သိပ်မကြာခင် ဝမ်ကျိချန်၊ ဒေသခံခရိုင်ဝန်နှင့် တပ်ခွဲမှူးတို့က ရှမိသားစုဂေဟာသို့ အပြေးအလွှားရောက်ရှိလာကြသည်။
သူတို့နှင့်အတူ အရာရှိလောင်းများ၊ ရဲမက်အရာရှိများ၊ ဝတ်ရုံနက်များနှင့် ဖီးနစ်စိမ်းတပ်သားများစွာကို ခေါ်ဆောင်လာကြသည်။ ဒေသဆိုင်ရာအုပ်ချုပ်ရေးရုံး၏ လူသူအင်အား အားလုံးနီးပါးကို စုဖွဲ့လာပြီး လူအရေအတွက် စုစုပေါင်း တစ်ထောင်နီးပါးရှိသည်။
တပ်ခွဲမှူးသည် ပကတိအဆင့်-၆ စစ်ဘက်ဆိုင်ရာအရာရှိဖြစ်ပြီး ဖီးနစ်စိမ်းတပ်မှူးနှင့်အဆင့်တူကာ ပကတိအဆင့် ၇ ခရိုင်ဝန်ထက် အဆင့်နှစ်ဆင့်ပိုမြင့်သည်။ ထို့ကြောင့် တပ်ခွဲမှူးသည် ခရိုင်ဝန်၏ လက်အောက်ငယ်သားမဟုတ်ပေ။
တပ်ခွဲမှူးကျောက်သည် ဤတစ်ခေါက်မှာ စစ်သည် ၁၅၀ နှင့် အရံစစ်သည်နှစ်ရာကို ခေါ်ဆောင်လာသည်။ တိုက်ပွဲဝင်စစ်သည်များအားလုံးသည် ခဲယမ်းလက်နက်များနှင့် ချပ်ဝတ်တန်ဆာများကို တပ်ဆင်ထားကြသည်။ သူတို့သည် တာအိုဆရာများ အသုံးပြုလေ့ရှိသည့် ပစ္စတိုများကို အသုံးမပြုကြပေ။ ထိုအစား အဝေးပစ်သေနတ်ရှည်များကို အသုံးပြုကြသည်။ သူတို့၏ကျည်အိမ်ထဲတွင် ကျည်ဆန်များစွာကို ထည့်သွင်းထားနိုင်ပြီး အဆက်မပြတ် ပစ်ခတ်နိုင်ကြသည်။ အရံတပ်ဖွဲ့များကတော့ အဓိကအားဖြင့် အမြောက်လက်နက်လေးမျိုးကို သယ်ဆောင်လာကြသည်။
ဤတစ်ခေါက်မှာ တပ်ခွဲမှူးသည် ပြောင်းဝ ၁၀၂ မမနှင့် ၁၀၉ မမ (ဂ)အဆင့် အမြောက်လေးလက်ကို ယူဆောင်လာကြသည်။ သူတို့မှာ မြို့ရိုးကို တိုက်ခိုက်နိုင်လောက်သည့် ပြင်းအားမရှိသော်လည်း စံအိမ်တစ်လုံးကို ဖျက်ဆီးနိုင်လောက်အောင် စွမ်းအားကြီးမားလေသည်။
ရှေ့ကနေ တိုက်ခိုက်မည့် ဝတ်ရုံနက်များအပြင် တပ်ခွဲမှူးကျောက်သည် ဒေသဆိုင်ရာအုပ်ချုပ်ရေးအရာရှိများနှင့် ရဲမက်အရာရှိများစွာကိုလည်း ခေါ်ဆောင်လာခဲ့သည်။ ဤဖွဲ့စည်းပုံက ထျန်ကန်းခန်းမနှင့်ဆင်တူသည်။ ရဲမက်အရာရှိတစ်ဦးမှာ လက်ထောက်နှစ်ဦးရှိပြီး လက်ထောက်တစ်ဦးစီမှာ အကူတစ်ဦးစီရှိကြလေသည်။ အရာရှိလောင်း တပ်စိပ်သုံးစိပ်ကတော့ စုစုပေါင်း လူနှစ်ရာခန့်ရှိသည်။ သူတို့သည် အဓိကအားဖြင့် လမ်းများကိုရှင်းလင်းရှင်း၊ စစ်အုပ်ချုပ်ရေးကို ဖော်ဆောင်ခြင်းနှင့် လူစုခွဲခြင်းတို့ကို အဓိကတာဝန်ယူထားသည်။
ဒါ့အပြင် ဝတ်ရုံနက်များကို ကူညီထောက်ပံ့ရန် တပ်မှူးရုံးမှ ဖီးနစ်စိမ်းတပ်သားများကိုလည်း စုဖွဲ့ထားသည်။
ဖီးနစ်စိမ်းတပ်ဖွဲ့သည် ဧကရာဇ်၏ ကိုယ်ရံတော်တပ်ဖွဲ့ဖြစ်ပြီး အဓိကအားဖြင့် ရာဇဝတ်မှုများ စစ်ဆေးစုံစမ်းခြင်းကို တာဝန်ယူထားသည်။ ရာထူးအဆင့်အတန်းမြင့်မားသော ဝတ်ရုံနက်များစွာကို ဖီးနစ်စိမ်းတပ်ဖွဲ့သို့ ရွှေ့ပြောင်းပေးပြီးနောက် သူတို့သည် တရားစီရင်ရေးဌာနများနှင့် အခြားသော ဌာနများသို့ လွှဲပြောင်းပေးခံရကာ နောက်ဆုံးမှာ ဝန်ကြီးများဖြစ်လာကြသည်။
ဖီးနစ်စိမ်းတပ်သားများသည် ဝတ်ရုံနက်များဖြစ်ခဲ့ဖူးပြီး နှစ်ဦးနှစ်ဖက်က ပူးပေါင်းဆောင်ရွက်ဖို့ အခက်အခဲမရှိပေ။
ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက ရှချန်၏ စံအိမ်အပြင်ဘက်သို့ ရောက်ရှိလာသည့်အချိန်မှာ နေရာတစ်ခုလုံးအား ဝိုင်းပတ်ပိတ်ဆို့ထားသည်ကို သူတို့တွေ့မြင်လိုက်ရသည်။
တာအိုဂိုဏ်းတော်နှင့် အင်ပါယာနန်းတော်မှာ မတူညီသောဖွဲ့စည်းပုံများရှိသော်လည်း ထိုက်ဖျင်ဂိုဏ်း၏ မဟာသူတော်စင်သည် ဧကရာဇ်ပေးအပ်ထားသည့် လောကီဆရာသခင်ဘွဲ့ကို ယူထားလေသည်။
ဒေသဆိုင်ရာခရိုင်ဝန်၊ တပ်ခွဲမှူးနှင့် ဖီးနစ်စိမ်းတပ်မှူးတို့အားလုံးက အဆင့် ၄ ကျိကျိုးတာအိုအကြီးအကဲဖြစ်သော ကျန်းယွဲ့လုထက် နိမ့်ကျလေသည်။ ဝမ်ကျိချန်ကသာ ကျန်းယွဲ့လုနှင့် တန်းတူရည်တူဖြစ်ပြီး သူတို့နှစ်ယောက်စလုံးက အမိန့်ပေးစေခိုင်းနိုင်သူများဖြစ်ကြသည်။
ဝမ်ကျိချန်က မေးလိုက်သည်။
“ရှမိသားစုက အပြင်ထွက်ပြီး အညံ့မခံကြသေးဘူးလား”
တပ်ခွဲမှူးကျောက်က ပြန်ဖြေလိုက်သည်။
“ကျုပ်.. ကျုပ်တပ်သားတွေကို အော်မေးခိုင်းပြီးသွားပြီ… သူတို့တွေ တံခါးဖွင့်ပြီး အညံ့ခံလိုတာနဲ့ ကျုပ်တို့က ဒုစရိုက်သမားတွေကိုပဲ နှိမ်နင်းမယ်.. ဒါပေမဲ့ သူတို့က အထဲမှာနေပြီး ခေါင်းမာနေတုန်းပဲဆိုရင်တော့.. ကျုပ်တို့ အဆောက်အအုံကိုဖျက်ဆီးရလိမ့်မယ်… အဲဒါအခါကျရင် နောင်တရဖို့ နောက်ကျသွားလိမ့်မယ်လို့ ပြောထားပြီးပြီ.. ဒါပေမဲ့ အဲလိုပြောထားတာတောင် သူတို့ဘက်က ဘာတုံ့ပြန်မှုမှမရှိသေးဘူး… လူကြီးမင်း… နောက်ထပ် ဘာလုပ်ရမလဲ ကျေးဇူးပြုပြီး ညွှန်ကြားပေးပါ”
ဝမ်ကျိချန်က ကျန်းယွဲ့လုကို ကြည့်လိုက်သည်။
“ပညာရှိကျန်း… ခင်ဗျားဘယ်လိုထင်လဲ”
ကျန်းယွဲ့လုက ပြောလိုက်၏။
“သာမန်မိသားစုတစ်စုက သူတို့ရဲ့ အိမ်ဝင်းအပြင်ဘက်မှာ ဒီလိုမျိုး စစ်သည်ရဲမက်အစုအဝေးကို တွေ့မြင်တဲ့အခါ တံခါးဖွင့်ပေးကြလိမ့်မယ်… ဘယ်သူကမှ မတုံ့ပြန်ဘူးဆိုမှတော့ သူတို့က မဟုတ်တာလုပ်ထားတယ်ဆိုတာကို ညွှန်ပြနေတာပဲ… ဒီလိုဆိုမှတော့ ဘာမှယဉ်ကျေးပြနေစရာမလိုတော့ဘူး… သူတို့ရဲ့ဝင်းတံခါးနဲ့ တံတိုင်းကို ဖောက်ခွဲဖျက်ဆီးပြီး ဝင်ရောက်ရမယ်”
ဝမ်ကျိချန်က ခေါင်းညိတ်လိုက်၏။
“တပ်ခွဲမှူးကျောက်.. ပညာရှိကျန်းရဲ့ အမိန့်အတိုင်း လိုက်နာလိုက်ပါ”
အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် တပ်ခွဲမှူးကျောက်က နာခံလိုက်သည်။ သူက ပေတစ်ထောင်အကွာအဝေးကနေ ရှစံအိမ်၏ ဝင်းတံခါးများကို ချိန်ရွယ်ထားသည့် အမြောက်နှစ်လက်ရှိရာသို့ လျှောက်လှမ်းသွား၏။ အခြားသော အမြောက်နှစ်လက်က ဘေးဘက်တံတိုင်းများကို ချိန်ရွယ်ထား၏။
ချီရွှမ်းစုက အမြောက်များကို စိတ်ဝင်တစားဖြင့် အကဲခတ်ကြည့်နေသည်။
တပ်ခွဲမှူးကျောက်က သူ၏ ညာဘက်လက်ကိုမြှောက်ပြီး အော်ပြောလိုက်သည်။
“အမြောက်ဆန်ဖြည့်ကြ”
အမြောက်လေးလက်ကို တာဝန်ယူထားသည့် စစ်သည်များက တစ်ချိန်တည်းမှာ လှုပ်ရှားလာကြသည်။ ကောင်းကောင်းလေ့ကျင့်ထားသော သေနတ်သမားနှစ်ဦးက သစ်သားသေတ္တာကို အလျင်အမြန်ဖွင့်ပြီး ငှက်ပျောဖူးပုံစံ အမြောက်ဆန်တစ်ခုကို မယူကာ အမြောက်၏ ပြောင်းဝမှာ ဆက်လိုက်သည်။
သေနတ်သမားက အော်ပြောလိုက်သည်။
“အဆင့်သင့်ဖြစ်ပါပြီ”
ခေါင်းဆောင်တပ်မှူးကျောက်က ရုတ်တရက် သူ့လက်ကို အောက်သို့ချလိုက်၏။
“ပစ်…”
ချီရွှမ်းစုသည် သူ့မျက်နှာကိုလာရောက်ရိုက်ခတ်သည့် အပူလှိုင်းတစ်လှိုင်းကို ခံစားလိုက်ရ၏။ တစ်ချိန်တည်းမှာပင် သူ့အောက်ဘက်ရှိမြေပြင်က မြေငလျင်တစ်ခုလှုပ်သွားသလို တုန်ခါသွားလေသည်။
ရှစံအိမ်၏ ဝင်းစောင့်တဲက လုံးလုံးလျားလျားပျောက်ကွယ်သွားပြီး ခြံဝန်းတံတိုင်း၏ တစ်စိတ်တစ်ပိုင်းကလည်း ပြိုကျသွား၏။ အပျက်အစီးပုံများကြားမှာ မီးတောက်တချို့ရှိနေဆဲပင်။
တပ်ခွဲမှူးကျောက်က သူ့ညာဘက်လက်ကို နောက်တစ်ဖန်မြှောက်လိုက်သည်။
“ထောင့်ချိုးကိုညှိပြီး အမြောက်ဆန်ထပ်ဖြည့်ကြ”
သေနတ်သမားများက ချိန်သားကိုက်မှု၊ ဦးတည်ဘက်နှင့် ထောင့်ချိုးကိုဆွေးနွေးပြီးနောက် အမြောက်များကို လှည့်ကာ မတူညီသောဦးတည်ဘက်များကို ချိန်ရွယ်လိုက်ကြသည်။ ထို့နောက် သေနတ်သမားက ပြောင်းဝကို ရှင်းလင်းပြီး အမြောက်ဆန်ကို ထပ်ဖြည့်လိုက်သည်။
“အဆင်သင့်ဖြစ်ပါပြီ”
သေနတ်သမားလေးဦးက တစ်ယောက်ပြီးတစ်ယောက် အစီရင်ခံလိုက်ကြ၏။
တပ်ခွဲမှူးကျောက်က သူ့လက်ကို နောက်တစ်ဖန်ချလိုက်သည်။
“ပစ်”
(ဂ)အဆင့် အမြောက်လေးလက်က နောက်တစ်ဖန်အော်မြည်သွားပြီး ပြောင်းဝကနေ မီးတောက်များလျှံထွက်လာသည်။
အမြောက်ဆန်လေးခုက လေထဲမှာအော်မြည်ပြီး ရှစံအိမ်မှာပေါက်ကွဲကာ မီးခိုးလုံးများ တထောင်းထောင်းထ၍ ကြီးမားသောတုန်ခါလှိုင်းများနှင့် မီးပြင်ကျယ်တစ်ခု ဖြစ်ပေါ်လာသည်။
ကျောက်တုံးကျောက်ခဲများ၊ သစ်ပင်များနှင့် မြေစိုင်ခဲများ၏ အကျိုးအပဲ့အစအနများက လေထဲကိုကန်တက်လာ၏။
မြေပြင်က နောက်တစ်ဖန်တုန်ခါသွားပြီး ပေါက်ကွဲသံကြောင့် နားထဲမှာ တစီစီမြည်နေသည်ကို ချီရွှမ်းစုခံစားလိုက်ရသည်။
ဤကဲ့သို့သော အဖျက်စွမ်းအားမှာ ရှန်းထျန်သက်ရှိတစ်ဦးပင် ရှင်နိုင်လိမ့်မည်မဟုတ်ပေ။
နှစ်ကြိမ်ဆက်တိုက်တိုက်ခိုက်ပြီးနောက် ရှစံအိမ်က လုံးဝကို ဖွတ်ဖွတ်ညက်ညက်ကြေသွားသည်။ မည်သည့်ကာကွယ်ရေးဝင်္ကပါမဆို ဖျက်ဆီးခံရပေလိမ့်မည်။
ထို့နောက် ဝမ်ကျိချန်က စံအိမ်ကိုတိုက်ခိုက်ရန် စစ်သည်များကို အမိန့်ပေးလိုက်သည်။
ချီရွှမ်းစု၊ ကျန်းယွဲ့လုနှင့် ဝမ်ကျိချန်တို့က နောက်ကနေ လိုက်ဝင်သွား၏။ ခရိုင်ဝန်ကတော့ ဘေးပတ်ဝန်းကျင်ကိုစောင့်ကြည့်ရန် အပြင်ဘက်မှာ နေခဲ့သည်။
ခြံဝန်းထဲမှာ ယမ်းနံ့က မွှန်ထူနေ၏။ ကျန်းယွဲ့လုက မီးခိုးများကို လက်ဖြင့်ခတ်ထုတ်ပြီး ချီရွှမ်းစုကို ခပ်တိုးတိုးပြောလိုက်သည်။
“ရွှမ်အရှင်မြတ်နဲ့ တုံဟွမ်နဲ့ပတ်သက်တဲ့ ဇာတ်လမ်းတစ်ခု… ငါ နည်းနည်းကြားဖူးထားတာရှိတယ်… မဟာပေါင်အန်ဘုရားကျောင်းက မတော်တဆဖြစ်ရပ်မှာ တုံဟွမ်က အသက်ဘေးကနေ ပွတ်ကာသီကာ လွတ်မြောက်လာပြီးတဲ့နောက် သူ့ကို ရွှမ်အရှင်မြတ်က ဆူပူအော်ငေါက်ခဲ့တယ်လို့ပြောတယ်”
“ဘာလို့လဲဆိုတော့ တုံဟွမ်က သူ့ရဲ့နောက်ခံ၊ ကျင့်ကြံမှုအဆင့်နဲ့၊ အခွင့်အာဏာကို အထင်ကြီးပြီး ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရလို့ပဲ… အဲဒီကောလာဟလတွေက အမှန်ဟုတ်မဟုတ် ငါမသိပေမဲ့ အဲဒီအချိန်ကစပြီး တာအိုဂိုဏ်းတော်က ရှေးဟောင်းအင်မော်တယ်တွေကို နှိမ်နင်းတဲ့အခါ တခြားသူတွေရဲ့ အကူအညီကို ရယူနိုင်မယ်ဆိုရင် တစ်ယောက်တည်း မလှုပ်ရှားကြတော့ဘူး… အခု ငါတို့က သူတို့ရဲ့အင်အားကို ငှားရမ်းအသုံးချလိုက်တဲ့အတွက် ငါတို့ရဲ့စွမ်းအင်ကို ချွေတာနိုင်သွားပြီ”
သိပ်မကြာခင် ဝတ်ရုံနက်များနှင့် ဖီးနစ်စိမ်းတပ်သားများက အစီရင်ခံတင်ပြဖို့အတွက် ပြန်လည်ရောက်ရှိလာကြ၏။ ခြံဝန်းထဲမှာ သေဆုံးနေသော အစေခံတချို့တွေ့ရှိကြောင်း သူတို့က တင်ပြကြသည်။ သို့သော်လည်း ဤအစေခံများသည် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ခြင်း မဟုတ်ပေ။ သူတို့က အဆိပ်မိထားခြင်းဖြစ်၏။ တစ်ယောက်ယောက်က သူတို့ကို နှုတ်ပိတ်ပစ်ခဲ့သည့်ပုံပေါ်သည်။ သေဆုံးနေသော အစေခံများကလွဲလျှင် စံအိမ်ထဲမှာ တခြားမည်သူကိုမှ ရှာမတွေ့ပေ။
ဤနေရာသည် လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်း၏ ခံတပ်ဖြစ်သည်ကို ဝမ်ကျိချန်က ပို၍ပင် သေချာပြောနိုင်သွားသည်။ သူက နေရာတစ်ခုလုံးကို ပိုက်စိပ်တိုက်ရှာဖွေဖို့ အမိန့်ပေးလိုက်၏။
ဖီးနစ်စိမ်းတပ်သားများသည် ဤနေရာမှာ ကျွမ်းကျင်သူများဖြစ်ကြသည်။
လောရှောင်က ရှာဖွေမှုကို ကိုယ်တိုင်ဦးဆောင်ပြီး သိပ်မကြာခင် ကျောက်ပုံတစ်ခု၏ အောက်ဘက်မှာ မြေအောက်နန်းတော်တစ်ခု၏ ဝင်ပေါက်ကို ရှာတွေ့သွား၏။
ဝမ်ကျိချန်က ကျောက်ပုံကိုဖောက်ခွဲပစ်ဖို့ အမိန့်ပေးလိုက်ပြီးနောက် အောက်ဘက်မှာရှိသောမြေအောက်နန်းတော်ဆီ ဦးတည်နေသည့် ဝင်ပေါက်က ပေါ်ထွက်လာသည်။
မြေအောက်နန်းတော်၏ ဝင်ပေါက်က အတော်လေးကျယ်ဝန်းပြီး လူလေးယောက် ဘေးချင်းယှဉ်လျှောက်နိုင်သည်။ ၎င်းက အောက်သို့လျှောဆင်းသွားပြီး လှေခါးထစ်လမ်းသာမက လက်တွန်းလှည်းသွားနိုင်သောလမ်းပင် ပါရှိနေသည်။
တပ်ခွဲမှူးကျောက်က အော်ပြောလိုက်၏။
“ဒိုင်းကာတွေ…”
ကြီးမားသောဒိုင်းကာများနှင့် ချပ်ဝတ်တန်ဆာအပြည့်အဝတပ်ဆင်ထားသော ဝတ်ရုံနက်ဆယ်ဦးကျော်က မြေအောက်နန်းတော်၏ ဝင်ပေါက်ဝသို့ လျှောက်လှမ်းလာကြသည်။
ဤခြေလျင်တပ်သားများက ဟောက်ထျန်သက်ရှိများသာဖြစ်သော်လည်း သူတို့က နွားရိုင်းနဂါးချပ်ဝတ်တန်ဆာများနှင့်အတူ အလွန်တရာသန်မာကြသည်။ ဤချပ်ဝတ်တန်ဆာကို ကလေးလက်သီးဆုပ်အရွယ် ကြေးခွံ ၃၆၀ ဖြင့် ဖွဲ့စည်းထားလေသည်။ ချီတိုက်ခိုက်မှုနှင့် အစီအရင်မန္တန်များကို ခုခံဖို့အတွက် အထူးတလည်ပုံစံဖော်ထားသည်။
ထိုစစ်သည်များသည် နွားရိုင်းနဂါးချပ်ဝတ်တန်ဆာ၏ အပေါ်မှာ ဝါဂွမ်းသတ္တုချပ်ဝတ်ဟု ခေါ်ဆိုသော နောက်ထပ်အလွှာတစ်လွှာကို ဝတ်ဆင်ထားကြသည်။ ထိုဝါဂွမ်းများကို အကြမ်းခံစေရန် ရေစိမ်ခြင်း၊ နေလှန်းခြင်းတို့ဖြင့် အထူးစီမံပြုလုပ်ထားသည်။ အထဲမှာ သတ္တုပြားများကို စီထည့်ထားပြီး ကြေးမှိုများဖြင့် ခိုင်မြဲအောင်ဆွဲထားလေသည်။
ခဲယမ်းလက်နက်များပေါ်ထွက်လာပြီးနောက် ရှေးရိုးစဉ်လာ သတ္တုချပ်ဝတ်တန်ဆာများက ခေတ်အောက်သွားခဲ့သည်။ တာအိုဂိုဏ်းတော်ကနေ အဆင့်မြှင့်တင်ထားသည့် ချပ်ဝတ်တန်ဆာများကလည်း တန်ဖိုးကြီးလွန်းလေသည်။ ထို့ကြောင့် ကျင်းမင်းဆက်ခေတ်အတွင်း သေကွင်းသေကွက်များကိုကာကွယ်ရန် သတ္တုပြားများဖြင့် ပြုလုပ်ထားသည့် အထည်သားချပ်ဝတ်တန်ဆာများ ပေါ်ထွက်လာခဲ့သည်။ နောက်ပိုင်းမှာ သူတို့သည် အဆိပ်ငွေ့များကိုကာနိုင်သည့် မျက်နှာဖုံးများပါသော ချပ်ဝတ်တန်ဆာများအဖြစ် ဆင့်ကဲပြောင်းလဲလာခဲ့သည်။
သူတို့သယ်ဆောင်လာသည့် ကြီးမားသော ဒိုင်းကာများကို ခွေးအဒိုင်းကာဟု ခေါ်ဆိုပြီး ခန္ဓာကိုယ်တစ်ဝက်ကိုကာပေးထားနိုင်သည်။ ၎င်းသည် ကျည်ဆန်များ၊ ချီများနှင့် အစီအရင်တချို့ကို ခုခံနိုင်သည်။
ဒိုင်းကာများကို ကိုင်ဆွဲထားသောစစ်သည်များ၏ နောက်ဘက်မှာ သေနတ်ရှည်များကို ကိုင်ဆွဲထားသည့် နောက်ထပ်စစ်သားများ လိုက်ပါလာပြီး သူတို့က ဒိုင်းကာများကြားကနေ ပစ်ခတ်နိုင်ကြသည်။
စစ်သည်များသည် အယူဝါဒမိစ္ဆာများကို ချေမှုန်းသုတ်သင်ရန် စိတ်ပိုင်းဖြတ်ထားပြီး တစ်လှမ်းပြီးတစ်လှမ်း ရှေ့သို့ချီတက်သွားကြသည်။
***