လင်းဖုန်းသည် မြေပုရွက်ဆိတ်နတ်ဆိုး သုံးကောင်ကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်လိုက်ခြင်းက လူတိုင်းကို အိမ်မက်မက်နေသည့်အလား ခံစားရပြီး အလွန် တုန်လှုပ်သွားစေသည်။ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းမှ လူများမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြပြီး တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းမှ လူများမှာမူ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။
သို့သော် အအံ့ဩဆုံးသူများမှာ မိုလေ့နှင့် အခြားတတိယအဆင့် သိုင်းသမား သုံးဦးပင် ဖြစ်သည်။ ယခုလေးတင် သူတို့သည် အပြင်းအထန် ရုန်းကန်ခဲ့ရပြီး သူတို့၏ ကြယ်တာရာစွမ်းအား အကာအကွယ်ကို အားကိုး၍ မြေပုရွက်ဆိတ်နတ်ဆိုး အနည်းငယ်ကိုသာ ခက်ခက်ခဲခဲ သတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
လင်းဖုန်းကမူ သူ၏ ကြယ်တာရာစွမ်းအားကိုပင် ထုတ်ဖော်ခြင်း မရှိပေ။ လင်းဖုန်း၏ ခန္ဓာကိုယ်မှ ကြယ်တာရာစွမ်းအား လှိုင်းထန်မှုမျိုး လုံးဝမရှိသည်ကို သူတို့ ရှင်းရှင်းလင်းလင်း အာရုံခံမိကြသည်။ တစ်နည်းအားဖြင့် လင်းဖုန်းသည် ကြယ်တာရာစွမ်းအားကို အသုံးမပြုဘဲ သူတို့ထက်ပင် ပိုမိုလွယ်ကူစွာဖြင့် ထိုနတ်ဆိုးသုံးကောင်ကို သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤသည်မှာ စိတ်လှုပ်ရှားစးဖွယ်ရာ သတင်းကောင်းလည်း ဖြစ်သည်။ လင်းဖုန်းတွင် မြေပုရွက်ဆိတ်နတ်ဆိုးများကို အပြည့်အဝဆန့်ကျင်တုံ့ပြန်နိုင်သော စွမ်းရည် ရှိနေပုံရသည်။
"ညီအစ်ကို လင်းဖုန်း... မင်းရဲ့ မွေးရာပါစွမ်းရည်က ဒီမြေပုရွက်ဆိတ်နတ်ဆိုးတွေကို လုံးဝဆန့်ကျင်နိုင်တာလား" မိုလေ့ မမေးဘဲ မနေနိုင်တော့ပေ။
လင်းဖုန်းက သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်ကို ညွှန်ပြရင်း ပြောလိုက်သည်။
"အဲလိုပဲ ပြောရမယ် ထင်တယ်။ ဒီနတ်ဆိုးတွေက အရမ်းအားနည်းလွန်းနေသလိုပဲ။ သူတို့က ကျွန်တော့်ရဲ့ မွေးရာပါစွမ်းရည်ချပ်ဝတ်ကိုတောင် မတိုက်စားနိုင်ကြဘူး။ သူတို့ကို ကိုင်တွယ်ရတာ တကယ်လွယ်ပါတယ်။ မြေပုရွက်ဆိတ်နတ်ဆိုး အုပ်စုကြီးရဲ့ ဝိုင်းရံတာမျိုး မခံရသရွေ့တော့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး"
မိုလေ့မှာ ဆွံ့အသွားမိသည်။ မြေပုရွက်ဆိတ်နတ်ဆိုးတွေက အားနည်းတယ် ဟုတ်လား။ သူတို့က လုံးဝ အားမနည်းပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့မှာ အလွန်တရာ ကိုင်တွယ်ရခက်ခဲလှသည်။ တတိယအဆင့် သိုင်းသမားများဖြစ်သော သူတို့ပင် ရင်ဆိုင်ခုခံတိုက်ခိုက်ရန် ခွန်အားများစွာ အသုံးပြုခဲ့ရသည်။
လင်းဖုန်း၏ မွေးရာပါစွမ်းရည်က ထိုနတ်ဆိုးများနှင့် တိုက်ဆိုင်စွာပင် အပြည့်အဝဆန့်ကျင်နိုင်စွမ်း ရှိနေပြီး သူက အသာစီး အလွန်ရနေသည်ဟုသာ ဆိုရပေလိမ့်မည်။
မိုလေ့မှာ အလွန်ဝမ်းသာသွားပြီး ပြုံးလျက် ပြောလိုက်သည်။
"ဒီလိုဆိုရင်တော့ ဒီစစ်ဆင်ရေး အောင်မြင်ဖို့ အခွင့်အရေး တကယ်ရှိသွားပြီပဲကွ။ ငါတို့ အခုမှ နတ်ဆိုး အနည်းငယ်ပဲ သတ်ရသေးတာ။ ဟိုမှာ နတ်ဆိုးတွေ အများကြီး ရှိနေသေးတယ်။ အားလုံးပေါင်းပြီး တိုက်မယ်ဆိုရင်တော့ သူတို့ကို သေချာပေါက် ခြောက်လှန့်နိုင်မှာပဲ"
"ကောင်းပါပြီ"
လင်းဖုန်းက မငြင်းပယ်ခဲ့ပေ။ ယခုတစ်ကြိမ်တွင် မိုလေ့နှင့် အခြားတတိယအဆင့် သိုင်းသမားသုံးဦးမှာ လင်းဖုန်းကို စိတ်ရင်းဖြင့် လက်ခံသွားကြပြီ ဖြစ်သည်။ မြေပုရွက်ဆိတ်နတ်ဆိုးများကို ရင်ဆိုင်ရာတွင် လင်းဖုန်းက အလွန်တရာ အသာစီးရနေသည် မဟုတ်ပါလား။
မြေပုရွက်ဆိတ်နတ်ဆိုးများ၏ အပြင်းထန်ဆုံးလက်နက်ဖြစ်သော အက်ဆစ်မှာ လင်းဖုန်းအတွက် အသုံးမဝင်ဖြစ်နေသဖြင့် သူတို့မှာ လင်းဖုန်း၏ လက်ခုပ်ထဲက ရေကဲ့သို့ ဖြစ်နေတော့သည်။
"တိုက်ကြ"
လင်းဖုန်း၊ မိုလေ့နှင့် အခြားသူများမှာ တွေဝေမနေဘဲ မြေပုရွက်ဆိတ်နတ်ဆိုး ၃၀ ခန့်ရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။ ထိုနတ်ဆိုး ၃၀ မှာလည်း အကြီးအကျယ် ဒေါသထွက်သွားကြပြီး တစ်ခုခုကို ဆင့်ခေါ်နေသကဲ့သို့ စူးရှသော အသံများကို အဆက်မပြတ် ထုတ်ဖော်လိုက်ကြသည်။
ထိုအချိန်မှာပင် အခြားသော နတ်ဆိုးအချို့ကလည်း တုံ့ပြန်လိုက်ကြပြီး လင်းဖုန်းနှင့် အခြားသူများကို ဖြည်းဖြည်းချင်း ဝိုင်းရံလာကြသည်။
"မကောင်းတော့ဘူး... ဒီနတ်ဆိုးတွေက ဖရိုဖရဲ ဖြစ်နေတာ မဟုတ်ဘူးပဲ။ သူတို့က တစ်ကောင်နဲ့တစ်ကောင် ကူညီနိုင်ကြသေးတယ်"
"ဒီနတ်ဆိုးအုပ်စုကို ငါတို့ အမြန်ဆုံး နှိမ်နင်းရမယ်၊ မဟုတ်ရင် ဒုက္ခရောက်လိမ့်မယ်"
မိုလေ့နှင့် အခြားသူများမှာ သူတို့၏ ကြယ်တာရာစွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြသည်။ သူတို့သည် ဤနတ်ဆိုးအုပ်စုကို အမြန်ဆုံး အနိုင်ယူလိုသော်လည်း လက်တွေ့တွင်မူ ပြောသလောက် မလွယ်ကူပေ။
လင်းဖုန်းအနေဖြင့် အက်ဆစ်ကို မကြောက်သော်လည်း နတ်ဆိုးအရေအတွက် များပြားလာသောအခါ အက်ဆစ်လုံး ဆယ်လုံးထက်မက သူ၏ သံချပ်ကာပေါ်သို့ တစ်ပြိုင်တည်း ကျရောက်လာသည်။ ၎င်းတို့ကို ပြန်လည်ကုသရန် ခွန်အားများစွာ အသုံးပြုရသည်။
တစ်ဦးတည်းနှင့် အများကြီးကို ရင်ဆိုင်ရခြင်းမှာ လင်းဖုန်းအတွက်လည်း ဝန်ထုပ်ဝန်ပိုး ကြီးမားလှသည်။
လက်သီးဖြင့် တစ်ကောင်ချင်း လိုက်ထိုးနေခြင်းမှာ အချိန်အလွန် ကြန့်ကြာလှသည်။ ထို့ပြင် ဤမြေပုရွက်ဆိတ်နတ်ဆိုးများမှာ အလွန်ပါးနပ်ကြသည်။ သူတို့သည် လင်းဖုန်းကို မယှဉ်နိုင်သလို လင်းဖုန်း၏ လက်သီးတစ်ချက်တည်းနှင့် သေဆုံးနိုင်သော်လည်း သူတို့မှာ သင်းခွေချပ်နတ်ဆိုးများထက် များစွာ ပိုမိုလျင်မြန်ဖြတ်လတ်ကြသည်။
လင်းဖုန်း နတ်ဆိုးနှစ်ကောင်ကို သတ်ပြီးနောက် နောက်ထပ်တစ်ကောင်ကို သတ်ရန်မှာ အတော်လေး အားစိုက်နေရပြီး ထိရောက်မှု သိပ်မရှိလှပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ငါးဦးမှာ ဝိုင်းရံခြင်း ခံလိုက်ရသည်။ လင်းဖုန်းကမူ မကြောက်ပေ။ သူသည် နတ်ဆိုးအားလုံးကို မသတ်နိုင်လျှင်ပင် အေးအေးဆေးဆေး ပြန်ဆုတ်နိုင်စွမ်း ရှိသည်။
သို့သော် မိုလေ့အပါအဝင် အခြားသုံးဦးမှာမူ ဒုက္ခရောက်နေကြပြီ ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်ထဲမှ ကြယ်တာရာစွမ်းအားများမှာ အချိန်နှင့်အမျှ ကုန်ဆုံးနေသည်။ ကြယ်တာရာစွမ်းအား လုံးဝကုန်သွားသည်နှင့် သူတို့ သေဆုံးရပေလိမ့်မည်။
"ငါတို့ တွက်ကိန်းမှားသွားပြီ၊ အမြန်ဆုံး ဖောက်ထွက်မှ ဖြစ်မယ်"
မိုလေ့၏ မျက်နှာမှာ ပြာနှမ်းနေသည်။ သူသည် လင်းဖုန်း၏ အေးဆေးတည်ငြိမ်သော ပုံစံကို ကြည့်လိုက်ပြီးနောက် အပြင်းအထန် ရုန်းကန်နေရသော သူတို့ တတိယအဆင့် သိုင်းသမား လေးဦးကို ပြန်ကြည့်ကာ စိတ်ဓာတ်ကျသွားမိသည်။
အရင်က သူသည် လင်းဖုန်း၏ ခွန်အားကို အထင်သေးပြီး မလာရန် တားမြစ်ခဲ့ဖူးသည်။ ယခုတော့ သူတို့မှာ လင်းဖုန်းကို ပြန်၍ အားကိုးနေရပြီး အသက်ရှင်ရန်ပင် မနည်းရုန်းကန်နေရသည်။
'ဒီအတိုင်းဆို မဖြစ်တော့ဘူး၊ အရေအတွက်က အရမ်းများလွန်းတယ်။ မိုလေ့တို့လည်း ကြာကြာတောင့်ခံနိုင်မှာ မဟုတ်ဘူး။ သူတို့က ကြယ်တာရာစွမ်းအားတွေ အများကြီး သုံးနေရပေမဲ့ ငါကတော့ အများကြီး သုံးဖို့ မလိုဘူး။ ငါ ဒီတိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ပြီး ဒီမြေပုရါက်ဆိတ်တွေကို ခြောက်လှန့်ပစ်မှ ဖြစ်မယ်'
လင်းဖုန်း အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်သည်။ သူ၏ ပတ်ပတ်လည်တွင် ပိုမိုများပြားလာသော မြေပုရွက်ဆိတ်နတ်ဆိုးများကို ကြည့်ပြီး သူ အစွမ်းကုန် ထုတ်ဖော်ရန် ဆုံးဖြတ်လိုက်သည်။
"ဟင်းလင်းပြင်ပူဖောင်း"
ဝူး...
လင်းဖုန်း လက်တစ်ချက် ဝေ့လိုက်သည်နှင့် လှပသော ပူဖောင်း ၁၃ ခုမှာ ဟင်းလင်းပြင်တွင် တိတ်တဆိတ် ပေါ်ပေါက်လာသည်။ ထိုပူဖောင်း ၁၃ ခုမှာ အလွန်ပင် ညှို့ငင်ဖမ်းစားနိုင်စွမ်း ရှိလှသည်။ ၎င်းတို့၏ အလှတရားမှာ မည်သူမဆို စွဲလန်းသွားစေလောက်အောင်ပင် ဖြစ်သည်။
"ဒါတွေက ဘာတွေလဲ"
မိုလေ့နှင့် အခြားသုံးဦးမှာလည်း တစ်ပြိုင်နက်တည်း ရပ်တန့်သွားကြသည်။ သူတို့၏ အကြည့်များမှာ ဟင်းလင်းပြင်ရှိ ကြယ်တာရာပူဖောင်း ၁၃ ခုဆီသို့ စုပြုံသွားကြသည်။ ၎င်းတို့မှာ အလွန်လှပလွန်းလှသည်။ သူတို့ ဤမျှ လှပသော အရာမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။
မိုလေ့တို့လို ကျွမ်းကျင်သူများပင် ဤသို့ ဖြစ်နေလျှင် မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းရှိ သိုင်းသမားများကို ပြောနေရန်ပင် မလိုတော့ပေ။
မြောက်ပိုင်းနှင့် တောင်ပိုင်း အခြေစိုက်စခန်း နှစ်ခုလုံးမှ သိုင်းသမားများမှာ ထိုပူဖောင်းများကို မြင်ရသောအခါ အလှတရားတွင် နစ်မျောသွားသည့်အလား ဖြစ်သွားကြသည်။ သို့သော် အလှဆုံးသောအရာမှာ အကြောက်စရာအကောင်းဆုံးလည်း ဖြစ်ပေလိမ့်မည်။
လှပသော ပူဖောင်းများမှာ အဆုံးတွင် ပေါက်ကွဲသွားမည်သာ ဖြစ်သည်။
ကြယ်တာရာပူဖောင်း ၁၃ ခုသည် မြေပုရွက်ဆိတ်နတ်ဆိုး ၁၃ ကောင်ကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ ထိုနတ်ဆိုး ၁၃ ကောင်မှာ ခုခံခြင်းပင် မရှိကြပေ။ သူတို့၏ မျက်လုံးများမှာ မှင်သက်ဝေဝါးနေကြဆဲ ဖြစ်သည်။
"ပြိုကွဲစေ"
လင်းဖုန်း၏ ရေခဲတမျှ အေးစက်စက်အသံ ထွက်ပေါ်လာသည်။ ပူဖောင်း ၁၃ ခုမှာ တကယ့်ပူဖောင်းအစစ်များကဲ့သို့ပင် လျင်မြန်စွာ ပြိုကွဲသွားတော့သည်။
ဘုန်း...
မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပုရွက်ဆိတ်နတ်ဆိုး ၁၃ ကောင်မှာ လျင်မြန်စွာ ပြိုကွဲသွားသော ကြယ်တာရာပူဖောင်းများကြောင့် အသားစများ၊ သွေးမှုန်သွေးစများအဖြစ်သို့ ကြေမွပျောက်ကွယ်သွားကြတော့သည်။ သူတို့၏ အလောင်းများမှာလည်း ပုံပျက်ပန်းပျက် ဖြစ်သွားပြီး လုံးဝ သေဆုံးသွားကြပြီ ဖြစ်သည်။
ဤသည်မှာ မြေပုရွက်ဆိတ်နတ်ဆိုး ၁၃ ကောင်ဖြစ်ပြီး ၎င်းတို့မှာ ချက်ချင်းဆိုသလို သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ကြယ်တာရာပူဖောင်းများ ပျောက်ကွယ်သွားသောအခါ လူတိုင်း သတိပြန်ဝင်လာကြသည်။ မိုလေ့နှင့် အခြားသူများမှာ အနီးဆုံးတွင် ရှိနေသဖြင့် ဘာဖြစ်သွားသည်ကို ကောင်းကောင်း သိလိုက်ကြသည်။ သူတို့သည် မြေပြင်ပေါ်ရှိ ပုံပျက်ပန်းပျက် ဖြစ်နေသော နတ်ဆိုးအလောင်း ၁၃ လောင်းကို ကြည့်ရင်း ခုနက သူတို့ကိုယ်တိုင်ပင် ထိုအလှတရားတွင် နစ်မျောသွားခဲ့သည်ကို ပြန်လည် သတိရလိုက်ကြသည်။
အကယ်၍ ထိုပူဖောင်းများကို သူတို့အပေါ်တွင် အသုံးပြုခဲ့လျှင် သူတို့ ခုခံနိုင်ပါမည်လော။
ဤသို့ တွေးလိုက်မိသည်နှင့် မိုလေ့နှင့် အခြားသုံးဦးမှာ ကျောရိုးထဲအထိ စိမ့်တက်သွားကာ ရင်ထဲတွင် အေးစက်သော ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။ ကြောက်စရာကောင်းလိုက်တာ။ တကယ်ကို ကြောက်စရာကောင်းလွန်းလှသည်။ လင်းဖုန်းသည် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးသာ ဖြစ်သော်လည်း ဤမျှ ကြောက်စရာကောင်းသော ကြယ်တာရာသိုင်းပညာရပ်ကို မည်သို့ တတ်မြောက်ထားပါသနည်း။
လက်တစ်ချက် ဝေ့ရုံဖြင့် မြေပုရွက်ဆိတ်နတ်ဆိုး ၁၃ ကောင်ကို အမြစ်ပြတ် သုတ်သင်လိုက်ခြင်း ဖြစ်သည်။ ဤနည်းလမ်းမှာ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ၏ နားလည်နိုင်စွမ်းကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။ ဤကဲ့သို့သော အစွန်းရောက် ကြယ်တာရာသိုင်းပညာမျိုးကို လေ့ကျင့်နိုင်သူ အလွန်နည်းပါးလှသလို လင်းဖုန်းကဲ့သို့ နက်နဲစွာ တတ်မြောက်ပြီး လက်တွေ့တိုက်ပွဲတွင် ကျွမ်းကျင်စွာ အသုံးပြုနိုင်သူမှာ ပို၍ပင် ရှားပါးလှသည်။
"အားလုံးပဲ... အခု မြေပုရွက်ဆိတ်နတ်ဆိုးတွေကို အတူတူ ရှင်းလိုက်ကြရအောင်"
လင်းဖုန်း၏ အော်ဟစ်သံက မိုလေ့နှင့် အခြားသူများကို ချက်ချင်း သတိပြန်ဝင်လာစေသည်။
ထိုနတ်ဆိုးများတွင်လည်း အသိဉာဏ် ရှိကြသည်။ လင်းဖုန်း၏ 'ဟင်းလင်းပြင်ပူဖောင်း' တိုက်ကွက်မှာ ထူးဆန်းပြီး ထိတ်လန့်စရာ ကောင်းလွန်းလှသည်။ သိုင်းသမားများသာမက ထိုနတ်ဆိုးများပင် ကြောက်ရွံ့သွားခဲ့ကြသည်။
ထို့ကြောင့် သူတို့ နောက်သို့ အလျိုလျိုဆုတ်ခွာသွားကြသည်။ ပုရွက်ဆိတ်ဘုရင်မ၏ အမိန့်မရှိသောကြောင့် သူတို့သည်လည်း ကြောက်ရွံ့တတ်ကြသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့ထဲမှ ၁၃ ကောင်ကို ချက်ချင်း သတ်နိုင်သော ထူးဆန်းသည့် နည်းလမ်းနှင့် ရင်ဆိုင်ရချိန်တွင် ထိုနတ်ဆိုးများ မည်သို့ မကြောက်ဘဲ နေပါမည်နည်း။
မိုလေ့နှင့် အခြားသူများမှာ အလွန် အံ့အားသင့်နေကြသော်လည်း ဤသည်မှာ တစ်သက်တွင် တစ်ခါသာ ရနိုင်သော အခွင့်အရေးဖြစ်ကြောင်း သိလိုက်ကြသည်။ အကယ်၍ သူတို့သာ ဤအခွင့်အရေးကို အရယူနိုင်မည်ဆိုပါက ဤမြေပုရွက်ဆိတ်အုပ်ကို သေချာပေါက် အနိုင်ယူပြီး မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်း၏ အကျပ်အတည်းကို ဖြေရှင်းနိုင်ပေလိမ့်မည်။
***