"သူတို့ နောက်ဆုံးတော့ ဆုတ်ခွာသွားကြပြီ။ ငါထင်တာမမှားဘူးဆိုရင် ခုနက ဟိန်းဟောက်သံက မြေအောက်က သင်းခွေချပ်နတ်ဆိုးစစ်သူကြီးဆီက ဖြစ်ရမယ်။ ဟုတ်တယ်မလား"
လင်းဖုန်း၏ မျက်နှာအမူအရာမှာ အနည်းငယ် တည်ကြည်နေသည်။ သင်းခွေချပ်နတ်ဆိုးစစ်သူကြီး တစ်ကောင်တည်းသာ ဤမျှများပြားလှသော သင်းခွေချပ်သားရဲများကို အပြည့်အဝ အမိန့်ပေးနိုင်စွမ်း ရှိသည်။
"ဟုတ်ပါတယ်။ ကျွန်တော် စစ်သေနာပတိချုပ် ကျိုးယွင်နဲ့အတူ မြေအောက်မှာ တိုက်ခိုက်ခဲ့တုန်းက အဲဒီ သင်းခွေချပ်နတ်ဆိုးစစ်သူကြီးကို မြင်ခဲ့ဖူးတယ်။ ဒီအရှိန်အဝါက အဲဒီ သင်းခွေချပ်နတ်ဆိုးစစ်သူကြီးဆီကဆိုတာ သေချာပါတယ်"
လုဝေ့၏ မျက်နှာအမူအရာမှာလည်း အလွန် တည်ကြည်နေသည်။ ကံကောင်းထောက်မစွာဖြင့် ထိုသင်းခွေချပ်နတ်ဆိုးစစ်သူကြီးမှာ တိုက်ပွဲတွင် ပေါ်မလာခဲ့ပေ။ သို့မဟုတ်ပါက လင်းဖုန်းအနေဖြင့် ထိုနတ်ဆိုးစစ်သူကြီးကို မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။
လင်းဖုန်း၏ စိုးရိမ်ပူပန်မှုကို ရိပ်မိသောအခါ လုဝေ့၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"စစ်သေနာပတိချုပ်... စိုးရိမ်စရာ မလိုပါဘူး။ အဲဒီ သင်းခွေချပ်နတ်ဆိုးစစ်သူကြီးက လုံးဝနီးပါး အပြင်ထွက်မလာတတ်ပါဘူး။ အရင်တစ်ခေါက်ကတောင် သူက မြေအောက်မှာပဲ ရှိနေခဲ့တာပါ။ ကျွန်တော်တို့ကသာ သင်းခွေချပ်သားရဲတွေကို အရင်စပြီး သွားတိုက်ခဲ့တာလေ။ လုံးဝ မလွှဲသာမရှောင်သာတဲ့ အခြေအနေမျိုး မဟုတ်ရင် အဲဒီ သင်းခွေချပ်နတ်ဆိုးစစ်သူကြီးက ပေါ်လာမှာ မဟုတ်ပါဘူး"
လင်းဖုန်း ခေါင်းညိတ်လိုက်သော်လည်း သူ့ရင်ထဲတွင်မူ အနည်းငယ် စိုးရိမ်နေဆဲပင်။ ယခုတစ်ကြိမ် သင်းခွေချပ်သားရဲများ၏ တိုက်ခိုက်မှုမှာ အလွန် ရုတ်တရက် ဆန်လွန်းလှသည်။ သာမန် သင်းခွေချပ်နတ်ဆိုး တစ်ကောင်အတွက်နဲ့ပဲလား။
ဒါက ထင်သလောက် မရိုးရှင်းပုံရသည်။ အဲဒီ သင်းခွေချပ်နတ်ဆိုးစစ်သူကြီးက ဘာလို့ ဒီလောက် အလွယ်တကူ ကိုယ်ထင်မပြချင်ရတာလဲ။ သူက တစ်ခုခုကို ကြောက်နေတာလား၊ ဒါမှမဟုတ် တခြား အကြောင်းပြချက်များ ရှိနေတာလား။ လင်းဖုန်း သေချာမသိသော်လည်း ရန်သူအပေါ်တွင် မျှော်လင့်ချက်အလုံးစုံကို ပုံအပ်ထား၍ လုံးဝ မရနိုင်ကြောင်းကိုတော့ သူ သိထားသည်။
ထိုသင်းခွေချပ်နတ်ဆိုးစစ်သူကြီး ပေါ်လာသည်ဖြစ်စေ မပေါ်လာသည်ဖြစ်စေ သူ့အနေဖြင့် ထိုနတ်ဆိုးစစ်သူကြီးကို ခုခံနိုင်မည့် နည်းလမ်း ရှိထားရပေမည်။ သို့မဟုတ်ပါက သူတို့သည် အမြဲတစေ အလွန်အရေးနိမ့်သော အခြေအနေတွင်သာ ရှိနေရပေလိမ့်မည်။
"လုဝေ့... အခုတစ်ကြိမ် ထိခိုက်သေဆုံးမှု စာရင်းကို မြန်မြန် ပြုစုလိုက်ပါ။ ပြီးတော့ ချန်ရွှယ်ရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အစီရင်ခံစာ တစ်စောင် ရေးလိုက်။ တတ်နိုင်သမျှ အသေးစိတ် ဖြစ်ပါစေ။ ငါ အထက်ကို တင်ပြပေးမယ်"
"နားလည်ပါပြီ"
လုဝေ့ ခေါင်းညိတ်လိုက်သော်လည်း သူ၏ မျက်လုံးထဲတွင် ဝမ်းနည်းမှုတချို့ ရှိနေသည်။ ချန်ရွှယ်၏ ကြေမွနေသော အလောင်းမှာ အခြေစိုက်စခန်း အပြင်ဘက်တွင် ရှိနေဆဲပင်။ လောလောဆယ်တွင် သူတို့ အလောင်းများကို သွားရောက် ရှင်းလင်း၍ မရနိုင်သေးပေ။ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းပြီး သင်းခွေချပ်သားရဲများ အမှန်တကယ် ဆုတ်ခွာသွားပြီဆိုတာကို အတည်ပြုပြီးမှသာ အလောင်းများကို သွားရောက် ရှင်းလင်းရမည် ဖြစ်သည်။
ကိစ္စရပ်များကို လုဝေ့ထံ လွှဲအပ်ပြီးနောက် လင်းဖုန်း သူ့နေအိမ်သို့ ပြန်လာခဲ့သည်။
လင်းဖုန်းတွင် အစွမ်းထက်သော ပြန်လည်ကုသနိုင်စွမ်း ရှိသော်လည်း သူအလွန်ပင်ပန်းနေဆဲပင်။ ထိုမျှ ကြီးမားသော တိုက်ပွဲကြီးအပြီးတွင် အလွန်တရာ အားအင်ကုန်ခမ်းနေလေပြီ။ ထို့ကြောင့် မူလက အိပ်စက်ချိန်နည်းပါးလှသော လင်းဖုန်းသည်လည်း တစ်နေကုန် အိပ်ရာပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့ရောက်မှသာ လင်းဖုန်း လန်းဆန်းတက်ကြွစွာဖြင့် နိုးထလာသည်။
"အင်း... ကြယ်တာရာစွမ်းအားတွေကို အရင် ပြန်ဖြည့်ရမယ်"
လင်းဖုန်း အားအင်များ ပြန်လည်ပြည့်ဝလာပြီးနောက် ကြယ်တာရာစွမ်းအားများကို ပြန်လည်ဖြည့်တင်းရန် စတင်ပြင်ဆင်လိုက်သည်။ ထို့ကြောင့် သူသည် ကြယ်တာရာဝဲဂယက်ကျင့်စဉ်ကို လှည့်ပတ်လိုက်ပြီး များပြားလှသော ကြယ်စွမ်းအားများကို ဆွဲယူလိုက်ရာ သူ၏ ပတ်ဝန်းကျင်တွင် ကြယ်တာရာစွမ်းအား ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။
ကြယ်တာရာဝဲဂယက် ပေါ်လာသည်နှင့်တစ်ပြိုင်နက် လင်းဖုန်းသည် အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ များပြားလှသော ကြယ်စွမ်းအားများကို အရူးအမူး စုပ်ယူကာ ကြယ်တာရာစွမ်းအားမျှင်များအဖြစ်သို့ အလျင်အမြန် ပြောင်းလဲပစ်လိုက်သည်။
လင်းဖုန်းသည် တိုက်ပွဲအတွင်းတွင်လည်း ကြယ်တာရာဝဲဂယက်ကျင့်စဉ်ကို လှည့်ပတ်နိုင်ပေသည်။ သို့သော်လည်း စွမ်းဆောင်ရည်မှာ အလွန် နိမ့်ကျလှသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ကျင့်စဉ်ကို အချိန်တိုင်း မထိန်းချုပ်ထားနိုင်သလို အချိန်မရွေးလည်း အနှောင့်အယှက် ပေးခံရနိုင်သည်။
ထို့ပြင် ကြယ်စွမ်းအားများမှာ အလိုအလျောက် ပြန်လည် ပြည့်ဖြိုးလာခြင်း မရှိပေ။ ထို့ကြောင့် တိုက်ပွဲအတွင်းတွင် ကုန်ဆုံးသွားသော ကြယ်တာရာစွမ်းအားများကို တပြိုင်နက်တည်း ပြန်လည်ဖြည့်တင်းရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
ယခုအခါတွင်မှ လင်းဖုန်းသည် ကြယ်တာရာစွမ်းအား ပိုများခြင်း၏ အကျိုးကျေးဇူးကို ခံစားလိုက်ရသည်။ ထို့ပြင် ဟင်းလင်းပြင်ပူဖောင်း၏ စွမ်းအားမှာလည်း သူ မျှော်မှန်းထားသည်ထက် အနည်းငယ် ပိုမို သာလွန်အားကောင်းနေခဲ့သည်။
ဟင်းလင်းပြင်ပူဖောင်းမှာ အလွန် အစွမ်းထက်မည်ဟု သူ မရေမရာ ခံစားမိသော်လည်း မည်မျှအထိ အစွမ်းထက်မည်ကို သူ တိုက်ရိုက် နားလည်ထားခြင်း မရှိခဲ့ပေ။
စစ်မြေပြင်တွင် သင်းခွေချပ်နတ်ဆိုး ၉ ကောင်နှင့် ရင်ဆိုင်ရသည့် အချိန်ရောက်မှသာ လင်းဖုန်းသည် ဟင်းလင်းပြင်ပူဖောင်းကို အသုံးပြုခဲ့သည်။ ဟင်းလင်းပြင်ပူဖောင်း ၆ ခုက မျက်စိတစ်မှိတ်အတွင်းမှာပင် သင်းခွေချပ်နတ်ဆိုး ၆ ကောင်ကို သတ်ပစ်နိုင်ခဲ့သည်။
ထိုသင်းခွေချပ်နတ်ဆိုး ၆ ကောင်မှာ ခုခံနိုင်စွမ်း လုံးဝ မရှိခဲ့ကြပေ။ အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာပင် နတ်ဆိုးခြောက်ကောင်စလူံး ကြယ်တာရာပူဖောင်းများ၏ ပြိုကွဲမှုကြောင့် သေဆုံးသွားခဲ့ရသည်။ ထိုသင်းခွေချပ်နတ်ဆိုး ၆ ကောင်မှာ သာမန် သင်းခွေချပ်သားရဲများ မဟုတ်ကြောင်းကို သိထားရမည်။ ၎င်းတို့မှာ အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် သိုင်းသမားများနှင့်ပင် ယှဉ်နိုင်လိမ့်မည်ဟု လင်းဖုန်း သံသယရှိသည်။
ထို့ပြင် သင်းခွေချပ်နတ်ဆိုးများ၏ အစွမ်းထက်ဆုံး အချက်မှာ သူတို့၏ ကျောက်တုံးကဲ့သို့ မာကျောလှသော အရေပြားပင် ဖြစ်သည်။ ကြယ်တာရာစွမ်းအား ပေါက်ကွဲမှုပင်လျှင် ထိုနတ်ဆိုးတို့၏ အရေပြားကို ဖောက်ထွင်းရန် ခက်ခဲလှသည်။
သို့သော် သင်းခွေချပ်သားရဲ၏ အစွမ်းထက်ဆုံး ခုခံမှုမှာ ဟင်းလင်းပြင်ပူဖောင်းရှေ့တွင် လူံးဝအသုံးမဝင်ခဲ့ပေ။ ဟင်းလင်းပြင်ပူဖောင်း ပြိုကွဲသွားသည်နှင့်တပြိုင်နက် သင်းခွေချပ်နတ်ဆိုးများ သွေးနှင့် အသားစများအဖြစ်သို့ ချက်ချင်း လွင့်ပါးကြေမွသွားတော့သည်။
ကံမကောင်းစွာဖြင့် လက်ရှိ လင်းဖုန်းတွင် ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၂၆၀၀ သာ ရှိသည်။ အကယ်၍ သူ့၌သာ ကြယ်တာရာစွမ်းအား ပိုများခဲ့မည်ဆိုပါက ယခုကဲ့သို့ သနားစရာကောင်းသော အခြေအနေမျိုးသို့ ရောက်မည် မဟုတ်ပေ။ သူ့တွင် ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၃၆၀၀ ကျော်သာ ရှိပါက တစ်ပြိုင်နက်တည်း ဟင်းလင်းပြင်ပူဖောင်း ၉ ခုကို ဖန်တီးနိုင်ပြီး ထိုသင်းခွေချပ်နတ်ဆိုး ၉ ကောင်စလုံးကို ချက်ချင်း သုတ်သင်ပစ်နိုင်ပေလိမ့်မည်။
သို့သော် ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၂၆၀၀ ဆိုသည်မှာ လင်းဖုန်း၏ ကန့်သတ်ချက်သို့ ရောက်ရန် အလှမ်းဝေးနေသေးသည်။ သူသည် ကြယ်တာရာစွမ်းအားများကို ဆက်လက် စုစည်းနိုင်သေးသည်။ အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့်ရှိ ကြယ်တာရာစွမ်းအားမှာ ပထမအဆင့်ထက် ၁၀ ဆ ပိုများသည်ဟု တွက်ချက်မည်ဆိုပါက လင်းဖုန်း၏ ကြယ်တာရာစွမ်းအား ကန့်သတ်ချက်မှာ အနည်းဆုံး အမျှင်ပေါင်း ၅၀၀၀ ခန့် ရှိပေလိမ့်မည်။
အကယ်၍ သူ့တွင် ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၅၀၀၀ ကျော်သာ ရှိမည်ဆိုပါက သင်းခွေချပ်နတ်ဆိုး တစ်ဒါဇင်ကျော် တစ်ပြိုင်နက်တည်း ရောက်လာလျှင်ပင် လင်းဖုန်း ကြောက်စရာ မလိုတော့ပေ။
အကယ်၍ လင်းဖုန်းသာ နောက်ထပ် အဆင့်တက်နိုင်ခဲ့မည်ဆိုပါက သူ၏ ကြယ်တာရာစွမ်းအားမှာ မည်မျှ ကြောက်စရာကောင်းလိုက်မည်နည်း။ လင်းဖုန်းသည် ဤမျှ အလှမ်းဝေးသော ကိစ္စများကို မတွေးတော့ပေ။ ဤတိုက်ပွဲတွင် ဟင်းလင်းပြင်ပူဖောင်း၏ စွမ်းအားမှာ သူ မျှော်မှန်းထားသည်ထက် သာလွန်နေကြောင်း တွေ့ရှိခဲ့ရသည့်အပြင် သူ၏ မွေးရာပါ စွမ်းရည်များ အားလုံးမှာလည်း အဘက်ဘက်မှ တိုးတက်လာပုံရသည်။
သူ၏ ခွန်အားစွမ်းရည်၊ အကာအကွယ် ချပ်ဝတ်တန်ဆာ၊ ထက်မြသောဦးချို၊ သို့မဟုတ် မသေနိုင်သောအစွမ်းသတ္တိပင်ဖြစ်ပါစေ ၎င်းတို့အားလုံးမှာ အတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့သည်။
ဤသည်က လင်းဖုန်းကို တွေးတောစရာ ဖြစ်စေခဲ့သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာသည်နှင့်အမျှ မွေးရာပါ စွမ်းရည်များမှာလည်း ဆက်လက် တိုးတက်လာနိုင်သည်လော။ အကယ်၍ သူ ဒုတိယအကြိမ် အသက်စွမ်းအင် အသွင်ပြောင်းလဲခြင်းကို ဖြတ်ကျော်ပြီး နတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်သွားပါက သူ၏ မွေးရာပါ စွမ်းရည်များမှာလည်း ၎င်းနှင့်အတူ တိုးတက်လာမည်လော။
အရင်ကဆိုလျှင် လင်းဖုန်းသည် သူ၏ ခွန်အားများ ဆက်လက် တိုးတက်လာပါက ဤမွေးရာပါ စွမ်းရည်များမှာ အနှေးနှင့်အမြန်ဆိုသလို သူ့စံနှုန်းများကို မမီတော့မည်ကို သို့မဟုတ် သူ ဒုတိယအကြိမ် အသက်စွမ်းအင် အသွင်ပြောင်းလဲခြင်းကို ဖြတ်ကျော်ပြီးပါက ဤမွေးရာပါ စွမ်းရည်များမှာ အသုံးမဝင်တော့မည်ကို စိုးရိမ်ခဲ့ဖူးသည်။
သို့သော် ယခု ကြည့်ရသည်မှာ ဤကိစ္စအတွက် သူ လုံးဝ စိုးရိမ်ရန် မလိုအပ်တော့ပုံရသည်။ သူ၏ မွေးရာပါ စွမ်းရည်များမှာလည်း တဖြည်းဖြည်းချင်း တိုးတက်လာနိုင်ပုံရသည်။
"ငါ သိပ်ပြီးမသန်မာသေးဘူးပဲ"
လင်းဖုန်းသည် ထိုသင်းခွေချပ်နတ်ဆိုးစစ်သူကြီးကို သတိရလိုက်သည်။ ထိုနတ်ဆိုးစစ်သူကြီးသည် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းအတွက် ချိန်ကိုက်ဗုံးတစ်လုံးအလား အလွန်ကြီးမားလှသော ခြိမ်းခြောက်မှုကြီး တစ်ခုပင်။ သတိမမူမိပါက အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်ပေသည်။
အကယ်၍ သူ၏ ခွန်အားကို အမြန်ဆုံး မြှင့်တင်ချင်ပါက ယခု လင်းဖုန်းတွင် ဖြေရှင်းနည်းတစ်ခု ရှိနေပြီ ဖြစ်သည်။ ၎င်းမှာ ကြမ်းကြုတ်သားရဲမျိုးရိုးဗီဇများကို ဆက်လက် ပေါင်းစပ်ရန်ပင်။
မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖြတ်ပြီးကတည်းက လင်းဖုန်းသည် ကြမ်းကြုတ်သားရဲများ၏ မျိုးရိုးဗီဇများကို ဆက်လက်ပေါင်းစပ်သင့်မသင့် စဉ်းစားနေခဲ့သည်။ အကယ်၍ သူသာ ကြမ်းကြုတ်သားရဲမျိုးရိုးဗီဇများနှင့် ပေါင်းစပ်လိုက်ပါက အလုံးစုံစွမ်းအားကို သိသာထင်ရှားစွာ တိုးတက်လာစေမည် ဖြစ်သည်။
အသိသာဆုံး တိုးတက်မှုမှာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု တိုးတက်လာခြင်းပင် ဖြစ်သည်။ ပဉ္စမမြောက် သားရဲမျိုးရိုးဗီဇကို ပေါင်းစပ်လိုက်သည်နှင့် လင်းဖုန်း၏ ခွန်အားမှာ ထပ်မံ တိုးတက်လာနိုင်သည်။ သူ့ခန္ဓာကိုယ်ကို သီးသန့် အားကိုးခြင်းဖြင့်ပင် တန် ၃၅၀ ခွန်အားသာမက တန် ၄၀၀ သို့မဟုတ် ထိုထက်မက ပိုမိုသန်မာသော ခွန်အားကို ထုတ်လွှတ်နိုင်ပေလိမ့်မည်။
ဤသည်မှာ လင်းဖုန်း သူ၏ ခန္ဓာကိုယ်အသွင်ပြောင်းလဲခြင်းမှတစ်ဆင့် ခွန်အားကို တဖြည်းဖြည်း မြှင့်တင်နိုင်သည့် အရှိန်ထက် များစွာ ပို၍မြန်ဆန်လှသည်။ သို့သော် တစ်ချိန်တည်းမှာပင် လင်းဖုန်းသည် ပဉ္စမမြောက် သားရဲမျိုးရိုးဗီဇကို ပေါင်းစပ်ရန် အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။
ကြမ်းကြုတ်သားရဲမျိုးရိုးဗီဇများကို ထပ်မံပေါင်းစပ်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကန့်သတ်ချက်မှာလည်း ထပ်မံ ကျိုးပျက်သွားမည်ကို သူ စိုးရိမ်နေသည်။ သို့ဆိုလျှင် သူ၏ ကြယ်တာရာစွမ်းအား ကန့်သတ်ချက်မှာ အမျှင်ပေါင်း ၆၀၀၀ သို့မဟုတ် ထိုထက်မကအထိပင် ရောက်ရှိသွားနိုင်သည်။ အကယ်၍ ထိုသို့သာ ဖြစ်သွားခဲ့လျှင် သူ အသွင်ပြောင်းနယ်ပယ် တတိယအဆင့်သို့ တက်လှမ်းရန်မှာ ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။
မျိုးရိုးဗီဇပေါင်းစပ်ခြင်းက သူ့ကို အချိန်တိုအတွင်း ခွန်အား တိုးတက်လာစေနိုင်သည်။ ထိုနည်းလမ်းသည် လက်ရှိ အခြေအနေအတွက် အထောက်အကူ ဖြစ်စေလိမ့်မည်။
မပေါင်းစပ်ခြင်းကမူ ရေရှည်အတွက် အကျိုးကျေးဇူးအချို့ ရှိပေလိမ့်မည်။ အနည်းဆုံးတော့ အနာဂတ်တွင် လင်းဖုန်း အသွင်ပြောင်းနယ်ပယ် တတိယအဆင့်သို့ တက်လှမ်းရန် အနည်းငယ် ပို၍ လွယ်ကူသွားပေလိမ့်မည်။
သူ ပေါင်းစပ်သင့်သလား။ လင်းဖုန်း အကျပ်ရိုက်နေလေပြီ။
***