"အရင်းအမြစ်ကို တိုက်ရိုက် တိုက်ခိုက်မယ်... ဟုတ်လား"
လင်းဖုန်းတွင် ထူးခြားဆန်းပြားသော အကြံဉာဏ်ကောင်းတစ်ခုခု ရှိလိမ့်မည်ဟု မိုလေ့ ထင်မှတ်ထားခဲ့သော်လည်း ဤမျှ ရိုးရှင်းပြတ်သားလွန်းသော နည်းလမ်းဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူ စိတ်ပျက်သွားမိသည်ကိုတော့ မဖုံးကွယ်နိုင်တော့ပေ။
လင်းဖုန်းလည်း ဘာမှ ထပ်မပြောတော့ပေ။ ဤအခြေအနေမျိုးတွင် ထိရောက်မည့် အခြားသော ဖြေရှင်းနည်းကောင်းတစ်ခုခုများ ရှိပါသေးသလော။ မရှိနိုင်ပေ။ အကြွင်းမဲ့သာလွန်သော ခွန်အားနှင့် ရင်ဆိုင်ရချိန်တွင် မည်သည့် အစီအမံ၊ ပရိယာယ်မျိုးကမျှ အသုံးမဝင်ပေ။
အကယ်၍ သူတို့သည် ဤမြေပုရွက်ဆိတ်များကို အနိုင်ယူလိုပါက ရှေးဦးစွာ ရာနှင့်ချီသော မြေပုရွက်ဆိတ်နတ်ဆိုးများကို အရင်ဆုံးနှိမ်နင်းရမည်သာ ဖြစ်သည်။ သို့မဟုတ်ပါက မြေပုရွက်ဆိတ်များ အခြေစိုက်စခန်းထဲသို့ ဖောက်ထွင်းဝင်ရောက်နိုင်သည်နှင့် ထိုရာနှင့်ချီသော နတ်ဆိုးများသည် ကပ်ဘေးသင့်လောက်အောင် ဖျက်ဆီးပစ်ကြပေလိမ့်မည်။
"ငါတို့သာ အရင်းအမြစ်ကို တိုက်ရိုက် တိုက်ခိုက်လို့ ရမယ်ဆိုရင် အရင်ကတည်းက လုပ်ခဲ့မှာပေါ့၊ ဒါပေမဲ့ အဲဒါက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ"
မိုလေ့သည် လင်းဖုန်းကို တစ်ချက်ကြည့်ကာ ခေါင်းခါလိုက်ပြီး ဆက်ပြောသည်။
"ငါတို့ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းမှာ သာလွန်လူသား ကျွမ်းကျင်သူ ၅၀ ရှိတယ်။ ငါအပါအဝင် တတိယအဆင့်က ၄ ယောက်ပဲ ရှိတာ။ ညီအစ်ကို လင်းဖုန်း ခေါ်လာတဲ့ စစ်ကူတွေနဲ့ ပေါင်းရင်တောင် သာလွန်လူသားအဆင့် သိုင်းသမားက ၆၀ ဝန်းကျင်ပဲ ရှိတယ်။ အဲဒီ မြေပုရွက်ဆိတ်နတ်ဆိုးတွေက ကိုင်တွယ်ရတာ မလွယ်ဘူး။ ပုံမှန်ဆိုရင် တစ်ဦးချင်း တိုက်ခိုက်ရင်တောင် ငါတို့က အရမ်းသတိထားရတာ။ သူတို့ရဲ့ အက်ဆစ်နဲ့ ထိမိသွားရင် တကယ့်ကို ပြဿနာပဲ။ ကြယ်တာရာစွမ်းအားအကာအကွယ် မရှိတော့ဘဲ အက်ဆစ်နဲ့ အပက်ခံရရင်တော့ သေဖို့ပဲ ရှိတယ်"
"ဒါ့အပြင် ငါတို့က အရေအတွက်မှာလည်း အသာစီးမရဘူး။ ထိပ်တိုက်တွေ့ရင်တော့ အနိုင်ရဖို့ အခွင့်အရေးက လူံးဝမရှိသလောက်ပဲ"
အကယ်၍သာ ထိပ်တိုက် တိုက်ခိုက်နိုင်မည်ဆိုပါက မိုလေ့သည် ယခုအချိန်အထိ စောင့်နေစရာ အကြောင်းမရှိပေ။
"ကျွန်တော်တို့က အသွင်ပြောင်းနယ်ပယ် သိုင်းသမားအားလုံးကို ထိပ်တိုက်သွားတိုက်ခိုင်းဖို့ ပြောနေတာ မဟုတ်ဘူး။ မြေပုရွက်ဆိတ်နတ်ဆိုးတွေအကုန်လုံးကို သတ်ဖို့ ကြိုးစားနေတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့က သူတို့ကို ခြောက်လှန့်ဖို့ပဲ လိုတာ။ အဲဒီ မြေပုရွက်ဆိတ်နတ်ဆိုးတွေကို ဖိနှိပ်နိုင်ပြီး သူတို့ဘာသာ သူတို့ ဖရိုဖရဲ ထွက်ပြေးသွားအောင် လုပ်နိုင်မယ်ဆိုရင် အကျပ်အတည်းကလည်း ပြေလည်သွားမှာပဲ မဟုတ်ဘူးလား။ ပြီးတော့ အသွင်ပြောင်းနယ်ပယ် ပထမအဆင့် သိုင်းသမားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ကြယ်တာရာစွမ်းအားက အရမ်းနည်းတယ်။ သူတို့က မြေပုရွက်ဆိတ်နတ်ဆိုးတွေကို ထိပ်တိုက်ရင်ဆိုင်ရင်တော့ ဘယ်လိုမှ အသာစီးရမှာ မဟုတ်ဘူး"
မိုလေ့၏ ရင်ထဲ တုန်လှုပ်သွားသည်။ လင်းဖုန်းသည် အဆင့်မြင့်တိုက်ခိုက်ရေးသမားများကိုသာ အသုံးပြုရန် ရည်ရွယ်နေခြင်းပေလော။
"မြောက်ပိုင်းတောင်အခြေစိုက်စခန်းမှာ အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့်နဲ့ အထက် သိုင်းသမား ဘယ်နှယောက် ရှိလဲဆိုတာ ကျွန်တော် သိချင်ပါတယ်"
မိုလေ့ ခဏတာမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"ဒုတိယအဆင့်နဲ့ အထက် သိုင်းသမားအားလုံးပေါင်း ၁၈ ယောက် ရှိတယ်"
"၁၈ ယောက်လား... မဆိုးပါဘူး။ တတိယအဆင့်ကော ဘယ်နှယောက်လဲ"
"ငါ အပါအဝင် တတိယအဆင့် သိုင်းသမားက ၄ ယောက်ပဲ ရှိတာပါ"
တတိယအဆင့် သိုင်းသမား ၄ ယောက်ရှိသည်ဆိုခြင်းမှာ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်း၏ အင်အားမှာ တောင်ပိုင်းထက် များစွာ သာလွန်နေကြောင်း သက်သေပင်။ တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်း အင်အား အကောင်းဆုံးအချိန်၊ ကျိုးယွင် စစ်သေနာပတိချုပ် ဖြစ်နေစဉ်ကပင် တတိယအဆင့် သိုင်းသမားဟူ၍ ကျိုးယွင် တစ်ဦးတည်းသာ ရှိခဲ့သည်ကို သတိရသင့်ပေသည်။
တတိယအဆင့် သိုင်းသမားတစ်ဦး၏ ခန္ဓာကိုယ်ထဲတွင် အနည်းဆုံး ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ထောင်ဂဏန်းအနည်းငယ် ရှိတတ်သည်။ အကယ်၍ တတိယအဆင့် အထက်သို့ ရောက်ရှိနေသူဆိုပါက အမျှင်တန်း စုစုပေါင်း ၉၉၉၉ အထိပင် ရှိနိုင်သည်။ ထိုမြေပုရွက်ဆိတ်နတ်ဆိုးများနှင့် တိုက်ခိုက်ရာတွင် အက်ဆစ်နှင့် အပက်ခံရလျှင်ပင် သူတို့၏ ကြွယ်ဝလှသော ကြယ်တာရာစွမ်းအားများဖြင့် ခုခံကာ တိုက်ခိုက်ရေးစွမ်းရည် မကျဆင်းအောင် ထိန်းထားနိုင်သည်။
ထို့ပြင် သူတို့သည် နတ်ဆိုးများကို မယှဉ်နိုင်လျှင်ပင် ထွက်ပြေးလွတ်မြောက်နိုင်ခြေမှာ အလွန်မြင့်မားသည်။
ထို့ကြောင့် လင်းဖုန်းက တိုက်ရိုက်ပင် ပြောလိုက်သည်။
"ညီအစ်ကို မိုလေ့... အသွင်ပြောင်းနယ်ပယ် သိုင်းသမားတွေအားလုံး ထိပ်တိုက်တိုက်မှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ငါးယောက်ပဲ သွားကြမယ်။ ခင်ဗျားတို့ မြောက်ပိုင်းက တတိယအဆင့် သိုင်းသမား ၄ ယောက်နဲ့ ကျွန်တော်နဲ့ စုစုပေါင်း ၅ ယောက်ပေါ့။ ကျွန်တော်တို့တွေ အဲဒီရာနဲ့ချီတဲ့ မြေပုရွက်ဆိတ်နတ်ဆိုးတွေကို သွားပြီး နှိမ်နင်းမယ်။ ကျန်တဲ့လူတွေကတော့ ကျွန်တော် ခေါ်လာတဲ့ တောင်ပိုင်းက သိုင်းသမားတွေနဲ့ ပေါင်းပြီးတော့ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းကို ခဏလောက် စောင့်ကြပ်နေကြမယ်။ ဒါဆိုရင်တော့ ဘာပြဿနာမှ မရှိနိုင်ဘူး မဟုတ်လား"
လင်းဖုန်း၏ စကားကြောင့် မိုလေ့ မျက်လုံးပြူးသွားသည်။ သူသည် လုံးဝမယုံနိုင်လောက်အောင် ဖြစ်နေပုံရသည်။
"ကျုပ်တို့ ၅ ယောက်တည်းနဲ့ ရာနဲ့ချီတဲ့ မြေပုရွက်ဆိတ်နတ်ဆိုးတွေကို သွားတိုက်မယ် ဟုတ်လား"
မိုလေ့ပင်လျှင် ဤသည်မှာ ရူးသွပ်လွန်းသော လုပ်ရပ်ဟု ခံစားလိုက်ရသည်။ လူ ၅ ယောက်က နတ်ဆိုးရာချီကို စိန်ခေါ်မည်လား။ ထိုသို့ တွေးလိုက်ရုံနှင့်ပင် သူ ကြက်သီးထသွားမိသည်။ ထို့ပြင် လင်းဖုန်းကရော တတိယအဆင့် သိုင်းသမား တစ်ယောက်မို့လား။
မိုလေ့ သံသယဖြစ်နေသည်ကို မြင်သောအခါ လင်းဖုန်းက ရှင်းပြလိုက်သည်။
"ညီအစ်ကို မိုလေ့... ရာနဲ့ချီတဲ့ မြေပုရွက်ဆိတ်နတ်ဆိုးတွေက တကယ့်ကို ကြောက်စရာကောင်းတယ် ဆိုပေမဲ့ သူတို့က ပြန့်ကျဲနေကြတာပါ။ အုပ်စုလိုက် စုနေကြတာ မဟုတ်ဘူးလေ။ ဒါကြောင့် ကျွန်တော်တို့က နတ်ဆိုးရာချီရဲ့ တိုက်ခိုက်မှုကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရမှာ မဟုတ်ပါဘူး"
"ဒါ့အပြင် တတိယအဆင့် သိုင်းသမားတစ်ယောက်ရဲ့ ကြယ်တာရာစွမ်းအားက ဘယ်လောက်အထိ သိပ်သည်းလဲ။ ဝိုင်းထားခံရရင်တောင် ခဏလောက်တောင့်ခံထားပြီး ထွက်ပြေးဖို့လည်း သိပ်မခက်ခဲပါဘူး။ တကယ်လို့ ငါတို့ ရှုံးနိမ့်သွားရင်တောင် အသက်အန္တရာယ် မရှိနိုင်ပါဘူး။ အဲဒီလိုဆိုမှတော့ ဘာလို့ စမ်းမကြည့်သင့်ရမှာလဲ"
"တကယ်လို့ ခင်ဗျား ယူဆထားသလိုပဲ မြေပုရွက်ဆိတ်တောင်ပို့ထဲမှာ တစ်ခုခုဖြစ်နေပြီးတော့ သူတို့မှာ ပုရွက်ဆိတ်ဘုရင်မ မရှိဘူးဆိုရင် သူတို့က အခုချိန်မှာ ထိတ်လန့်နေကြတာပဲ။ ကျွန်တော်တို့ အလစ်အငိုက် သွားတိုက်နိုင်မယ်ဆိုရင် သူတို့ကို ခြောက်လှန့်ပြီး မောင်းထုတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး"
လင်းဖုန်း၏ စကားများကို ကြားရသောအခါ မိုလေ့လည်း သေသေချာချာ စတင်စဉ်းစားလာတော့သည်။
စင်စစ်တွင် ယခင်က သူသည် မြေပုရွက်ဆိတ် နတ်ဆိုး ရာချီရှိနေသည်ကို ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ သူတစ်ဦးတည်း မဟုတ်ပေ။ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းရှိ သိုင်းသမား အားလုံးနီးပါး ထိတ်လန့်နေကြခြင်း ဖြစ်သည်။
အကြောင်းမှာ ယခင် ပုရွက်ဆိတ်ဘုရင်မရှိစဉ်က ဤမြေပုရွက်ဆိတ်များမှာ အလွန် စနစ်တကျ ရှိခဲ့ကြသည်။ သူတို့သည် တိုက်စစ်၊ ခံစစ်များကို တစ်ညီတစ်ညွတ်တည်း လုပ်ဆောင်ကြပြီး အတော်ဆုံး စစ်ဗိုလ်ချုပ်တစ်ဦး၏ အမိန့်ကို အပြည့်အဝ နာခံနေရသကဲ့သို့ပင် ကိုင်တွယ်ရ အလွန်ခက်ခဲခဲ့သည်။
သို့သော် ယခုမူ အခြေအနေက မတူတော့ပေ။ ပုရွက်ဆိတ်ဘုရင်မ မရှိသည်မှာ သေချာသလောက် ရှိနေသည်။ ထိုမြေပုရွက်ဆိတ်နတ်ဆိုးများမှာလည်း ကွက်ကြိုကွက်ကြား ပြန့်ကျဲနေကြသည်။ တစ်နေရာတည်းတွင် အများဆုံး စုနေသည်မှာ နတ်ဆိုးအကောင် ၂၀ ဝန်းကျင်ခန့်သာ ရှိသည်။ အကယ်၍ သူတို့သာ အလစ်အငိုက် စီးနင်းတိုက်ခိုက်နိုင်မည်ဆိုပါက နတ်ဆိုးရာချီကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရမည် မဟုတ်ပေ။
ရှုံးနိမ့်သွားလျှင်ပင် အလွယ်တကူ ပြန်ဆုတ်နိုင်သေးသည်။
"ဘေးလူက ပိုမြင်တယ်" ဆိုသည့်အတိုင်းပင်။ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်း၏ စစ်သေနာပတိချုပ် ဖြစ်သူ သူကိုယ်တိုင်ထက် လင်းဖုန်းက အခြေအနေကို ပို၍ ရှင်းလင်းစွာ မြင်နေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ လင်းဖုန်း၏ နည်းလမ်းကို စမ်းကြည့်မည်ဆိုပါက တကယ်ပင် အောင်မြင်သွားနိုင်ပေသည်။
"ကောင်းပြီ... စမ်းကြည့်ကြတာပေါ့။ ဒါပေမဲ့ ညီအစ်ကို လင်းဖုန်း... မင်းကတော့ အခြေစိုက်စခန်းမှာပဲ နေပြီး ကွပ်ကဲနေတာက ပိုကောင်းလိမ့်မယ်ထင်တယ်။ ငါ အခြေစိုက်စခန်းရဲ့ ကွပ်ကဲမှုအာဏာကို မင်းဆီ လွှဲပေးခဲ့မယ်။ ငါတို့ လေးယောက်လုံးက တတိယအဆင့် သိုင်းသမားတွေဆိုတော့ လွတ်လွတ်လပ်လပ် သွားနိုင်လာနိုင်ပြီးတော့ အန္တရာယ် သိပ်မရှိနိုင်ဘူး"
လက်တွေ့တွင် ဤသည်မှာ လင်းဖုန်း၏ ခွန်အားမှာ သူတို့နှင့် မယှဉ်နိုင်ကြောင်း အားနာစွာဖြင့် သတိပေးလိုက်ခြင်းပင် ဖြစ်သည်။ လင်းဖုန်း သဘာဝကျကျ နားလည်လိုက်သည်။ သို့သော် သူ စိတ်မဆိုးပေ။ ထိုအစား သူက တည်ငြိမ်စွာပင် ပြောလိုက်သည်။
"ရပါတယ်... အခြေစိုက်စခန်းမှာ သိုင်းသမားတွေ အများကြီး ရှိနေတာပဲ။ ကျွန်တော် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမကြီးပါဘူး။ ပြီးတော့ ညီအစ်ကို မိုလေ့... ကျွန်တော့်ရဲ့ ခွန်အားအတွက် စိတ်မပူပါနဲ့။ အရေးကြီးတဲ့ အချိန်ကျရင် ကျွန်တော့်မှာ လွတ်မြောက်နိုင်တဲ့ ကိုယ်ပိုင်နည်းလမ်းတွေ ရှိပါတယ်"
လင်းဖုန်း ဘာလုပ်နိုင်မည်ကို မိုလေ့ မသိပေ။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ဖောက်ထွင်းထားသည်မှာ လပိုင်းမျှသာ ရှိသေးသော သိုင်းသမားတစ်ဦးသည် အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့်သို့ပင် ရောက်ရှိနိုင်ပါမည်လော။
ထို့ပြင် ရောက်ရှိသွားသည်ဆိုဦးတော့ မြေပုရွက်ဆိတ်များ၏ ဝိုင်းရံမှုကို ခံရချိန်တွင် ဒုတိယအဆင့် သိုင်းသမားတစ်ဦးမှာ များစွာ အသုံးဝင်လိမ့်မည် မဟုတ်ပေ။
မိုလေ့သည် တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်း၏ အင်အားကို အထင်သေးမိသော်လည်း လင်းဖုန်းသည် သူတို့ကို စိတ်ရင်းမှန်ဖြင့် လာရောက် ကူညီပေးခြင်း ဖြစ်သည်။ ထို့ကြောင့် လင်းဖုန်း တစ်ခုခု ဖြစ်သွားမည်ကို သူ လုံးဝ အလိုမရှိပေ။
"ညီအစ်ကို လင်းဖုန်း... ဒီစစ်ဆင်ရေးက တကယ့်ကို အန္တရာယ်များလွန်းတယ်။ ငါတို့တောင် အနိုင်ရဖို့ အပြည့်အဝ ယုံကြည်ချက် မရှိဘူး"
လင်းဖုန်း အလွန်ပင် အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။ သူသည် အလွန် ငယ်ရွယ်လွန်းလှသဖြင့် တကယ်ပင် တခြားသူများအတွက်ယုံကြည်မှု တည်ဆောက်ရန် ခက်ခဲနေသည်။ သို့သော် သူသည် ဤစစ်ဆင်ရေးတွင် မဖြစ်မနေ ပါဝင်ရမည်သာ ဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် ကြယ်တာရာစွမ်းအား အမျှင်တန်းပေါင်း ၅၄၀၀ ကျော်ကို စုစည်းဖိသိပ်ထားပြီး ဖြစ်သည်။ သူသာ ဟင်းလင်းပြင်ပူဖောင်းနည်းစနစ်ကို အသုံးပြုလိုက်မည်ဆိုပါက ခဏအတွင်းမှာပင် နတ်ဆိုး ၁၀ ကောင်ထက်မနည်း သတ်ဖြတ်နိုင်သည်။ ဤသည်မှာ တတိယအဆင့် သိုင်းသမားများပင် မလုပ်ဆောင်နိုင်သော အရာဖြစ်သည်။ လင်းဖုန်း၏ ဟင်းလင်းပြင်ပူဖောင်း မပါဘဲ ထိုမြေပုရွက်ဆိတ်များကို မည်သို့ ခြောက်လှန့်နိုင်ပါမည်နည်း။
သို့သော် ဤကိစ္စကို ရှင်းပြရန် နည်းလမ်း မရှိပေ။ လင်းဖုန်းသည် စစ်ဆင်ရေးတွင် ပါဝင်ရန်သာ အတင်းအကျပ် တောင်းဆိုလိုက်သည်။ မည်သို့ပင်ဖြစ်စေ တိုက်ပွဲထဲ ရောက်သွားသည်နှင့် မိုလေ့နှင့် အခြားသူများ နားလည်သွားကြပေလိမ့်မည်။ တကူးတက ရှင်းပြနေရန် မလိုပေ။
"ညီအစ်ကို မိုလေ့... ဒီအကြံကို ကျွန်တော် ပေးခဲ့တာပါ။ ကျွန်တော့်မှာ ယုံကြည်ချက် ရှိပါတယ်"
"ကောင်းပြီ... ဒါဆိုရင်တော့ ငါတို့ ငါးယောက် အတူတူ သွားကြတာပေါ့"
အဆုံးတွင် မိုလေ့ သဘောတူလိုက်ရုံသာ ရှိတော့သည်။ သို့သော် သူသည် လင်းဖုန်း အန္တရာယ်နှင့် ကြုံတွေ့ရပါက မည်သို့ပင်ဖြစ်စေ သွားရောက် ကယ်တင်မည်ဟုလည်း စိတ်ပိုင်းဖြတ်လိုက်သည်။ လင်းဖုန်းကို တစ်ခုခုဖြစ်သွားခွင့် လုံးဝမပေးနိုင်ပေ။
မိုလေ့သည် မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းရှိ အခြားသော တတိယအဆင့် သိုင်းသမား ၃ ဦးကို အမြန်သွားရောက် ရှာဖွေလိုက်သည်။ သူတို့အားလုံးမှာလည်း စစ်ဆင်ရေးကို သဘောတူကြသည်။ သို့သော်လည်း လင်းဖုန်းကိုမူ အံ့အားသင့်စွာ ကြည့်နေကြသည်။
သူတို့ ငါးဦးမှာ အခြေစိုက်စခန်းရှိ ကိစ္စအဝဝကို စီစဉ်ပြီးနောက် ခံတပ်မျှော်စင်ပေါ်မှတစ်ဆင့် ကောင်းကင်သို့ ပျံတက်သွားကြပြီး အဝေးရှိ ရာနှင့်ချီသော မြေပုရွက်ဆိတ်နတ်ဆိုးများဆီသို့ ဦးတည်ပျံသန်းသွားကြတော့သည်။
***