို ဒေါသတကြီးကန်ကျောက်ကာ ထိုနေရာနှင့် ကွဲလွဲဆန့်ကျင်နေ၏။
နောက်ဆုံးမှာတော့ ပုံရိပ်ဆယ်ခုက ထွက်ခွာသွားပြီး ချီရွှမ်းစုရှိရာသို့ လျှောက်လှမ်းလာသည့် ပုံရိပ်တစ်ခုသာကျန်ခဲ့သည်။ နောက်ဆုံးပုံရိပ်သည် သူကိုင်ထားသည့် ရွှမ်ကျောက်စိမ်းကို ကိုယ်စားပြုသည်ဟု ဆိုလိုသည်လား။
ဤယူဆချက်က မှန်ကန်မည်ဆိုလျှင် ပုံရိပ် ၁၁ခုကို ကိုယ်စားပြုသည့် မတူညီသော ရွှမ်ကျောက်စိမ်းများရှိနေသည်ဟု ဆိုလိုသည်မဟုတ်လား။ ပုံရိပ် ၁၁ခုမှ ဖြာထွက်နေသည့် မတူညီသောအော်ရာများသည် မတူညီသောစွမ်းရည် ၁၁မျိုးကို ကိုယ်စားပြုခြင်းဖြစ်လောက်သည်။
ချီရွှမ်းစုက သေသေချာချာ ပြန်လည်စဉ်းစားကြည့်ပြီး သူ့ထံသို့ လျှောက်လှမ်းလာသည့်ပုံရိပ်မှာ ကြီးမားကျယ်ပြန့်သော အသက်ဓာတ်အားဖြာထွက်နေသည်ကို မှတ်မိသွားသည်။ အဲဒါက အိပ်မက်ဖြစ်သော်လည်း ထိုပုံရိပ်ထံမှ ဖြာထွက်နေသည့်အပူလှိုင်းက သူ့အပေါ် နက်ရှိုင်းသောထင်မြင်ချက်တစ်ခု ကျန်ရစ်ခဲ့စေသည်။
ဤပုံစံအရဆို ချီရွှမ်းစုဆုပ်ကိုင်ထားသည့် ရွှမ်ကျောက်စိမ်းက အသက်ဓာတ်ကို ကိုယ်စားပြုခြင်းဖြစ်နိုင်သည်။ ထိုသို့ဆိုလျှင် သူ ပြန်လည်မွေးဖွားလာပုံနှင့် ဘုရားကျောင်းထဲမှာ ဗုဒ္ဓရုပ်တုများ အသက်ဝင်လာပုံကို ရှင်းပြနိုင်မည်ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် ဖုန်ထိုက်ခရိုင်မှာ ချီရွှမ်းစုရရှိခဲ့သည့် ရွှမ်ကျောက်စိမ်းကတော့ ပစ္စည်းအသေတစ်ခုကဲ့သို့ဖြစ်ပြီး မည်သည့်မှော်စွမ်းအားမှမရှိသည့်ပုံပင်။ သို့သော်လည်း ဤရွှမ်ကျောက်စိမ်းက ရုပ်တုများကို အသက်ဝင်နိုင်စေခဲ့သည်။
ဖုန်ထိုက်ခရိုင်မှာ သူရယူခဲ့သော ရွှမ်ကျောက်စိမ်းက အတုအယောင်ဖြစ်မည်ဟု ချီရွှမ်းစုထင်မြင်မိလာ၏။ သို့မဟုတ် ရွှမ်ကျောက်စိမ်းအသက်ဝင်ဖို့အတွက် ပြင်ပအခြေအနေတချို့ကို လိုအပ်တာဖြစ်နိုင်သည်။
ထိုသို့သာဆိုလျှင် သူမြင်ဖူးသည့် ရွှမ်ကျောက်စိမ်းနှစ်ခုကြား အကြီးမားဆုံးကွာခြားချက်မှာ ဖုန်ထိုက်ခရိုင်မှတစ်ခုကို စက္ကူဖိတုံးထဲ ထည့်ဝှက်ထားပြီး ယွီလန်ဘုရားကျောင်းမှ ရွှမ်ကျောက်စိမ်းကိုတော့ ဗုဒ္ဓရုပ်တုထဲမှာ ထည့်ဝှက်ထားလေသည်။
ချီရွှမ်းစုက ရုတ်တရက် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွား၏။
ချင်းပိုင်ဘုရားကျောင်းမှာတုန်းက ပိုင်ယုံကွမ်းသည် သူ၏ စိတ်ဝိညာဉ်ရုပ်တုကို ပြန်လည်ရယူရန် ရှေးဦးမူလတာအိုဘိုးဘေးရုပ်တုမှ ပူဇော်ပသစွမ်းအားကို စုပ်ယူလိုက်သည်နှင့် ရှေးဦးမူလတာအိုဘိုးဘေးရုပ်တုက ပေါက်ကွဲထွက်သွားခဲ့သည်။
ရှေးဦးမူလတာအိုဘိုးဘေးရုပ်တုက ပူဇော်ပသစွမ်းအားများစွာကို သိမ်းဆည်းထားသည်မှာ သိသာနေ၏။
တူညီသောသဘောတရားအရ ယွီလန်ဘုရားကျောင်းရှိ ရုပ်တုအများစုမှာလည်း ပူဇော်ပသစွမ်းအားကို ထိန်းသိမ်းထားပေလိမ့်မည်။ ထို့ကြောင့် ရွှမ်ကျောက်စိမ်း၏ အသွင်ပြောင်းလဲမှုသည် ပူဇော်ပသစွမ်းအားနှင့် ပတ်သက်နေသည်ဟု ဆိုလိုသည်။
ရွှမ်ကျောက်စိမ်းသည် အစိမ်းရောင်လခြမ်းကွေးသဏ္ဌာန်ကနေ ဂမ္ဘီရစွမ်းအားကြောင့် သွေးနီရောင်စက်လုံးတစ်လုံးအဖြစ် ပြောင်းလဲသွားပုံကိုလည်း ချီရွှမ်းစုအမှတ်ရသွား၏။ ထို့ကြောင့် ပူဇော်ပသစွမ်းအား သို့မဟုတ် ဂမ္ဘီရစွမ်းအားနှင့် ရွှမ်ကျောက်စိမ်းကို အသက်သွင်းနိုင်သည်ဟူသော ရဲတင်းသည့်ခန့်မှန်းချက်တစ်ခု သူရရှိလာသည်။
လူသားများက ထိုက်ဖျင်ဒင်္ဂါးများကို အသုံးပြုသလို အင်မော်တယ်များက ပူဇော်ပသစွမ်းအားကို အသုံးပြုသည်ဟု ကျန်းယွဲ့လုတစ်ခါပြောခဲ့ဖူးသောကြောင့် ဤသည်မှာ အကျိုးအကြောင်းသင့်သော ရှင်းပြချက်တစ်ခုဖြစ်သည်။ ရှေးဟောင်းအင်မော်တယ်များနှင့် တာအိုဂိုဏ်းတော်ကြား ပဋိပက္ခကလည်း ပူဇော်ပသစွမ်းအားကနေ အရင်းခံလာခဲ့ပြီး ၎င်းက ဘယ်လောက်အဖိုးတန်သော ကြားခံပစ္စည်းဖြစ်သလဲ ညွှန်ပြနေသည်။
ဒါ့အပြင် သူ့ထံသို့ရောက်ရှိလာသော ပုံရိပ်၏ နောက်ကွယ်မှ ငှက်ခန္ဓာ၊ လူသားမျက်နှာနှင့် အစိမ်းရောင်ဝါးပင်လိုအရာက ထူးဆန်းသည့် ရုပ်ပုံလွှာတစ်ခုဖြစ်လေသည်။ ၎င်းသည် လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းမှ နတ်ဆရာများ၏ စိတ်ဝိညာဉ်ရုပ်တုနှင့် တစ်နည်းတစ်ဖုံဆင်တူနေသည်။
တာအိုဝါဒမထွန်းကားခင်က ရှေးဟောင်းဝူဝါဒ ကျော်ကြားခဲ့သည်ဟု ကျန်းယွဲ့လုပြောခဲ့သည်ကို ချီရွှမ်းစု ရတ်တရက်အမှတ်ရသွား၏။ ရှေးဟောင်းဝူဝါဒ၏ တည်ထောင်သူများကို လင်းရှန်စုန်းဆယ်ပါးဟု ခေါ်ဆိုပြီး ဝူလောက သူတို့ထဲမှ တစ်ဦးဖြစ်ခဲ့သည်။ နောက်ပိုင်းမှာ လင်းရှန်မဟာစုန်းဆယ်ပါးက ဖြိုခွဲခံရပြီး ဝူယန်နှင့် မဟာစုန်းငါးဦးက လင်းရှန်ကနေ ထွက်ခွာကာ သူတို့ကိုယ်သူတို့ ဉာဏ်အလင်းပွင့်စုန်းခြောက်ဦးဟု ခေါ်ဆိုခဲ့ကြသည်။
လင်းရှန်မဟာစုန်းဆယ်ဦးမှာ လျှို့ဝှက်ဆန်းကြယ်သော ဝူယန်ထပ်တိုးလာပြီး သူတို့က စုစုပေါင်း ၁၁ ယောက်ဖြစ်လာခဲ့သည်။
ထို့ကြောင့် သူ့အိပ်မက်ထဲမှာ ချီရွှမ်းစု မြင်တွေ့ခဲ့သည့် ပုံရိပ်၁၁ခုသည် ရှေးဟောင်းဝူဝါဒ၏ မဟာစုန်းဆယ်ပါးနှင့် ဝူယန်ဖြစ်သည်ဟု ဆိုလိုလေသည်။ ဝူယန်သည် နောက်ပိုင်းမှပေါ်ထွက်လာသည့် သေးငယ်သော ပုံရိပ်ဖြစ်သည်။ ဝူယန်က မီးကိုကန်ကျောက်ခဲ့သည်ဆိုလျှင် ဉာဏ်အလင်းပွင့်စုန်းခြောက်ဦးသည် လင်းရှန်မဟာစုန်းဆယ်ဦးကို ပုန်ကန်ခဲ့သည်ဟု ဆိုလိုသည်မဟုတ်လား။
သူရှိရာသို့လျှောက်လှမ်းလာသည့် မဟာစုန်းက အသက်ဓာတ်ကို ကိုယ်စားပြုသည်ဆိုလျှင် အရင်တုန်းက မကြာခဏသူမြင်ခဲ့သည့် မဟာစုန်းက ဘာကိုကိုယ်စားပြုသလဲ။ မဟာစုန်း ၁၁ ဦး အတူတကွ စုစည်းမိသည့်အချိန်မှသာ သူမ၏ အော်ရာက ပေါ်ထွက်လာသည်ဟု ထင်ရသည်။ ဝူလောသည် မဟာစုန်း ၁၁ဦးထဲမှ တစ်ဦးဖြစ်သောကြောင့် သူမက ဘာကိုကိုယ်စားပြုသလဲ။
သူ့အိပ်မက်ထဲရှိ ညိုမှောင်နေသောတောင်တန်းက ဒဏ္ဍာရီလာလင်းရှန် ဖြစ်ပေမည်။
ချီရွှမ်းစုသည် သူ့အတွေးများကို ပြန်လည်စုစည်းပြီးနောက် အဆင့်မြင့်ခန္ဓာတစ်ခုရရှိခြင်းကနေ သူခံစားခဲ့ရသော ဝမ်းသာပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတို့က တမုဟုတ်ချင်း ပျောက်ကွယ်သွားသည်။ လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းနှင့် ချင်းဖျင်အသင်းတော်ကြား ခွဲခြားမရသော ချိတ်ဆက်မှုတစ်ခုရှိနေသည်ကို သူရှင်းရှင်းလင်းလင်းသိရှိသွားသောကြောင့်ဖြစ်သည်။
ချင်းဖျင်အသင်းတော်၏ အိပ်မက်အစည်းအဝေးနှင့် ဝူလောယုံကြည်သူများ အိပ်မက်ထဲကနေတစ်ဆင့် ဂမ္ဘီရတိုင်းပြည်သို့ ဝင်ရောက်သည့်ဒဏ္ဍာရီက အတော်လေးဆင်တူနေသည်။
သို့သော်လည်း ထိုအကြောင်းနှင့်ပတ်သက်၍ ချီရွှမ်းစု တပ်အပ်သေချာမပြောနိုင်ပေ။ တစ်ခုခု လွဲနေသည်ဟူသော ခံစားချက်ကိုသာ သူရနေသည်။
သူသည် ထိုအကြောင်းကို ဆက်လက်၍ မစဉ်းစားတော့ဘဲ ကျောက်စိမ်းနေပြည်တော်သို့ ပြန်ရောက်သည်နှင့် တာအိုကျမ်းစာဌာနသို့ သွားရောက်မည်ဟု ဆုံးဖြတ်လိုက်သည်။ ထိုသို့ဖြင့် ရှေးဟောင်းဝူဝါဒနှင့်ပတ်သက်သည့် စာအုပ်တချို့ကိုရှာဖွေကာ သူ၏ခန့်မှန်းချက်ကို အတည်ပြုနိုင်မည်ဖြစ်သည်။
သူ၏ ဒုတိယမြောက်အကျပ်အတည်းမှာ ဤကိစ္စနှင့်ပတ်သက်၍ အစ်မချီနှင့် ကျန်းယွဲ့လုကို ပြောပြသင့်သလားဆိုတာပင်။
ချီရွှမ်းစုသည် အရင်ဆုံး ဤကိစ္စနှင့်ပတ်သက်၍ ကျန်းယွဲ့လုကို မပြောဖို့ ဆုံးဖြတ်လိုက်သည်။ ကျန်းယွဲ့လုသည် သူ့အပေါ် စိတ်ရင်းမှန်ကန်စွာဆက်ဆံသော်လည်း သူတို့ တွေ့ဆုံခဲ့သည့်အချိန်က တိုတောင်းလွန်းပြီး သူ့အနေဖြင့် အန္တရာယ်ကိုမစွန့်စားဖို့ ဆုံးဖြတ်လိုက်သည်။
အစ်မချီကိုတော့... သူမထံမှ မည်သည့်အရာကိုမှ သူဖုံးကွယ်မထားသင့်ပေ။ အရင်တုန်းကသာဆိုလျှင် ချီရွှမ်းစုက သူမကို အမှန်အတိုင်းပြောပြပေလိမ့်မည်။ သို့သော် ချင်းဖျင်အသင်းက လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းနှင့် ပတ်သက်ဆက်စပ်နေသည်ဟု ချီရွှမ်းစု စတင်သံသယဝင်လာပြီးနောက် သူက တွေဝေတုံ့ဆိုင်းမိလာသည်။
ဒါ့အပြင် ချင်းဖျင်အသင်းကလည်း ရွှမ်ကျောက်စိမ်းကိုရှာဖွေနေခဲ့ပြီး ၎င်းကို ဘယ်လိုအသုံးချရမလဲ သူတို့က သိရှိထားလောက်သည်။ သူ့ခန္ဓာကိုယ်အသွင်ပြောင်းလဲမှုနှင့်ပတ်သက်၍ ချင်းဖျင်အသင်း သိရှိသွားခဲ့မည်ဆိုလျှင် သူ့ကိုဘာလုပ်လာမလဲ ချီရွှမ်းစုမသိပေ။ သူတို့က သူ့ကို ပင်မအဖွဲ့ဝင်တစ်ဦးအဖြစ် တိုးမြှင့်ပေးမလား သို့မဟုတ် သူ့ကို သတ်ဖြတ်ပြီး သူ့ခန္ဓာကို နတ်ဆေးနှင့် ဆေးလုံးများအဖြစ် သန့်စင်ပစ်မလား။
အလေးအနက်စဉ်းစားတွေးတောပြီးနောက် ချီရွှမ်းစုက အန္တရာယ်ကို မစွန့်စားဖို့ ဆုံးဖြတ်လိုက်သည်။
ဤအခိုက်အတန့်မှာ ဘုရားကျောင်းထဲရှိ သွေးနီရောင်အလင်းက နောက်ဆုံးမှာဖျော့တော့သွားပြီး မည်သည့်အငွေ့အသက်မှမကျန်ခဲ့ပေ။ ချီရွှမ်းစုက သတိပြန်ကပ်လာပြီး ပင်မခန်းမရှိရာသို့ လျှောက်လှမ်းကာ တံတိုင်း၏ အပေါက်ကနေတစ်ဆင့် ယွီလန်ဘုရားကျောင်းထဲကနေ ထွက်ခွာလိုက်သည်။
ဘုရားကျောင်းထဲကနေ သူထွက်လာပြီးနောက် တောင်ဆင်ခြေလျှောအတိုင်း တစ်စုံတစ်ရာလိမ့်ဆင်းသွားသည့် စွတ်ကြောင်းရာတစ်ခုကို ချီရွှမ်းစုတွေ့မြင်လိုက်ရသည်။
သူက ထိုစွတ်ကြောင်းရာအတိုင်းလိုက်သွားပြီးနောက် သစ်ပင်ကြီးတစ်ပင်အောက်မှာ ပြတ်နေသောသူ့လက်ကို မြင်လိုက်ရသည်။
ချီရွှမ်းစုက သူ့လက်ပြတ်ကိုတစ်ချက်ကြည့်ပြီး သူ၏အသစ်စက်စက်ပြန်ပေါက်လာသောလက်ကို တစ်ဖန်ပြန်ကြည့်လိုက်သည်။ ခဏမျှနှုတ်ဆိတ်နေပြီးနောက် သူက လက်ပြတ်ကို သူ၏သားရေအိတ်ထဲ ထည့်သိမ်းထားဖို့ ဆုံးဖြတ်လိုက်၏။
သူ့ခန္ဓာကိုယ်ပေါ်ရှိ အမာရွတ်များအားလုံး ပျောက်ကွယ်သွားပြီဖြစ်သော်လည်း ဤလက်ပြတ်သည် ဤကဲ့သို့သောအမှားမျိုး နောက်ထပ်မပြုလုပ်မိစေဖို့ သူ့အတွက် သတိပေးချက်တစ်ခုဖြစ်ပေလိမ့်မည်။ သူက အကြိမ်တိုင်းမှာ ကံကောင်းနေလိမ့်မည်မဟုတ်ပေ။ သူ့မှာ အသက်တစ်သက်သာရှိပြီး သူသေသွားမည်ဆိုလျှင် သူကြိုးစားခဲ့သမျှ အရာရာတိုင်းက သဲထဲရေသွန်ဖြစ်သွားပေလိမ့်မည်။
ဤအခိုက်အတန့်မှာ ကျန်းယွဲ့လုသည် ဝင်ပေါက်တံခါးဘက်ကနေ လျှောက်လှမ်းလာပြီး ချီရွှမ်းစုကို အဝေးကနေ တွေ့မြင်သွား၏။ သူမ၏ လေးလံတင်းကျပ်နေသောစိတ်နှလုံးက နောက်ဆုံးမှာ ပြေလျော့သွားသည်။ ချီရွှမ်းစုက ယွီလန်ဘုရားကျောင်းထဲ ပိတ်မိနေမှာကို သူမစိုးရိမ်နေခဲ့၏။ ထိုသို့သာဆိုလျှင် သူမ တစ်ဘဝလုံး နောင်တရနေပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ချီရွှမ်းစုသည် သူမကို ကူညီဖို့အတွက် ကြမ်းတမ်းသောဤခရီးစဉ်မှာ လိုက်ပါလာခဲ့ခြင်းဖြစ်သည်။
ကျန်းယွဲ့လုက ချီရွှမ်းစုနားသို့ ရောက်ရှိလာပြီး သူ့ကို အကဲခတ်ကြည့်လိုက်၏။ သူ၏ခြေလက်များ အကောင်းတိုင်းရှိနေသည်ကို တွေ့မြင်ရသောအခါ သူမက စိတ်သက်သာစွာဖြင့် သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။
“မင်းအဆင်ပြေရဲ့လား”
ချီရွှမ်းစုက မေးလိုက်သည်။
“အစိမ်းရောင်ဝတ်မိန်းမ ဘယ်ရောက်သွားတာလဲ၊ သူ့ရဲ့နောက်ခံက ဘာတဲ့လဲ။”
“ငါအဆင်ပြေပါတယ်… နင့်ကို ပြန်တွေ့ရတာပဲ ဝမ်းသာလှပြီ”
ကျန်းယွဲ့လုက ခေါင်းခါပြီး ဆက်ပြောလိုက်သည်။
“အစိမ်းရောင်ဝတ်မိန်းမက သူ့ကိုယ်သူ ရှဲ့ချိုးနျန်လို့ပြောတယ်… သူက ချင်းဖျင်အသင်းကပဲ… သူ့ရဲ့အစစ်အမှန်သရုပ်သကန်က ကွန်ဖြူးရှပ်ကျောင်းတော်က ကျင့်ကြံသူတစ်ဦးဖြစ်လောက်တယ်”
“ဧကစာကျင့်ကြံသူတစ်ဦးလား… အဲဒါက ရွှမ်အရှင်ကတ်ထဲက ဧကစာကျင့်ကြံသူကတ်လိုမျိုးလား”
ချီရွှမ်းစုကမေးလိုက်သည်။
ကျန်းယွဲ့လုက ရှင်းပြလိုက်၏။
“ဧကစာကျင့်ကြံသူဆိုတာ အရင်တုန်းကတော့ လူမှုအသိုင်းအဝိုင်းက သတ်မှတ်ချက်တစ်ခုဖြစ်ခဲ့တယ်… ဒါပေမဲ့ ဘာသာသုံးခုကို ပြန်လည်ဖွဲ့စည်းပြီးတဲ့နောက် အဲဒါက ကွန်ဖြူးရှပ်လမ်းစဉ်တွေထဲကတစ်ခု ဖြစ်လာခဲ့တယ်… ငါတို့ခေါ်တဲ့ အင်မော်တယ်တွေကို ကွန်ဖြူးရှပ်တွေက ပညာရှိကြီးတွေလို့ခေါ်တယ်… ဧကစာကျင့်ကြံသူတွေက ကွန်ဖြူးရှပ်ဒဿနိကကျောင်းတော်က ပညာရှိကြီးတွေပဲ… သူတို့က ကွန်ဖြူးရှပ်မူဝါဒကျောင်းတော်က အတွေးအခေါ်ပညာရှင်တွေနဲ့ မာစီယန်ကျမ်းပြုစုသူတွေနဲ့ ကွဲပြားကြတယ်… ဧကစာကျင့်ကြံသူတွေက နတ်သက်ကြွေအင်မော်တယ်တွေလိုပဲ ရှားပါးကြတယ်”
ချီရွှမ်းစုက ပြောလိုက်သည်။
“အာ… ဒါဆို ဒီနေ့က တကယ့်ကိုထူးခြားတဲ့နေ့ပဲ… တာအိုနတ်သက်ကြွေအင်မော်တယ်တစ်ဦးရယ်… ကွန်ဖြူးရှပ်ဧကစာကျင့်ကြံသူတစ်ဦးရယ်… ဗုဒ္ဓပုတ္တတစ်ဦးရယ်က ဒီယွီလန်ဘုရားကျောင်းငယ်လေးမှာ လာပြီးဆုံမိကြတာပဲ… ရှေးဟောင်းအင်မော်တယ်တွေဆီကနေလာတဲ့ ကြောက်စရာကောင်းတဲ့ ဂမ္ဘီရစွမ်းအားလည်းပါသေးတယ်”
ကျန်းယွဲ့လုက ရုတ်တရက် မေးမြန်းလိုက်၏။
“အဲဒီဗုဒ္ဓပုတ္တဘယ်ရောက်သွားလဲ”
ချီရွှမ်းစု၏ မျက်နှာက တည်တံ့သွားပြီး သူက အမှန်တရား၏ တစ်စိတ်တစ်ပိုင်းကိုသာ ပြောလိုက်သည်။
“သူ ထွက်ပြေးသွားတယ်… ဝူလောရဲ့ ဂမ္ဘီရစွမ်းအားဆင်းသက်လာတဲ့အချိန်မှာ ဝူလောက အသက်တစ်သက်ကိုမရမချင်း ရပ်တန့်မှာမဟုတ်ဘူးလို့ သူ ပြောခဲ့တယ်… သူက ငါ့ကို စတေးချင်ခဲ့တာပဲ.. တော်သေးတယ် ငါကံကောင်းသွားတာ.... ဘုရားကျောင်းထဲမှာ တခြားတစ်ယောက်ယောက်ရှိနေလောက်တယ်… မဟုတ်ရင် မင်းအခုလို ငါ့ကို မြင်ရမှာမဟုတ်တော့ဘူး”
ကျန်းယွဲ့လုက ဒေါသချောင်းချောင်းထွက်သွား၏။
“သူ ဘယ်လိုတောင်လုပ်ရဲတာလဲ… ငါ နောက်တစ်ခါ သူ့ကိုတွေ့ရင် ညှာမှာမဟုတ်ဘူး”
ချီရွှမ်းစုကလည်း ခေါင်းညိတ်ပြလိုက်၏။
“သူ့နာမည်က ယန်ရှိုတဲ့… ငါ အနှေးနဲ့အမြန်ဆိုသလို သူ့ကို လက်စားချေမှာပါ”
ကျန်းယွဲ့လုက ချီရွှမ်းစု၏ မျက်နှာကို တစ်ချက်ကြည့်လိုက်၏။ သူမက မှင်တက်သွားပြီးနောက် တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။
“ထျန်းယွမ်… နင့်ကိုကြည့်ရတာ… နဲနဲပြောင်းလဲသွားသလိုပဲ”
ချီရွှမ်းစုက ထိတ်လန့်တကြားဖြစ်သွားသော်လည်း သူ၏ အမူအရာကို မျက်နှာမှာ မပေါ်စေပေ။ သူက တွေဝေရှုပ်ထွေးသယောင် ဟန်ဆောင်လိုက်သည်။
“ဘာများပြောင်းလဲသွားလို့လဲ”
“နင် ပိုပြီးတော့ အသားဖြူလာသလိုပဲ”
ကျန်းယွဲ့လုက ရယ်မောကာပြောလိုက်၏။
“နင့်ကို အခုကြည့်ရတာ ပိုင်းလုံးကောင်လေးနဲ့ တကယ်တူနေပြီ”
ချီရွှမ်းစုက နှုတ်ခမ်းမဲ့ကာ ပြောလိုက်၏။
“ရတယ်လေ.. ငါက ပိုင်းလုံးကောင်ဆိုမှတော့ မင်းမိဘတွေနဲ့တွေ့တဲ့အခါ ငါက မင်းတို့မိသားစုမှာ ကပ်ပါးရပ်ပါးလုပ်ချင်လို့ မင်းကို လက်ထပ်ချင်တာပါလို့ ပြောလိုက်မယ်”
“နင် လုပ်ရဲလုပ်ကြည့်လေ။”
ကျန်းယွဲ့လု၏ စိတ်အာရုံက ချက်ချင်းပင်ပြောင်းလဲသွားပြီး သူ့မျက်နှာကို ဆက်လက်၍ အာရုံမစိုက်တော့ပေ။
ချီရွှမ်းစုက တိတ်တဆိတ်ဖြင့် သက်ပြင်းချလိုက်၏။ ကျန်းယွဲ့လုက ဆက်လက်၍ စုံစမ်းမည်ဆိုလျှင် သူ၏ လျှို့ဝှက်ချက်က ပေါက်ကြားသွားပေလိမ့်မည်။ ကံကောင်းစွာဖြင့် ရွှမ်ကျောက်စိမ်းကိုသူသွားရှာခဲ့စဉ်က ကျန်းယွဲ့လုက ရှဲ့ချိုးနျန်နှင့် အပြင်ဘက်မှာ တိုက်ခိုက်နေခဲ့ပြီး ရွှမ်ကျောက်စိမ်းကို သတိမထားမိခဲ့ပေ။
***