“အားလုံးပဲ... အခုလက်ရှိ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းမှာ ပြဿနာတက်နေပြီ”
လင်းဖုန်းသည် မြောက်ပိုင်းအခြေစိုက်စခန်းမှ ပေးပို့လာသော အကူအညီတောင်းခံလွှာကို အစည်းအဝေးခန်းမရှိ သိုင်းသမားတိုင်း မြင်တွေ့နိုင်ရန် တိုက်ရိုက်ပြသလိုက်သည်။ သိုင်းသမားအားလုံး၏ မျက်နှာရိပ်မျက်နှာကဲများ အနည်းငယ် ပြောင်းလဲသွားကြသည်။ မြောက်ပိုင်းတောင်တန်းနှင့် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းနှစ်ခုမှာ တစ်ဖက်တစ်ချက်စီတွင် ရှိနေကြသော်လည်း တစ်ခုနှင့်တစ်ခု အဝေးမှ အမှီသဟဲပြုနေကြခြင်း ဖြစ်သည်။ အသေးအဖွဲ ပြိုင်ဆိုင်မှုများ ရှိတတ်သော်လည်း လက်တွေ့တွင်မူ နှစ်ဖက်စလုံးမှာ တစ်ဖက်ကိုတစ်ဖက် မှီခိုနေရသည်။
ဥပမာအားဖြင့် ယခင်တစ်ကြိမ် စစ်သေနာပတိချုပ်ကျိုးယွင်ကြောင့် တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်း အန္တရာယ်ကြုံရစဉ်က မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းသည်လည်း စစ်ကူများကို အချိန်မီ ပေးပို့ခဲ့ဖူးသည်။ သို့မဟုတ်ပါက တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်း၏ ဆုံးရှုံးမှုမှာ မည်မျှအထိ ကြီးမားသွားမည်ကို မည်သူမျှ မသိနိုင်ပေ။
လုဝေ့က လေသံအေးအေးဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။
"စစ်သေနာပတိချုပ်... ကျွန်တော်လည်း မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်း အခုကြုံတွေ့နေရတဲ့ ပြဿနာအကြောင်း အစီရင်ခံမလို့ ပြင်နေတာပါ။ အဲဒါက မြေပုရွက်ဆိတ်သားရဲတွေပါပဲ။ အဲဒီမြေပုရွက်ဆိတ်တွေက လွန်ခဲ့တဲ့ သုံးရက်ကတည်းက ပေါ်လာတာပါ။ သူတို့က မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းကို ဝိုင်းထားကြပေမဲ့ မြောက်ပိုင်းတောင်တန်းရဲ့ အင်အားကို ထည့်တွက်ပြီးတော့ ကြီးကြီးမားမား ပြဿနာမရှိနိုင်ဘူးလို့ ကျွန်တော် ထင်ခဲ့တာ။ အခု အခြေအနေက ဒီလောက်အထိ အရေးပေါ်ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့မိဘူး"
စင်စစ်တွင် အခြားသူများက မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်း၏ အင်အားကို မသိနိုင်သော်လည်း တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းမှ သိုင်းသမားများကမူ မည်သို့ မသိဘဲ နေပါမည်နည်း။ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းတွင် အသွင်ပြောင်းနယ်ပယ် တတိယအဆင့် သိုင်းသမားတချို့ အပါအဝင် သာလွန်လူသား ကျွမ်းကျင်သူ စုစုပေါင်း အယောက် ၅၀ ရှိသည်။
အလုံးစုံအင်အားအရဆိုလျှင် မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းမှာ တောင်ပိုင်းထက် များစွာ ပိုမိုသန်မာသည်။ တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်း အင်အား မလျော့ပါးမီ အချိန်ကပင် မြောက်ပိုင်းကို များစွာ မမီခဲ့ပေ။
ထိုမျှ အင်အားတောင့်တင်းလှသော မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းကပင် ယခုအခါ စစ်ကူတောင်းခံလာရသည်ဆိုခြင်းမှာ သူတို့၏ အခြေအနေ မည်မျှအထိ ဆိုးရွားနေကြောင်း ရှင်းရှင်းလင်းလင်း ပြသနေခြင်းပင် ဖြစ်သည်။
"မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းက အခြေအနေကို ပိုပြီး ချဲ့ကားပြောနေတာမျိုးရော ဖြစ်နိုင်မလား"
လင်းဖုန်းသည် မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းအကြောင်း များစွာ မသိသေးသဖြင့် ဤမေးခွန်းကို မေးလိုက်ခြင်း ဖြစ်သည်။
လုဝေ့က ခပ်ဖျော့ဖျော့ပြုံးရင်း ရှင်းပြသည်။
"မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းက အခြေအနေကို လူံးဝချဲ့ကားပြောမှာ မဟုတ်ပါဘူး။ ဒီလိုပဲ ပြောပါရစေ... တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းကို မြောက်ပိုင်းဘက်ကနေ စစ်ကူတောင်းတာမျိုးက အရင်က တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ သူတို့ကို ကျွန်တော်တို့ဆီကနေ စစ်ကူတောင်းစေဖို့ဆိုတာ တကယ်မလွယ်တဲ့ ကိစ္စပါ"
လင်းဖုန်း နားလည်သွားသည်။ အခြေစိုက်စခန်းနှစ်ခုမှာ အမြဲပြိုင်ဆိုင်နေကြပြီး မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းက အမြဲတမ်း အသာစီး ရနေခဲ့သည်။ အကယ်၍ အမှန်တကယ် မတတ်သာတော့သည့် အခြေအနေမျိုး မဟုတ်ပါက မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းသည် တောင်ပိုင်းထံမှ လုံးဝအကူအညီတောင်းခံမည် မဟုတ်ပေ။
"အားလုံးပဲ... ငါတို့ ဘာလုပ်သင့်တယ်လို့ ထင်ကြလဲ"
လင်းဖုန်းသည် သိုင်းသမားအားလုံး၏ သဘောထားကို သိရန် ဝေ့ဝဲကြည့်ရှုကာ မေးမြန်းလိုက်သည်။
"ကျွန်တော့်အမြင်ကတော့ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းကို ကူညီဖို့ ချက်ချင်း ထွက်ခွာသင့်ပါတယ်အရှင်"
"ဟုတ်ပါတယ်အရှင်... မြောက်ပိုင်းက မြေပုရွက်ဆိတ်တွေကို ခုခံနေရတာပါ။ အဲဒီသားရဲတွေက ကိုင်တွယ်ရ မလွယ်ပါဘူး။ တကယ်လို့ သူတို့သာ မြောက်ပိုင်းကို ဖောက်ထွက်သွားနိုင်ရင် ကျွန်တော်တို့ တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းလည်း အဲ့ဒီသားရဲတွေကို ခုခံနိုင်ဖို့ ခက်ပါလိမ့်မယ်။ အဲ့ဒီလိုဖြစ်လာရင် တောင်ပိုင်းတောင်တန်းမြို့ တစ်မြို့လုံး လုံးဝအန္တရာယ်ရှိသွားနိုင်ပါတယ်"
"မြောက်ပိုင်းက ဒီလောက်အထိ အန္တရာယ်ကြီးနေမှတော့ ကျွန်တော်တို့ တတ်နိုင်သမျှ မြန်မြန်စစ်ကူပေးသင့်ပါတယ်အရှင်"
သိုင်းသမားအများစုမှာ သွားရောက် ကူညီရန် သဘောတူကြသည်။ မည်သို့ပင်ဆိုစေကာမူ အခြေစိုက်စခန်းနှစ်ခုမှာ တစ်ခုနှင့်တစ်ခု နီးကပ်စွာ အမှီသဟဲပြုနေကြသည်။ အကယ်၍ မြောက်ပိုင်းသာ ပျက်စီးသွားပါက တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းသည်လည်း ကြာရှည် တောင့်ခံနိုင်မည် မဟုတ်ပေ။
ထိုစဉ် လုဝေ့က ဝင်ပြောလိုက်သည်။
"ကျွန်တော်တို့ သွားရမှာတော့ သေချာပါတယ်။ ဒါပေမဲ့ သိုင်းသမား ဘယ်လောက်လောက် စေလွှတ်ရမလဲ။ ကျွန်တော့်အထင်တော့ မြောက်ပိုင်းမှာ လိုအပ်နေတာက တကယ့်ကျွမ်းကျင်သူတွေပါ။ ဒါကြောင့် သာမန်သိုင်းသမားတွေကို အများကြီး ခေါ်သွားဖို့ မလိုလောက်ဘူး ထင်ပါတယ်။ သာလွန်လူသားကျွမ်းကျင်သူတွေနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ဆီကနေ လူတွေအများကြီး စစ်ကူသွားနေရင် ကျန်ခဲ့တဲ့အချိန်မှာ သင်းခွေချပ်နတ်ဆိုးတွေ ထပ်လာရင် ဒုက္ခရောက်ပါလိမ့်မယ်။ အဲ့ဒီသားရဲတွေ ထပ်မလာဘူးလို့ ဘယ်သူကမှ တပ်အပ်အာမခံမပေးနိုင်ပါဘူး"
လုဝေ့ပြောသည်မှာ အမှန်ပင်။ လူအများကြီး သွား၍ မဖြစ်ပေ။ သို့မဟုတ်ပါက တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းမှာ ဟာလာဟင်းလင်း ဖြစ်ကျန်ခဲ့ပေလိမ့်မည်။ အကယ်၍ သင်းခွေချပ်သားရဲများ ထပ်မံ တိုက်ခိုက်လာပါက အလွန် အန္တရာယ်ရှိသွားနိုင်သည်။
လူတိုင်း ခေတ္တမျှ ဆွေးနွေးကြပြီး ဤအချက်ကို သဘောတူလိုက်ကြသည်။ သို့သော် လူမည်မျှ ခေါ်သွားမည်ကို နောက်ဆုံးဆုံးဖြတ်ရမည့်သူမှာ လင်းဖုန်းပင် ဖြစ်သည်။ အဆုံးတွင်မူ လင်းဖုန်းသည် လက်ရှိတောင်ပိုင်းတောင်တန်းအခြေစိုက်စခန်း၏ စစ်သေနာပတိချုပ် မဟုတ်ပါလား။
လင်းဖုန်း ခေတ္တခဏ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။
"လေသင်္ဘောတစ်စီး ချက်ချင်း ပြင်ဆင်လိုက်ပါ။ နောက်ကျတာထက် စောစောသွားပြီး ကူညီတာက ပိုကောင်းမယ်။ စစ်ကူတွေကို ငါကိုယ်တိုင် ဦးဆောင်သွားမယ်။ ငါနဲ့အတူ တပ်ရင်းမှူး ၁၀ ယောက်နဲ့ အခြေစိုက်စခန်းက သာမန်သိုင်းသမား ၃၀၀၀ လိုက်ခဲ့ရမယ်"
ထိုလူအင်အားမှာ အလွန်ကြီးမားသည်ဟု မဆိုနိုင်သော်လည်း တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်း၏ လက်ရှိအင်အား ထက်ဝက်နီးပါး ရှိနေပြီ ဖြစ်သည်။ အကယ်၍ သင်းခွေချပ်သားရဲများ ထပ်မံ တိုက်ခိုက်လာလျှင်ပင် တောင်ပိုင်းတွင် ကျန်ရှိနေသောသူများက အချိန်အတန်ကြာ တောင့်ခံထားနိုင်မည်ဖြစ်ကာ အလွယ်တကူ ကျဆုံးသွားလိမ့်မည် မဟုတ်ပေ။
လင်းဖုန်း ဆုံးဖြတ်ချက်ချပြီးပြီ ဖြစ်သဖြင့် မည်သူမျှ စောဒကမတက်ကြပေ။ ထို့နောက် လင်းဖုန်းသည် လုဝေ့ အပါအဝင် တပ်ရင်းမှူး ၁၀ ဦးကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်လိုက်သည်။
"ကဲ...အခုပဲ သွားပြင်ဆင်ကြတော့။ နောက်နာရီဝက်နေရင် ငါတို့ ထွက်ခွာမယ်"
လူတိုင်း ချက်ချင်း လူစုခွဲသွားကြသည်။ ယွီရှန်း တစ်ဦးတည်းသာ အနည်းငယ် ဝေခွဲမရဖြစ်နေသည်။ နောက်ဆုံးတွင် သူမနေနိုင်တော့ဘဲ မေးလိုက်သည်။
"လင်းဖုန်း... ငါ့ကို ဘာလို့ ထည့်မတွက်ထားတာလဲ"
လင်းဖုန်းက အသာပြုံးလျက် ပြောလိုက်သည်။
"ယွီရှန်း... မင်းက အခြေစိုက်စခန်းကို အခုမှရောက်ခါစပဲ ရှိသေးတယ်။ လက်ရှိအခြေအနေတွေကို အပြည့်အဝ မကျွမ်းကျင်သေးဘူး။ မြောက်ပိုင်းကို သွားရမယ့် ခရီးကလည်း အန္တရာယ်ရှိနိုင်တယ်။ ငါတို့နှစ်ယောက် အတူတူ တိုက်ပွဲဝင်ချင်တယ် ဆိုပေမဲ့ အဓိပ္ပာယ်မရှိတဲ့ စတေးမှုမျိုးတော့ အဖြစ်မခံနိုင်ဘူး။ စိတ်မပူပါနဲ့... ဒီနေရာက ရှေ့တန်းပဲလေ။ မင်း တိုက်ပွဲဝင်ဖို့ အခွင့်အရေးတွေ အများကြီး ရဦးမှာပါကွာ"
ယွီရှန်း ခေါင်းညိတ်လိုက်သည်။ သူက ပြုံးရင်း ပြောလိုက်သည်။
"လင်းဖုန်း... သတိထားသွားပါဦး"
"ဟားဟားဟား...ဘာမှ စိတ်ပူမနေနဲ့"
လင်းဖုန်းတွင် ပြင်ဆင်စရာ ဘာမှမရှိပေ။ သူသည် လေသင်္ဘောဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်သည်။
တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းတွင် လေသင်္ဘောများကို အမြဲတမ်း အရန်သင့် ပြင်ဆင်ထားလေ့ရှိသည်။ လူ ၃၀၀၀ မဆိုထားနှင့် လူ ၅၀၀၀ ကိုပင် တပြိုက်နက် သယ်ဆောင်နိုင်သည်။ ဤကဲ့သို့သော လေသင်္ဘောများကို ပုံမှန်အားဖြင့် အသုံးမပြုကြပေ။ စစ်ပွဲအတွင်း အန္တရာယ်ကြုံရချိန် သို့မဟုတ် ဆုတ်ခွာရချိန်များတွင်သာ အသုံးပြုလေ့ရှိသည်။
လေသင်္ဘောပေါ်တွင် လင်းဖုန်းသည် မြေပုရွက်ဆိတ်များအကြောင်းကို အရင်ဆုံး လေ့လာလိုက်သည်။ ဤမြေပုရွက်ဆိတ်များတွင် သင်းခွေချပ်သားရဲများနှင့် တူညီသော အချက်တစ်ခု ရှိသည်။ ၎င်းမှာ မြေအောက်လိုဏ်ခေါင်းများ တူးရာတွင် ကျွမ်းကျင်ခြင်းပင် ဖြစ်သည်။ သူတို့မှာလည်း ကိုင်တွယ်ရ ခက်ခဲပြီး အရေအတွက် အလွန်များပြားလှသည်။
သို့သော် မြေပုရွက်ဆိတ်များနှင့် သင်းခွေချပ်သားရဲများမှာ ဆက်ဆံရေး သိပ်မကောင်းကြပေ။ သူတို့တွင် ကိုယ်ပိုင်နယ်မြေအသီးသီး ရှိကြပြီး ပုံမှန်အားဖြင့် တစ်ဖက်နှင့်တစ်ဖက် ကျူးကျော်ခြင်း မရှိကြပေ။ အကယ်၍ ကျူးကျော်မှုများ ရှိလာပါက သူတို့အချင်းချင်းပင် တိုက်ခိုက်တတ်ကြသည်။
သင်းခွေချပ်သားရဲများနှင့် နှိုင်းယှဉ်လျှင် ဤမြေပုရွက်ဆိတ်များမှာ ပို၍ပင် ကိုင်တွယ်ရ ခက်ခဲလှသည်။ ထိုသားရဲများသည် အရေအတွက် များပြားရုံသာမက အလွန်တရာ လျင်မြန်ဖြတ်လတ်ကြသေးသည်။ သူတို့၏ သွားများမှာလည်း အထူးသဖြင့် စူးရှထက်မြက်လှပြီး မာကျောသော သံမဏိများကိုပင် တစ်ချက်တည်းဖြင့် ကိုက်ဖြတ်နိုင်သည်။
ထို့ကြောင့်ပင် မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းသည် မြေပုရွက်ဆိတ်များကို ခုခံရန်အတွက် ဤမျှ ကြီးမားသော အင်အားကို စုစည်းထားရခြင်း ဖြစ်သည်။
'ငါ ဒီမြေပုရွက်ဆိတ်တွေဆီက မျိုးရိုးဗီဇတချို့ကို စုဆောင်းပြီးတော့ သင်းခွေချပ်သားရဲ မျိုးရိုးဗီဇတွေနဲ့ နှိုင်းယှဉ်ကြည့်ရမယ်။ အနာဂတ်မှာ ကြမ်းကြုတ်သားရဲမျိုးရိုးဗီဇအသစ်တွေကို ပေါင်းစပ်ဖို့အတွက် ပိုပြီး နှိုင်းယှဉ်စရာတွေ ရှိထားမှ ဖြစ်မယ်'
လင်းဖုန်း၏ စိတ်ထဲတွင် ပထမဆုံး ပေါ်လာသည်မှာ မြေပုရွက်ဆိတ်များက မည်မျှအထိ ခက်ခဲမည်ဆိုခြင်း မဟုတ်ပေ။ သူတို့၏ မျိုးရိုးဗီဇများပင် ဖြစ်သည်။ လင်းဖုန်းသည် ယခင်ကလို အနန္တလမ်းစဉ်အကယ်ဒမီမှ သာမန်ကျောင်းသားလေး မဟုတ်တော့ပေ။ သူသည် ကြီးမားသော အာဏာကို ဆုပ်ကိုင်ထားပြီး ဒေသတစ်ခုကို အုပ်ချုပ်နေသော အစွမ်းထက်သည့် သိုင်းသမားတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
ယခုအခါ သူသည် ကြမ်းကြုတ်သားရဲ အမျိုးမျိုးနှင့် ထိတွေ့ခွင့် ရနေပြီ ဖြစ်သည်။ ထို့ကြောင့် သားရဲမျိုးရိုးဗီဇများကို ထပ်မံပေါင်းစပ်ရာတွင် ရွေးချယ်စရာ လုံးဝ မရှိခဲ့သော ယခင်ကလို အကန့်အသတ်များ ရှိနေတော့မည် မဟုတ်ပေ။
နာရီဝက်ခန့် ကြာပြီးနောက်တွင် အခြေစိုက်စခန်းမှ တပ်ရင်းမှူး ၁၀ ဦးသည် သိုင်းသမား ၃၀၀၀ ကို ဦးဆောင်ကာ လေသင်္ဘောပေါ်သို့ တက်လာခဲ့ကြသည်။
"အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် အခုပဲ ထွက်ကြစို့။ ငါတို့ရဲ့ ပစ်မှတ်က မြောက်ပိုင်းတောင်တန်း အခြေစိုက်စခန်းပဲ"
ဝူး...
လင်းဖုန်း၏ အသံအဆုံးတွင် ကြီးမားလှသော လေသင်္ဘောကြီးမှာ စတင် ပျံတက်သွားတော့သည်။
...
"တောင်ပိုင်းတောင်အခြေစိုက်စခန်းက လူတွေ အခုထိ ရောက်မလာသေးဘူးလား"
စစ်သေနာပတိချုပ်မိုလေ့ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းကို အနှစ် ၂၀ ကြာ စောင့်ကြပ်ခဲ့သော အသွင်ပြောင်းနယ်ပယ် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူသည် တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းထံမှ စစ်ကူတောင်းရသည့် ဤကဲ့သို့သော အကျပ်အတည်းမျိုးကို ဘယ်သောအခါကမှ မကြုံတွေ့ခဲ့ဖူးပေ။
သို့သော် အခြေစိုက်စခန်း အပြင်ဘက်ရှိ များပြားလှသော မြေပုရွက်ဆိတ်အုပ်ကြီးကိုကြည့်ကာ စစ်ကူတောင်းရန်မှလွှဲ၍ သူ ဘာမှမတတ်တော့နိုင်ပေ။
"စစ်သေနာပတိချုပ်... ကျွန်တော့်အထင်တော့ တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းအပေါ် အများကြီး မျှော်လင့်ချက် မထားသင့်ဘူး ထင်တယ်။ တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းကလည်း ဟိုတလောကမှ အကြီးအကျယ် ဆုံးရှုံးမှုတွေ ကြုံခဲ့ရတာလေ။ အခုလက်ရှိ စစ်သေနာပတိချုပ်အသစ်က လူသားမျိုးနွယ် သူရဲကောင်းတံဆိပ်ရထားတဲ့ လင်းဖုန်း ဆိုတဲ့သူပဲ။ သူက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖြတ်ထားတာ သိပ်မကြာသေးဘူးရယ်။ သူ ဘယ်လောက်အထိများ သန်မာနိုင်မှာမို့လို့လဲ။ သူတို့ လာခဲ့ရင်တောင် ကျွန်တော်တို့ရဲ့ လက်ရှိပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့တော့ ကျွန်တော်မထင်ဘူးဗျ"
မိုလေ့၏ ရင်ထဲတွင် ခဲဆွဲထားသကဲ့သို့ လေးလံသွားသည်။ မှန်ပေသည်။ တောင်ပိုင်းတောငိတန်းအခြေစိုက်စခန်းသည် မိမိကိုယ်ကိုယ်ပင် မနည်းကာကွယ်နေရခြင်းဖြစ်ကာ လက်ရှိသူတို့၏ အင်အားမှာလည်း အောက်ဆုံးသို့ ရောက်ရှိနေသည်။ ယခင်က သူသည် တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်း၏ စစ်သေနာပတိချုပ်ကျိုးယွင်ကို အမြဲတစေ အထင်သေးခဲ့သည်။ နှစ်ဖက်စလုံးမှာလည်း ပြိုင်ဆိုင်မှုတချို့ ရှိခဲ့ကြသည်။
သို့သော် ကျိုးယွင်သည် အနည်းဆုံးတော့ အသွင်ပြောင်းနယ်ပယ် တတိယအဆင့် ရှိသူတစ်ဦး ဖြစ်သည်။ မိုလေ့ကိုယ်တိုင်ပင်လျှင် သူ့ကို အပြည့်အဝအနိုင်ရရန် လုံးဝဥဿုံ ယုံကြည်မှု မရှိခဲ့ပေ။ အကယ်၍ ကျိုးယွင်သာ ယခုလက်ရှိ ဤနေရာတွင် ရှိနေမည်ဆိုပါက တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းမှ စစ်ကူများကို မျှော်လင့်စရာ ရှိပေဦးမည်။
လင်းဖုန်းကရော...။ သူသည် လူသားမျိုးနွယ် သူရဲကောင်းတံဆိပ် ရထားသော်လည်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖြတ်ထားခါစသာ ရှိသေးသည်။ သူသည် ကံကောင်း၍သာ ထိုတံဆိပ်ကို ရခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ အသွင်ပြောင်းနယ်ပယ် လက်သစ်တစ်ယောက်က မည်မျှအထိ ခွန်အားရှိနိုင်မည်နည်း။
အကယ်၍ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းသည် ဤအကျပ်အတည်းမှ လွတ်မြောက်လိုပါက ကိုယ့်ကိုယ်ကိုသာ အားကိုးရပေလိမ့်မည်။
***