ထိုနေရာတွင် အလောင်းကောင်ပုပ်စော်နံ့ မှာ အလွန်အမင်း ပြင်းထန်လှသည်။
ထိုအလောင်းပုံကြီးထဲတွင်မူ လူနှစ်ဦးမှာ မျက်စိကို တင်းတင်းပိတ်လျက် ပုန်းအောင်းနေကြသည်။
၎င်းတို့မှာ ပျောက်ဆုံးနေသော မိစ္ဆာနှိမ်နင်းသူ နှစ်ဦးပင် ဖြစ်သည်။
အော်... ဒီနေရာက အလောင်းပုပ်နံ့ကို အသုံးချပြီး သူတို့ဆီက လူသားအနံ့အသက်ကို ဖုံးကွယ်ထားတာကိုး၊ ပြီးတော့ လောကီသိုင်းပညာထဲက လိပ်အသက်ရှူနည်း လိုမျိုးကို သုံးပြီး ဟန်ဆောင်သေနေတဲ့ အခြေအနေနဲ့ ရောနှောနေထိုင်ပြီး မိစ္ဆာတွေရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားခဲ့ကြတာပဲ။
လီယန်ချူသည် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
သူသည် အော့အန်ချင်စိတ်ကို အစွမ်းကုန်အောင့်အီးကာ အလောင်းပုံကြီးထဲမှ ဟန်ဆောင်သေနေသော ကိုယ်တော်နှစ်ပါးကို ကယ်ထုတ်လိုက်သည်။
"တကယ်ပဲ သူတို့ကို ရှာတွေ့လိမ့်မယ်လို့ မထင်ထားဘူး၊ လီတာအိုဆရာ... သူတို့ နိုးလာအောင် ဘယ်လိုလုပ်ရမလဲဗျ "
ကျိချင်းကိုယ်တော်က မေးလိုက်သည်။
လီယန်ချူက ခဏမျှ စဉ်းစားပြီးနောက်
"လူပျိုစစ်စစ် ဆီးနဲ့ ပက်ပြီး နှိုးလိုက်ရမလား "
ကျိချင်းကိုယ်တော်မှာ အသက်ကို ပြင်းပြင်းရှူလိုက်မိကာ အမလေး... ဒီလိုနည်းလမ်းမျိုးကိုတောင် ခင်ဗျား စဉ်းစားမိတယ်ပေါ့။
သူသည် အနည်းငယ် တုန်လှုပ်သွားကာ လူပျိုစစ်စစ်ဆိုတာ ငါ့ကို ပြောနေတာများလား ဟု တွေးမိသည်။
လီယန်ချူမှာ ကျိချင်းကိုယ်တော်၏ မျက်နှာပျက်သွားပုံကို ကြည့်ကာ အားရပါးရ ရယ်မောလိုက်တော့သည်။
"ကျိချင်းဆရာတော်... ကျုပ်က နောက်နေတာပါ၊ တက်ပြီး ပါးရိုက်လိုက်ရင် ရပါပြီ"
ကျိချင်းကိုယ်တော်မှာတော့ ထိုမှသာ သက်ပြင်းချနိုင်တော့သည်။
ဒါကတော့ အဆင်ပြေသေးသည်။
သူသည် အရှေ့သို့ တိုးသွားကာ ထိုင်ချလိုက်ပြီး သူ၏ ကြမ်းတမ်းလှသော လက်ဝါးကြီးများဖြင့်.....
ဖြန်း ဖြန်း ဖြန်း
ကိုယ်တော်နှစ်ပါးမှာ ဖြည်းဖြည်းချင်း နိုးလာကြတော့သည်။
လီယန်ချူသည် ၎င်းတို့၏ စကားများအရ တစ်ဦးမှာ ရွှေမင် ဖြစ်ပြီး တစ်ဦးမှာ ရွှေဟွေ ဖြစ်ကြောင်း သိလိုက်ရသည်။
၎င်းတို့မှာ လင်ရှီးကျောင်းတော် မှ ကိုယ်တော်များ ဖြစ်နေကြ၏။
သူသည် လင်ရှီးကျောင်းတော်မှ ဟွေကျိန်းဆရာတော် နှင့် အတော်လေး ရင်းနှီးကျွမ်းဝင်မှု ရှိထားသူ ဖြစ်သည်။
လင်ရှီးကျောင်းတော်က လူတွေကို ကယ်မိလိမ့်မယ်လို့ မထင်ထားဘူး ဟု လီယန်ချူ စိတ်ထဲမှ ဆိုလိုက်သည်။
ရက်တွက်ကြည့်ရလျှင် ယခု လျူမိသားစုဘိုးဘွားရိပ်သာကိစ္စ ပြီးသွားပါက ဟွေကျိန်းဆရာတော် ကျောင်းထိုင်ဆရာတော်ဖြစ်လာမည့် အခမ်းအနားသို့ သွားရန် အချိန်ကိုက်ပင် ဖြစ်သည်။
ကိုယ်တော်နှစ်ပါးမှာ လီယန်ချူကို အလွန်ပင် ကျေးဇူးတင်ရှိနေကြသည်။
ထိုနှစ်ဦးမှာ သာသနာ့ဘောင်ထဲတွင် ဆရာတူညီအစ်ကိုများ ဖြစ်ကြသော်လည်း ပို၍ စိတ်ဝင်စားစရာကောင်းသည်မှာ လူဝတ်ကြောင်ဘဝက သူတို့မှာ ဝမ်းကွဲညီအစ်ကို များ ဖြစ်ကြခြင်းပင်။
ရွှေမင်ကိုယ်တော်မှာ သိုင်းလောကမှ မျိုးရိုးကြီးမိသားစုဝင် တစ်ဦးဖြစ်ပြီး အတွင်းအားသိုင်းပညာအပြင် ဆေးဖော်စပ်နည်းနှင့် အဆိပ်ခတ်နည်းများကိုပါ တတ်ကျွမ်းသူ ဖြစ်သည်။
ကံကောင်းထောက်မစွာပင် သူ၌ ထိုအရည်အချင်းရှိနေသဖြင့်သာ ထိုဝမ်းကွဲညီအစ်ကိုနှစ်ဦးမှာ ဤနေရာတွင် အသက်မပျောက်ဘဲ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
"စီနီယာ... အခု လူတွေလည်း ကယ်ပြီးပြီဆိုတော့ ကျုပ်တို့ ဒီကနေ ဘယ်လို ထွက်ကြမလဲ "
ကျန်းဝေက မေးသည်။
"ဒါကိုတော့ ကျိချင်းဆရာတော်ကိုပဲ မေးရမှာပေါ့၊ ဘာပဲဖြစ်ဖြစ် သူကပဲ ကျုပ်တို့ကို ဒီထဲ ခေါ်လာတာဆိုတော့"
ဟု လီယန်ချူက ဆိုသည်။
"အမိတာဘ... ဆရာတော် ရှက်လှပါဘီ၊ မူလက ဒါဟာ သာမန် ယင်နဲ့ယန် ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အလွန်နိမိတ်မကောင်းတဲ့နေရာ လို့ပဲ ထင်ခဲ့တာ၊ ဒါပေမဲ့ ဒီနေရာက ဒီလောက်အထိ ထူးခြားနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဆရာတော့်ရဲ့ တာအိုအတတ်တွေနဲ့ မဟာယာနဗုဒ္ဓဘာသာကျင့်စဉ်တွေအားလုံး အတင်းအဓမ္မ ပျောက်ဆုံးသွားရတော့ ထွက်ပေါက်လမ်းကို မဖွင့်နိုင်တော့ဘူး"
ဟု ကျိချင်းကိုယ်တော်က ဆိုသည်။
"ချည်တဲ့သူပဲ ဖြေရမှာပေါ့... ကျုပ်တို့ ပြဿနာတက်တာ လျူမိသားစုဘိုးဘွားရိပ်သာမှာဆိုတော့၊ လွတ်မြောက်ဖို့ အဖြေကလည်း အဲဒီဘိုးဘွားရိပ်သာထဲမှာပဲ ရှိလိမ့်မယ်"
လီယန်ချူက သုံးသပ်လိုက်သည်။
အခြားထွက်ပေါက် မရှိသေးသည့် အခြေအနေတွင် ထိုသုံးသပ်ချက်ကို အားလုံးက လက်ခံလိုက်ကြသည်။
လျူမိသားစုဘိုးဘွားရိပ်သာသို့ သွားရသည်မှာ အန္တရာယ်ရှိသော်လည်း ထိုနေရာမှာတင် သေရသည်ထက်စာလျှင် ပိုကောင်းသေးသည်။
နောက်တစ်ခါ ဘယ်လိုသရဲမျိုးနဲ့ ထပ်တွေ့ဦးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။
"ဒါပေမဲ့ အဲဒီဘိုးဘွားရိပ်သာက ဘယ်နားမှာလဲဆိုတာ ကျုပ်တို့ မသိဘူးလေ"
ကျန်းဝေက ပြောသည်။
လီယန်ချူက ခေါင်းညိတ်ပြလိုက်ပြီး
"ဒါအတွက် ငါ့မှာ နည်းလမ်းရှိပါတယ်၊ ဘိုးဘွားရိပ်သာဆိုတာ ရှာရမခက်ပါဘူး"
သူသည် နောက်သို့ တစ်လှမ်းဆုတ်ကာ အသာအယာ ပြေးလွှားလိုက်ပြီး လက်နှစ်ဖက်ဖြင့် အားပြုကာ တံတိုင်းပေါ်သို့ တွားတက်လိုက်သည်။
သိုင်းပညာရှင် ခန္ဓာကိုယ်အရှိန်အဝါ မရှိတော့သဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ သာမန်လူထက် အနည်းငယ်သာ ပိုကောင်းတော့သဖြင့် အရင်လို တံတိုင်းကျော် မြေလျှိုးမိုးပျံ မလုပ်နိုင်တော့ပေ။
သို့သော် ဤသည်မှာလည်း အလွန်ပင် ဖျတ်လတ်သော ကိုယ်ဟန်ပင် ဖြစ်သည်။
သူသည် တံတိုင်းပေါ်တွင် ရပ်လျက် အဝေးသို့ လှမ်းကြည့်လိုက်ရာ ထူးဆန်းသော အဆောက်အဦးတစ်ခုကို အလွယ်တကူ မြင်တွေ့လိုက်ရသည်။
၎င်းမှာ ရှစ်ထောင့်မျှော်စင် တစ်ခု ဖြစ်သည်။
ပုံစံအရ ကြည့်ရလျှင် ထိုအဆောက်အဦးကို ဆောက်စဉ်က ဖုန်းရွှေပညာရှင် နှင့် သေချာတိုင်ပင်ခဲ့ပုံရသည်။
ထိုအဆောက်အဦး၏ ဖုန်းရွှေမှာ အလွန်ကောင်းမွန်ပြီး မျိုးနွယ်စုကို စည်ပင်စေကာ နယ်မြေတစ်ခုလုံးကို အေးချမ်းစေမည့် ပုံစံမျိုး ဖြစ်သည်။
ဘေးပတ်ပတ်လည်ရှိ အဆောက်အဦးများမှာ အနည်းငယ် ပိုနိမ့်သော်လည်း လီယန်ချူ၏ မှတ်ဉာဏ်ထဲရှိ လျူမိသားစုဘိုးဘွားရိပ်သာ၏ ပုံစံနှင့် အတော်လေး ထပ်တူကျနေသည်။
မူလ လျူမိသားစုဘိုးဘွားရိပ်သာမှာ ဒီလို ရှစ်တောင့်မျှော်စင် တစ်ခု ရှိနေခဲ့တာလား
လီယန်ချူ အံ့ဩသွားမိသည်။
အကြောင်းမှာ သူတို့ နောက်ပိုင်းတွင် မြင်တွေ့ခဲ့ရသော လျူမိသားစုဘိုးဘွားရိပ်သာ အကြွင်းအကျန်များတွင် ထိုမျှော်စင် မရှိခဲ့သောကြောင့် ဖြစ်သည်။
ထိုကဲ့သို့ ဖုန်းရွှေကောင်းမွန်ပြီး မျိုးနွယ်စုကို စည်ပင်စေမည့် အဆောက်အဦးကို အပင်ပန်းခံ ဆောက်လုပ်ထားခဲ့ပြီးမှ နောက်လူတွေက ဘာကြောင့်များ အစအနမကျန်အောင် ဖျက်ဆီးပစ်ခဲ့ကြတာလဲ။
လီယန်ချူ၏ ဦးနှောက်ထဲတွင် အတွေးစများမှာ လျှပ်စီးလက်သကဲ့သို့ တရစပ် ဖြတ်သန်းသွားတော့သည်။
သူသည် တံတိုင်းပေါ်မှ အသာအယာ ခုန်ဆင်းလိုက်ကာ
"ဘိုးဘွားရိပ်သာရှိတဲ့ နေရာကို ငါတွေ့ပြီ၊ သွားကြစို့"
သူတို့တစ်စုမှာ လျူမိသားစုဘိုးဘွားရိပ်သာ၏ ရှေ့သို့ မကြာမီ ရောက်ရှိလာကြသည်။
ရင်းနှီးနေသော ဤအဆောက်အဦးကို မြင်လိုက်ရသည့်အခါ အားလုံးမှာ အသက်ရှူပင် မှားသွားကြသည်။
ဆန်းကြယ်ထူးဆန်းမှု အားလုံးသည် ဤဘိုးဘွားရိပ်သာမှ စတင်ခဲ့သလို၊ လျူမိသားစု၏ ပျက်သုဉ်းမှုမှာလည်း ထိုနေရာမှပင် စတင်ခဲ့ခြင်း ဖြစ်သည်။
ပျက်စီးသွားသည့် အရှိန်အဟုန်မှာလည်း အလွန်ပင် မြန်ဆန်လှရာ အံ့ဩဖွယ်ပင်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်ပင် ထိုဘိုးဘွားရိပ်သာသည် လျူမိသားစု မျိုးဆက်သစ်များကို ဒုက္ခပေးနေဆဲဖြစ်ရာ ထွက်ပြေးလွတ်မြောက်သွားခဲ့သော လျူကျွင်း၏ အဘိုးမှာပင် ထူးဆန်းစွာ သေဆုံးခဲ့ရခြင်း ဖြစ်သည်။
ဤနက်နဲသော မြို့ကလေးတွင် လီယန်ချူသည် အရှိန်ဝါကြည့်အတတ် ကို သုံး၍ ထိုဘိုးဘွားရိပ်သာ၏ အငွေ့အသက်ကို ကြည့်လိုက်ရာ အလွန်ပင် ရှုပ်ထွေးနေသည်ကို တွေ့ရသည်။
၎င်းမှာ ယင်နှင့်ယန် ဆန့်ကျင်နေသော အလွန်နိမိတ်မကောင်းသည့် နေရာမှန်သော်လည်း ယခုမြင်ကွဲမှာမူ အလွန်အမင်း ဆိုးဝါးလွန်းလှသည်။
ရန်ငြိုးရန်စအငွေ့အသက် များမှာ ကောင်းကင်သို့ လွှမ်းနေသည်။
၎င်းမှာ ဘိုးဘွားများကို ပူဇော်သော ဘုရားကျောင်းနှင့် မတူဘဲ လူအသက်ကို ရန်ရှာတတ်သော မိစ္ဆာနတ်ဆိုး ကို ပူဇော်ထားသည့် ဘုရားကျောင်းနှင့် ပိုတူနေသည်။
ထိုစဉ်က လျူမိသားစုဝင်များ သေဆုံးပုံမှာလည်း အလွန်ထူးဆန်းပြီး အသက်ကြီးသူများမှ စ၍ သေဆုံးခဲ့ကြခြင်းမှာ အလွန်ပင် ခြောက်ခြားဖွယ် ကောင်းလှသည်။
"ကဲ... သွားရအောင်၊ အထဲဝင်ကြည့်မယ်"
လီယန်ချူသည် ရှေ့ဆုံးမှနေ၍ ဘိုးဘွားရိပ်သာထဲသို့ ဝင်လာခဲ့သည်။
နောက်ပိုင်းတွင် ပျက်စီးယိုယွင်းနေသည့် ပုံစံနှင့် မတူဘဲ ယခုမြင်ရသော လျူမိသားစုဘိုးဘွားရိပ်သာမှာ မူလပုံစံအတိုင်း ရှိနေသေးသည်။
အိမ်ရာများ ပြိုကျပျက်စီးခြင်း မရှိသေးပေ။
"ဟာ... စီနီယာ၊ ဟိုမှာ ကြည့်ပါဦး"
ကျန်းဝေက အလန့်တကြား အော်ဟစ်လိုက်သည်။
လီယန်ချူသည် သူညွှန်ပြရာသို့ လှမ်းကြည့်လိုက်ရာ သူကိုယ်တိုင်ပင် အံ့ဩသွားမိတော့သည်။
ဤဘိုးဘွားရိပ်သာ၏ နံရံပေါ်တွင် စိပ်စိပ်ပိတ်ပိတ်ရှိသော လက်ဗွေရာများ နှင့် ပရမ်းပတာဖြစ်နေသော လက်သည်းရာများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
တစ်စုံတစ်ခုက အထဲတွင် ပိတ်မိနေပြီး အပြင်သို့ ထွက်နိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့သည့်ပုံစံမျိုး ဖြစ်နေသည်။
"ဒါက သိပ်ကို မိစ္ဆာဆန်လွန်းတယ်၊ ဒါတွေက တကယ်တော့ ဘာဖြစ်နေတာလဲ "
ကျန်းဝေက တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။
"အားလုံး သတိထားကြ၊ လူစုမကွဲစေနဲ့။ ဒီဘိုးဘွားရိပ်သာက အတော်လေး ထူးဆန်းတယ်၊ သေချာပေါက် မိစ္ဆာတစ်ကောင်ကတော့ အထဲမှာ ရှိနေမှာပဲ"
လီယန်ချူက သတိပေးလိုက်သည်။
ကျန်းဝေ၏ မျက်နှာမှာ ဖြူလျော်နေသည်။
သူသည် ငြိမ်ငြိမ်မနေတတ်ဘဲ ရတနာရှာဖွေ စွန့်စားရသည်ကို ဝါသနာပါသူဖြစ်သဖြင့် ဂူဗိမာန်ကြီးများစွာကို ရောက်ဖူးသူ ဖြစ်သည်။
သူသည် တစ်ခါက မှူးမတ်တစ်ဦး၏ ဂူဗိမာန်ထဲတွင် ကျောက်ခေါင်းတလား တစ်ခုကို တွေ့ရှိခဲ့ဖူးသည်။
ခေါင်းတလားကို ဖွင့်လိုက်သည့်အခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ လုံးဝ တုန်လှုပ်သွားခဲ့ရသည်။
အတွင်း၌ ရွှေချည်ထိုး ပိုးဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦး ရှိနေသည်။
အလောင်းမှာ ခြောက်ကပ်နေပြီဖြစ်သော်လည်း လက်နှစ်ဖက်မှာမူ ရှေ့သို့ ကွေးကွေးကြီး ဆန့်ထွက်နေကာ လက်သည်းများမှာလည်း အကုန်လုံး ပွန်းပဲ့ကျိုးပဲ့နေကြသည်။
ခေါင်းတလား အဖုံး၏ အတွင်းဘက်တွင်မူ လက်သည်းဖြင့် ကုတ်ခြစ်ထားသည့် အရာများစွာ ရှိနေသည်။
ထိုအမျိုးသမီးမှာ ကျောက်ခေါင်းတလားထဲတွင် အရှင်လတ်လတ် အသက်ရှူကျပ် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိသာလှသည်။
ထိုစဉ်က ခေါင်းတလားပေါ်က ပရမ်းပတာ ကုတ်ခြစ်ရာများကို ကြည့်ရင်း ကျောက်ခေါင်းတလားထဲတွင် ပိတ်မိနေခဲ့သော ထိုအမျိုးသမီး မည်မျှအထိ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် နာကျင်ခဲ့ရမည်ကို၊ ရန်ငြိုးရန်စများ မည်မျှအထိ ကြီးမားနေမည်ကို ခန့်မှန်းကြည့်နိုင်သည်။
ထိုစဉ်ကလည်း ခေါင်းတလား ဖွင့်ပြီးသည်နှင့် ထိုအမျိုးသမီးမှာ ချက်ချင်းပင် မိစ္ဆာအဖြစ် နိုးထလာကာ ကြောက်မက်ဖွယ်ကောင်းသော အလောင်းကောင်မိစ္ဆာ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုစဉ်က ကျန်းဝေမှာ ဒုတိယအဆင့် ကျင့်ကြံခြင်းအစောပိုင်းမျှသာ ရှိသေးသဖြင့် သူ၏ ကျင့်စဉ်မှာလည်း မတည်ငြိမ်သေးပေ။
ကံကောင်းထောက်မစွာဖြင့် သူ၏ ကိုယ်ရံတော် အဆောင်လက်နက်များကြောင့်သာ အသက်ရှင်ခဲ့ရခြင်း ဖြစ်သည်။
သို့သော် အရှင်လတ်လတ် ပိတ်မိသေဆုံးခဲ့ရသူ၏ ထိုကြီးမားလှသော ရန်ငြိုးရန်စ အငွေ့အသက်မှာ ယနေ့တိုင် သူ့အား ထိတ်လန့်စေဆဲ ဖြစ်သည်။
***