“စစ်သေနာပတိချုပ်... တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းက လူတွေ ရောက်လာပါပြီ”
အမှန်တကယ်တော့ အစီရင်ခံစာ ပေးပို့ရန်ပင် မလိုတော့ပေ။ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းရှိ လူတိုင်း သူတို့ကို မြင်တွေ့နေရပြီ ဖြစ်သည်။ အဝေးတစ်နေရာမှ ကြီးမားလှသော လေသင်္ဘောကြီးတစ်စီးသည် မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းဆီသို့ တန်းတန်းမတ်မတ် ပျံသန်းလာနေသည်။ ၎င်းပေါ်ရှိ အမှတ်အသားမှာ တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်း၏ တရားဝင် အမှတ်အသားပင် ဖြစ်သည်။
"ဟုတ်ပြီ...ငါကိုယ်တိုင် သွားကြိုမယ်"
မိုလေ့က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူ တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းမှ လူများကို မည်မျှပင် အထင်သေးနေပါစေ ယခုလက်ရှိတွင် တောင်ပိုင်းအခြေစိုက်စခန်းသည် အခက်အခဲများကြားမှပင် စစ်ကူလွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ စစ်သေနာပတိချုပ်တစ်ဦးအနေဖြင့် သူသည် တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းမှ လူများကို လုံးဝ လျစ်လျူရှု၍ မရပေ။
ထို့ကြောင့် မိုလေ့၏ ဦးဆောင်မှုဖြင့် မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းမှ သိုင်းသမားများစွာသည် တောင်ပိုင်းမှ လေသင်္ဘောကို ကြိုဆိုရန် အပြေးအလွှား သွားကြတော့သည်။
ထိုအချိန်တွင် လေသင်္ဘောပေါ်ရှိ လင်းဖုန်းသည် အောက်ဘက်ရှိ ကြီးမားလှသော အခြေစိုက်စခန်းကြီးကို မြင်တွေ့နေရသည်။ ဤအခြေစိုက်စခန်းမှာ တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းထက် များစွာ ပိုမိုကြီးမားပြီး ဗိသုကာလက်ရာမှာလည်း အလွန်ပင် ထူးဆန်းလှသည်။
၎င်းတွင် အလှအပဆိုင်ရာ ခံစားချက်မျိုး မြူမှုန်မျှပင် မရှိပေ။ အမြင့်မှ ကြည့်လိုက်လျှင် အခြေစိုက်စခန်းတစ်ခုလုံးမှာ မာကျောသော သံမဏိများဖြင့်သာ လုံးဝတည်ဆောက်ထားသည့် ဧရာမခံတပ်ကြီးတစ်ခုနှင့် တူလှသည်။
လေသင်္ဘောမှာ လျင်မြန်စွာ ဆင်းသက်လာသည်။ လင်းဖုန်းသည် သူ့လူများကို ဦးဆောင်ကာ လေသင်္ဘောပေါ်မှ ထွက်လာသည်။
"ရောင်းရင်းတို့... ကျုပ်ကတော့ မြောက်ပိုင်းတောင်တန်း အခြေစိုက်စခန်းရဲ့ စစ်သေနာပတိချုပ်မိုလေ့ပါ။ ကျုပ်တို့ကို ကူညီဖို့ လာပေးတဲ့အတွက် ရောင်းရင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်"
မိုလေ့သည် အလွတ်တန်းသိုင်းသမားများသမဂ္ဂမှ သိုင်းသမားတစ်ဦး ဖြစ်ခဲ့စဉ် အနောက်တိုင်းသားတစ်ဦး၏ မျက်နှာပေါက်ရှိသော်လည်း အရှေ့တိုင်းတွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။ သူသည် အသွင်ပြောင်းနယ်ပယ် တတိယအဆင့်သို့ ရောက်ရှိသည်မှာ အချိန်အတော်ကြာပြီဖြစ်ကာ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းကို အနှစ် ၂၀ တိုင်တိုင် ကာကွယ်စောင့်ကြပ်ခဲ့သူလည်း ဖြစ်သည်။
လုဝေ့က ရှေ့သို့တက်ကာ မိတ်ဆက်ပေးလိုက်သည်။
"စစ်သေနာပတိချုပ် မိုလေ့... ဒါကတော့ ကျွန်တော်တို့ တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းရဲ့ စစ်သေနာပတိချုပ် လင်းဖုန်းပါ"
"ညီအစ်ကို လင်းဖုန်း... မင်းရဲ့ ဂုဏ်သတင်းကို ငါ ကြားဖူးတာကြာပြီကွ။ လူသားမျိုးနွယ်ရဲ့သူရဲကောင်းတံဆိပ်ကို ရထားတဲ့သူဆိုတော့ တကယ်ကို အားကျစရာပါပဲကွာ။ ငါ မြောက်ပိုင်းအခြေစိုက်စခန်းကို အနှစ် ၂၀ စောင့်ကြပ်လာခဲ့တာတောင် သူရဲကောင်းတံဆိပ်တစ်ခုမှ မရသေးဘူး...ဟူး...။ ညီအစ်ကို လင်းဖုန်းကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ တကယ့်ကို အောင်မြင်မှုတွေ ရထားတာပဲ"
လင်းဖုန်းက ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
"စစ်သေနာပတိချုပ် မိုလေ့... အားနာစရာတွေ ပြောမနေပါနဲ့တော့။ အခု မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းရဲ့ အခြေအနေက ဘယ်လိုရှိလဲ"
လင်းဖုန်းက မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်း၏ အခြေအနေကို တိုက်ရိုက် မေးမြန်းသည်ကို မြင်သောအခါ မိုလေ့ စိတ်ထဲမှ ကျေနပ်သွားမိသည်။
"အခုလက်ရှိ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းရဲ့ အခြေအနေက သိပ်မကောင်းဘူးကွ။ ကျုပ် ညီအစ်ကို လင်းဖုန်းကို အခြေစိုက်စခန်း အပြင်ဘက်က အခြေအနေကို အခုပဲလိုက်ပြမယ်လေ"
ထိုသို့ပြောပြီးနောက် မိုလေ့သည် လင်းဖုန်းကို ခံတပ်မျှော်စင်ဆီသို့ ခေါ်ဆောင်သွားသည်။
ခံတပ်မျှော်စင်ပေါ်သို့ ရောက်သောအခါ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်း၏ အပြင်ဘက်တွင် သိပ်သည်းလှသော သားရဲအုပ်ကြီးကို လင်းဖုန်း လှမ်းမြင်လိုက်ရသည်။ နေရာအနှံ့တွင် မြေပုရွက်ဆိတ်များ ရှိနေကြသည်။ ထိုမြေပုရွက်ဆိတ်များမှာ အရူးအမူး ဖြစ်နေကြပုံရပြီး မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းကို စဉ်ဆက်မပြတ် မရပ်မနား တိုက်ခိုက်နေကြသည်။
မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းတွင် ကောင်းမွန်သော ကာကွယ်ရေး အစီအမံများ ရှိသော်လည်း မြေပုရွက်ဆိတ်များ၏ မရပ်မနား တိုက်ခိုက်မှုများကြောင့် အခြေစိုက်စခန်းဘက်တွင် ထိခိုက်ကျဆုံးမှုများစွာ ရှိနေသည်။
"ခင်ဗျားတို့ ရန်သူကို ဦးအောင် သွားမတိုက်ကြည့်ဘူးလား" လင်းဖုန်းက စတင် မေးမြန်းလိုက်သည်။
မိုလေ့သည် လင်းဖုန်းနောက်မှ လူများကို တစ်ချက်ကြည့်လိုက်သော်လည်း တိုက်ရိုက်မဖြေပေ။ ထိုအစား သူက လေသံတိုးတိုးဖြင့် မေးလိုက်သည်။
"ညီအစ်ကို လင်းဖုန်းက အခုတောင်ပိုင်းကနေ လူဘယ်လောက် ခေါ်လာတာလဲ"
"ကျွန်တော် အပါအဝင် သာလွန်လူသား ကျွမ်းကျင်သူ ၁၁ ယောက်နဲ့ သာမန်သိုင်းသမား ၃၀၀၀ ပါ" လင်းဖုန်းက အမှန်အတိုင်း ဖြေလိုက်သည်။
"သာလွန်လူသား သိုင်းသမား ၁၁ ယောက်တင်ပဲလား"
မိုလေ့၏ မျက်လုံးများတွင် စိတ်ပျက်ရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ အမှန်တကယ်တော့ သူသည် အများကြီး မျှော်လင့်ချက် မထားသင့်ကြောင်း သိပြီးသား ဖြစ်သည်။ တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်း၏ အခြေအနေကို သူ မည်သို့ မသိဘဲ နေပါမည်နည်း။
ဤ ၁၁ ယောက်ဆိုသည်မှာ တောင်ပိုင်းအခြေစိုက်စခန်း၏ လက်ရှိအင်အား ထက်ဝက်နီးပါး ရှိနေပြီ ဖြစ်သည်။ တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းသည်လည်း သင်းခွေချပ်သားရဲများကို စောင့်ကြပ်နေရဆဲ ဖြစ်ရာ သူတို့အားလုံး မြောက်ပိုင်းသို့ စစ်ကူလာရန်မှာ သဘာဝကျကျပင် မဖြစ်နိုင်ပေ။
ဤလူအင်အားမှာ တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်း ဘက်မှ ပေးနိုင်သော အမြင့်ဆုံးကန့်သတ်ချက် ဖြစ်နေပြီ ဖြစ်သည်။
သို့သော် သိထားခြင်းနှင့် လင်းဖုန်းကိုယ်တိုင် ပြောပြသည်ကို ကြားရခြင်းမှာ မတူပေ။ မိုလေ့ စိတ်မကောင်း ဖြစ်သွားမိသည်။ သာလွန်လူသား ကျွမ်းကျင်သူ ၁၁ ယောက်သာ ရှိပြီး ၎င်းတို့ထဲတွင်လည်း အသွင်ပြောင်းနယ်ပယ် တတိယအဆင့် သိုင်းသမား တစ်ဦးမှ မပါဝင်ပေ။ သူတို့ ဘာလုပ်နိုင်ပါမည်နည်း။
လင်းဖုန်းသည် မိုလေ့၏ မျက်နှာပေါ်ရှိ စိတ်ပျက်ရိပ်ကို သဘာဝကျကျ သတိပြုမိသော်လည်း သူ ဘာမှ မပြောခဲ့ပေ။ တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းတွင် အမှန်တကယ်ပင် ဤမျှသာ အင်အားရှိသောကြောင့် ဤမျှသာ စစ်ကူလွှတ်နိုင်ခြင်း ဖြစ်ပေသည်။
"ညီအစ်ကို လင်းဖုန်း... ဟိုးအဝေးက ငွေရောင်ဖျော့ဖျော့ လင်းနေတဲ့ မြေပုရွက်ဆိတ်တွေကို ကြည့်လိုက်ပါ။ အဲဒါတွေက မြေပုရွက်ဆိတ်တွေထဲက နတ်ဆိုးတွေပဲ။ အဲဒီမှာ ရာနဲ့ချီပြီးတော့ကို ရှိနေတာ။ ငါတို့ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းက ဘယ်လိုလုပ် လက်ဦးအောင် သွားတိုက်ရဲမှာလဲ"
"ရာနဲ့ချီတောင် ဟုတ်လား"
လင်းဖုန်း အံ့အားသင့်သွားသည်။ သူသည် မိုလေ့၏ အကြည့်နောက်သို့ လိုက်၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။ တကယ်ပင် ငွေရောင် တဖိတ်ဖိတ် တောက်နေသော ထိုမြေပုရွက်ဆိတ်များမှာ သာမန်မြေပုရွက်ဆိတ်များထက် နှစ်ဆခန့်သာ ပိုကြီးကြသည်။ သူတို့၏ အရွယ်အစားမှာ သင်းခွေချပ်နတ်ဆိုးများနှင့် နှိုင်းယှဉ်လျှင် များစွာသေးငယ်လှသည်။
သို့သော် သူတို့မှာ အကြမ်းတမ်းဆုံး မြေပုရွက်ဆိတ် နတ်ဆိုးသားရဲများ ဖြစ်ကြသည်။ သူတို့တွင် အမာကျောဆုံး သံမဏိများကိုပင် ကိုက်ဖြတ်နိုင်သော စူးရှထက်မြက်မှုအရှိဆုံး သွားများ ရှိရုံသာမက အလွန်တရာပြင်းသော အက်ဆစ်ရည်များကိုလည်း ထွေးထုတ်နိုင်သေးသည်။
အသွင်ပြောင်းနယ်ပယ် သိုင်းသမားများပင်လျှင် သူတို့၏ ခန္ဓာကိုယ်ကို ကာကွယ်ရန် ကြယ်တာရာစွမ်းအား မရှိပါက ထိုအက်ဆစ်နှင့် ထိတွေ့သည်နှင့် အပြင်းအထန် ဒဏ်ရာရနိုင်သလို အခန့်မသင့်လျှင် ချက်ချင်းပင် သေဆုံးသွားနိုင်သည်။ ထိုအက်စစ်ရည်တို့ကို ဆေးကြောရန် နည်းလမ်း လုံးဝ မရှိချေ။ တကယ်ပင် ကြောက်စရာကောင်းလှသည်။
မြေပုရွက်ဆိတ်နတ်ဆိုးတစ်ကောင်တည်းကပင် ထိုမျှ ကြောက်စရာကောင်းနေပါက ရာနှင့်ချီသော နတ်ဆိုးများဆိုလျှင် မည်သို့ ရှိမည်နည်း။ တွေးကြည့်ရုံမျှဖြင့်ပင် ကြက်သီးထစရာကောင်းလှပေသည်။
လင်းဖုန်းသည် ကျောက်တုံးမြို့ အပြင်ဘက်ရှိ တီကောင်သားရဲ(ဝက်အူရစ်ပိုးကောင်)များနှင့် တိုက်ခိုက်စဉ်က နတ်ဆိုး ၃၀ ကို တွေ့ခဲ့ဖူးသည်။ တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းတွင်လည်း သင်းခွေချပ်သားရဲများနှင့် တိုက်ခိုက်စဉ်က နတ်ဆိုး ၄၀ မှ ၅၀ ခန့်ကို ကြုံခဲ့ရဖူးသည်။
သို့သော် ရာနှင့်ချီသော နတ်ဆိုးများကို ရင်ဆိုင်ရခြင်းမှာမူ ယခု ပထမဆုံးအကြိမ် ဖြစ်ပေသည်။
"ဒီတစ်ခါ မြေပုရွက်ဆိတ်တွေ တိုက်ခိုက်ရတဲ့ အကြောင်းရင်းကိုရော ခင်ဗျား သိလား"
ထိုနတ်ဆိုးများမှာ အတိုင်းအတာတစ်ခုအထိ အသိဉာဏ်ရှိကြကြောင်း လင်းဖုန်း သိသည်။ အကြောင်းရင်းတစ်ခုခုမရှိဘဲ အခြေစိုက်စခန်းကို ဤမျှ အကြီးအကျယ် လာရောက်တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပေ။ သူတို့ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းကို တစ်ချက်တည်းနှင့် အမြစ်ပြတ် ဖျက်ဆီးပစ်ရန် ကြိုးစားနေကြခြင်းပေလော။
"ငါတို့ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းကလည်း အရင်က ဒီလောက်အထိ အကြီးအကျယ် တိုက်ခိုက်ခံရတာမျိုး တစ်ခါမှ မကြုံဖူးခဲ့ဘူး။ ဒါပေမဲ့ သူတို့က မြောက်ပိုင်းအခြေစိုက်စခန်းကို တကယ် ဖျက်ဆီးချင်ပုံလည်း မရဘူး"
"ဘာကို ဆိုလိုတာလဲ"
လင်းဖုန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ အခြေစိုက်စခန်းကို မတိုက်ခိုက်ချင်ဘဲနဲ့ ဘာလို့ လာဝိုင်းထားရတာလဲ။
"ပုရွက်ဆိတ်ဘုရင်မကြောင့်ပဲ။ ဒီမြေပုရွက်ဆိတ်တွေထဲမှာ မြေပုရွက်ဆိတ်တွေအကုန်လုံးကို အမိန့်ပေးနိုင်တဲ့ နတ်ဆိုးဗိုလ်ချုပ်အဆင့် ပုရွက်ဆိတ်ဘုရင်မတစ်ကောင် ရှိတယ်။ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းကို တိုက်ခိုက်တဲ့ အချိန်တိုင်းမှာ ပုရွက်ဆိတ်ဘုရင်မက သေချာပေါက် ပါဝင်ပတ်သက်နေတတ်တယ်။ ဒါပေမဲ့ ဒီတစ်ခါကတော့ တကယ်ကို ထူးဆန်းနေတယ်။ ငါတို့ ပုရွက်ဆိတ်ဘုရင်မရဲ့ အရိပ်အယောင်တောင် ရှာလို့မတွေ့ဘူး။ ပြီးတော့ ဒီမြေပုရွက်ဆိတ်တွေက သူတို့ရဲ့ ပုရွက်ဆိတ်တောင်ပို့ကနေ အရူးအမူး ထွက်လာကြတာက တစ်ခုခုကို အပြိုင်အဆိုင် လုယက်နေကြသလိုပဲ။ သူတို့က စနစ်တကျ အမိန့်ပေးခံထားရတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ ဖရိုဖရဲတွေ ဖြစ်နေကြတယ်။ တချို့ဆို ကြောက်လန့်နေကြတဲ့ ပုံစံမျိုးတောင် ပေါက်နေတယ်"
"ငါ သံသယရှိတာကတော့ မြေပုရွက်ဆိတ်တွေရဲ့ ပုရွက်ဆိတ်တောင်ပို့ထဲမှာ တစ်ခုခု ဖြစ်နေတာပဲ။ ငါတို့ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းက ဘေးကနေ အလိုလိုနေရင်း ကြားညပ်ပြီး မမျှော်လင့်ဘဲ ဒုက္ခရောက်နေရတာများဖြစ်နေမလားလို့"
လင်းဖုန်းသည်လည်း ထိုမြေပုရွက်ဆိတ်များကို အသေးစိတ် စောင့်ကြည့်လိုက်သည်။ မိုလေ့ ပြောသကဲ့သို့ပင် ဖြစ်နိုင်ကြောင်း သူ ခံစားလိုက်ရသည်။ မြေပုရွက်ဆိတ်များမှာ အဆင့်အတန်းခွဲခြားမှု အလွန်တရာပြင်းထန်သော သားရဲများဖြစ်ကြပြီး သူတို့၏ အတွင်းပိုင်းစီမံခန့်ခွဲမှုမှာ သင်းခွေချပ်သားရဲများထက်ပင် ပိုမို တင်းကျပ်လှသည်။
ပုရွက်ဆိတ်ဘုရင်မ တစ်ပါးတည်းသာ မြေပုရွက်ဆိတ်အားလုံးကို အမိန့်ပေးရန် အရည်အချင်း ရှိသည်။ ပုရွက်ဆိတ်ဘုရင်မ၏ အမိန့်မပါဘဲ ထိုမြေပုရွက်ဆိတိနတ်ဆိုးများပင်လျှင် သာမန်မြေပုရွက်ဆိတ်များကို အမိန့်ပေးရန် ခက်ခဲလိမ့်မည်။
မိုလေ့သည် မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းကို အနှစ် ၂၀ တိုင် တာဝန်ယူခဲ့သူ ဖြစ်သည်။ သူသည် မြေပုရွက်ဆိတ်များအကြောင်းကို ကောင်းကောင်းသိသည်မှာ သေချာပေသည်။ ထို့ပြင် သူ၏ခွဲခြမ်းစိတ်ဖြာမှုမှာလည်း ကျိုးကြောင်းဆီလျော်လှသည်။
သို့သော် မြေပုရွက်ဆိတ်တောင်ပို့ထဲတွင် တစ်ခုခု ဖြစ်နေသည်ဖြစ်စေ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းက ပဲလှော်ကြားဆားညှပ်၍ ဒုက္ခရောက်နေသည်ဖြစ်စေ ဤခွဲခြမ်းစိတ်ဖြာမှုများက မြောက်ပိုင်းအခြေစိုက်စခန်း၏ လက်ရှိအခက်အခဲကို ဖြေရှင်းပေးနိုင်မည် မဟုတ်ပေ။
သူတို့သည် ဤမြေပုရွက်ဆိတ်များကို တတ်နိုင်သမျှ အစွမ်းကုန် ခုခံတွန်းလှန်ရမည်သာ ဖြစ်သည်။
"ညီအစ်ကို မိုလေ့... ပုရွက်ဆိတ်ဘုရင်မရဲ့ အရိပ်အယောင် လုံးဝမရှိတာ တကယ်ပဲသေချာလား"
လင်းဖုန်း တစ်ခုခုကို စဉ်းစားမိပုံ ရသည်။
"ငါ သေချာပေါက် ပြောရဲတယ်။ ဒီတစ်ခါ မြေပုရွက်ဆိတ်တွေ တိုက်ခိုက်တာမှာ ပုရွက်ဆိတ်ဘုရင်မက အမိန့်ပေးထားတာမျိုး မဟုတ်ဘူး။ အဲ့လိုမှမဟုတ်ရင် ရာနဲ့ချီတဲ့ နတ်ဆိုးတွေနဲ့ သောင်းနဲ့ချီတဲ့ မြေပုရွက်ဆိတ်တွေက စနစ်တကျနဲ့ အကြီးအကျယ် တိုက်ခိုက်လာမယ်ဆိုရင် ညီအစ်ကို လင်းဖုန်း စစ်ကူခေါ်လာတဲ့အထိ ငါတို့ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းက တောင့်ခံနိုင်ပါ့မလား"
မိုလေ့က ယုံကြည်မှုအပြည့်ဖြင့် ခိုင်ခိုင်မာမာ ပြောလိုက်သည်။ သူသည် မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းကို အနှစ် ၂၀ ကြာ စောင့်ကြပ်လာသူ ဖြစ်သည်။ ဤကဲ့သို့သော ကိစ္စမျိုးကို သူ နောက်ပြောင်ပြောဆိုလိမ့်မည် မဟုတ်ပေ။
"တကယ်လို့ မြေပုရွက်ဆိတ်ဘုရင်မသာ ဒီမှာမရှိဘူးဆိုရင် ကျွန်တော့်မှာ စမ်းကြည့်သင့်တဲ့ ဖြေရှင်းနည်းတစ်ခု ရှိတယ်။ ဒါပေမဲ့ အဲဒါက နည်းနည်းတော့ အန္တရာယ်များတယ်"
လင်းဖုန်း ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"ဘာဖြေရှင်းနည်းများလဲ"
"အရင်းအမြစ်ကို တိုက်ရိုက် တိုက်ခိုက်တာပဲ။ အဖြေကတော့ ရိုးရှင်းပါတယ်။ သောင်းနဲ့ချီတဲ့ မြေပုရွက်ဆိတ်တွေကို ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့သာ အဲဒီရာနဲ့ချီတဲ့ မြေပုရွက်ဆိတ်နတ်ဆိုးတွေကို အနိုင်ယူနိုင်မယ်ဆိုရင် မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းရဲ့ လက်ရှိအကျပ်အတည်းက အလိုလို ပြေလည်သွားမှာပဲ"
လင်းဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ လက်တွေ့တွင် ဤနည်းလမ်းမှာ လွန်ခဲ့သောအကြိမ်က တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်း၏ အကျပ်အတည်းကို ဖြေရှင်းရန် သူ အသုံးပြုခဲ့သော နည်းလမ်းပင် ဖြစ်သည်။ ထိုနည်းလမ်းမှာ ရိုးရှင်းပြီး ထိရောက်မှု အရှိဆုံးလည်း ဖြစ်သည်။
***