ကြယ်တာရာပူဖောင်းမှာ အလွန်ပင် ခမ်းနားလှသော်လည်း လင်းဖုန်း၏ စိတ်အစဉ်မှာ တုန်လှုပ်သွားခဲ့ရသည်။ ဤလှပသောပူဖောင်း ပေါက်ကွဲသွားပါက မည်မျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထွက်ပေါ်လာမည်ကို သူ ကောင်းကောင်းခံစားမိသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ထိုပူဖောင်းထဲသို့ ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၃၀၀၀ ထည့်သွင်းထားပြီး ဖြစ်သည်။
အမျှင်ပေါင်း ၃၀၀၀ နှင့်ပင် ကန့်သတ်ချက်သို့ မရောက်သေးပေ။ ထို့ကြောင့် လင်းဖုန်းသည် ကြယ်တာရာစွမ်းအားများ ပိုမိုထည့်သွင်းကာ ဟင်းလင်းပြင်ပူဖောင်း၏ စွမ်းအား ကန့်သတ်ချက်ကို ဆက်လက်စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။
သုံးထောင့်ငါးရာ၊ လေးထောင်...
ပူဖောင်းထဲရှိ ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၄၀၀၀ သို့ ရောက်ရှိသွားသောအခါ လင်းဖုန်း အနည်းငယ် ရုန်းကန်လာရကြောင်း သိသိသာသာ ခံစားလိုက်ရသည်။ အမျှင်ပေါင်း ၄၀၀၀ ကျော်သွားသည်နှင့် သူ စုစည်းထားသော ကြယ်တာရာပူဖောင်းမှာ အနည်းငယ် မတည်မငြိမ် ဖြစ်လာပြီး အချိန်မရွေး ပြိုကွဲတော့မည့်အလား ဖြစ်နေသည်။
"စိတ်ဆန္ဒ ခိုင်မာမှု မလုံလောက်တာပဲ"
လင်းဖုန်း အကြောင်းရင်းကို ရှာတွေ့သွားသည်။ ဟင်းလင်းပြင်ပူဖောင်းထဲသို့ ကြယ်တာရာစွမ်းအား ထည့်သွင်းရာတွင် အကန့်အသတ် မရှိပုံရသည်။ ဤဟင်းလင်းပြင်ပူဖောင်းနည်းစနစ်မှာ တကယ့်ကို ကြောက်စရာကောင်းသော သိုင်းပညာရပ်တစ်ခုပင်။ သို့သော် လင်းဖုန်း၏ စိတ်ဆန္ဒမှာမူ ကန့်သတ်ချက် ရှိနေသည်။ ပူဖောင်းထဲတွင် ကြယ်တာရာစွမ်းအားများ အလွန်တရာ များပြားလာပါက သူ မထိန်းချုပ်နိုင်တော့ပေ။ ထိုပူဖောင်းမှာ အလိုအလျောက် ပြိုကွဲသွားပေလိမ့်မည်။
"ငါ တည်တည်ငြိမ်ငြိမ် ထိန်းချုပ်နိုင်တဲ့ အဆင့်က အမျှင်ပေါင်း ၄၀၀၀ ဝန်းကျင်ပဲ။ အဲဒီထက် ပိုသွားရင် ငါ မထိန်းချုပ်နိုင်တော့ဘူး"
လင်းဖုန်း အကြည့်များ စူးရှသွားသည်။ ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၄၀၀၀ ဆိုသည်မှာ အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် သိုင်းသမားတစ်ဦး၏ ကြယ်တာရာစွမ်းအားထက် လေးဆခန့် ပိုများသဖြင့် အလွန်ပင် များပြားလှသော ပမာဏ ဖြစ်သည်။
ဤမျှများပြားလှသော စွမ်းအားများဖြင့် စုစည်းထားသည့် ပူဖောင်းတစ်ခုတည်းက မည်မျှအထိ စွမ်းအားကြီးမားလိုက်မည်နည်း။
လောလောဆယ် လျှို့ဝှက်အခန်းထဲတွင် နှိုင်းယှဉ်စရာ အရာဝတ္ထု မရှိပေ။ သူ ခေတ္တမျှ စဉ်းစားလိုက်သည်။ ဟင်းလင်းပြင်ပူဖောင်းကို သိုင်းသမားများနှင့် ရင်ဆိုင်ရာတွင် တစ်ခါမှ အသုံးမပြုဖူးသေးပေ။ သူ အံကြိတ်ကာ သူ၏ လက်ဖဝါးကို ကြယ်တာရာပူဖောင်းထဲသို့ ထိုးသွင်းလိုက်သည်။
ထို့ပြင် သူ၏ ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသော အမျှင်ပေါင်း ၁၄၀၀ ကျော်ကို လက်ဖဝါးတွင် စုစည်းကာ အကာအကွယ် အလွှာတစ်ခု ဖန်တီးလိုက်သည်။ သူသည် ကြယ်တာရာစွမ်းအား အကာအကွယ်နှင့် ရင်ဆိုင်ရပါက ဤပူဖောင်းက မည်မျှအထိ စွမ်းအားပြနိုင်မည်ကို ကိုယ်တိုင် စမ်းသပ်လိုခြင်း ဖြစ်သည်။
"ပြိုကွဲစေ"
လင်းဖုန်း၏ စိတ်အမိန့်ကြောင့် ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၄၀၀၀ ဖြင့် စုစည်းထားသော ပူဖောင်းမှာ လျင်မြန်စွာ စတင် ပြိုကွဲသွားတော့သည်။
ဤပူဖောင်းမှာ အလွန်လှပပြီး ကြောက်စရာကောင်းသော အရှိန်အဝါမျိုး မရှိဟု ထင်ရသော်လည်း ၎င်းသည် စကြဝဠာအတွင်းရှိ ကြယ်များ ပြိုကွဲပျက်စီးခြင်း ဖြစ်စဉ်ကို တုပထားခြင်း ဖြစ်သည်။ ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော တွင်းနက်တစ်ခုကို ဖြစ်ပေါ်စေနိုင်သည့် ဖြစ်စဉ်မျိုး ဖြစ်သည်။
ဤဖြစ်စဉ်အတွင်း မည်မျှအထိ ကြီးမားသော ဖျက်ဆီးအားများ ထွက်ပေါ်လာမည်နည်း။
ယခင်က သင်းခွေချပ်နတ်ဆိုးများကို သတ်ဖြတ်စဉ် လင်းဖုန်းအတွက် အလွန်လွယ်ကူသလို ခံစားခဲ့ရသည်။ သူသည် ဟင်းလင်းပြင်ပူဖောင်းမှာ အလွန်သန်မာသည်ဟုသာ သိထားပြီး မည်မျှအထိ အစွမ်းထက်မည်ကိုမူ တိုက်ရိုက် နားလည်ထားခြင်း မရှိပေ။
ယခု သူ၏ လက်မောင်းဖြင့် ကိုယ်တိုင် စမ်းသပ်ကြည့်သောအခါမှသာ အလွန်အမင်း ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်ကို သူ ရုတ်တရက် အာရုံခံမိလိုက်သည်။
ကြောက်စရာကောင်းလှသည်။ အလွန့်အလွန်ပင် ကြောက်စရာကောင်းလှသည်။ ခဏတွင်းချင်းမှာပင် လင်းဖုန်းသည် သေမင်း၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူ့နှလုံးသားထဲတွင်လည်း အစွန်းရောက် ကြောက်ရွံ့မှုများ စီးဆင်းသွားသည်။
ရှင်ခြင်းနှင့် သေခြင်းကြား အခြေအနေတွင် ကြီးကြီးမားမား ထိတ်လန့်ကြောက်ရွံ့တတ်ကြသည်။ လင်းဖုန်းသည် ဤခမ်းနားသော ပူဖောင်းကြောင့် သေမင်း၏ အငွေ့အသက်ကို တိတိကျကျ အာရုံခံမိခြင်း ဖြစ်သည်။ ပူဖောင်းများ ပြိုကွဲသွားစဉ်က ထိုသင်းခွေချပ်နတ်ဆိုးများသည်လည်း ဤကဲ့သို့ပင် ခံစားခဲ့ရမည်ဟု သူ ယုံကြည်သည်။
ကြောက်စရာကောင်းသော အရှိန်အဝါများ ပြန့်နှံ့လာသော်လည်း လင်းဖုန်းတွင် လက်မောင်းကို ပြန်ရုပ်သိမ်းရန် အခွင့်အရေး မရှိတော့ပေ။ သူသည် ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားများကို အရူးအမူး အသက်သွင်းကာ လက်ဖဝါးပေါ်တွင် ထူထပ်သော အကာအကွယ်အလွှာတစ်ခုအဖြစ် စုစည်းလိုက်ရုံသာ တတ်နိုင်တော့သည်။
သိုင်းပညာရှင်များသည် ကြယ်တာရာစွမ်းအား မကုန်ခန်းသရွေ့ မသေနိုင်ပေ။
ဤသည်မှာ မပြောင်းလဲနိုင်သော စည်းမျဉ်းတစ်ခုအလားပင်။ ကြယ်တာရာပူဖောင်း ပြိုကွဲသွားချိန်တွင် လင်းဖုန်းမှာ နာကျင်မှုကိုပင် မခံစားလိုက်ရပေ။ ထိုဖြစ်စဉ်မှာ တစ်စက္ကန့် သို့မဟုတ် တစ်ခဏအတွင်းသာ ဖြစ်နိုင်သည်။ ပူဖောင်းမှာ အပ်ဖျားလေးတစ်ခုအထိ ကျုံ့ဝင်သွားပြီးနောက် လုံးဝ ကွယ်ပျောက်သွားသည်။
လင်းဖုန်း၏ လက်ဖဝါးမှာလည်း ပူဖောင်းနှင့်အတူ လုံးဝပျောက်ကွယ်သွားသည်။ လက်ကောက်ဝတ်နေရာမှစ၍ ထူးဆန်းစွာ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ၎င်းမှာ ဓားထက်ထက်ဖြင့် ခုတ်ဖြတ်လိုက်သည်ထက်ပင် ပိုမိုချောမွေ့နေပြီး ဘာအကြောင်းရင်းမှ မရှိဘဲ ဟင်းလင်းပြင်ထဲသို့ လုံးဝဥဿုံ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်။
ထူးဆန်းအံ့ဩဖွယ်ဖြစ်ကာ ကြောက်စရာကောင်းလှသည်။ လက်ရှိအချိန်တွင် လင်းဖုန်းပင်လျှင် သူ့နှလုံးသား တုန်လှုပ်မှုကို ခံစားလိုက်ရသည်။
သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ထားသော ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၁၄၀၀ မှာ လုံးဝ အသုံးမဝင်ခဲ့ပေ။ သူ၏ လက်ဖဝါးမှာ ယခင်ကတည်းက မရှိခဲ့ဖူးသည့်အလား လေထဲသို့ ပျောက်ကွယ်သွားသည်။ ယခုအခါ လင်းဖုန်း၏ ခန္ဓာကိုယ်ထဲတွင် ကြယ်တာရာစွမ်းအား တစ်မျှင်မျှ မကျန်တော့ပေ။
"ဒါက တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်။ ဒါက အမျှင်ပေါင်း ၄၀၀၀ နဲ့ လုပ်ထားတဲ့ ဟင်းလင်းပြင်ပူဖောင်းရဲ့ စွမ်းအားလား"
လင်းဖုန်းသည် ပူဖောင်း၏ ကြောက်မက်ဖွယ် စွမ်းအားကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီ ဖြစ်သည်။ အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် မပြောနှင့် တတိယအဆင့် သိုင်းသမားတစ်ဦးပင်လျှင် ထိုစွမ်းအားကို တောင့်ခံနိုင်ပါမည်လော။
လင်းဖုန်း မသိပေ။ တတိယအဆင့် သိုင်းသမားတစ်ဦးတွင် ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၉၉၉၉ခုအထိ ရှိသော်လည်း ထိုစွမ်းအားများက လင်းဖုန်း၏ ဟင်းလင်းပြင်ပူဖောင်းကို ခုခံနိုင်မည်ဟု အတပ်ပြောနိုင်ရန်မှာ တကယ်ပင် ခက်ခဲလှသည်။
ထို့ပြင် ကြယ်တာရာစွမ်းအားမျှင် ၄၀၀၀ ဖြင့် စုစည်းထားသော ပူဖောင်းမှာလည်း ဟင်းလင်းပြင်ပူဖောင်း၏ အစွမ်းကန့်သတ်ချက် မဟုတ်သေးပေ။ လင်းဖုန်းအနေဖြင့် ပူဖောင်းကို ထိန်းချုပ်နိုင်ရန် သူ၏ စိတ်ဆန္ဒကို ထပ်မံမြှင့်တင်နိုင်သရွေ့ ကြယ်တာရာစွမ်းအားများ ပိုမို ထည့်သွင်းနိုင်သေးသည်။
"ဟူး..."
လင်းဖုန်း သက်ပြင်းတစ်ချက် ချလိုက်သည်။ ယခုအခါ သူ၏ ကြယ်တာရာစွမ်းအားမှာ အလွန်များပြားနေပြီး ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ပြင် ဟင်းလင်းပြင်ပူဖောင်း၏ အစွမ်းကြောင့် သူ၏ ကြယ်တာရာစွမ်းအားမှာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားထက်ပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
လက်ရှိတွင် လင်းဖုန်းသည် သူ၏ ခန္ဓာကိုယ်ကို လေ့ကျင့်ရန် လက်မလွှတ်သေးပေ။ အမှန်တကယ်တွင်မူ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု တိုးတက်လာခြင်းမှာ သူ၏ ကြယ်တာရာစွမ်းအားအတွက် အထောက်အကူ ဖြစ်စေသောကြောင့် ဖြစ်သည်။
အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက လင်းဖုန်းသည် သူ၏ ခန္ဓာကိုယ်ကို လေ့ကျင့်ရန် တဖြည်းဖြည်း လက်လွှတ်သွားနိုင်ပေသည်။
မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖြတ်ပြီးနောက် သိုင်းသမားများစွာမှာ သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်ရန် အဘယ်တွက်ကြောင့် လက်လွှတ်လိုက်ကြသလဲဆိုသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ အလွန်တရာမြန်ဆန်ပြီး အစွမ်းထက်သော ကြယ်တာရာစွမ်းအား တိုးတက်မှုနှင့် နှိုင်းယှဉ်လျှင် ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုမှာ အမှန်တကယ်ပင် နှေးကွေးလှသည်။
လင်းဖုန်းကဲ့သို့ သန်မာကြံ့ခိုင်သော ရုပ်ခန္ဓာပိုင်ရှင်ပင်လျှင် ဤပြဿနာကို ကြုံတွေ့နေရပါက အခြားသော သိုင်းသမားများအတွက်မူ ပြောနေရန်ပင် မလိုတော့ပေ။
သို့သော် လင်းဖုန်းသည် သူ၏ ရုပ်ပိုင်းဆိုင်ရာကျင့်ကြံမှုကို လက်လွှတ်ရန် အစီအစဉ် မရှိပေ။ သူသည် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုနှင့် ကြယ်တာရာစွမ်းအား ကျင့်ကြံမှုမှာ အတူတူပင် အရေးကြီးသည်ဟု အမြဲ ခံစားရသည်။ ထို့ပြင် သူ့၌ မျိုးဗီဇပေါင်းစပ်ကိရိယာ ရှိနေသည်။ သူသာ ကြမ်းကြုတ်သားရဲ မျိုးရိုးဗီဇများကို ထပ်မံ ပေါင်းစပ်နိုင်မည်ဆိုပါက သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာလည်း ကြယ်တာရာစွမ်းအားထက် နိမ့်ကျနေမည် မဟုတ်ပေ။
ယခုလက်ရှိအချိန်တွင် လင်းဖုန်းသည် သူ၏ ခန္ဓာကိုယ်အသွင်ပြောင်းလဲမှုဖြစ်စဥ်မှာ နှစ်လကျော် ကြာမြင့်လာပြီဖြစ်ကြောင်း တွက်ချက်မိသည်။ အမှန်တကယ်တော့ သူသည် ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်၏ ပဉ္စမအဆင့်ကို စတင်လေ့ကျင့်နိုင်ပြီ ဖြစ်သည်။ အကယ်၍ သူသာ ပဉ္စမအဆင့်ကို ကျွမ်းကျင်ပြီး ဝဲဂယက်စွမ်းအားငါးခုကို ထုတ်ဖော်နိုင်မည်ဆိုပါက မည်သည့် အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် သိုင်းသမားကိုမဆို ကြောက်နေရန် မလိုအပ်တော့ပေ။
မြောက်ပိုင်းတောင်တန်း အခြေစိုက်စခန်းကိုမူ အလွတ်တန်းသိုင်းသမားများသမဂ္ဂမှ သိုင်းသမားများက ကာကွယ်စောင့်ရှောက်နေကြသည်။
မြောက်ပိုင်းနှင့် တောင်ပိုင်း အခြေစိုက်စခန်းနှစ်ခုစလုံးမှာ ရှေ့တန်း၏ အရှေ့ဘက်ဆုံးတွင် ရှိကြသည်။ တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းမှာ သင်းခွေချပ်သားရဲများကို ခုခံရပြီး မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းမှာမူ မြေပုရွက်ဆိတ်များကို ခုခံရသည်။
ထိုမြေပုရွက်ဆိတ်များမှာ သင်းခွေချပ်သားရဲများထက် များစွာ သေးငယ်ကြသည်။ ထိုသားရဲများမှာ သေးငယ်သော သတ္တဝါလေးများကဲ့သို့ပင် ဖြစ်ကာ အိမ်မွေးခွေး အရွယ်အစားခန့်သာ ရှိသည်။ သဘာဝကျကျပင် သူတို့သည် သာမန်ပုရွက်ဆိတ်များထက်မူ အဆပေါင်းများစွာ ပိုကြီးကြသည်။
သို့သော် စစ်မှန်သော ကြမ်းကြုတ်သားရဲတစ်ကောင်အနေဖြင့် မြေပုရွက်ဆိတ်များမှာ အလွန်ပင် ကြောက်စရာကောင်းလှသည်။ သူတို့၏ သွားများမှာ ဖျက်ဆီး၍ မရနိုင်လောက်အောင်ပင်။ တစ်ချက်ကိုက်လိုက်ရုံဖြင့် မာကျောသော သံမဏိများကိုပင် အစိတ်စိတ်ပိုင်းပိုင်းဖြစ်အောင် ချိုးဖျက်နိုင်သည်။
ထို့ပြင် မြေပုရွက်ဆိတ်များမှာ မြေအောက်သို့ တိုးဝင်နိုင်သည်။ မြေအောက်တွင် ထောင်နှင့်ချီသော လိုဏ်ခေါင်းများ ရှိနေပြီး ရှုပ်ထွေးလှသော မြေအောက်ဝင်္ကပါကြီးတစ်ခုကဲ့သို့ပင် ဖြစ်သည်။ ဤကဲ့သို့သောကိစ္စရပ်များကြောင့် မြေပုရွက်ဆိတ်များမှာ အလွန်ပင် ခေါင်းခဲစရာ ကောင်းလှသည်။
ယခုအခါ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းမှာ အခက်အခဲနှင့် ကြုံတွေ့နေရသည်။ ထိုမြေပုရွက်ဆိတ်များမှာ မည်သည့်အကြောင်းကြောင့်မှန်းမသိ အရူးအမူး ဖြစ်နေကြပြီး အခြေစိုက်စခန်းကို အပြင်းအထန် တိုက်ခိုက်နေကြသည်။ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်း၏ တည်ဆောက်ရေး ပစ္စည်းများမှာ တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းထက် ပိုမို ခိုင်ခံ့သော်လည်း မြေပုရွက်ဆိတ်များ၏ တိုက်ခိုက်မှုကြောင့် အခြေစိုက်စခန်း ကျဆုံးရန်မှာ အချိန်တစ်ခုသာ လိုတော့သည်။
"စစ်သေနာပတိချုပ်... စစ်ကူတောင်းပါ။ မြို့စားမင်းက တောင်ပိုင်းတောင်တန်းမြို့ကို စောင့်ကြပ်နေရလို့ အလွယ်တကူ လာလို့မရဘူး။ ကျွန်တော်တို့ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းကနေပဲ စစ်ကူတောင်းလို့ ရမယ်"
"ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က တောင်ပိုင်းအခြေစိုက်စခန်းက သင်းခွေချပ်သားရဲတွေရဲ့ တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့တယ်လို့ ကြားတယ်။ သူတို့ အခု ကျွန်တော်တို့ကို လာကူညီနိုင်မှာပါ"
မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်း၏ ခွန်အားမှာ အတော်လေး ကောင်းမွန်လှသည်။ အမှန်တကယ်တော့ ၎င်း၏ စုစုပေါင်းခွန်အားမှာ တောင်ပိုင်းအခြေစိုက်စခန်းထက် များစွာ ပို၍ သန်မာသည်။ အခြေစိုက်စခန်းတွင် သာလွန်လူသား ကျွမ်းကျင်သူ စုစုပေါင်း ၅၀ ရှိသည်။ ထိုအရေအတွက်မှာ ရှေ့တန်းအခြေစိုက်စခန်း တစ်ခုအတွက် အတော်လေး ရှားပါးလှသော ပမာဏဖြစ်သည်။
သို့သော် လက်ရှိအချိန်တွင် မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်း၏ အစည်းအဝေးခန်းမအတွင်းရှိ လူတိုင်း၏ မျက်နှာထက်တွင် စိတ်ပျက်အားငယ်မှုများ ရှိနေကြသည်။
"ငါတို့က တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းဆီကနေ စစ်ကူတောင်းရမယ် ဟုတ်လား... တကယ်ကိုပဲ"
မြောက်ပိုင်းအခြေစိုက်စခန်း၏ စစ်သေနာပတိချုပ်မှာလည်း အလွန်ပင် အားကိုးရာမဲ့နေသည်။ အမှန်အတိုင်းပြောရလျှင် မြောက်ပိုင်းနှင့် တောင်ပိုင်း အခြေစိုက်စခန်းနှစ်ခုမှာ အလွန်အလှမ်းဝေးလှသည် မဟုတ်ပေ။ ထို့ပြင် သူတို့မှာ မတူညီသော အဖွဲ့အစည်းများမှ ဖြစ်ကြသဖြင့် ပုံမှန်အားဖြင့် ပြိုင်ဆိုင်မှုများနှင့် ပွတ်တိုက်မှုများ မည်သို့ ရှိမနေဘဲ နေပါမည်နည်း။
သို့သော် တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်း အင်အား အကောင်းဆုံးအချိန်မှာပင် မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းကသာ အသာစီး ရခဲ့သည်။ အမြဲလိုလို တောင်ပိုင်းအခြေစိုက်စခန်းကသာ စစ်ကူတောင်းခဲ့ရခြင်း ဖြစ်သည်။
မြောက်ပိုင်းအခြေစိုက်စခန်းက တောင်ပိုင်းအခြေစိုက်စခန်းဆီကနေ ဘယ်တုန်းက စစ်ကူတောင်းခဲ့ဖူးလို့လဲ။
သို့သော် ယခုအချိန်မှာ ပုဂ္ဂိုလ်ရေးစိတ်ခံစားချက်များကို ရှေ့တန်းတင်နေရမည့်အချိန် မဟုတ်ပေ။ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်း အပြင်ဘက်ရှိ မြေပုရွက်ဆိတ်များမှာ အခြေစိုက်စခန်းကို အရူးအမူး တိုက်ခိုက်နေကြသည်။ တောင်ပိုင်းအခြေစိုက်စခန်းထံမှ စစ်ကူတောင်းခြင်းမှာ သူတို့၏ တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်သည်။
"တောင်ပိုင်းအခြေစိုက်စခန်းဆီကို ချက်ချင်း စစ်ကူတောင်းလိုက်"
မြောက်ပိုင်းအခြေစိုက်စခန်း၏ စစ်သေနာပတိချုပ် မိုလေ့သည် အံကို တင်းတင်းကြိတ်ကာ အမိန့်ပေးလိုက်တော့သည်။
***