ကြယ်တာရာဝါးမြိုသူကျင့်စဉ်၏ အချက်အလက်များမှာ အလွန်ရိုးရှင်းသော်လည်း ၎င်း၏ အခြေခံသဘောတရားများမှာမူ တကယ်ပင် စိတ်ကူးယဉ်ဆန်လှသည်။
အဘယ်ကြောင့်နည်း။
ကြယ်တာရာဝါးမြိုသူကျင့်စဥ်၏ အခြေခံသဘောတရားမှာ စကြဝဠာအတွင်းရှိ တွင်းနက်ဟုခေါ်သော ရှားပါးလှသည့် သဘာဝဖြစ်စဉ်တစ်ခုကို အခြေခံထားသောကြောင့် ဖြစ်သည်။
တွင်းနက်တစ်ခုသည် အရာအားလုံးကို ဝါးမြိုပစ်နိုင်သည်။ အလင်းကိုပင် ဝါးမြိုနိုင်စွမ်း ရှိသည်။ သဘာဝကျကျပင် ကြယ်စွမ်းအားများကိုလည်း ဝါးမြိုပစ်နိုင်မည် ဖြစ်သည်။ ဤသဘောတရားအရ ကြယ်တာရာဝါးမြိုသူကျင့်စဉ်သည် လူသား၏ခန္ဓာကိုယ်ကို တွင်းနက်တစ်ခုသဖွယ် ပုံဖော်ထားပြီး ကြယ်စွမ်းအားများကို ဝါးမြိုရန် အထူးပြုထားခြင်း ဖြစ်သည်။
အမှန်တကယ်တန်းတွင် ဤသည်မှာ စိတ်ကူးယဉ်ဆန်သော အတွေးအခေါ်တစ်ခု ဖြစ်သော်လည်း ထိုသာလွန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ၏ မရေမတွက်နိုင်သော စမ်းသပ်မှုများအပြီးတွင် သူ တကယ်ပင် အောင်မြင်ခဲ့သည်။ သို့သော် အောင်မြင်ပြီးနောက်တွင်မူ ထိုကျင့်စဉ်အတွက် လိုအပ်သော ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမှာ အလွန်ပင် မြင့်မားလွန်းလှကြောင်း သိရှိခဲ့ရသည်။ သူကဲ့သို့ သာလွန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦးပင်လျှင် ဤကျင့်စဉ်ကို မနည်းလေ့ကျင့်ယူရခြင်း ဖြစ်သည်။
အသွင်ပြောင်းနယ်ပယ် သိုင်းသမားများအတွက်မူ ပြောနေရန်ပင် မလိုတော့ပေ။
ဤကဲ့သို့သော စိတ်ကူးစိတ်သန်းမျိုးမှာ တကယ်ပင် အထင်ကြီးစရာ ကောင်းလှသည်။ လင်းဖုန်းမှာ လေးစားအားကျစွာဖြင့် ထပ်ခါတလဲလဲ ခေါင်းညိတ်နေမိသည်။
သို့သော် ဤတွင်းနက်သဘောတရားမှာ တစ်နေရာရာတွင် ရင်းနှီးနေသကဲ့သို့ပင်။ လင်းဖုန်းသည် ဟင်းလင်းပြင်ပူဖောင်းကို ချက်ချင်း သတိရလိုက်မိသည်။ ဟင်းလင်းပြင်ပူဖောင်း၏ ပြိုကွဲခြင်းသည်လည်း စကြာဝဠာသဘာဝဖြစ်စဉ်တစ်ခုကို တုပထားခြင်း ဖြစ်သည်။ အကယ်၍ ကြယ်တစ်လုံးသာ ပြိုကွဲသွားမည်ဆိုပါက နောက်ဆုံးတွင် တွင်းနက်တစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။
ကြည့်ရသည်မှာ ကြယ်တာရာစွမ်းအား ကျင့်စဉ်များနှင့် ကြယ်တာရာသိုင်းပညာများ အားလုံးမှာ စကြဝဠာအတွင်းရှိ သဘာဝကောင်းကင်ဖြစ်စဉ်များနှင့် ဆက်စပ်နေပုံရသည်။ ဤသည်မှာ ခြွင်းချက်မရှိ ပုံမှန်သာ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကြယ်တာရာစွမ်းအားဆိုသည်မှာ စကြဝဠာအတွင်းရှိ ကြယ်များမှလာသော စွမ်းအားများသာ ဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်က ကြယ်တာရာစွမ်းအားကို ကောင်းမွန်စွာ အသုံးချလိုပါက စကြဝဠာအတွင်းရှိ ကောင်းကင်ဖြစ်စဉ်များကို သဘာဝကျကျပင် လေ့လာရမည် ဖြစ်သည်။
ထို့ပြင် ထိုစကြဝဠာရှိ ကောင်းကင်ဆိုင်ရာအရာဝတ္ထုများတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ပါဝင်နေသည်။ ၎င်းတို့ကို တုပခြင်းဖြင့် မမျှော်လင့်ထားသော ရလဒ်ကောင်းများကို ရရှိနိုင်ပေသည်။
ကြယ်တာရာဝါးမြိုသူကျင့်စဉ်၏ အခြေခံသဘောတရားက မည်သည်ပင်ဖြစ်စေကာမူ လင်းဖုန်း တန်ဖိုးထားသည်မှာ ထိုကျင့်စဉ်၏ လက်တွေ့အာနိသင်ပင်။
ထို့ကြောင့် လင်းဖုန်းသည် တွေဝေမနေတော့ဘဲ ကြယ်တာရာဝါးမြိုသူကျင့်စဉ်ကို စတင် လေ့ကျင့်လိုက်တော့သည်။
သူသည် ကြယ်တာရာဝဲဂယက်ကျင့်စဉ်ကို လေ့ကျင့်ထားဖူးသဖြင့် ကြယ်တာရာဝါးမြိုသူကျင့်စဉ်ကို လေ့ကျင့်ရာတွင် ရင်းနီးကျွမ်းဝင်မှု ရှိနေပြီး ဖြစ်သည်။ အခြေခံသဘောတရားများမှာ အနည်းငယ် ကွဲပြားသော်လည်း လေ့ကျင့်မှု လုပ်ငန်းစဉ်မှာ ဆင်တူလှသည်။
လင်းဖုန်းက ကျင့်စဉ်၏ အဆင့်ဆင့်လမ်းညွှန်ချက်များအတိုင်း လိုက်နာလုပ်ဆောင်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံးမှာ အနည်းငယ် တုန်ခါသွားသည်။ ထို့နောက် ကြယ်စုံသော ကောင်းကင်ယံမှ များပြားလှသော ကြယ်စွမ်းအားများ သူ့ထံသို့ စီးဆင်းလာသည်ကို ခံစားလိုက်ရသည်။
ဘုန်း...
ထိုအဖြစ်မှာ ရုတ်တရက် ရေထဲသို့ ခုန်ချလိုက်သကဲ့သို့ပင်။ လင်းဖုန်းမှာ အသက်ရှူပင် ကျပ်သွားရသည်။ များပြားလှသော ကြယ်တာရာစွမ်းအားများမှာ ကျင့်ကြံရေးလျှို့ဝှက်ခန်းတစ်ခုလုံးကို ပြည့်နှက်သွားစေသည်။ လင်းဖုန်းက အသက်ကို ပြင်းပြင်းရှူသွင်းရန် ကြိုးစားလိုက်သော်လည်း အချည်းနှီးပင်။ သူ ရှူသွင်းလိုက်သည့် ထွက်သက်ဝင်သက် တိုင်းတွင် ကြီးမားလှသော ကြယ်စွမ်းအားများသာ ပါဝင်နေသည်။
အထူးသဖြင့် သူသည် ကြယ်တာရာဝါးမြိုသူကျင့်စဉ်ကို လေ့ကျင့်နေခြင်း ဖြစ်သဖြင့် ကြယ်စွမ်းအားများ မည်မျှပင် ရောက်လာပါစေ သူက အားလုံးကို ဝါးမြိုပစ်မည် ဖြစ်သည်။ ဤခံစားချက်မျိုးမှာ တစ်ခါမှ မကြုံဖူးသေးသော ခံစားချက်မျိုး ဖြစ်သည်။
များပြားလှသော ကြယ်စွမ်းအားများ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး ကြယ်တာရာစွမ်းအားအဖြစ်သို့ အရူးအမူး ပြောင်းလဲသွားကြသည်။ လင်းဖုန်း၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့်ပင်လျှင် သူသည် အချိန်မရွေး ပေါက်ကွဲသွားနိုင်သော ပူဖောင်းတစ်ခုကဲ့သို့ ခံစားနေရသည်။
တစ်မျှင်၊ နှစ်မျှင်၊ ဆယ်မျှင်၊ အမျှင်နှစ်ဆယ်...
လင်းဖုန်း၏ ခန္ဓာကိုယ်အတွင်း ကြယ်တာရာစွမ်းအား စုစည်းမှုနှုန်းမှာ အံ့ဩစရာ ကောင်းလှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် များပြားလှသော ကြယ်တာရာစွမ်းအားများ လင်းဖုန်း၏ ခန္ဓာကိုယ်ထဲတွင် ပေါ်ပေါက်လာသည်။ ဤပြောင်းလဲမှုနှုန်းမှာ လုံးဝ စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။
"ဘယ်လိုဖြစ်လို့ ဒီလောက် မြန်နေရတာလဲ"
လင်းဖုန်းပင်လျှင် အနည်းငယ် မှင်သက်သွားမိသည်။ သို့သော် သူ့ခန္ဓာကိုယ်မှာ အလွန်အမင်း အားစိုက်ထုတ်ရမှုကြောင့် ပေါက်ကွဲထွက်တော့မလို ခံစားရသည်နှင့်အမျှ သူ အကြောင်းအရာတချို့ကို နားလည်သွားသည်။ ဤ ကြယ်တာရာဝါးမြိုသူကျင့်စဉ်မှာ အမှန်တကယ်ပင် ရုပ်ပိုင်းဆိုင်ရာ ပိုသန်မာလေ ကြယ်တာရာစွမ်းအား စုစည်းမှုနှုန်းမှာ ပိုမြန်လေဖြစ်ပြီး အမြင့်ဆုံး ကန့်သတ်ချက်မှာလည်း လုံးဝ မရှိသလောက်ပင် ဖြစ်သည်။
လင်းဖုန်း၏ ရုပ်ခန္ဓာ မည်မျှအထိ သန်မာသနည်း။ လင်းဖုန်းကိုယ်တိုင်ပင်လျှင် အတိအကျမသိပေ။ အဘယ်ကြောင့်ဆိုသော် တိုင်းတာရန် သင့်တော်သောစံနှုန်းမျိုး လုံးဝ မရှိသောကြောင့် ဖြစ်သည်။ လင်းဖုန်း၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင့် နှိုင်းယှဉ်လျှင် အခြားသော သိုင်းသမားများမှာ အလွန်ပင် နိမ့်ကျလှသည်။
ထို့ကြောင့် လင်းဖုန်း၏ လက်ရှိ ပုံမှန်မဟုတ်သော ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုဖြင့်ဆိုလျှင် ဤကျင့်စဉ်ကို ဖန်တီးခဲ့သော သာလွန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူပင်လျှင် ကြယ်တာရာဝါးမြိုသူကျင့်စဉ်ကို လေ့ကျင့်ခြင်းဖြင့် လင်းဖုန်း မည်မျှအထိ မြန်မြန်ဆန်ဆန် ကြယ်တာရာစွမ်းအားများကို စုစည်းနိုင်မည်ကို ခန့်မှန်းသိရှိနိုင်လိမ့်မည် မဟုတ်ပေ။
အမျှင်ငါးဆယ်၊ ခြောက်ဆယ်၊ ခုနစ်ဆယ်...
အချိန်ကြာလာသည်နှင့်အမျှ လင်းဖုန်း၏ ပတ်ဝန်းကျင်တွင် စုစည်းလာသော ကြယ်စွမ်းအားများမှာ တဖြည်းဖြည်း ပို၍ပင် ကြောက်စရာကောင်းလာပြီး လင်းဖုန်း၏ ခန္ဓာကိုယ်အတွင်း ကြယ်တာရာစွမ်းအား စုစည်းမှုနှုန်းမှာလည်း ဆက်တိုက် တိုးတက်လာသည်။
"မဟုတ်ဘူး... ငါ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး။ တစ်ရက်ကို အမျှင်တန်းပေါင်း ၁၂၀ လောက် စုစည်းတာက ငါ့အတွက် အမြင့်ဆုံးအတိုင်းအတာပဲဖြစ်မယ်။ ဒါတောင် ငါ့ခန္ဓာကိုယ်ကို ထိခိုက်မှုတွေ ရှိနေပြီ။ ဒါကြောင့် တစ်ရက်ကို အမျှင်ပေါင်း ၁၀၀ လောက်ပဲ စုစည်းတာက အကောင်းဆုံး ရလဒ်ပဲ ဖြစ်လိမ့်မယ်"
လင်းဖုန်းသည် သူ့ခန္ဓာကိုယ် မည်မျှအထိ တောင့်ခံနိုင်မည်ကိုလည်း စမ်းသပ်ကြည့်နေသည်။ တစ်နေ့တာ ကုန်ဆုံးသွားပြီးနောက် လင်းဖုန်းသည် အမျှင်ပေါင်း ၁၂၀ စုစည်းနိုင်ခဲ့သည်။ သို့သော် သူ့ခန္ဓာကိုယ်မှာ အလွန်တရာ သက်တောင့်သက်သာမရှိဖြစ်နေသည်။ ကြယ်စွမ်းအားများကြောင့် ခန္ဓာကိုယ်နေရာအနှံ့အပြားတွင် ထိခိုက်မှုများ ရှိနေသည်။
ကံကောင်းထောက်မစွာဖြင့် လင်းဖုန်းတွင် မသေနိုင်သောအစွမ်းသတ္တိ ရှိသဖြင့် အလွန်လျင်မြန်စွာ ပြန်လည်သက်သာလာနိုင်သည်။ သို့မဟုတ်ပါက ဤဒဏ်ရာအနည်းငယ်ကြောင့်ပင် သူသည် တစ်လခွဲခန့် သို့မဟုတ် ထိုထက်မက အချိန်ယူကာ ပြန်လည်ကုသရပေလိမ့်မည်။
လင်းဖုန်းသည် စမ်းသပ်မှုရလဒ်အပေါ် များစွာ စိတ်ကျေနပ်မိသည်။ တစ်ရက်လျှင် အမျှင်ပေါင်း ၁၀၀ ခန့်ဆိုလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ဤအရှိန်မှာ အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှသည်။ အကယ်၍ တစ်စုံတစ်ယောက်ကို သွားပြောလျှင်ပင် ယုံကြည်လိမ့်မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ကြယ်တာရာစွမ်းအားကို အတော်လေး မြန်မြန်ဆန်ဆန် စုစည်းနိုင်သည်ဆိုသော ကြယ်တာရာဝဲဂယက်ကျင့်စဉ်ပင်လျှင် တစ်ရက်လျှင် အမျှင်ပေါင်း ၂၀ ခန့်သာ စုစည်းနိုင်သည်။ ကြယ်တာရာဝါးမြိုသူကျင့်စဉ်နှင့် နှိုင်းယှဉ်လျှင် ထိုကျင့်စဉ်၏ စွမ်းဆောင်ရည်မှာ အဆပေါင်းများစွာ နိမ့်ကျလှသည်။ ကွာခြားချက်မှာ အလွန်တရာ ကြီးမားလှပေသည်။
ဤအကျိုးပြုတန်ဖိုး ၁၀၀ မှာ တကယ်ပင် အသုံးချရကျိုး နပ်လှသည်။ ပေးရသည့်ဈေးနှုန်းမှာ အဆပေါင်းများစွာ ပိုကြီးနေလျှင်ပင် လင်းဖုန်းအနေဖြင့် တန်ဖိုးရှိသည်ဟု ထင်မိပေလိမ့်မည်။
ကြယ်တာရာဝါးမြိုသူ၏ စုစည်းမှုနှုန်းမှာ အလွန်မြန်ဆန်လှသဖြင့် လင်းဖုန်းသည် အစောင့်များကို အလွန်အရေးကြီးသော ကိစ္စမှလွဲ၍ သူ့ကို မနှောင့်ယှက်ရန် ညွှန်ကြားထားလိုက်သည်။ သူသည် တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်း၏ ကိစ္စရပ်များကို စီမံခန့်ခွဲရန် လုဝေ့အား လွှဲအပ်ထားခဲ့ပြီး သူကမူ တံခါးပိတ် ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၂၈ ရက် ကုန်ဆုံးသွားသည်။ တစ်လနီးပါး ကာလအတွင်း လင်းဖုန်း၏ ခန္ဓာကိုယ်ရှိ ကြယ်တာရာစွမ်းအားမှာ အမျှင်ပေါင်း ၅၄၀၀ အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ထိုမျှပမာဏရှိသော ကြယ်တာရာစွမ်းအားမှာ မည်မျှအထိ ကြီးမားလိုက်သနည်း။
၁၀ ဆ တိုးပွားခြင်း သဘောတရားအရ လင်းဖုန်း၏ ခန္ဓာကိုယ်အတွင်းရှိ ကြယ်တာရာစွမ်းအား ပမာဏမှာ သူ မျှော်မှန်းထားသည်ထက် သိသိသာသာ ပိုများနေခဲ့သည်။ တွက်ချက်မှုအရ အမျှင်ပေါင်း ၅၂၃၀ သာ ရှိသင့်သော်လည်း မည်သို့ဖြစ်၍ ၅၄၀၀ အထိ ရောက်ရှိသွားရသနည်း။
ထို့ပြင် ကြယ်တာရာစွမ်းအားမှာ ကန့်သတ်ချက်သို့ မရောက်သေးပေ။ နောက်ဆုံးတွင်မူ လင်းဖုန်း၏ ခန္ဓာကိုယ်ရှိ ကြယ်တာရာစွမ်းအားမှာ အမျှင်ပေါင်း ၅၄၃၀ သို့ ရောက်ရှိသွားသောအခါမှသာ ပြည့်လျှံသွားသကဲ့သို့ ခံစားလိုက်ရသည်။ ကြယ်တာရာစွမ်းအားများ မည်မျှပင် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပါစေ သူက ကြယ်တာရာဝါးမြိုသူကျင့်စဉ်ကို မည်မျှပင် လှည့်ပတ်နေပါစေ လင်းဖုန်းသည် ကြယ်တာရာစွမ်းအား တစ်မျှင်မျှကိုပင် ထပ်မံ မစုစည်းနိုင်တော့ပေ။
ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၅၄၃၀...။ ဤသည်မှာ သူ့ခန္ဓာကိုယ်က အဆက်မပြတ် အသွင်ပြောင်းလဲနေပြီး သူ၏ စွမ်းဆောင်ရည်အမျိုးမျိုး အဘက်ဘက်မှတိုးတက်လာကာ သူ၏ကန့်သတ်ချက်ကို အဆက်မပြတ် ချိုးဖျက်နေခြင်းကြောင့် ဖြစ်ရပေမည်။
လင်းဖုန်း လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ ယခုလက်ရှိ သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားမှာ တန် ၃၈၀ ကျော်နေသည်မှာ သေချာပေသည်။ မူလ တန် ၃၅၀ ထက်ပင် အနည်းငယ် ပိုမိုသန်မာလာသည်။ သူ့ခန္ဓာကိုယ်မှာ အဆက်မပြတ် အသွင်ပြောင်းလဲနေဆဲပင် ဖြစ်ရမည်။
"ပုံမှန်အခြေအနေအရဆိုရင် ငါ့ခန္ဓာကိုယ်ရဲ့ အသွင်ပြောင်းလဲမှုက ပြီးဆုံးတော့မှာပဲ"
လင်းဖုန်းသည် သူ၏ခန္ဓာကိုယ်အသွင်ပြောင်းလဲမှု အရှိန်မှာ တဖြည်းဖြည်း နှေးကွေးလာနေကြောင်း ခံစားမိသည်။ ခန္ဓာကိုယ်အသွင်ပြောင်းလဲမှု ပြီးဆုံးသွားသည်နှင့် သူ၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို ထပ်မံ မြှင့်တင်ရန်မှာ အလွန် ခက်ခဲသွားပေလိမ့်မည်။
ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၅၄၃၀ ဖြင့် သူသာ ဟင်းလင်းပြင်ပူဖောင်းကို အသုံးပြုမည်ဆိုပါက မျက်စိတစ်မှိတ်အတွင်းမှာပင် ကြယ်တာရာပူဖောင်း ၁၃ ခုကို စုစည်းနိုင်သည်။ ဤဆန်းကြယ်လှပသောကြယ်တာရာပူဖောင်း ၁၃ ခုသည် နတ်ဆိုး ၁၃ ကောင်ကို ချက်ချင်း သတ်ဖြတ်နိုင်ပေလိမ့်မည်။
လက်ရှိအချိန်ရောက်မှသာ လင်းဖုန်းသည် မိမိကိုယ်ကိုယ် တကယ်ပင် အစွမ်းထက်လာပြီဟု ခံစားလိုက်ရသည်။
ယခုအခါ သူသည် တကယ်ပင် အစွမ်းထက်နေပြီ ဖြစ်သည်။ ရန်သူများ ဝိုင်းရံထားခြင်းကိုလည်း သူ မကြောက်တော့ပေ။ သူသာ ဟင်းလင်းပြင်ပူဖောင်းနည်းစနစ်ကို အသုံးပြုလိုက်ပါက ရန်သူ မည်မျှပင် များပြားနေပါစေ ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
သို့သော် အကယ်၍ သူသည် အလွန်တရာ အစွမ်းထက်သော နတ်ဆိုးတစ်ကောင် သို့မဟုတ် အသွင်ပြောင်းနယ်ပယ် တတိယအဆင့် သိုင်းသမားတစ်ဦးနှင့် ရင်ဆိုင်ရလျှင်ကော မည်သို့ဖြစ်လာမည်နည်း။
လင်းဖုန်းသည် ဟင်းလင်းပြင်ပူဖောင်းနည်းစနစ်က ကြယ်တာရာပူဖောင်းကို စုစည်းရန် ကြယ်တာရာစွမ်းအားများကို စဉ်ဆက်မပြတ် အသုံးပြုနိုင်ကြောင်း မှတ်မိနေသည်။ ကြယ်တာရာစွမ်းအား ပို၍ စုစည်းနိုင်လေ ဟင်းလင်းပြင်ပူဖောင်းမှာ ပိုမိုအစွမ်းထက်လေ ဖြစ်သည်။ လင်းဖုန်းသည် ဟင်းလင်းပြင်ပူဖောင်း၏ စွမ်းအား ကန့်သတ်ချက်ကို တစ်ခါမှ မစမ်းသပ်ဖူးသေးပေ။ ဤသည်မှာ စမ်းသပ်ကြည့်ရန် အခွင့်ကောင်းတစ်ခုပင် ဖြစ်သည်။
ထို့ကြောင့် လင်းဖုန်းသည် သူ့စိတ်ကူးအတိုင်း ကြယ်တာရာစွမ်းအားများကို အသက်သွင်းလိုက်ပြီး ကြယ်တာရာပူဖောင်းတစ်ခုကို လျင်မြန်စွာ စတင် စုစည်းလိုက်တော့သည်။
ဝူး...
ကြယ်တာရာပူဖောင်းမှာ လင်းဖုန်း၏ ရှေ့မှောက်တွင် ရုတ်တရက် ပေါ်ပေါက်လာသည်။ ၎င်းမှာ ခမ်းနားနေဆဲပင် ဖြစ်သော်လည်း ဤသည်မှာ ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၄၀၀ ဖြင့်သာ စုစည်းထားခြင်း ဖြစ်သည်။ လင်းဖုန်းသည် ယခုအခါ ထိုပူဖောင်း၏ ကန့်သတ်ချက်ကို စမ်းသပ်လိုခြင်း ဖြစ်သည်။ ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၄၀၀ က မည်သို့ လုံလောက်ပါမည်နည်း။
ထို့ကြောင့် သူသည် ကြယ်တာရာပူဖောင်းထဲသို့ ကြယ်တာရာစွမ်းအားများ ပိုမို ထည့်သွင်းလိုက်သည်။
ငါးရာ၊ တစ်ထောင်၊ နှစ်ထောင်၊ သုံးထောင်...
ကြယ်တာရာစွမ်းအားများကို အဆက်မပြတ် ထည့်သွင်းလိုက်သည်နှင့်အမျှ လင်းဖုန်း၏ ရှေ့မှောက်ရှိ ကြယ်တာရာစွမ်းအား ပူဖောင်းမှာ တဖြည်းဖြည်း ပိုမိုလှပလာပြီး အိပ်မက်ဆန်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ လင်းဖုန်းကိုယ်တိုင်ပင်လျှင် ကြယ်တာရာပူဖောင်း၏ ညှို့ငင်ဖမ်းစားနိုင်စွမ်းရှိလှသော အလှတရားတွင် ဆွဲဆောင်ခြင်းခံရကာ မိန်းမောသွားမတတ် ခံစားလိုက်ရသည်။
***