ဘီ... ဘီ...
လင်းဖုန်း၏ ဆက်သွယ်ရေးစက် ရုတ်တရက် မြည်လာသည်။
"ဟမ်... ယွီရှန်း၊ မင်း တောင်ပိုင်းအခြေစိုက်စခန်းကို ရောက်နေပြီလား"
လင်းဖုန်း ဖုန်းလက်ခံလိုက်သည်။ သူ့မျက်နှာထက်တွင် အံ့ဩမှုများ ပြည့်နှက်သွားသည်။ ယွီရှန်းက လက်ထပ်ပြီး ပျားရည်ဆမ်းခရီးထွက်ရမှာ မဟုတ်လား။ ဘာလို့နှစ်လအကြာမှာတင် တောင်ပိုင်းအခြေစိုက်စခန်းကို ရောက်လာရတာလဲ။
သို့သော် ဆက်သွယ်ရေးစက်မှတစ်ဆင့် စကားပြောရန် ခက်ခဲသဖြင့် လင်းဖုန်း လျှို့ဝှက်အခန်းထဲမှ ထွက်လာခဲ့သည်။ လင်းဖုန်းသည် ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ် ပဉ္စမအဆင့်ကို မကျွမ်းကျင်သေးသော်လည်း သူ၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမှာ များစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။ သူ၏ သဘာဝခန္ဓာကိုယ် ခွန်အားသက်သက်ဖြင့်ပင် တန် ၃၈၀ အားကို ထုတ်ဖော်ရန်မှာ ပြဿနာ မရှိတော့ပေ။
လျှို့ဝှက်အခန်းကို ဖွင့်ပြီးနောက် လင်းဖုန်း ဧည့်ခန်းသို့ ထွက်လာခဲ့သည်။
"စစ်သေနာပတိချုပ်... အပြင်မှာ သာလွန်လူသား ကျွမ်းကျင်သူတစ်ယောက် အခြေစိုက်စခန်းကို လာရောက် သတင်းပို့နေပါတယ်"
လင်းဖုန်း ထွက်လာသည်ကို မြင်သောအခါ အစောင့်က အလျင်အမြန် အစီရင်ခံသည်။
"ကောင်းပြီ... အခြေစိုက်စခန်းက တပ်ရင်းမှူး ၂၀ စလုံးကို အစည်းအဝေးခန်းမမှာ လူစုခိုင်းလိုက်"
"ဟုတ်ကဲ့ပါခင်ဗျာ"
အစောင့်က အမြန် သွားရောက် အကြောင်းကြားလိုက်သည်။ ယခင်တိုက်ပွဲအပြီးတွင် တောင်ပိုင်းအခြေစိုက်စခန်းတွင် လင်းဖုန်း၏ ဂုဏ်သတင်းမှာ ပိုမိုကြီးမားလာပြီး ယခင်စစ်သေနာပတိချုပ် ကျိုးယွင်ကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင် လင်းဖုန်းသည် တောင်ပိုင်းအခြေစိုက်စခန်း၏ အာဏာကို အပြည့်အဝ ဆုပ်ကိုင်ထားနိုင်ပြီဟု ဆိုနိုင်သည်။ သူသည် အခြေစိုက်စခန်း၏ သေးငယ်သော ကိစ္စရပ်များကို ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းခြင်း မပြုသော်လည်း သူ၏နှုတ်ထွက်စကားအားလုံးမှာ အမိန့်ဖြစ်ပြီး မည်သူမျှ မေးခွန်းထုတ်ရဲခြင်း မရှိပေ။
ဧည့်ခန်းသို့ ရောက်သောအခါ လင်းဖုန်းသည် ယွီရှန်းကို တစ်ချက်ကြည့်ရုံဖြင့် မြင်လိုက်ရသည်။
လက်ရှိ ယွီရှန်းမှာ အလွန်ပင် တက်ကြွလန်းဆန်းနေပုံရသည်။ သူသည် အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသူနှင့်ပင် တူသည်။
"ယွီရှန်း... မင်း ဘယ်လိုဖြစ်လို့ ဒီကို ရောက်နေတာလဲ"
"ဟားဟားဟား... ငါ ဒီကို ဘာလို့ မလာနိုင်ရမှာလဲ။ ရှောင်ရှီးနဲ့ ငါနဲ့က မင်းကို အရင်လာကူညီဖို့ သဘောတူထားကြတာလေ။ ငါတို့အားတဲ့အချိန်မှပဲ အားလပ်ရက်ယူပြီး ပြန်ကြမယ်လို့ ဆုံးဖြတ်ထားတာ။ လွန်ခဲ့တဲ့ နှစ်လအတွင်းမှာ ငါ့ရဲ့ အသွင်ပြောင်းလဲမှုကလည်း ပြီးသလောက် ဖြစ်နေပြီ။ ငါ့ခွန်အားကလည်း တော်တော်လေး တိုးတက်လာပြီလေ။ ငါ မင်းကို တစ်ခုခု ကူညီနိုင်လိမ့်မယ်ထင်လို့ လာခဲ့တာပေါ့ကွ။ ဘာလဲ... ငါလာတာကို မကြိုဆိုဘူးလား"
"ဘယ်ကလာ...ကြိုဆိုတာပေါ့ကွာ"
လင်းဖုန်းလည်း အလွန် ဝမ်းသာသွားသည်။ ယွီရှန်းစကားအရ ကြားရသည်မှာ လွယ်ကူသယောင်ရှိသော်လည်း အမှန်တကယ်တန်းတွင်မူ သူသည် နှစ်လအတွင်းမှာတင် အပြေးအလွှား ရောက်လာခြင်း ဖြစ်သည်။ သူ ဟန်နီမွန်းပင် ထွက်ဖြစ်ခဲ့ပုံ မရပေ။
ဤသည်မှာ စစ်မှန်သော ညီအစ်ကိုပင်။
"ယွီရှန်း...အခု မင်းရဲ့ ခန္ဓာကိုယ်အသွင်ပြောင်းလဲမှုက ပြီးသွားပြီလား"
"အင်း... ပြီးသွားပြီ။ နှစ်လပဲ ကြာတယ်။ ငါ စစ်ဆေးကြည့်တာတော့ သိပ်ပြီး စိတ်တိုင်းမကျလှပါဘူးကွာ"
ယွီရှန်း ခေါင်းခါလိုက်သည်။ အမှန်တကယ်တော့ ရုပ်ပိုင်းဆိုင်ရာ အသွင်ပြောင်းလဲမှုမှာ များသောအားဖြင့် နှစ်လ သို့မဟုတ် သုံးလ ကြာတတ်သည်။ အချို့ဆိုလျှင် ထိုထက်ပင် ပိုကြာနိုင်သည်။ သို့သော် နှစ်လအတွင်းမှာတင် ပြီးဆုံးသွားသည်ဆိုခြင်းမှာ ယွီရှန်း၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ အလွန်တရာ သန်မာလှခြင်း မရှိကြောင်း ပြသနေသည်။
ထို့ပြင် ယွီရှန်းမှာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို အထူးပြုထားသူ မဟုတ်ပေ။ လင်းဖုန်းက နှစ်သိမ့်လိုက်သည်။
"ယွီရှန်း... မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖြတ်ပြီးရင် အဓိက အာရုံစိုက်ရမှာက ကြယ်တာရာစွမ်းအား ကျင့်ကြံဖို့ပဲလေ"
ယွီရှန်း ခေါင်းညိတ်လိုက်သည်။ ခွန်အားနှင့် ပတ်သက်လာလျှင် ယွီရှန်းမှာ လင်းဖုန်းနှင့် နှိုင်းယှဉ်၍ မရသည်မှာ သေချာပေသည်။ လက်ရှိယွီရှန်းသည် ဝါရင့်အသွင်ပြောင်းနယ်ပယ် ပထမအဆင့် သိုင်းသမားအချို့ကိုပင် မမီနိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ ယွီရှန်း၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားမှာ အလွန် နည်းပါးနေသေးသည်။ သူ မည်မျှအထိ တိုက်ခိုက်ရေးစွမ်းအား ထုတ်ဖော်နိုင်မည်ဆိုသည်မှာ မေးခွန်းထုတ်စရာ ရှိနေဆဲပင်။
သို့သော် မည်သို့ပင်ဖြစ်စေကာမူ သူသည် အသွင်ပြောင်းနယ်ပယ် သာလွန်လူသားတစ်ဦး ဖြစ်နေဆဲဖြစ်ရာ သာမန်သိုင်းသမားများထက် များစွာ ပိုမိုသန်မာနေဆဲပင်။
ထိုစဉ် အစောင့် ပြန်ရောက်လာသည်။ သူက လင်းဖုန်းကို ရိုသေစွာ ဦးညွတ်၍ အစီရင်ခံလိုက်သည်။
"စစ်သေနာပတိချုပ်... အစည်းအဝေးအတွက် အားလုံး ပြင်ဆင်ပြီးပါပြီ"
"ကောင်းပြီ... ယွီရှန်း။ အစည်းအဝေးခန်းမကို သွားကြစို့။ ငါ မင်းကို တောင်ပိုင်းအခြေစိုက်စခန်းက သာလွန်လူသား ကျွမ်းကျင်သူတွေနဲ့ မိတ်ဆက်ပေးမယ်"
ထို့နောက် လင်းဖုန်းသည် ယွီရှန်းကို အစည်းအဝေးခန်းမသို့ ခေါ်ဆောင်သွားသည်။
လမ်းတစ်လျှောက်တွင် လင်းဖုန်းကို မြင်တွေ့ကြသော သိုင်းသမားတိုင်းက ရိုသေလေးစားစွာ နှုတ်ဆက်ကြသည်။ လင်းဖုန်းကလည်း တစ်ဦးချင်းစီကို ခေါင်းညိတ်ပြသည်။ ဤမြင်ကွင်းက ဘေးနားရှိ ယွီရှန်းကို အံ့အားသင့်စေသည်။
"လင်းဖုန်း... ကြည့်ရတာ မင်း တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းမှာ အခြေအနေ တော်တော်ကောင်းပုံရတယ်။ နှစ်လပဲ ရှိသေးတာကို မင်းရဲ့ ဂုဏ်သတင်းက ဒီလောက်အထိ ကြီးမားနေပြီပဲ။ မင်း အခြေစိုက်စခန်း တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီ ထင်တယ်"
"ဟားဟား... ငါက ဒီလို သာမန်ကိစ္စတွေကို မကိုင်တွယ်ချင်ဘူးဆိုတာ မင်း သိသားပဲ။ ငါက မင်း ငါ့ကို လာကူညီမှာကို စောင့်နေတာ"
လင်းဖုန်းက ပြုံးလျက် ပြောလိုက်သည်။ သူသည် လုဝေ့အပေါ် ယုံကြည်စိတ်ချသော်လည်း ယွီရှန်းလောက် မည်သို့ စိတ်ချလက်ချဖြစ်နိုင်ပါမည်နည်း။ လင်းဖုန်းသည် ယွီရှန်းကို သူ့ခွန်အားကို ကြွားဝါရန် သို့မဟုတ် အလှပြရန် ခေါ်ယူထားခြင်း မဟုတ်ပေ။ ယွီရှန်းကို တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်း၏ ကိစ္စရပ်များကို စီမံခန့်ခွဲရာတွင် ကူညီပေးစေလိုခြင်း ဖြစ်သည်။
ယွီရှန်း ခေါင်းညိတ်လိုက်သည်။ မူလက သူသည် လင်းဖုန်း၏ အခြေခံမှာ မခိုင်မာသေးဟု ယူဆကာ လင်းဖုန်းကို ကူညီရန် အပြေးအလွှား ရောက်လာခြင်း ဖြစ်သည်။ သို့သော် အခြေအနေအရ လင်းဖုန်းသည် တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းတစ်ခုလုံးကို အခြေခံအားဖြင့် ထိန်းချုပ်ထားနိုင်နေပြီ ဖြစ်ပုံပင်။ ဤသည်က ယွီရှန်းကို စိတ်သက်သာရာ ရစေသည်။
အစည်းအဝေးခန်းမအတွင်း၌ တပ်ရင်းမှူး ၂၀ စလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့သည် လင်းဖုန်း လူတိုင်းကို ဘာကြောင့် ခေါ်ယူရသလဲဆိုသည်ကို ဆွေးနွေးနေကြသည်။ လင်းဖုန်း အခန်းထဲသို့ ဝင်လာသောအခါ လင်းဖုန်း၏ နောက်ကွယ်တွင် မရင်းနှီးသော မျက်နှာသစ် သိုင်းသမားတစ်ဦး ပါလာသည်ကို လူတိုင်း သတိထားမိလိုက်ကြသည်။
"အားလုံးပဲ... ဒါကတော့ အထက်ကနေ ငါတို့ တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းကို တာဝန်ချပေးလိုက်တဲ့ ယွီရှန်းပါ။ ဒီနေ့ကစပြီး သူက တပ်ရင်းတစ်ခုကို တစ်ကိုယ်တည်း ဦးဆောင်လိမ့်မယ်။ အဲဒီတပ်ရင်းကတော့ ချန်ရွှယ်ရဲ့ တပ်ရင်းပဲ ဖြစ်လိမ့်မယ်"
လင်းဖုန်းက စကားလုံး အနည်းငယ်ဖြင့်ပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သော်လည်း လုဝေ့နှင့် အခြားသူများမှာ ကန့်ကွက်ခြင်း မရှိကြပေ။ ထိုအစား သူတို့က အပြည့်အဝထောက်ခံကာ ဖော်ရွေစွာ ပြုံးပြကြသည်။
"ညီအစ်ကို ယွီရှန်း... လာပါ၊ ငါ့ဘေးမှာ ထိုင်ပါ။ အနာဂတ်မှာ ငါတို့က အတူတူ တိုက်ပွဲဝင်မယ့် ညီအစ်ကိုတွေ ဖြစ်လာမှာပဲ"
"ဟုတ်တယ်... ညီအစ်ကို ယွီရှန်း။ မင်းက အချိန်အတော်ကြာမှ ငါတို့ တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းကို ပြောင်းလာတဲ့ ပထမဆုံး အသွင်ပြောင်းနယ်ပယ် သိုင်းသမားပဲ။ အထက်က ငါတို့ဆီကို သာလွန်လူသား ကျွမ်းကျင်သူတွေ ထပ်မပို့တော့ဘူးလို့တောင် ငါတို့ ထင်နေခဲ့တာ။ အခုတော့ မင်းရောက်လာပြီပဲပေါ့။ ဒါနိမိတ်ကောင်းတစ်ခုပဲကွ"
"ဒီပုံစံအတိုင်းဆိုရင် အထက်က မကြာခင်မှာ ငါတို့ တပ်ရင်း ၃၆ ခုစလုံးအတွက် နေရာတွေ ဖြည့်ပေးတော့မယ် ထင်တယ်ဟေ့...ဟားဟားဟား"
အခြေစိုက်စခန်းရှိ သိုင်းသမား အားလုံးက ယွီရှန်းကို နွေးထွေးစွာ ကြိုဆိုကြသည်။ ဤကဲ့သို့ နွေးထွေးသောလေထုက ယွီရှန်းကို ကျေနပ်မိစေသည်။ အမှန်တကယ်တော့ သူ တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းကို ရောက်လာကတည်းက မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ အခြေစိုက်စခန်း တစ်ခုလုံးမှာ ကြီးမားလှပြီး သိုင်းသမားများစွာ ရှိသော်လည်း အတွင်းပိုင်း ပဋိပက္ခများ မရှိပေ။ သူတို့အားလုံးမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အလုပ်လုပ်နေကြသည်။ စစ်စစ်ကြီးပွားတိုးတက်နေသော မြင်ကွင်းတစ်ခုပင်။ ဤသည်မှာ ယွီရှန်း၏ အထင်မှားမှု မဟုတ်ပေ။ လက်တွေ့တွင် လက်ရှိ တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းမှာ အမှနိတကယ်ပင် စည်းလုံးညီညွတ်နေသည်။ သူတို့အားလုံးမှာ စိတ်တူကိုယ်တူ အတူတကွ အလုပ်လုပ်ကြပြီး အတွင်းပိုင်းပဋိပက္ခများလည်း လုံးဝမရှိကြပေ။ သို့သော် ယခင်က ထိုသို့ မဟုတ်ခဲ့ပေ။ အထူးသဖြင့် ချန်ရွှယ် အသက်ရှင်နေစဉ်က ဖြစ်သည်။ သူမသည် သိုင်းသမားတစ်စုကို အမြဲတစေ သွေးထိုးပေးနေခဲ့ပြီး တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်း တစ်ခုလုံးကို အဖွဲ့ကွဲအောင် လုပ်ဆောင်နေခဲ့သည်။
ထိုအချိန်က လူအများမှာ စိတ်ဝမ်းကွဲနေခဲ့ကြသည်။ တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းအပေါ် မည်သူမျှ ယုံကြည်မှု မရှိကြသလို မိမိတို့၏ အခြေစိုက်စခန်းဟူသော ခံစားချက်မျိုးလည်း မရှိခဲ့ကြပေ။
ယခင်တိုက်ပွဲတွင် လင်းဖုန်းသည် တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းရှိ သိုင်းသမားအားလုံးကို ဦးဆောင်ကာ သင်းခွေချပ်သားရဲများ၏ တိုက်ခိုက်မှုကို ခုခံတွန်းလှန်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ အခြေစိုက်စခန်းတွင် စိတ်ဝမ်းကွဲမှုများ လုံးဝနီးပါးဆိတ်သုန်းပျောက်ကွယ်သွားသည်။ ထိုအစား အားလုံးမှာ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သွားကြပြီး အလွန်တရာ စည်းလုံးသွားခဲ့ကြသည်။
"ယွီရှန်းက အခုမှ ရောက်လာတာပါ။ အားလုံးက သူ့ကို ဝိုင်းပြီး ကူညီပေးလိုက်ကြပါဦး"
လင်းဖုန်းသည် ယွီရှန်းအပေါ် သူ၏ ဂရုစိုက်မှုကို ထုတ်ဖော်ပြောဆိုရန် ဝန်မလေးပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့၏ ဆက်ဆံရေးမှာ ဖုံးကွယ်ထား၍ မရနိုင်ပေ။ ထို့ပြင် လက်ရှိအခြေစိုက်စခန်း၏ လေထုအခြေအနေတွင် တကူးတက ဖုံးကွယ်ထားရန်လည်း မလိုအပ်ပေ။
"ဒါနဲ့... မကြာသေးခင်က သင်းခွေချပ်သားရဲတွေဆီမှာ ထူးထူးခြားခြားပြောင်းလဲမှုမျိုး ရှိသေးလား"
လင်းဖုန်း လုဝေ့ကို ကြည့်ကာ မေးလိုက်သည်။
"ထူးခြားတာတော့ မရှိပါဘူး။ မကြာသေးခင်ကာလအတွင်းမှာ သင်းခွေချပ်သားရဲတွေ ငြိမ်သက်နေပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းမှာ ပြဿနာတက်နေတယ်လို့တော့ ကျွန်တော် ကြားတယ်"
"မြောက်ပိုင်းအခြေစိုက်စခန်းမှာက ဘာပြဿနာတက်နေတာလဲ"
လင်းဖုန်း ဆက်လက်မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ သိုင်းသမားတစ်ဦး ရုတ်တရက် အပြေးအလွှား ဝင်ရောက်လာသည်။ သူက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
"စစ်သေနာပတိချုပ်... မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းက အရေးပေါ် စစ်ကူတောင်းခံလာပါတယ်"
"စစ်ကူတောင်းတာလား... ငါ့ကို ပြစမ်း"
ထို့ကြောင့် ထိုသိုင်းသမားက အကူအညီတောင်းခံစာကို လင်းဖုန်းထံသို့ ရိုသေစွာ ပေးအပ်လိုက်သည်။
လင်းဖုန်း အကူအညီတောင်းခံစာကို အသေးစိတ် ဖတ်ကြည့်လိုက်သည်။ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်း၏ ပြဿနာအကြောင်း သူတို့ ဆွေးနွေးနေစဉ်မှာပင် ထိုအခြေစိုက်စခန်းမှ အကူအညီတောင်းခံစာတစ်စောင် မမျှော်လင့်ဘဲ ရောက်ရှိလာလေပြီ။
***